အခန်း ၄၁
Vol. 5 Ch. 41
အခန်း ၄၁ သူတို့ ရောက်လာတာကို စောင့်မယ်
"စောင့်ကြမယ်"
စူးယောင်ကွမ်းက မိခင်ဖြစ်သူကို ပြန်ဖြေရင်း ဆက်ပြောလိုက်သည်။
"အမေ၊ အိမ်ထဲဝင်ပြီးမှပဲ စကားပြောကြရအောင်"
ကျန်းကျောက်တိက မေးမြန်းနေပြန်သည်။
“အိမ်ထောင်ရေးစာချုပ် ရေးပြီးပြီလား၊ ရုံးတော်ကို သွားပြီး မှတ်ပုံတင်ခဲ့ရဲ့လား”
စူးယောင်ကွမ်းက သူမတို့၏ အိမ်ထောင်ရေးစာချုပ်ကို တိုက်ရိုက် ပြသလိုက်သည်။
"ဒီမှာ ကြည့်လေ၊ ဒါက သမီးရဲ့ နာမည်၊ ဒါက ဝမ်ရှူရဲ့ နာမည်၊ ပြီးတော့ ဒီမှာက သမီးတို့ရဲ့ မွေးဇာတာတွေ..."
ကျန်းကျောက်တိက စာမတတ်သဖြင့် စူးယောင်ကွမ်းက စာချုပ်ပါ အကြောင်းအရာများကို အသေးစိတ် ရှင်းပြပေးလိုက်သည်။
ကျန်းကျောက်တိက မျက်ရည်စက်လက်ဖြင့် ရေရွတ်နေရှာသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ အရမ်း ကောင်းတယ်"
စူးယောင်ကွမ်းက အိမ်ထောင်ရေးစာချုပ်ကို ကျိုးဝမ်ရှူ လက်ထဲသို့ ထည့်ပေးလိုက်ရင်း သေသေချာချာ မှာနေသေးသည်။
"ဒီစာချုပ်ကို သေချာ သိမ်းထားပေးနော်၊ နောက်ပိုင်းမှာ အသုံးဝင်လာလိမ့်မယ်"
ကျိုးဝမ်ရှူက စာချုပ်ကို ယူလိုက်ပြီး အခန်းထဲတွင် သေချာ သွားသိမ်းထားလိုက်သည်။
ကျန်းကျောက်တိက ထပ်မေးနေပြန်သည်။
"နင် ပြောတဲ့ စောင့်မယ်ဆိုတာက ဘာကို စောင့်ရမှာလဲ"
"သူတို့တွေ စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးသွားတဲ့အထိ စောင့်ရမှာပါ။ ခနနေရင် သမီးတို့ ဒီမြေကွက်တွေကို နှစ်ဆယ့်ငါးလျန်နဲ့ ရောင်းမယ်လို့ သတင်းဖြန့်လိုက်မယ်"
စူးယောင်ကွမ်းက ပြန်ရှင်းပြလိုက်သည်။
နေ့လယ်ပိုင်းတွင် စူးမိသားစုက တချိန်လုံး စောင့်နေခဲ့သော်လည်း ကျန်းကျောက်တိတို့ သားအမိကတော့ ရောက်မလာခဲ့ချေ။ ထိုအစားတွင် သူမတို့၏ မြေကွက်ကို ဝယ်မည့်သူ ရှိ၊ မရှိ တစ်ရွာလုံးတွင် လိုက်လံမေးမြန်းနေကြောင်း၊ အချို့မိသားစုများကလည်း ဝယ်လိုကြောင်း ပြောဆိုထားပြီးကြောင်း သတင်းကြားလိုက်ရသည်။ သူတို့ သည်းမခံနိုင်တော့ဘဲ အဘွားစူးကို ချက်ချင်း စေလွှတ်လိုက်သည်။ အဘွားစူးကလည်း ဤကိစ္စတွင် စူးကွေ့လန်၏ ပါဝင်မှု လိုအပ်မည်ဟု ယူဆကာ သူမကိုပါ ခေါ်ဆောင်လာခဲ့သည်။
"ဟဲ့... ယောင်ကွမ်းရဲ့အမေ၊ နင်တို့ မိသားစု မြေရောင်းမယ်လို့ ကြားတယ်။ ငါ့ကို ပြောပါဦး၊ ငါ သနားလို့ ဝယ်ပေးဖို့ စဉ်းစားကြည့်မယ်လေ"
ကျုံးလန်ဟွာက သူမ၏ လက်ချောင်းများကို ညင်ညင်သာသာ ယိမ်းနွဲ့ရင်း ပြောလာခဲ့သည်။
ကျန်းကျောက်တိက သူမကို ရွံရှာသော မျက်လုံးဖြင့် ပြန်ကြည့်လိုက်သည်။
"ငါ လမ်းဆုံးရောက်နေရင်တောင် နင့်ကို ရောင်းမှာ မဟုတ်ဘူး။ အဝေးကို သွားစမ်း၊ နင့်မျက်နှာကို မြင်ရတာတောင် ပျို့အန်ချင်လာပြီ"
ကျုံးလန်ဟွာက ခါးထောက်လိုက်ပြီး လေသံမြင့်မြင့်ဖြင့် လှောင်ပြောင်လိုက်သည်။
"အိုး... အခုလို ဘေးဒုက္ခကြုံနေရတာတောင် မာနကြီးနေတုန်းပဲလား၊ ဒီရွာမှာ ငါ့လောက် ငွေရှိတဲ့သူ ဘယ်သူရှိလို့လဲ"
"အပိုတွေ ပြောမနေနဲ့"
အဘွားစူး ရောက်လာပြီး အော်ဟစ်လိုက်ခြင်းပင်။
"ဒီရွာမှာ နင်တစ်ယောက်တည်း ချမ်းသာနေပြီး ကျန်တဲ့သူတွေက သူတောင်းစားတွေ ဖြစ်နေပြီပေါ့၊ ပါးစပ်သရမ်းမနေနဲ့၊ အလွန်အမင်း လောဘကြီးရင် အစာနင်သွားဦးမယ်"
ကျုံးလန်ဟွာက မဲ့ပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ပုံမှန်ဆိုရင် ဒီနှစ်ယောက်ကို အဆဲဆုံးက ရှင်တို့ မဟုတ်ဘူးလား။ အခုတော့ သူတော်ကောင်းယောင် ဆောင်နေကြတာပေါ့လေ။ ဟွန်း... ရှင်တို့ရဲ့ စေတနာတွေက အမှိုက်ဆန်လိုက်တာ"
စူးမိသားစု ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ကျုံးလန်ဟွာက သူမ ဘာမှ မရနိုင်တော့မှန်း သိသွားခဲ့သည်။ သူမက အချိန်မဖြုန်းတော့ဘဲ ကောင်းမွန်သော မြေကွက်လေးကို နှမြောကြောင်း ရေရွတ်ရင်း ထွက်ခွာသွားခဲ့သည်။
အကယ်၍ သူမ ထိုမြေကွက်ကို မက်မောနေခြင်း မဟုတ်လျှင် ကျန်းကျောက်တိဆီသို့ ရောက်လာခဲ့မည် မဟုတ်ပေ။ ကျန်းကျောက်တိ ငွေအရေးတကြီး လိုအပ်နေပြီး ထိုမြေကွက်ကို သူမထဲ ရောင်းချလိမ့်မည်ဟု သူမ မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့သော်လည်း အခြေအနေ ဆိုးရွားနေသည့်တိုင် ထိုမိန်းမကြမ်းက ခေါင်းမငုံ့ဘဲ မာနကြီးနေလိမ့်မည်ဟုတော့ သူမ မတွေးခဲ့မချေ။
ကျန်းရိဟွမ်း တောင်ပေါ်မှ ဆင်းလာချိန်တွင် သူမဘေး၌ လူကောင်ထွားထွားယောက်ျားလေးတစ်ယောက် ပါလာခဲ့သည်။ သူက ရွာထဲမှ လူငယ်တစ်ယောက်ဖြစ်ပြီး အရပ်ရှည်ကာ သန်မာသော်လည်း ရုပ်ရည်က အနည်းငယ် ကြမ်းတမ်းသည်။ လက်ရှိအချိန်တွင် သူမအတွက် ထင်းခုတ်ပေးရန် အသုံးဝင်နေသူ ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူမအနေဖြင့် သူ့ကို လျစ်လျူရှုထားမည်ဖြစ်သည်။
"အစ်ကိုတာ့ချွန်း... ရှင်က တကယ်ကို စိတ်သဘောထား ကောင်းတာပဲနော်၊ ကျွန်မ အရင်က အဲ့ဒါကို လုံးဝ မသိခဲ့ဘူး"
ကျန်းတာ့ချွန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောနေသည်။
"ညီမလေးဟွမ်းရယ်... ငါ့ရဲ့ ကြမ်းတမ်းတဲ့ ပုံစံကြောင့် အထင်မမှားပါနဲ့၊ တကယ်တော့ ငါနဲ့ စကားပြောရတာ အရမ်းလွယ်ပါတယ်၊ ဒီမျက်နှာထားက ဒီအတိုင်း ဖြစ်နေတာ၊ အဲ့ဒါကို ဂရုမစိုက်ပါနဲ့"
"အစ်ကိုတာ့ချွန်းက ကြမ်းတမ်းတဲ့ပုံ မပေါက်ပါဘူး၊ အစ်ကိုက အပြုံးနည်းတော့ ကျွန်မ နည်းနည်း ကြောက်ခဲ့မိတာပါ။ နောက်ဆို မကြာခဏ ပြုံးရမယ်နော်၊ အစ်ကို ပြုံးလိုက်ရင် ကြည့်လို့ အရမ်းကောင်းတာပဲ"
"ညီမလေးဟွမ်းက ငါ ပြုံးတာကို သဘောကျတယ်ဆိုရင် နောက်ဆို ခဏခဏ ပြုံးပေးပါ့မယ်"
ကျန်းတာ့ချွန်းက သွားပေါ်အောင် ပြုံးရင်း ပြန်ပြောလိုက်သည်။
ကျန်းရိဟွမ်းက သူမ၏ပါးစပ်လေးကို အုပ်ကာ ရယ်မောနေသည်။
"အစ်ကိုတာ့ချွန်းက အရမ်း ကြည့်ကောင်းတာပဲ"
‘ဟွန့်... ရုပ်ဆိုးလိုက်တာ’
‘ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ ငါ သည်းခံနိုင်ပါတယ်။’
‘ငါ့အတွက် အလုပ်ကြမ်းတွေကို ကူလုပ်ပေးနေသရွေ့တော့ ချိုသာတဲ့စကားလေး နှစ်ခွန်း၊ သုံးခွန်းလောက် ပြောရတာက ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး’
ကျန်းရိဟွမ်းနှင့် ကျန်းတာ့ချွန်းတို့ အတူတူ ပြန်လာသည်ကို မြင်လိုက်ရသော ကျုံးလန်ဟွာက အပြုံးဖြင့် လျှောက်လာနေသည်။
"အိုး... တာချွန်းရယ်၊ ကျေးဇူးတင်လိုက်တာ။ ငါ့သမီးလေးက နုနယ်လွန်းလို့ အခုလို လာကူပေးတာကို အများကြီး ကျေးဇူးတင်တယ်နော်"
"အဒေါ်... နောက်ဆို အလုပ်ကြမ်းတွေ ရှိရင် ကျွန်တော့်ကိုသာ ခေါ်လိုက်ပါ။ ညီမလေးဟွမ်း ပင်ပန်းရမှာ စိုးလို့ပါ"
ကျန်းတာ့ချွန်းက သူ့ရင်ဘတ်ကို ပုတ်ကာ ဆက်ပြောနေသေးသည်။
"ကျွန်တော့်မှာ အားအင်တွေ အများကြီး ရှိပါတယ်"
"ယောက်ျားလေးဆိုတာ ဒီလိုမှပေါ့ ဒီခန္ဓာကိုယ်ကြီးကို ကြည့်စမ်းပါဦး၊ တကယ့်ကို သန်မာတာပဲ။ နင် ဒီလောက် လုပ်ရည်ကိုင်ရည် ရှိတာ မထူးဆန်းတော့ဘူး။ အနာဂတ်မှာ ငါ့သမီးအတွက် ဒီလောက်သန်မာတဲ့ သားမက်မျိုး ရှာပေးရမယ်"
ကျန်းတာ့ချွန်းက ကျန်းရိဟွမ်းကို မျက်လုံးတောက်တောက်များဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။
ကျန်းရိဟွမ်းက ရှက်ရွံ့ဟန်လေးဖြင့် တားဆီးလိုက်သည်။
"အမေကလည်း... ဘာတွေ ပြောနေတာလဲ"
ကျန်းတာ့ချွန်းက ထင်းများကို ထင်းတဲဆီသို့ သယ်သွားပြီးနောက် ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့ကို လှည့်ပြောလိုက်သည်။
"အဒေါ်၊ ညီမလေးဟွမ်း... အချိန်က စောသေးတော့ ငါ တောင်ပေါ်တက်ပြီး ထင်းနည်းနည်းလောက် ထပ်ခုတ်လိုက်ဦးမယ်"
ကျန်းတာ့ချွန်း ထွက်သွားပြီးနောက် ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားသည်။
"ရွံဖို့ကောင်းလိုက်တာ အမေရယ်"
ကျန်းရိဟွမ်းက နှုတ်ခမ်းဆူကာ ညည်းညူးနေသည်။
"ဒီလူတွေက မှန်တောင် တစ်ခါမှ ပြန်မကြည့်ကြဘူးလား"
"သမီးလေးရေ... ယောက်ျားတွေဆိုတာ ရုပ်ဆိုးတဲ့သူမှာလည်း သူ့အသုံးဝင်ပုံနဲ့သူပဲ၊ ရုပ်ချောတဲ့သူမှာလည်း သူ့အသုံးဝင်ပုံနဲ့သူ ရှိတာပဲ"
ကျုံးလန်ဟွာက ဆက်ရှင်းပြနေသည်။
"သူတို့က ကိုယ့်အတွက် အသုံးဝင်နေသရွေ့ စကားချိုချိုလေး ပြောပေးရတာက ကိုယ့်အတွက် ဘာမှ မထိခိုက်ပါဘူး"
"ဒါတော့ ဟုတ်ပါတယ်။ မဟုတ်ရင် ရေခပ်တာ၊ ထင်းခုတ်တာတွေကို ကိုယ့်ဘာသာ လုပ်ရရင် အရမ်းပင်ပန်းမှာ သေချာတယ်"
"မနက်ဖြန်ကျရင် လယ်ထွန်ဖို့ တခြားလူတစ်ယောက် ရှာလိုက်ဦး"
ကျုံးလန်ဟွာက ဆက်ပြောနေသေးသည်။
"ကျန်းတာ့ချွန်းကိုပဲ အမြဲမခေါ်နဲ့ဦး။ နင့်ပတ်ဝန်းကျင်မှာ ဝိုင်းဝိုင်းလည်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို သူတို့ သိအောင် လုပ်ရမယ်။ ပြိုင်ဆိုင်မှု ရှိမှ ယောက်ျားတွေက နင့်ဆီကို ပိုလာကြမှာ။ 'သားသမီးရှိတဲ့ မုဆိုးမဆိုတာ ယောက်ျားတစ်ရာရဲ့ အလိုရှိခြင်းကို ခံရတယ်' ဆိုတဲ့အတိုင်းပဲ၊ တကယ်ကို ထူးချွန်တဲ့ မိန်းမကမှ ဒီလျိုမျိုး ဆွဲဆောင်နိုင်တာ"
ကျန်းရိဟွမ်းက သူမ နားထင်နားမှ ဆံစလေးကို လက်ဖြင့် ကစားရင်း ပြန်ဖြေလိုက်သည်။
"သမီး နားလည်ပါပြီ"
အဘွားစူးနှင့် စူးကွေ့လန်တို့ အိမ်ရှေ့သို့ ရောက်လာပြီး အထဲသို့ ဝင်ကာ စကားပြောရန် ကြိုးစားနေသော်လည်း ကျန်းကျောက်တိက သူမတို့ကို အိမ်ထဲသို့ ဝင်ခွင့်မပြုခဲ့ပေ။
"ယောင်းမရယ်... ယောင်းမတို့ အိမ်မှာ အခက်အခဲလေးတွေ ဖြစ်နေတယ်လို့ ကြားမိတယ်။ တကယ်လို့ အခက်အခဲ ရှိရင်လည်း ကျွန်မတို့ကို ပြောမှပေါ့။ ကျွန်မတို့က မိသားစုဝင်တွေပဲကို၊ တစ်ခါတစ်ရံ စကားများတာ ရှိပေမဲ့ အရေးကြုံလာရင်တော့ စည်းစည်းလုံးလုံး ရှိရမှာပဲလေ"
ကျန်းကျောက်တိ၏ မျက်လုံးများက နီရဲလာသည်။
"နင်တို့က ငါ့ကို လာလှောင်ပြောင်ဖို့ ရောက်လာကြတာ မဟုတ်ဘူးလား"
"ကောင်းကင်နဲ့ မြေကြီး သက်သေရှိပါတယ် ယောင်းမရယ်။ ကျွန်မတို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့ရင်တောင် အဲ့ဒါက အသေးအဖွဲလေးတွေပါ။ ယောင်းမတို့ဆီမှာ တစ်ခုခု ဖြစ်လာရင် ကျွန်မတို့က အကြီးဆုံးအစ်ကို့ကို ဘယ်လို မျက်နှာပြရမှာလဲ"
စူးကွေ့လန်က ဆက်ပြောနေသည်။
"ယောင်းမရဲ့ အခက်အခဲတွေကို ပြောပြလေ၊ ကျွန်မတို့ အတူတူ နည်းလမ်းရှာကြတာပေါ့။ လူများရင် အကြံများတယ်လေ၊ တစ်ခုခုတော့ ဖြစ်လာမှာပါ"
"တကယ်လား"
"တကယ်ပါ။ မယုံရင် ကျွန်မ ကျိန်ဆိုရဲပါတယ်"
စူးကွေ့လန်က လက်သုံးချောင်း ထောင်ကာ ပြောလိုက်သည်။
"ဒါဆိုရင် နင်တို့ ငါ့ကို လိမ်ညာနေတာဆိုရင် နင်တို့မိသားစု တစ်စုလုံး အသေဆိုးနဲ့ သေပါစေလို့ ကျိန်ဆိုလိုက်"
ကျန်းကျောက်တိက စူးကွေ့လန်ကို စူးစူးရဲရဲ ကြည့်ရင်း ကျိန်ဆိုခိုင်းလိုက်သည်။
စူးကွေ့လန် : "..."
‘ဒီကံဆိုးမက ငါတို့ကိုတောင် ကျိန်ခိုင်းရဲတယ်ပေါ့လေ။’
"နင် မကျိန်ဆိုဘူးဆိုရင် ငါ့ကို ဒုက္ခပေးဖို့ ကြံစည်နေတာ မဟုတ်လား။ နင်တို့က စိတ်ကောင်းရှိတဲ့သူတွေ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပဲ"
ကျန်းကျောက်တိက ဒေါသတကြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"ကျိန်မယ်၊ ကျွန်မ ကျိန်ပါ့မယ်"
စူးကွေ့လန်က လက်ကို မြှောက်ကာ ကျိန်ဆိုလိုက်သည်။
"ကျွန်မ ယောင်းမကို လိမ်ညာခဲ့ရင်၊ ယောင်းမကို ထိခိုက်အောင် လုပ်ခဲ့ရင် ကျွန်မတို့မိသားစုတစ်စုလုံး အသေဆိုးနဲ့ သေပါစေ"
"ပြီးတော့ ယောင်ကွမ်းကိုလည်း ထည့်ကျိန်ဦး။ နင်တို့က ငါနဲ့ ယောင်ကွမ်းကို လိမ်ညာခဲ့ရင် နင်တို့မိသားစု တစ်စုလုံး အသေဆိုးနဲ့ သေပါစေ"
စူးကွေ့လန်ကတော့ အံ့ကြိတ်ပြီး အတင်းအကျပ် ထပ်ကျိန်ဆိုနေသည်။
"ကောင်းပြီ... ဒါဆိုလည်း ဝင်ခဲ့ကြ"
အိမ်ထဲသို့ ရောက်သွားချိန်တွင် စူးကွေ့လန်က စူးယောင်ကွမ်း မရှိသည်ကို သတိပြုမိပြီး မေးလာပြန်သည်။
"ယောင်ကွမ်းက ဘယ်သွားနေတာလဲ"
"သူ ငါမိဘအိမ်ကို ပိုက်ဆံချေးဖို့ သွားတယ်"
ကျန်းကျောက်တိက ငိုယိုရင်း ဆက်ပြောပြနေသည်။
"ဒီတစ်ခါတော့ ငွေလျန်တစ်ရာတောင် အကြွေးတင်နေတာ၊ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မြေတွေကို ရောင်းလိုက်ရမလား၊ အိမ်ကို ရောင်းလိုက်ရမလားလို့ တွေးနေတာ၊ ရောင်းရင်တောင် လျန်သုံးဆယ်လောက်ပဲ ရနိုင်မယ်။ နောက်ဆုံး မရရင်တော့ ကိုယ့်ကိုယ်ကိုယ် ရောင်းပြီး ချမ်းသာတဲ့အိမ်မှာ အစေခံလုပ်ရင်တောင် ငွေသုံးလေးလျန်တော့ ရနိုင်မှာပါ"