အခန်း ၄၂
Vol. 5 Ch. 42
အခန်း ၄၂ အတင်းအကျပ် ဖိအားပေးခြင်း
စူးကွေ့လန်နှင့် အဘွားစူးတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ဆိုးဝါးသော အကြံအစည်များ ပေါ်လွင်နေသည်။
"ဘာလို့များ ငွေတွေ အဲ့လောက်တောင် ကြွေးတင်နေရတာလဲ၊ ယောင်းမရယ်... ဘယ်သူ့ကို အကြွေးတင်နေတာလဲ၊ ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် ဖြစ်သွားရတာလဲ"
စူးကွေ့လန်က ဘာမှမသိသလို ဟန်ဆောင်ကာ အံ့သြပြနေခဲ့သည်။
စူးကွေ့လန်၏ သရုပ်ဆောင်မှုက အလွန်တရာ အသက်မဝင်သော်လည်း ကျန်းကျောက်တိက မရိပ်မိဟန်ဆောင်ကာ သူမ သေသေချာချာ မှတ်သားထားသည့် စကားများကိုသာ ပြန်ရွတ်ပြလိုက်သည်။
စူးကွေ့လန်က စားပွဲကို လက်ဖြင့် ပုတ်လိုက်ကာ ဒေါသတကြီး ပြောလာခဲ့သည်။
"အဲ့ဒီဖုန်းမိသားစုဝင်တွေက တကယ်ကို ယုတ်မာလွန်းတယ်။ သူတို့ကလေးက ကံမကောင်းလို့ သေသွားတာလေ၊ ဘာလို့ ယောင်းမကို အပြစ်တင်ရတာလဲ"
"ဟုတ်တယ်... ငါတောင် အာဏာပိုင်တွေကို တိုင်လိုက်ရင် ကောင်းမယ်လို့ တွေးနေတာ။ ယောင်းမလေးက အမြဲတမ်း ရဲရင့်တဲ့သူဆိုတော့ ငါ့အတွက် အာဏာပိုင်တွေဆီ တိုင်ပေးဖို့ ကူညီပေးပါလား"
ကျန်းကျောက်တိကလည်း ဒေါသတကြီး ထောက်ခံလိုက်သည်။
စူးကွေ့လန်က စကားကို လျှောချလိုက်သည်။
"အာဏာပိုင်တွေကိုတော့ မတိုင်ပါနဲ့။ ကလေးမလေးရဲ့ အလောင်းကို မြေမြှုပ်ပြီးသွားပြီ မဟုတ်ဘူးလား။ ရဲမက်တွေ ရောက်လာရင် ယောင်းမက ဝမ်းဆွဲသည်ဆိုတော့ ယောင်းမကိုပါ အပြစ်ပေးလိုက်မှာ စိုးရိမ်ရတယ်"
"အိုက်ယား... ဘုရားရေ.... ဒါဆိုရင်တော့ ငါ့မှာ ထွက်ပေါက် မရှိတော့ဘူးပေါ့။ ငွေလျန်တစ်ရာကို ဘယ်လိုလုပ်ပြီး ပြန်ဆပ်ရမှာလဲ၊ ကလေးအဖေရေ... ကျွန်မလည်း ရှင့်နောက်ကို လိုက်ခဲ့တော့မယ်"
"ယောင်းမရယ် အဲ့လောက်လဲ စိတ်မပူပါနဲ့၊ နည်းလမ်း ရှိနိုင်ပါသေးတယ်။ အဲ့ဒီဖုန်းမျိုးရိုးက ကျွန်မယောကျာ်းနဲ့ ခင်မင်မှု ရှိပါတယ်၊ သူ့ကို ကြားဝင်ဖြေရှင်းခိုင်းလိုက်ရင် ကိစ္စတွေ ပြေလည်သွားနိုင်ပါတယ်"
ကျန်းကျောက်တိက ငိုနေရာမှ ရပ်တန့်သွားပြီး မျက်လုံးများ တောက်ပလာကာ ပြန်မေးလိုက်သည်။
"တကယ်လား၊ ဒါဆိုရင် အမြန်ဆုံး အိမ်ပြန်ပြီး မတ်လေးကို အကူအညီ တောင်းပေးပါ။ ဒီကိစ္စပြီးရင် ငါ သူ့ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
"ကျွန်မရဲ့ယောကျာ်းက အခုလောလောဆယ် မုထုန်ရဲ့ အိမ်ထောင်ရေးအတွက်ပဲ စိတ်ပူနေတာလေ။ ယောင်းမသာ ယောင်ကွမ်းကို မုထုန်နဲ့ စေ့စပ်ပေးမယ်ဆိုရင် သူ အရမ်းပျော်သွားပြီး ယောင်းမအတွက် သေချာပေါက် ကြားဝင်ပေးမှာပါ"
ကျန်းကျောက်တိက မနှစ်မြို့သည့်အကြည့်ဖြင့် အေးစက်စက် ပြန်ပြောလိုက်သည်။
"အဲ့ဒါကြောင့်ကိုး... ငါ့ယောင်ကွမ်းက မုထုန်နဲ့ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး၊ အဲ့ဒီအတွေးကို လုံးဝ ဖျောက်ပစ်လိုက်စမ်း"
"ယောင်းမက ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ၊ ကျွန်မသား မုထုန်က ဘာများ လိုအပ်နေလို့လဲ၊ ယောင်ကွမ်းသာ ကျွန်မတို့အိမ်ကို ရောက်လာရင် ကျွန်မက သူ့ယောက္ခမ ဖြစ်လာမှာလေ။ ကျွန်မက သူ့ကို ကောင်းကောင်း မဆက်ဆံပဲနေပါ့မလား"
စူးကွေ့လန်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။
"တော်တော့... ဒီကိစ္စကို ဆွေးနွေးစရာ မလိုတော့ဘူး။ ငါ သေရင်တောင် ယောင်ကွမ်းကိုတော့ ဒုက္ခမရောက်စေရဘူး"
ကျန်းကျောက်တိက အေးစက်စက် ထပ်ပြောလိုက်သည်။
"အခု ပြန်ကြတော့၊ ငါမှာ နင်တို့ကို ဧည့်ခံဖို့ အချိန်မရှိဘူး"
အဘွားစူးက စူးကွေ့လန်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး အသံတိုးတိုးဖြင့် စကားအနည်းငယ် ပြောလိုက်သည်။
"ဒီထက်ပိုပြီး ငြင်းခုံနေလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး၊ သူ သဘောတူမှာ မဟုတ်ဘူး။ ငါတို့ လှည့်ကွက်သုံးမှ ဖြစ်တော့မယ်။ သူသာ စာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်ရင် ဘာမှ ရွေးချယ်စရာ မရှိဘဲ သူ့သမီးကို အိမ်ထောင်ချပေးဖို့ပဲ ရှိတော့တယ်"
"ကျွန်မတို့ ဘယ်လှည့်ကွက်ကို သုံးကြမလဲ"
"အရင်ဆုံး အဲ့ကောင်မလေးရဲ့ အိမ်ထောင်ရေးကိစ္စကို ကူညီပေးမယ်လို့ ပြောလိုက်မယ်။ ပြီးရင် မြေယာရောင်းတဲ့ကိစ္စကို စကားစမြည်ပြောပြီး ငွေလျန်သုံးဆယ်နဲ့ ငါတို့ကို ရောင်းပေးဖို့ စာချုပ်ချုပ်ခိုင်းလိုက်မယ်။ အဲ့ဒီစာချုပ်ထဲမှာပဲ မုထုန်နဲ့ လက်ထပ်ရမယ့်အကြောင်းကို ထည့်ရေးလိုက်ရင် ပြီးတာပဲ။ မြေကလည်း ငါတို့လက်ထဲရောက်၊ အိမ်ထောင်ရေးစာချုပ်ကလည်း ငါတို့လက်ထဲရောက်။ သူ့လက်မှတ်နဲ့ လက်ဗွေပါပြီးသားဆိုတော့ သူ ငြင်းလို့မရတော့ဘူး။ သူသာ ငြင်းဆန်ရင် အာဏာပိုင်တွေဆီ တိုင်ဖို့ကို ငါတို့ဘက်က ကြောက်နေစရာလား"
"ဟုတ်ပြီ၊ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ"
စူးကွေ့လန်က သူမနေရာတွင် ပြန်ဝင်ထိုင်ရင်း ပြောလိုက်သည်။
"ယောင်းမရယ်... အမေက ခုနကတင် ယောင်းမကို ငဲ့ညှာပေးဖို့ ပြောခဲ့တယ်။ အကြီးဆုံးအစ်ကို မရှိထဲက အမျိုးသမီးတစ်ယောက်အနေနဲ့ ယောင်းမတစ်ယောက်တည်း ရုန်းကန်ရတာ မလွယ်မှန်း အမေလည်း သိပါတယ်။ ကျွန်မတို့အရင်က နည်းနည်းပါးပါး စကားများခဲ့ကြပေမဲ့လည်း ဘာပဲဖြစ်ဖြစ် မိသားစုတွေပဲလေ။ ယောင်းမ အခက်အခဲနဲ့ ကြုံနေရတာကို ကျွန်မတို့ လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ကျွန်မ ကြားဝင်စေ့စပ်ပေးမယ်၊ လျော်ကြေးငွေကို အနည်းဆုံးဖြစ်အောင် ညှိနှိုင်းပေးမယ်။ ငွေလျန်နှစ်ဆယ်လောက်ဆိုရင် လုံလောက်မယ် ထင်တယ်။ ဖုန်းမိသားစုက သမီးလေးက ရွှေနဲ့လုပ်ထားတာမှ မဟုတ်တာ၊ အသက်ငယ်ငယ်နဲ့ ဆုံးသွားတာဆိုတော့ လျန်နှစ်ဆယ်ဆိုရင် သူတို့လည်း ကျေနပ်လောက်ပါပြီ။ ဒါပေမဲ့ ကျွန်မတို့က ယောင်းမရဲ့ မြေကွက်ကို ဝယ်ချင်တယ်။ ကျွန်မတို့က ယောင်းမအတွက် လျော်ကြေးငွေ လျန်နှစ်ဆယ်ပဲ ပေးရအောင် ညှိနှိုင်းပေးမယ်၊ ပြီးရင် ယောင်းမကလည်း အဲ့ဒီမြေကို ကျွန်မတို့ဆီ လျန်နှစ်ဆယ်နဲ့ ပြန်ရောင်းပေးလေ။ အဲ့ဒီလိုဆိုရင် ယောင်းမလည်း ဖုန်းမိသားစုကို လျော်ဖို့ ငွေတတ်နိုင်သွားလိမ့်မယ်၊ အပြင်လူတွေဆီက ချေးနေစရာလည်း မလိုတော့ဘူးပေါ့"
အဘွားစူးက ဘေးတွင် ရပ်နေရင်း အလွန်အမင်း ကူညီပေးနေသည့်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"အကြီးဆုံးချွေးမ နင် သဘောတူတယ်ဆိုရင် အခု ချက်ချင်းပဲ စာချုပ် ရေးခိုင်းပြီး မြေပိုင်ဆိုင်ခွင့်ကို ငါတို့ဆီ ပြန်လွှဲပြောင်းပေးလိုက်ပေါ့"
"ငွေလျန်နှစ်ဆယ်နဲ့ ဒီကိစ္စ ပြေလည်သွားမယ်ဆိုရင်တော့ ကျွန်မ သဘောတူပါတယ်။ မြေဆိုတာက နောက်မှ ပြန်ဝယ်လို့ ရသေးတယ်၊ တစ်ယောက်ယောက်ကို ဆုံးရှုံးသွားရင် အရာအားလုံး ဆုံးရှုံးသွားလိမ့်မယ်"
ကျန်းကျောက်တိက မျက်ရည်စက်လက်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆို နင် ဒီမှာပဲ စောင့်နေ၊ ငါ အခုချက်ချင်း စာချုပ်ရေးပေးမယ့်သူ သွားရှာလိုက်ဦးမယ်"
အဘွားစူးက စူးကွေ့လန်ကို မျက်စိမှိတ်ပြရင်း ပြောလိုက်သည်။
စူးကွေ့လန်ကလည်း အလိုက်တသိ ပြန်ဖြေလိုက်သည်။
"ကျွန်မ ဒီမှာပဲ စောင့်နေပါ့မယ်"
မကြာမီမှာပင် အဘွားစူးက မင်ရည်မခြောက်သေးသည့် စာချုပ်ကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။
သူမက စာချုပ်ကို ဖတ်ပြနေသည့်ဟန် အသံထွက်ပြီး ပြောပြနေသည်။ စာချုပ်၏ အနှစ်ချုပ်က ကျန်းကျောက်တိ ပိုင်ဆိုင်ထားသည့် မြေဩဇာကောင်းသော လယ်မြေ ဆယ်မူနှင့် အခြားမြေငါးမူတို့ကို စုစုပေါင်း ငွေလျန်နှစ်ဆယ်ဖြင့် အဘွားစူးထံ ရောင်းချရန် ဖြစ်သည်။
"နားလည်ပြီလား၊ နားလည်ရင် ဒီမှာ လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်"
"အမေက ဘယ်တုန်းက စာဖတ်တတ်သွားတာလဲ"
ကျန်းကျောက်တိက ပြန်မေးလိုက်သည်။
အဘွားစူးက စိတ်မရှည်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။
"ဘာကို ဖတ်တတ်ရမှာလဲ၊ ငါက သူများ ရေးထားတာကို အလွတ်မှတ်လာခဲ့တာ၊ နင်လည်း စာမှ မဖတ်တတ်တာ၊ ငါ မဖတ်ပြရင် ဘာရေးထားမှန်း နင် ဘယ်လိုလုပ် သိမှာလဲ"
"မယုံရင်လည်း စာဖတ်တတ်တဲ့သူ တစ်ယောက်ယောက်ကို ခေါ်ပြီး ကြည့်ခိုင်းလိုက်လေ"
ထိုအချိန်တွင် ကျန်းကျောက်တိက လက်ခုပ်တီးပြီး ရေရွတ်လိုက်သည်။
"အိုက်ယား.. မေ့နေလိုက်တာ၊ ယောင်ကွမ်း စာဖတ်တတ်တယ်မလား၊ ယောင်ကွမ်း ပြန်လာမှပဲ ကျွန်မ လက်မှတ်ထိုးတော့မယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် စူးကွေ့လန်နှင့် အဘွားစူးတို့ အချိန်ထပ်မဖြုန်းရဲတော့ပေ။ စူးကွေ့လန်က ကျန်းကျောက်တိ၏လက်ကို ဆွဲကိုင်လိုက်ကာ နံရံတွင် ကပ်ထားသော ထင်းခွဲဓားဖြင့် သူမ၏လက်ချောင်းကို လှီးဖြတ်လိုက်ပြီးနောက် စာချုပ်ပေါ်သို့ အတင်းအကျပ် လက်ဗွေနှိပ်ခိုင်းလိုက်သည်။
"အား... ငါ လက်ဗွေနှိပ်မယ်လို့ မပြောရသေးဘူးလေ"
ကျန်းကျောက်တိ အော်ဟစ်ကာ ရုန်းကန်လိုက်သော်လည်း လက်ဗွေက စာချုပ်၏ လက်မှတ်ထိုးရမည့်နေရာသို့ ရောက်ရှိသွားခဲ့ချေပြီ။
"ကဲ... အခု သွားပြီး ညှိနှိုင်းကြတာပေါ့"
စူးကွေ့လန်နှင့် အဘွားစူးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်း ထွက်ခွာသွားကြသည်။
စူးကွေ့လန်နှင့် အဘွားစူးတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဘေးခန်းထဲမှ စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ထွက်လာကြသည်။
"သမီးလေး... အမေ ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်တာက အမေ့အတွက် ဒုက္ခရောက်သွားနိုင်လားဟင်"
ကျန်းကျောက်တိက စိုးရိမ်တကြီး မေးလိုက်သည်။
"မစိုးရိမ်ပါနဲ့ အမေရယ်။ ဒါက လိမ်ညာထားတဲ့ စာချုပ်ပါ၊ တရားဝင် ဖြစ်မလာပါဘူး"
စူးယောင်ကွမ်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"သမီးက ဒီကိစ္စကို တမင် ပုံကြီးချဲ့လိုက်တာပါ။ ဒီလို အုတ်အော်သောင်းနင်းတွေ မဖြစ်လာရင် သူတို့နဲ့ ဘယ်လိုလုပ် အပြီးတိုင် အဆက်အဆံ ဖြတ်လို့ ရနိုင်မှာတုန်း"
ထုံးတမ်းစဉ်လာအရ မိဘကို ရိုသေသိတတ်ခြင်းဆိုသည်က အလွန်လွှမ်းမိုးနိုင်သော အရာဖြစ်သည်။ ထိုသူတို့နှင့် အပြီးတိုင် အဆက်အဆံ ဖြတ်တောက်ပြီး ပတ်သက်မှုများကို မရှင်းထားပါက၊ နောင်တစ်ချိန် သူမတို့မိသားစု ရွှေ၊ ငွေများ ပေါများလာသည့်တိုင် အနည်းဆုံး ထက်ဝက်ခန့်ကို ဝေမျှပေးနေရမည်ဖြစ်သည်။
‘အဲ့ဒါဆိုရင် ငါတို့ အရှုံးကြီး ရှုံးသွားမှာပေါ့’
"အခု... ဘာဆက်လုပ်ကြမှာလဲ"
"နောက်တစ်ဆင့်က ဖုန်းမိသားစုကို ဝင်ပါခိုင်းဖို့ပဲ"
စူးယောင်ကွမ်းက ထပ်ရှင်းပြလိုက်သည်။
"အချိန်ကို တွက်ကြည့်ရင် သူတို့ ရောက်လာတော့မှာပါ"
စူးကွေ့လန်နှင့် အဘွားစူးတို့ အခန်းအပြင်ဘက်သို့ ထွက်လာသည်နှင့် ဖုန်းလောင်တာ့က စူးယောင်ကွမ်းတို့၏ အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
စူးကွေ့လန်က ဖုန်းလောင်တာ့ကို မှတ်မိနေသော်လည်း အဘွားစူးကတော့ သူ့ကို မမှတ်မိချေ။
"အစ်ကိုကြီးဖုန်း၊ ဘာကိစ္စများ ရှိလို့ပါလဲ"
စူးကွေ့လန်က မေးလိုက်သည်။
ဖုန်းလောင်တာ့က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ငါ့ဇနီးက သတိပြန်ရနေပြီ။ ငါတို့ရဲ့ မွေးကင်းစသမီးလေး ဆုံးပါးသွားပြီဆိုတာ သိလိုက်ရတော့ အရမ်းကို ငိုကြွေးနေရှာတယ်။ ဒါပေမဲ့ သူ ပြောတာကတော့ ဝမ်းဆွဲသည်ကျန်းသာမရှိရင် သူကိုယ်တိုင်လည်း အသက်ရှင်မှာ မဟုတ်ဘူးတဲ့။ ဝမ်းဆွဲဿည်ကျန်းရဲ့ မီးဖွားပေးတဲ့အတတ်ပညာကတော့ ပြိုင်ဘက်ကင်းပါပဲ။ အဲ့ဒီကလေးက မွေးဖွားရခက်တဲ့ အနေအထားမို့ ငါ့ဇနီး သွေးလွန်သွားခဲ့တာပါ။ ကလေးကတော့ ကံတရားကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတယ်။ ငါ အခု ဝမ်းဆွဲသည်ကျန်းဆီကို အထူးတလည် တောင်းပန်ဖို့ လာခဲ့တာ။ ငွေလျန်တစ်ရာ လျော်ကြေးပေးဖို့ ပြောခဲ့တာက ဒေါသအလျောက် ပြောလိုက်မိတာပါ။ ဝမ်းဆွဲသည်ကျန်း... ဝမ်းဆွဲသည်ကျန်း၊ ခင်ဗျား ကြားရဲ့လား၊ ဖုန်းမိသားစုက လျန်တစ်ရာ တောင်းမိတာကို စိတ်ထဲမထားပါနဲ့၊ ငါတို့ ဘယ်တုန်းကမှ ဘာမှ မပြောခဲ့ဘူးလို့ သဘောထားလိုက်ကြမယ်”
ဖုန်းလောင်တာ့၏ အသံက မိုးခြိမ်းသံကြီးလို ကျယ်လောင်နေသောကြောင့် အိမ်ထဲရှိ လူများသာမက ရွာသူရွာသားများပင် ကြားလိုက်ရသည်။ သူတို့က ထိုသတင်းကို ကြားလိုက်သည်နှင့် စပ်စုချင်စိတ်ဖြင့် အပြေးအလွှား ရောက်လာကြပြီး နောက်ဆက်တွဲ ဖြစ်ပျက်မည့်အရာများကို စောင့်ကြည့်နေကြသည်။
"ကျေးဇူးတင်လိုက်ရတာ၊ ယောင်ကွမ်းရဲ့အဖေ ပေါ်လာပြီး ကူညီပေးတာ ထင်ပါရဲ့၊ ယောင်ကွမ်းရဲ့အမေတော့ ကြီးမားတဲ့ ဘေးဒုက္ခကနေ လွတ်မြောက်သွားပြီ။ ငွေလျန်တစ်ရာတဲ့လေ၊ သူ ဘယ်လိုလုပ် ပေးနိုင်မှာလဲ၊ အခုတော့ ယောင်ကွမ်းရဲ့အမေ စိတ်ပူစရာ မလိုတော့ဘူးပေါ့"