← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄ ဆက်ဆံရေးဖြတ်တောက်ခြင်း

အဘွားစူးနှင့် စူးကွေ့လန်တို့က လုံးဝလျှော့ပေးမည့် အရိပ်အယောင်မရှိဘဲ အတင်းအကျပ် ဖိအားပေးနေကြသည်။

ရွာသူကြီးလည်း ဘာလုပ်ရမှန်းမသိဖြစ်နေကာ သက်ပြင်းချနေမိသည်။

ကျန်းကျောက်တိ စာချုပ်ပေါ်တွင် လက်ဗွေနှိပ်မိသွားသည်က လှည့်စားခံရခြင်းသာ ဖြစ်သော်လည်း ၎င်းက ခိုင်မာသော အထောက်အထားတစ်ခု ဖြစ်သွားခဲ့ချေပြီ။ အကယ်၍ အာဏာပိုင်များဆီ ရောက်သွားလျှင်ပင် သူမတို့ဘက်မှ အနိုင်ရရန် အလွန်ခက်ခဲပေလိမ့်မည်။

နှစ်ဖက်စလုံးကလည်း ကိုယ့်အကြောင်းပြချက်နှင့်ကိုယ် ဖြစ်နေသဖြင့် ရွာသူကြီးလည်း အလွန် စိတ်ညစ်နေရသည်။

"အဖွားနဲ့ ဒေါ်လေး... အဖိုးနဲ့ ဒုတိယဦးလေး၊ ဒုတိယအဒေါ်တို့ကိုပါ ခေါ်ပြီး တိုင်ပင်ကြည့်ရင် မကောင်းဘူးလား။ ကျွန်မတို့က တစ်မိသားစုတည်းပါ၊ သူတို့ ဒီလောက်ထိတောင် ရက်စက်လိမ့်မယ်လို့ ကျွန်မ မယုံဘူး"

စူးယောင်ကွမ်းက တောင်းပန်စကားဆိုလိုက်သည်။

"နင့်အဖိုးနဲ့ ဒုတိယဦးလေးကို ခေါ်ဖို့ မပြောနဲ့ ကောင်းကင်ဘုံအရှင်ကို ခေါ်လာရင်တောင် ရလဒ်က အတူတူပဲ ဖြစ်နေမှာ"

စူးကွေ့လန်က နှာခေါင်းရှုံ့ကာ ဝင်ပြောပြီး ခပ်လှောင်လှောင်အမူအရာဖြင့် မေးခွန်းဆက်ထုတ်နေသေးသည်။

"နင့်အဖိုးတို့ ရောက်လာပြီး သူတို့ကလည်း မြေကို ရောင်းခိုင်းမယ်၊ နင့်ကို အရူးနဲ့ လက်ထပ်ခိုင်းမယ်ဆိုရင်ရော... အဲ့ဒီအခါကျရင် နင်နဲ့ နင့်အမေက စာချုပ်အတိုင်း လိုက်နာရမှာပေါ့၊ ဟုတ်တယ်မလား"

"အဖိုး၊ ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်က ကျွန်မတို့အပေါ် ဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ ကျွန်မ မယုံဘူး။ ကျွန်မတို့က မိသားစုလေ၊ ပြီးတော့ ဒုတိယဦးလေးအတွက်ဆိုပြီး အဖေက စစ်ထဲဝင်ခဲ့ရတာ၊ အဖေ မရှိတော့လို့သာ ကျွန်မတို့ ဒီလိုဖြစ်နေရတာပေါ့"

စူးယောင်ကွမ်းက ငိုရှိုက်ရင်း ပြောနေရှာသည်။

ကျန်းကျောက်တိက သူမကို ပွေ့ဖက်ထားရင်း ပိုသည်းသည်းထန်ထန် ငိုကြွေးနေတော့သည်။

"နင့်အဖေက အကြီးဆုံးသားပဲ၊ သူ မသွားရင် ဒုတိယသားကို စစ်ထဲသွားခိုင်းရမှာလား။ သူ့အစား အစ်ကိုဖြစ်သူက သွားတယ်ဆိုတာ၊ ဒီကိစ္စကို ဘယ်လောက်ကြာကြာ ထပ်ပြောနေဦးမှာလဲ"

အဘွားစူးက စိတ်မရှည်ဟန်ဖြင့် အော်‌ငေါက်လိုက်သည်။

"နင့်အဖိုးနဲ့ ဒုတိယဦးလေးတို့ရဲ့ သဘောထားကို သိချင်တယ်မလား။ ကောင်းပြီ... အခုပဲ သူတို့ကို ခေါ်လိုက်မယ်။ တကယ်တော့ ပြောရရင် ဒါက ငါတို့မိသားစုတစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်ပဲ"

မကြာမီမှာပင် အဘိုးစူး၊ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့ ရောက်လာကြသည်။

စူးယောင်ကွမ်းက အဘိုးစူးရှေ့သို့ အမြန် ပြေးသွားပြီး ဒူးထောက်ကာ ငိုယိုတောင်းပန်လိုက်သည်။

"အဖိုး... ကျွန်မတို့အတွက် တရားမျှတအောင် လုပ်ပေးပါဦး၊ အဘွားက ကျွန်မတို့မြေကို အတင်းအဓမ္မ လုယူချင်နေသလို ကျွန်မကိုလည်း အရူးနဲ့ လက်ထပ်ခိုင်းနေတယ်"

အဘိုးစူးက အမြဲတမ်း လူကောင်း၊ လူယဉ်ကျေးတစ်ယောက်လို ဟန်ဆောင်လေ့ရှိသည်။ ယခု စူးယောင်ကွမ်းက လူအများရှေ့၌ ဒူးထောက်ငိုယိုနေသည်ကို မြင်နေရသောကြောင့် သူအလွန် အနေရခက်ကာ စိတ်ရှုပ်ထွေးနေပုံရသည်။

"အေး... ယောင်ကွမ်းရယ်၊ မုထုန်က မင်းရဲ့ဝမ်းကွဲအစ်ကိုလေ။ မိသားစုချင်း လက်ထပ်ရတာ ကောင်းတဲ့ကိစ္စပဲ။ နင့်အမေကလည်း စာချုပ်မှာ လက်မှတ်ထိုးပြီးသားဆိုတော့ အဲ့ဒီအတိုင်းပဲ လိုက်နာလိုက်ပါ"

ဒုတိယအဒေါ်စူးကလည်း နှာခေါင်းရှုံ့ကာ ဝင်ပြောလိုက်သည်။

"ယောင်ကွမ်းရယ်... နင့်ဒေါ်လေးက နင့်ကို နှိပ်စက်ပါ့မလား။ နင် အိမ်ထောင်ကျပြီးရင် အိမ်မှုကိစ္စတွေကို စီမံခွင့် ရမှာပါ"

ဒုတိယဦးလေးစူးကလည်း ဟန်ဆောင်ပန်ဆောင် ဝင်ပြောလိုက်သည်။

"ငါတို့က မင်းအတွက်ပဲ စဉ်းစားပေးနေတာပါ။ မင်း ဝယ်ထားတဲ့ ဒီကောင်က ဘယ်သူဘယ်ဝါမှန်းလည်း မသိရဘူး။ သူ့ကို အိမ်အလုပ်သမားအဖြစ် ခိုင်းစားရင် ရပေမဲ့ လက်ထပ်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး"

"မုထုန်က အရူးလေ၊ ကျွန်မက အဲ့ဒီအရူးနဲ့ လက်ထပ်လိုက်ရင် မွေးလာမယ့်ကလေးကလည်း အရူးလေးတွေဖြစ်လာမှာပေါ့"

စူးယောင်ကွမ်းက မကျေနပ်သည့်အသံဖြင့် ထပ်‌မေးလိုက်သည်။

"အဒေါ်တို့က ကျွန်မအတွက်ရော နည်းနည်းလေးမှ မစဉ်းစားပေးကြဘူးလား"

"အဓိပ္ပာယ် မရှိတဲ့ စကားတွေ လျှောက်ပြောမနေနဲ့၊ ငါတို့ မုထုန်က အရူးမဟုတ်ဘူး။ စူးယောင်ကွမ်း၊ နင့်ကိုယ့်နင် ပြန်ကြည့်စမ်း၊ နင်ကမှ အဖေကို ကံဆိုးစေတဲ့ ကျိန်စာသင့်နေတဲ့ ကောင်မပဲ၊ ဘယ်သူကို အခုလို အသရေဖျက်ပြောဆိုနေတာလဲ၊ နင့်ကို လက်ထပ်မယ့်သူ ရှိနေတာကိုပဲ ကျေးဇူးတင်သင့်တယ်"

စူးကွေ့လန်က သူမ၏သားအား အရူးဟု ခေါ်လိုက်သည်ကို ကြားသည်နှင့် ဒေါသထွက်ကာ ပြန်အော်ဟစ်လိုက်သည်။

"ရွာသူကြီး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး။ ဒါက မိသားစုကိစ္စပဲ၊ ဒီအတိုင်းပဲ အဆုံးသတ်လိုက်ကြရအောင်"

"တကယ်လို့ ကျွန်မကို မုထုန်နဲ့ အတင်းအဓမ္မ လက်ထပ်ခိုင်းမယ်ဆိုရင် ကျွန်မ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ်တွေကို တစ်သက်လုံး ဘယ်တော့မှ အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး"

စူးယောင်ကွမ်းက ဒေါသတကြီး ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါတို့ ဒီမိသားစုနဲ့ အဆက်ဖြတ်လိုက်မယ်"

ကျန်းကျောက်တိကလည်း အော်ဟစ်လိုက်သည်။

"ရှင်တို့သာ ကျွန်မနဲ့ ကျွန်မသမီးကို အတင်းဖိအားပေးဦးမယ်ဆိုရင် ဒီနေ့ကစပြီး အဆက်အဆံ ဖြတ်လိုက်ကြတာပေါ့"

"ဟား... ပါးစပ်ကျယ်ကျယ်နဲ့ ခြိမ်းခြောက်နေလိုက်တာများ"

ကျုံးလန်ဟွာက လူအုပ်ကြားထဲမှ သရော်လိုက်သည်။

"သူတို့ ကြောက်လန့်လွန်းလို့ ဦးနှောက်ထဲကို တိုဟူးဖတ်တွေ အပြည့်ဝင်သွားတာလား၊ အဲ့ဒါကြောင့် အခုလိုမျိုး လူတွေကို ခြိမ်းခြောက်နေတာ ဖြစ်ရမယ်"

အဘိုးစူး၊ အဘွားစူး၊ ဦးလေးစူး၊ အဒေါ်စူးနှင့် စူးကွေ့လန်တို့အားလုံးက မထီမဲ့မြင်ပြုသည့် မျက်လုံးများဖြင့် ပြန်ကြည့်နေကြသည်။

‘အဆက်ဖြတ်မယ် ဟုတ်လား။

သူတို့က တကယ်ရော ဆွေမျိုးတွေမို့လို့လား။

ကျန်းကျောက်တိက စူးမိသားစုရဲ့ မျိုးရိုးကို ဆက်ခံမယ့် သားယောက်ျားလေး မမွေးပေးနိုင်ဘဲ မိန်းကလေးပဲ မွေးထားခဲ့တာ‌လေ၊ ဂရုစိုက်စရာ ဘာရှိလို့လဲ။

ဒါ့အပြင် သူမ ဘယ်လောက်ပဲ အဆက်ဖြတ်ချင်ဖြတ်ချင်၊ မုထုန်နဲ့တော့ လက်ထပ်ရမှာပဲ။’

"တော်ကြတော့၊ လူတွေ ဝိုင်းရယ်နေကြတာ မရှက်ကြဘူးလား"

အဘွားစူးက စူးယောင်ကွမ်၏ စကားများကို အလေးအနက် မထားဘဲ ခပ်ပေါ့ပေါ့ ဆက်ပြောလိုက်သည်။

"ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်"

စူးယောင်ကွမ်းက ရွာသူကြီးကို လှမ်းပြောလိုက်သည်။

"ရွာသူကြီးဦးလေး၊ ဦးလေးကိုယ်တိုင် မြင်တဲ့အတိုင်းပါပဲ။ အဖိုး၊ အဖွား၊ ဒုတိယဦးလေး၊ ဒုတိယအဒေါ်နဲ့ ဒေါ်လေးတို့အားလုံးက ကျွန်မတို့သားအမိကို သေလမ်းအထိ တွန်းပို့နေကြတာပါ။ ဒီလို ဆွေမျိုးတွေဆိုရင်တော့ မရှိတာကမှ ပိုကောင်းပါသေးတယ်၊ ဒီနေရာမှာ ရှိနေတဲ့သူတွေအားလုံးကို သက်သေအဖြစ် ဖိတ်ခေါ်ပါတယ်၊ ကျွန်မတို့သားအမိနဲ့ သူတို့နဲ့ ဘာမှမပတ်သက်တော့ဘူး။ ဒီနေ့ပဲ အဆက်ဖြတ်စာကို ကျွန်မ ရေးလိုက်မယ်။ သူတို့ လက်မှတ်ထိုးပေးမယ်ဆိုရင် ကျွန်မတို့မြေကို သူတို့ဆီ ရောင်းပေးလိုက်မယ်"

"မြေတင်မကဘူး၊ နင်လည်း ငါတို့မိသားစုထဲကို ဝင်ရမှာပဲ"

စူးကွေ့လန်က ထပ်ပြောလာပြန်သည်။

"ကျွန်မ အရင် မေးပါရစေ၊ ရှင်တို့က ကျွန်မတို့သားအမိကို ဆက်ပြီး ဖိအားပေးနေဦးမှာလား။ အလျှော့မပေးဘဲ ကျွန်မတို့နဲ့ အဆက်ဖြတ်ဖို့အထိ ဆုံးဖြတ်ထားတာလား"

"ဟုတ်တယ်"

စူးကွေ့လန်က မောက်မာစွာ ပြန်ပြောလိုက်သည်။

"နင်က ဘာမို့လို့လဲ။ ငါတို့ရှေ့မှာ ဒီလို ပရိယာယ်တွေနဲ့ လာကစားရဲတယ်ပေါ့လေ၊ နင်က ဘယ်သူ့ကို ခြိမ်းခြောက်နေတယ်လို့ ထင်နေတာလဲ"

စူးယောင်ကွမ်းက မတ်တတ်ထရပ်လိုက်ပြီး အိမ်ဝင်းထဲသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားနေသည်။

သူမ ဘာလုပ်မည်ကို လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

လေထုက ရုတ်တရက် အေးစက်သွားသည်ကို မြင်လိုက်ရချိန်တွင် ကျန်းကျောက်တိက ပိုကျယ်လောင်စွာ ငိုရှိုက်လိုက်သည်။

ကျိုးဝမ်ရှူက ပျားရည်ရေအနည်းငယ်ကို ယူလာပြီး ကျန်းကျောက်တိအား ပေးနေရင်း တိုးတိုး‌လေး ချော့မော့နေသည်။

"လည်ချောင်း သက်သာသွားအောင် ဒါလေး သောက်လိုက်ပါဦး"

ကျန်းကျောက်တိက ပျားရည်ရေကို တစ်ခါတည်း မော့သောက်လိုက်ပြီးနောက် ဆက်ငိုနေပြန်သည်။

လူတိုင်း : "..."

‘တစ်ခုခု လွဲနေသလို ခံစားရတယ်တဲ့၊ ဒါပေမယ့် ဘာလွဲနေတယ်ဆိုတာကိုတော့ တပ်အပ်မပြောနိုင်သေးဘူး’

စူးယောင်ကွမ်း ပြန်ပြေးလာပြီး လက်ထဲတွင် စာရွက်တစ်ရွက် ကိုင်ထားကာ ရွာသူကြီးကို ပြောလိုက်သည်။

"ဦးလေး၊ ဒါက အဆက်ဖြတ်စာပါ။ သက်သေခံပေးပါဦး၊ ကျွန်မတို့သားအမိက သူတို့နဲ့ အဆက်အသွယ် ဖြတ်တောက်မယ်"

ထိုအရာက ရွာသူရွာသားများကို အံ့အားသင့်သွားစေသည်။

"ဒီကလေးမ စာတတ်တယ်လား"

"ဘယ်တုန်းက စာသင်လိုက်တာလဲ"

"အဲ့ဒါတွေက အရေးမကြီးဘူး၊ အရေးကြီးတာက သူက စာဖတ်တတ်ရုံတင်မကဘူး၊ ရေးတောင် ရေးတတ်နေတာပဲ။ ဒီကောင်မလေးက အရည်အချင်း ရှိသားပဲ"

စူးကွေ့လန်က မျက်မှောင်ကြုတ်လိုက်သည်။

'ဒီကောင်မလေး တကယ်ပဲ အဆက်ဖြတ်ဖို့ ကြံနေတာလား'

သူမက ထိုအရာကို ခြိမ်းခြောက်ရုံသက်သက်ဟု ထင်နေခဲ့ခြင်းပင်။ အကယ်၍ မုဆိုးမနှင့် သူမ၏သမီးက မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်လျှင် ရွာထဲ၌ သူမတို့သားအမိက ပိုအထီးကျန်ဆန်ကာ အားကိုးရာမဲ့ ဖြစ်သွားပေလိမ့်မည်။

'သူမက ရူးနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီမုထုန်နဲ့ လက်ထပ်ရမှာပဲ၊ ဘာလို့ အဆက်အသွယ် ဖြတ်တောက်ချင်နေရတာလဲ'

ရွာသူကြီးက စာရွက်ပေါ်မှ အကြောင်းအရာကို ဖတ်ပြီးနောက် စူးယောင်ကွမ်းကို သနားကြည့်ဖြင့် တစ်ချက်ကြည့်ကာ စကားစပြောလိုက်သည်။

"ဒါက တကယ်ပဲ အဆက်ဖြတ်စာပဲ။ အဖိုးနဲ့ အဖွားက၊ ဒီမုဆိုးမနဲ့ အဖမဲ့ကလေးကို ဒီအခြေအနေထိ ရောက်အောင် တွန်းပို့တာက တကယ်ကို ရက်စက်လွန်းရာကျတယ်။ အခုချိန်ထိ စိတ်ပြောင်းလို့ ရပါသေးတယ်၊ မိသားစုချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်သင့်တာပေါ့၊ တစ်ယောက်အပေါ် တစ်ယောက် လိမ်လည်လှည့်ဖြားတာနေတာက မကောင်းဘူး"

"နင်က ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ"

အဘွားစူးက နှာခေါင်းရှုံ့လိုက်သည်။

"ငါတို့က မြေကိုပဲ လိုချင်တာ။ သူတို့နဲ့ ပတ်သက်နေရမှာကို ဘယ်သူက ဂရုစိုက်မှာတုန်း"

အဘွားစူးက သူမ၏လက် ထိခိုက်မည်ကို စိုးရိမ်နေကာ စာရွက်ပေါ်တွင် လက်ဗွေနှိပ်ရန် တွန့်ဆုတ်နေသည်။

ကျိုးဝမ်ရှူက အဘွားစူး၏ လက်ကို ဆွဲကိုင်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ထင်းခွဲဓားဖြင့် သူမ၏လက်ချောင်းကို ဖောက်လိုက်သည်။

"အား..."

ကျိုးဝမ်ရှူက သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး ဘေးမှာ ရှိနေသည့် အဘိုးစူးကို လှမ်းကြည့်လိုက်သည်။

အဘိုးစူးက အလောတကြီး ပြောလိုက်သည်။

"မလိုဘူး၊ ငါ့ဟာ ငါ နှိပ်မယ်"

သူက အဘွားစူး၏ လက်ချောင်းမှ ထွက်လာသော သွေးအနည်းငယ်ကို ယူလိုက်ပြီး စာရွက်ပေါ်တွင် လက်ဗွေနှိပ်လိုက်သည်။

ကျိုးဝမ်ရှူက နောက်တစ်ဖက်သို့ ကြည့်လိုက်ရာ ဒုတိယဦးလေးစူးနှင့် အဒေါ်စူးတို့ကလည်း ချက်ချင်း လှုပ်ရှားလိုက်ကြပြီး အဘွားစူး၏ သွေးဖြင့်ပင် သူတို့၏လက်ဗွေများကို အမြန်နှိပ်လိုက်ကြသည်။

စူးကွေ့လန်ကတော့ အိမ်ထောင်ကျပြီးသူဖြစ်၍ အရေးမပါတော့ပေ။ သူမ လက်မှတ်မထိုးသည့်တိုင် စူးယောင်ကွမ်းနှင့် သူမမိခင်တို့က ဂရုစိုက်မည်မဟုတ်ချေ။

"ကောင်းပြီ၊ အဆက်ဖြတ်စာတော့ လက်မှတ်ထိုးပြီးပြီ။ အခု မြေကို ငါတို့ဆီ ရောင်းပေးရမှာပေါ့"

"ကျွန်မတို့ မြေကို ရောင်းပေးပါ့မယ်၊ ဒါပေမဲ့ ရှင်တို့က အရင်ဆုံး ငွေလျန်လေးဆယ် ပေးရမယ်"

စူးယောင်ကွမ်းက သူမ၏မျက်ရည်များကို သုတ်ရင်း ပြန်ပြောလိုက်သည်။

"ဘာ... လျန်လေးဆယ် ဟုတ်လား၊ လျန်နှစ်ဆယ် မဟုတ်ဘူးလား"

အဒေါ်စူး၏ မျက်လုံးများက ပြူးကျယ်သွားသည်။

"အားလုံးပဲ ကြည့်ကြပါဦး၊ စာချုပ်မှာ လျန်လေးဆယ်လို့ ရေးထားလား၊ လျန်နှစ်ဆယ်လို့ ရေးထားလား"

အဘွားစူးက ယခုန သူမ သိမ်းလိုက်သည့် စာချုပ်ကို ပြန်ထုတ်လိုက်သည်။

ရွာသူကြီးက စာချုပ်ကို ယူ၍ ကြည့်လိုက်ရာ ငွေပမာဏ ရေးထားသောနေရာတွင် သွေးစက်များပေကျံနေပြီး မည်သည့်ငွေပမာဏမှန်း လုံးဝမမြင်ရတော့ပေ။

သူက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ကျန်းကျောက်တိကို လှည့်ကြည့်လိုက်သည်။

All Chapters