← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅ အိမ်ထောင်ရေးစာချုပ်

ကျန်းကျောက်တိကတော့ အနည်းငယ် စိုးရိမ်ပူပန်နေရှာသည်။

စူးယောင်ကွမ်းက သူမကို 'လျန်နှစ်ဆယ်' ဆိုတဲ့ စာလုံးအား အရင် သင်ပေးထားခဲ့ပြီး စာချုပ်ပေါ်မှ ထိုစာလုံးနေရာကို သေချာ ရှာဖွေကာ အဘွားစူးနှင့် စူးကွေ့လန်တို့ သတိမထားမိအောင် သွေးစက်ချပြီး ငွေပမာဏကို ဖုံးအုပ်ပစ်ရန် မှာကြားထားခဲ့ခြင်း ဖြစ်သည်။

သူမ စူးယောင်ကွမ်း မှာထားသည့်အတိုင်း လုပ်ခဲ့သော်လည်း စာလုံးကို မှားဖတ်မိသလားဟု စိတ်ထဲမှ သံသယဝင်နေမိသည်။

'ငါ မမှားလောက်ပါဘူးနော်'

ကျန်းကျောက်တိက ထိုစာလုံးကို အခါခါဖတ်ထားသလို အခါခါလည်း အရေးကျင့်ထားခဲ့သည်။ စာတတ်မြောက်ရန် ပထမဆုံးအကြိမ် ကြိုးစားခြင်းဖြစ်သလို အရေးကြီးသည့်ကိစ္စလည်းဖြစ်သောကြောင့် သူမ အလွန်အာရုံစိုက်ထားခဲ့ပြီး မှားစရာ အကြောင်းမရှိဟု သူမဘာသာ ပြန်အားပေးနေခဲ့သည်။

ယခုန လုပ်ခဲ့သမျှကို ပြန်တွေးကြည့်ရင်း ကျန်းကျောက်တိက စူးကွေ့လန်နှင့် အဘွားစူးတို့ကိုပင် စိတ်ထဲမှ လှောင်ပြောင်နေသေးသည်။

'သူတို့က ငါနဲ့ ငါ့သမီးကို ပရိယာယ်ဆင်ဖို့ပဲ စိတ်အားထက်သန်နေကြတာ၊ သူတို့ ငါ့ကို အထင်သေးပြီး အရေးမစိုက်တဲ့အတွက်ကြောင့်သာ ခုလို အလစ်ပြန်တိုက်ခိုက်နိုင်ခဲ့တာလေ'

ရွာသူကြီးက ထပ်ပြောလိုက်သည်။

"ဒီမှာ သွေးစက်တစ်ခုပေနေတယ်၊ ငွေပမာဏနေရာကို လုံးဝဖုံးအုပ်သွားပြီ၊ ဘာစာလုံးမှ မမြင်ရတော့ဘူး"

"ဘာ... ဘာပြောတယ်"

အဘွားစူးက စာချုပ်ကို ပြန်ဆွဲယူလိုက်သည်။

စာချုပ်ပေါ်မှာ သွေးစက်တစ်ခုက အမှန်တကယ် ထူထူထဲထဲ ရှိနေပြီး စာလုံးများကို အတိအကျ ဖုံးအုပ်နေခဲ့သည်။ သူမ ယခုန စိတ်လှုပ်ရှားနေသောကြောင့် လက်ဗွေနှိပ်သည့်နေရာကိုသာ ကြည့်ခဲ့ပြီး ကျန်နေသည့်နေရာများကို သတိမထားမိခဲ့ပေ။

အဘွားစူး၏ မျက်လုံးများက ပြူးကျယ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင် ဒါကို တမင်လုပ်တာမလား"

"ကောင်းကင်နဲ့ မြေကြီး သက်သေရှိပါတယ်၊ ရှင်တို့က ကျွန်မလက်ချောင်းကို ဓားနဲ့လှီးတာလေ၊ အသားစတွေပါ ပြတ်ထွက်ပြီး သွေးတွေ အများကြီးထွက်လာမှတော့ ကျွန်မ ဘယ်လို ထိန်းနိုင်ဦးမှာတုန်း"

ကျန်းကျောက်တိက ငိုသံပါကြီးဖြင့် ထပ်ပြောလိုက်သည်။

"ပြီးတော့ ရွာထဲက လူတိုင်း သိတယ်၊ ကျွန်မက စာမတတ်ဘူး။ ဒီစာလုံးတွေက ဘာရေးထားမှန်း ကျွန်မ ဘယ်လိုလုပ်သိမှာလဲ။ ဒါက ကောင်းကင်ကြီးက မျက်စိဖွင့်ကြည့်ပြီး ကျွန်မရဲ့ မြေယာကို ကာကွယ်ပေးတာပဲလို့ပဲ ပြောရမှာပေါ့"

"ရွာသူကြီး၊ သူတို့ လိမ်နေတာ"

အဘွားစူးက ချက်ချင်း တိုင်တန်းလိုက်သည်။

"ရွာသူကြီးက ကျွန်မတို့ကို ကူညီပေးရမယ်"

ရွာသူကြီးက အေးစက်စက် အသံဖြင့် ပြန်ပြောလိုက်သည်။

"အရင်တုန်းက စာချုပ်အတိုင်း လိုက်နာရမယ်လို့ ပြောခဲ့တယ်လေ။ အခု စာချုပ်မှာက ငွေပမာဏကို မမြင်ရတော့တဲ့အတွက် ဈေးကွက်ပေါက်ဈေးအတိုင်းပဲ တွက်ချက်ရတော့မယ်။ ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ"

"ဒါဆို ကျွန်မရော... စူးယောင်ကွမ်း ကျွန်မရဲ့သားနဲ့ လက်ထပ်ရမယ်ဆိုတာကို အဖြူအမည်း စာလုံးနဲ့ ရေးထားပြီးသားနော်။ အဲ့ဒါကိုတော့ ငြင်းလို့မရဘူ”

စူးကွေ့လန်က ကျေနပ်နေဟန်ဖြင့် ကြွားလုံးထုတ်လိုက်သည်။

အဘိုးစူး၊ အဘွားစူး၊ ဒုတိယဦးလေးစူးနှင့် ဒုတိယအဒေါ်စူးတို့၏ ရန်လိုမှုများက တစ်ဖန်ပြန်တောက်လောင်လာပြန်သည်။

'ဟုတ်တယ်၊ စူးယောင်ကွမ်းသာ အိမ်ထောင်ပြုလိုက်ရင် ကျန်းကျောက်တိဆိုတဲ့ မိန်းမမှာ စူးမိသားစုရဲ့ မြေကို အသုံးပြုခွင့် မရှိတော့ဘူးလေ။ သူမသာ စကားနားမထောင်ရင် တစ်စုံတစ်ယောက်နဲ့ အတင်းလက်ထပ်ခိုင်းပြီး သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ရင် သူမက ငါတို့ရဲ့ လက်ထဲမှာပဲ ရှိနေမှာမဟုတ်လား'

"ရွာသူကြီးဦးလေး...ကျွန်တော့်မှာ မေးစရာလေး ရှိပါတယ်"

ကျိုးဝမ်ရှူက တစ်ခုခုကို ပြောချင်နေသော်လည်း ပြောရခက်နေသည့်ပုံဖြင့် ဝင်မေးလိုက်သည်။

"ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ"

ရွာသူကြီးက သူ့ကို ပြောခွင့်ပေးလိုက်သည်။

"ယောင်ကွမ်းနဲ့ ကျွန်တော်က အိမ်ထောင်ရေးစာချုပ် ချုပ်ပြီးသားပါ၊ ရုံးတော်မှာလည်း စာရင်းသွင်းထားပြီးပြီ။ ဒီလိုအခြေအနေမှာ သူက တခြားတစ်ယောက်နဲ့ ထပ်ပြီး လက်ထပ်လို့ ရသေးတာလား"

ကျိုးဝမ်ရှူက သူ့၏ ရင်ဘတ်အိတ်ကပ်ထဲမှ အိမ်ထောင်ရေးစာချုပ်ကို ထုတ်ယူပြရင်း ပြောလိုက်သည်။

ရွာသူကြီးက အံ့အားသင့်သွားပြီး စာချုပ်ကို လှမ်းယူကာ အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် စူးယောင်ကွမ်းကို စူးစိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

"နင်နဲ့ ကျိုးဝမ်ရှူမှာ အိမ်ထောင်ရေးစာချုပ် ရှိပြီးသားပဲ၊ နင်တို့က တရားဝင် လင်မယားတွေလေ။ တခြားယောက်ျားတစ်ယောက်နဲ့ လက်ထပ်လို့ မရတော့ဘူး။ ခုနလေးတင်ပဲ ငိုယိုနေတော့ ဒီကိစ္စကို မေ့သွားတာလား"

"ကျွန်မတို့က မင်္ဂလာပွဲမှ မလုပ်ရသေးတာ..."

စူးယောင်ကွမ်းက ရိုးအအဟန်လေးဖြင့် ဆက်မေးနေပြန်သည်။

"အဲ့တော့ ကျွန်မတို့က လင်မယားလို့ သတ်မှတ်လို့ ရသေးလို့လား"

"မင်္ဂလာပွဲလုပ်တာ၊ မလုပ်တာက မင်းတို့ ကိစ္စလေ။ တရားဝင် စာရွက်စာတမ်းအရဆိုရင် မင်းတို့က လင်မယားတွေပဲ။ မိန်းမတစ်ယောက်က ယောက်ျားနှစ်ယောက်ယူရင် ဥပဒေကို ချိုးဖောက်တာပဲ"

ရွာသူကြီးက အိမ်ထောင်ရေးစာချုပ်ကို ကျိုးဝမ်ရှူထံ ပြန်ပေးလိုက်ရင်း အမိန့်ပေးလိုက်သည်။

"ကဲ... ဒီဇာတ်လမ်းကို ဒီလောက်နဲ့ပဲ ရပ်လိုက်ကြတော့"

"စူးယောင်ကွမ်း... နင် ဒါကို တမင်သက်သက် လုပ်တာမလား၊ နင်က အိမ်ထောင်ကျပြီးသားဖြစ်လျက်နဲ့ ဘာလို့ ဒီမှာ လာပြီး ရုန်းရင်းဆန်ခတ် လုပ်နေတာလဲ"

စူးကွေ့လန်က အော်ဟစ်လိုက်သည်။

" ငါ နင့်ကို အပိုင်းပိုင်း အစအစ ဆုတ်ဖြဲပစ်မယ်၊ မိန်းမယုတ်လေး"

"နင်က ငါ့သမီးကို ထိရဲတယ်ပေါ့လေ"

ကျန်းကျောက်တိက သူမဆီသို့ အရင်ပြေးဝင်သွားခဲ့သည်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခုန်အုပ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပြန်သည်။

ထိုအချိန်တွင် စူးကွေ့လန်တစ်ယောက် သူမ၏ ဒူးခေါင်းမှ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ကျန်းကျောက်တိက သူမ၏ ဆံပင်ကို ဆွဲကိုင်ကာ အပေါ်မှ ဖိထိုင်လိုက်ပြီး အဝတ်အစားများကိုပါ ဆွဲဖြဲပစ်နေတော့သည်။

"အား... ငါ့အဝတ်တွေ... လွှတ်စမ်း... အား..."

အဘွားစူးကလည်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။

သူမက ငတုံးမဟုတ်ပေ။

‘ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ၊ စာချုပ်ပေါ်က သွေးစက်တစ်ခုက ငွေပမာဏကို အတိအကျ ဖုံးအုပ်သွားတယ်ပေါ့။ အခု စူးယောင်ကွမ်းက ကျိုးဝမ်ရှူနဲ့အတူ အစိုးရရုံးကို သွားပြီး အိမ်ထောင်ရေးစာချုပ် ချုပ်ခဲ့တာကို လူသိရှင်ကြား ပြောလာတယ်၊ အခုနကတော့ ဒီနေရာမှာ ငိုယိုအော်ဟစ်ပြီး လက်မထပ်ပါရစေနဲ့လို့ တောင်းပန်နေတာ မဟုတ်ဘူးလား’

‘ဒီကိစ္စတွေအားလုံးက ဒီမိန်းမနဲ့ သူ့သမီးရဲ့ ပရိယာယ်တွေပဲ။ သူတို့က ပြဿနာရှာပြီး နောက်ဆုံးမှာ ငါတို့ ဘာမှ မရအောင် လုပ်ပစ်လိုက်ကြတာ။’

အဘွားစူးတစ်ယောက် အသက်ရှူရ ကြပ်လာပြီး နောက်သို့ ပက်လက်လန် လဲကျသွားတော့သည်။ အဘိုးစူးက သူမကို အမြန်ထိန်းလိုက်ရင်း အော်ခေါ်လိုက်သည်။

"အိုက်ယား... အဘွားကြီး... သတိထားပါဦး"

ဒုတိယဦးလေးစူးနှင့် ဒုတိယအဒေါ်စူးတို့၏ မျက်နှာများကလည်း အလွန်ဆိုးရွားနေလေသည်။ သို့သော်လည်း သူတို့ ဘာမှ မပြောနိုင်တော့ချေ။

‘ဘယ်လောက်ပဲ ဆူပူအော်ဟစ်နေပါစေ၊ ဒီနေ့တော့ သူတို့ ဘာမှ ရစရာမရှိတော့ဘူးလေ’

"အဖိုးတို့ အဖွားတို့၊ ဦးလေးတို့၊ အဒေါ်တို့ရေ.... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဒီမှာရှိတဲ့ လူတိုင်း အကုန်မြင်လိုက်တာပါပဲ။ ကျွန်မရဲ့ အဖိုး၊ အဖွား၊ ဦးလေးနဲ့ အဒေါ်တွေက ဘယ်လောက် ရက်စက်တယ်ဆိုတာ လူတိုင်း သိကြမှာပါ။ မြေကွက်လေးတစ်ကွက်အတွက်၊ ကျွန်မကို အရူးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့အထိ လုပ်ကြပြီး ကျွန်မနဲ့ ကျွန်မ အမေကို လမ်းဆုံးအထိ ရောက်အောင် တွန်းပို့ခဲ့ကြတယ်။ ဒီနေ့တော့ အဆက်ဖြတ်စာ ရေးလိုက်ပြီဆိုတော့ ကျွန်မနဲ့ ကျွန်မအမေတို့က သူတို့နဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။ အခုချိန်ကစပြီး ကိုယ့်လမ်းကိုယ် လျှောက်ကြမှာပါ၊ တစ်ယောက်နဲ့တစ်ယောက် ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး။ တကယ်လို့ သူတို့က ကျွန်မနဲ့ ကျွန်မ အမေကို ထပ်ပြီး အနှောင့်အယှက် လာပေးဦးမယ်ဆိုရင်တော့ လူငယ်တစ်ယောက်အနေနဲ့ အရိုအသေ မပေးနိုင်တော့တာကို အပြစ်တင်ကြပါနဲ့။ ကျွန်မရဲ့ အဖေ ဆုံးပါးသွားခဲ့တာ ကြာပါပြီ၊ ကျွန်မနဲ့ မုဆိုးမအမေပဲ ကျန်တော့တာပါ။ အသက်ရှင်သန်ဖို့အတွက်ဆိုရင် ကျွန်မ မလုပ်ရဲတာ ဘာမှ မရှိဘူး"

"ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်သလဲ၊ ဒီလိုမျိုးနဲ့ ဆက်ဆံရေးတွေကို အပြီးအပိုင် ဖြတ်တောက်လိုက်တာလား"

"ဒီအဖိုး၊ အဖွားတွေက တကယ်ပဲ နှလုံးသားမရှိကြတာပါလား"

"သာမန်လူဆိုရင်တောင် သူတို့ရဲ့ သမီးအတွက် ဒီလောက်ထိတော့ အသည်းအသန် မဖြစ်ကြပါဘူး။ ငါသာ ယောင်းကွမ်းဆိုရင် ငါလည်း အဲဒီလိုပဲ လုပ်မှာ၊ ခုနကပဲ အမေနဲ့ သမီးက သူတို့ဆီမှာ ငိုယိုပြီး တောင်းပန်နေတာကို ဘယ်သူမှ စိတ်မပျော့ကြဘူးလေ"

စူးကွေ့လန်က ကျန်းကျောက်တိ၏ အဖိခံထားရရင်း ကျယ်လောင်စွာ ငိုရှိုက်နေသည်။

"ငါတော့ အသက်မရှင်ချင်တော့ဘူး၊ ငါ အသက်မရှင်ချင်တော့ဘူး..."

ကျန်းကျောက်တိက ထရပ်လိုက်ပြီး သူမ၏ ရှုပ်ပွနေသော ဆံပင်များကို ပြန်ပြင်ကာ ခါးထောက်လျက် ပြောလိုက်သည်။

"ဒါဆိုလည်း သွားသေလိုက်လေ၊ နင့်ရဲ့ အသုံးမကျတဲ့ သားကိုပါ တစ်ခါတည်း ခေါ်သွားလိုက်၊ ဒါမှ ငါ့သမီးကို မထိခိုက်စေမှာ"

ကျိုးဝမ်ရှူက ကျန်းကျောက်တိကို တွဲထူပေးလိုက်ရင်း ဝင်ပြောလိုက်သည်။

"အမေ... အမေလည်း ပင်ပန်းနေပါပြီ။ ဒီလို လူယုတ်မာတွေနဲ့ အချိန်ကုန်မခံပါနဲ့တော့။ အိမ်ထဲဝင်ပြီး အနားယူလိုက်ပါဦး"

ထို့နောက် သူက ရွာသူကြီးဘက်သို့ လှည့်ပြောလိုက်ပြန်သည်။

"ရွာသူကြီးဦးလေး... ဒီနေ့ တရားမျှတအောင် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့သာဆိုရင် ကျွန်တော့်ရဲ့ ဇနီးကို အတင်းဆွဲခေါ်သွားကြတော့မှာ သေချာတယ်။ အချိန်လည်း နောက်ကျနေပြီဆိုတော့ ရိုးရှင်းတဲ့ ထမင်းလေး တနပ်လောက် စားသွားပါဦးလား"

ရွာသူကြီးကတော့ အိမ်သို့ အမြန်ပြန်ပြီး ငြိမ်းချမ်းစွာ အနားယူချင်နေပြီဖြစ်သည်။ ဤမိန်းမများ၏ အော်ဟစ်ငိုယိုသံများအား ကြားနေရသည်က သူ့ခေါင်းကို ကိုက်ခဲစေသည်။

"မလိုပါဘူး... ငါ အိမ်ပြန်တော့မယ်။ မင်းတို့ ဒီနေရာကို ရှင်းလိုက်ကြ။ လူတွေလည်း အကုန် ပြန်ကြ၊ ပြန်ကြတော့"

ရွာသူကြီးက သူ့ခေါင်းကို ဖိကိုင်ကာ ပြန်ထွက်ခွာသွားသည်။

"အမေ... အိမ်ထဲ ပြန်ဝင်ကြရအောင်"

စူးယောင်ကွမ်းက ကျန်းကျောက်တိကို တွဲထူပေးလိုက်သည်။

ကျိုးဝမ်ရှူက နောက်ဆုံးမှ ထွက်ခွာသွားရင်း ရှုံးနိမ့်သွားသော ကြက်ဖများပမာ ဖြစ်နေသည့် လူအုပ်ကြီးကို အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။

သူက ခေါင်းကို ငုံ့လိုက်ပြီး စူးကွေ့လန်အနားသို့ တိုးကပ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။

"တကယ်က ယောင်ကွမ်းက အရမ်း သဘောကောင်းလွန်းနေလို့လေ"

စူးကွေ့လန်က နှာခေါင်းရှုံ့လိုက်ရင်း ပြန်မေးလိုက်သည်။

"သဘောကောင်းတယ် ဟုတ်လား"

"ဟွန့်.... သူ့ကို ခင်ဗျားတို့ အိမ်ကို ခေါ်သွားခွင့် ပေးလိုက်ပြီး ပြီးမှ ကျုပ်က ရုံးတော်ကို သွားပြီး ကျုပ်မိန်းမကို အတင်းအဓမ္မ ပြန်ပေးဆွဲသွားပါတယ်လို့ သွားတိုင်လိုက်ရင် အာဏာပိုင်တွေက ဘာလုပ်မယ်လို့ ခင်ဗျား ထင်လဲ"

ကျိုးဝမ်ရှူက အပြစ်ကင်းစင်သယောင် မျက်တောင်ခတ်ရင်း မေးလိုက်ပြီးမှ သူ့ဘာသာသူ ပြန်ဖြေပေးလိုက်သည်။

"အဲ့ဒီအချိန်ကျရင် ခင်ဗျားရော ခင်ဗျားရဲ့ တန်ဖိုးရှိလှပါတယ်ဆိုတဲ့ အရူးကောင်ရော အနည်းဆုံး ထောင်ဒဏ် သုံးနှစ် ကျခံရလိမ့်မယ်၊ တကယ်လို့ မင်္ဂလာပွဲမှာ ယောင်ကွမ်းရဲ့ ခေါင်းကို တစ်ခုခုနဲ့ ထိမိပြီး ဒဏ်ရာရသွားခဲ့ရင်တော့ ဘာဖြစ်လာမလဲဆိုတာ ခင်ဗျားပဲ ဆက်စဉ်းစားကြည့်တော့"

စူးကွေ့လန်က ကျိုးဝမ်ရှူကို ကြောက်ရွံ့တကြား ငေးကြည့်နေလေသည်။

‘ဒီကောင်လေးက ဒီလောက်တောင် ရွှင်ရွှင်လန်းလန်းနဲ့ ပြုံးပြနေတာကို၊ ဘာလို့ သူ့မျက်လုံးတွေက အမှောင်ထုလို နက်ရှိုင်းနေပြီး ငါ့ရဲ့ ကျောရိုးကိုတောင် တုန်ခါသွားစေရတာလဲ’

"ယောင်ကွမ်းက ဒီလောက် ကြင်နာတတ်တာတောင် ခင်ဗျားတို့က သူ့ကို မတန်ဖိုးထားဘူး၊ တကယ်လို့ သူသာ ကျုပ်လက်ထဲ ရောက်လာရင် ခင်ဗျားတို့မိသားစု ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပေါ့"

စကားဆုံးသည်နှင့် ကျိုးဝမ်ရှူက သူ့ခေါင်းကို စောင်းလိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။

All Chapters