အခန်း ၄၆
Vol. 5 Ch. 46
အခန်း ၄၆ အောင်ပွဲခံခြင်း
"ဟား ဟား ဟား..."
ကျန်းကျောက်တိတစ်ယောက် သူမ၏ ပေါင်ကို ရိုက်ရင်း ထိန်းမနိုင်သိမ်းမနိုင် ရယ်မောနေလေသည်။
"သူတို့ရဲ့ မျက်နှာတွေကို မြင်လိုက်ကြလား၊ ဟိုစကားပုံ ရှိတယ်လေ... 'ခြင်းတောင်းထဲကို ရေထည့်ဖို့ ကြိုးစားပေမဲ့ ဘာမှမရလိုက်ဘူး' တဲ့။ သူတို့မျက်နှာတွေက အညစ်အကြေးတွေ စားမိလိုက်သလိုမျိုးပဲ။ ဟား ဟား ဟား"
စူးယောင်ကွမ်းက ရေတစ်ခွက်ကို ယူဆောင်လာပေးကာ ကျန်းကျောက်တိကို သောက်စေပြီး စိတ်ငြိမ်အောင် လုပ်ပေးလိုက်သည်။
"အမေ... ခုနက ဒေါသတကြီးနဲ့ ရန်ဖြစ်ထားပြီးတော့ အခုကျတော့ ဒီလိုမျိုး ရယ်မောနေတယ်ပေါ့၊ တခြားသူတွေ ကြားသွားရင် သမီးတို့ကို အရူးတွေလို့ ထင်နေကြလိမ့်မယ်"
ကျန်းကျောက်တိက ရေတစ်ငုံသောက်လိုက်ပြီး သူမ၏ ရယ်သံများကို တဖြည်းဖြည်း ရပ်တန့်လိုက်သည်။
"အရူးလို့ ထင်ရင်လည်း ထင်ပါစေပေါ့။ အရူးဖြစ်တာ ဘာမှမဖြစ်ပါဘူး။ သူတို့သာ ငါတို့ကို ထပ်ပြီး အနိုင်ကျင့်ဖို့ ကြိုးစားကြည့်၊ ငါ သူတို့ကို အပိုင်းပိုင်း ဖြဲပစ်လိုက်မယ်"
ကျန်းကျောက်တိက ကြုံးဝါးလိုက်ပြီးမှ ကျိုးဝမ်ရှူကို သဘောကျဟန်ဖြင့် ကြည့်လိုက်သည်။
"အခုဆိုရင် ရွာထဲက လူတိုင်းက မင်းကို ငါရဲ့ သမက်လို့ သိသွားပြီ။ ဝမ်ရှူ... နောင်ကျရင် မင်းနဲ့ ယောင်ကွမ်းတို့ အဆင်ပြေပြေနဲ့ နေကြရမယ်နော်။ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ရမယ်၊ ဟုတ်ပြီလား"
ကျိုးဝမ်ရှူက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အမေ"
"အမေ... သမီး ဟင်းပွဲကောင်းကောင်းလေးတွေ သွားချက်လိုက်ဦးမယ်၊ အောင်ပွဲခံကြတာပေါ့"
စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။
"အခုကစပြီးတော့ အဲ့ဒီသွေးစုပ်ကောင် မိသားစုနဲ့ အပြီးတိုင် ကင်းဝေးသွားပြီဆိုတော့ သမီးတို့ အေးချမ်းသွားပြီပေါ့"
ကျန်းကျောက်တိကလည်း သူမ၏ အင်္ကျီလက်မောင်းများကို ပင့်တင်လိုက်သည်။
"ငါလည်း နင့်အဖေ သိမ်းထားတဲ့ သေရည်အိုးကို သွားတူးထုတ်လိုက်ဦးမယ်။ ဒီနေ့တော့ နည်းနည်း သောက်ကြတာပေါ့"
စူးယောင်ကွမ်းကတော့ ကျိုးဝမ်ရှူကို မီးဖိုချောင်သို့ ခေါ်သွားပြီး အလုပ်ရှုပ်နေလေသည်။
ကျိုးဝမ်ရှူက မည်သို့ မီးမွှေးရမည်ကို မသိသော်လည်း အလွယ်တကူ သင်ယူနိုင်သည်။ သူက ချက်ပြုတ်နည်းများကို မသိသော်လည်း သူမကို ကူညီရန် သင်ယူခဲ့သည်။ စူးယောင်ကွမ်း၏ မျက်လုံးထဲတွင်တော့ သူက နာခံတတ်ပြီး သခင်အကြိုက်လိုက်တတ်သော ယဥ်ပါးသည့် ခွေးပေါက်စလေးနှင့် တူနေလေသည်။
ကျန်းကျောက်တိ မရှိသည့်အခိုက်တွင် စူးယောင်ကွမ်းက သူမ၏ အသံကို လျှော့ချရင်း သူ့ကို ပြောလိုက်သည်။
"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ စိတ်မပူပါနဲ့၊ နင်နဲ့ ပေးထားတဲ့ ကတိကတော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ငါတို့ရဲ့ ဆက်ဆံရေးက အဲ့ဒီဒုက္ခပေးတဲ့ ဆွေမျိုးတွေကို ဖယ်ရှားဖို့အတွက် အယောင်ဆောင်ထားတာပါ။ နင် ထွက်သွားချင်တဲ့ အချိန်ကျရင် ငါတို့ ကွာရှင်းကြတာပေါ့"
"ဒီလို စကားမျိုး နောက်တစ်ခါ မပြောပါနဲ့၊ အမေ ကြားသွားလိမ့်မယ်။ ခင်ဗျားက ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာပါ၊ ခင်ဗျားက ကျွန်တော့်ကို အကာအကွယ်အဖြစ် သုံးခဲ့တာ ဆိုပေမဲ့လည်း အကျိုးအမြတ် ရသွားတာက ကျွန်တော်လေ"
ကျိုးဝမ်ရှူက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ထပ်ပြောလာခဲ့သည်။
"ကျွန်တော်ရဲ့ မူလအစကိုလည်း ဘယ်သူမှ မသိကြဘူး၊ လူကုန်ကူးသူတွေဆီကနေ ဝယ်လာခံရတာလေ။ ကျွန်တော်ရဲ့ အဆင့်အတန်းက နိမ့်ကျပြီး ကျွန်တော်က ကျွန်တစ်ယောက်ပဲ ဖြစ်သင့်တာပါ။ ယောင်ကွမ်းက ကျွန်တော်ကို တကယ် သဘောကျလာလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး မျှော်လင့်ရဲပါ့မလဲ"
စူးယောင်ကွမ်း : "..."
‘ငါက သူ့ကို ငဲ့ညှာပြီး အတင်းအကျပ် မလုပ်ချင်တာကို သူက ဘာလို့များ ငါ သူ့ကို အထင်သေးနေသလိုမျိုး ပြောလိုက်တာလဲ’
ကျိုးဝမ်ရှူ၏ သနားစရာကောင်းသော ပုံစံကို ကြည့်လိုက်ရင်း စူးယောင်ကွမ်း၏ နှလုံးသားထဲတွင် အပြစ်ရှိသလို ခံစားချက်လေးများ ပေါ်ပေါက်လာခဲ့သည်။
'ကျစ်...ကျစ်၊ ရွာထဲက မိန်းခလေးတွေ သူ့ကို စိတ်ဝင်စားနေတာက အကြောင်းမဲ့ မဟုတ်ဘူးပဲ၊ ဒီမျက်နှာလေးနဲ့ ဒီအမူအရာလေးတွေက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ'
အစားအစာများ ပြင်ဆင်ပြီးသည့်နောက် ကျန်းကျောက်တိက သေရည်ငှဲ့လိုက်သည်။
ထို့နောက် သူမက ကျန်နှစ်ယောက်ကို ကြည့်ရင်း အပြုံးဖြင့် ပြောနေပြန်သည်။
"ဒီနေ့က မင်းတို့ လက်ထပ်တဲ့ ပထမဆုံးနေ့ဆိုတော့ မင်းတို့ရဲ့ မင်္ဂလာပွဲလို့ သတ်မှတ်လိုက်ကြတာပေါ့။ ဝမ်ရှူ နည်းနည်း အရွယ်ရောက်လာရင် ဧည့်သည်တွေကို ဖိတ်ပြီး စားပွဲခင်းလိုက်ကြတာပေါ့"
"ဒါက အဖေသိမ်းထားခဲ့တဲ့ သေရည်လေ၊ အမေက အမြဲတမ်း သောက်ဖို့ နှမြောနေတာ။ ဒီတစ်ခါတော့ ပထမဆုံးအကြိမ် ဖွင့်လိုက်တာပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို ပြောပြနေသည်။
"ကျွန်မတို့ သမီးလေးလည်း အိမ်ထောင်ကျသွားပြီဆိုတော့ ဒီသေရည်အိုးလေးကိုလည်း ဖောက်သင့်ပြီပေါ့"
ကျန်းကျောက်တိက သေရည်အိုးကို မြှောက်ကိုင်လိုက်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။
"ကလေးတွေအဖေ... ဒီသေရည်ကို မြည်းကြည့်ပါဦး၊ ဒါက သမီးလေးရဲ့ မင်္ဂလာသေရည်ပဲ"
ကျန်းကျောက်တိက သူမကိုယ်တိုင်လည်း သောက်နေပြီး အနည်းငယ် မူးသွားခဲ့သည်။
စူးယောင်ကွမ်းက ကျန်းကျောက်တိကို သူမ၏ အခန်းသို့ ပွေ့ချီကာ ပြန်ခေါ်လာခဲ့သည်။
သူမ ပြန်ထွက်လာချိန်တွင် ကျိုးဝမ်ရှူက စားပွဲပေါ်မှ ရှုပ်ပွနေသော ပန်းကန်များကို သိမ်းဆည်းနေသည်။
စူးယောင်ကွမ်းက တံခါးဝတွင် ရပ်လိုက်ပြီး ကျိုးဝမ်ရှူ၏ သွယ်လျသော ကျောပြင်ကို ငေးကြည့်နေသည်။
‘ဒီဘဝမှာတော့ ငါ တစ်ယောက်တည်း ပေးဆပ်နေရတာမျိုး မဟုတ်တော့ဘူးပဲ’
ကျိုးဝမ်ရှူ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သူမက သူ့ကို တွေတွေဝေဝေ ငေးကြည့်နေသည်အား သူ တွေ့လိုက်ရသည်။ သူက လှမ်းမေးလိုက်သည်။
“မင်းရော မူးနေတာလား"
ယခုန သူမ၏ မျက်လုံးများက အာရုံစိုက်မှု ကင်းမဲ့နေခဲ့သည်။ သူမက သူ့ကို ကြည့်နေသော်လည်း သူ့နောက်ကွယ်မှ တစ်စုံတစ်ယောက်ကို ကြည့်နေသလိုမျိုး သူ ခံစားနေရသည်။
"နည်းနည်းတော့ မူးနေတယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နင် အနားယူလိုက်တော့လေ၊ ကျန်တာကို ငါ ဆက်ရှင်းလိုက်မယ်"
စူးယောင်ကွမ်းက သူမ၏အင်္ကျီလက်ကို ခေါက်တင်ရင်း လျှောက်လှမ်းလာကာ အလုပ်လုပ်ရန် ပြင်လိုက်သည်။
"ကျွန်တော် လုပ်လိုက်ပါ့မယ်"
ကျိုးဝမ်ရှူက သူမကို တားဆီးလိုက်သည်။
"ခင်ဗျား မူးနေတယ်ဆိုရင် သွားအနားယူလိုက်တော့လေ"
"နင်က ယောကျာ်းလေးလေ၊ မီးဖိုချောင်အလုပ်တွေ မလုပ်တတ်သင့်ဘူး"
"ယောကျာ်းလေးဖြစ်နေတာနဲ့ ပန်းကန်မဆေးတတ်ရဘူးလား။ ခင်ဗျားအမြင်မှာ ယောကျာ်းလေးတွေက ဒီလောက်တောင် ညံ့ဖျင်းတယ်လို့ ထင်နေတာလား"
ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါမှမဟုတ် ခင်ဗျားတို့ ရွာက ယောကျာ်းလေးတွေကပဲ လူဖျင်းတွေ ဖြစ်နေတာလား"
"စာပေကို လေ့လာနေတဲ့ ပညာရှင်တွေက မီးဖိုချောင်နဲ့ ဝေးဝေးနေရမယ်လို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား"
စူးယောင်ကွမ်းက ပြန်ရှင်းပြလိုက်သည်။
"ယောကျာ်းလေးတိုင်း ဒီလို အိမ်မှုကိစ္စတွေကို ရွံမုန်းကြမယ်လို့ ငါ ထင်ထားလို့ပါ"
"အဲ့ဒါတွေက ပျင်းရိလို့ ပေးတဲ့ အကြောင်းပြချက်တွေသက်သက်ပါ။ မီးဖိုချောင်အလုပ်က အရေးမကြီးဘူးဆိုရင် သူတို့လည်း မစား၊ မသောက်ဘဲ နေသင့်တာပေါ့။ သူတို့က စားဖို့ သောက်ဖို့ လိုအပ်တဲ့ သာမန်လူသားတွေပဲ ဖြစ်နေသရွေ့ ကိုယ့်ဘာသာကိုယ် လုပ်ကိုင်နိုင်ရမယ်၊ ချမ်းသာပြီး အစေခံတွေ ရှိနေရင်တောင် သူတို့ကို ပိုက်ဆံပေးရတာပဲ။ အဲ့လိုမှ မဟုတ်ရင်တော့ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ ပန်းကန်ဆေးနေသည်ကို ဆက်တားမနေတော့ပေ။ သူမက သူ့ဘေးတွင် ရပ်နေပြီး ကျိုးဝမ်ရှူ ပန်းကန်ဆေးနေသည့်ပုံလေးကို ငေးကြည့်နေလေသည်။
‘သူက ဒါမျိုးတွေကို တစ်ခါမှ မလုပ်ဖူးမှန်း သိသာလွန်းတယ်’
"ဝမ်ရှူ... နင့်မှာ မိသားစုတွေ ရှိသေးလား"
စူးယောင်ကွမ်းက နံရံကို မှီရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ကျိုးဝမ်ရှူ၏ ပန်းကန်ဆေးသည့် လက်များက နှေးကွေးသွားပြီး သူ၏ အသံက တိုးလျသွားသည်။
"ကျွန်တော့်အမေက ဆုံးသွားပြီ၊ ကျွန်တော့်အဖေက နောက်အိမ်ထောင်ပြုသွားပြီး ကျွန်တော့်ကို မလိုချင်တော့ဘူး"
"ဒါဆို နင် ဘယ်လိုလုပ်ပြီး လူကုန်ကူးသူတွေ လက်ထဲ ရောက်သွားရတာလဲ"
စူးယောင်ကွမ်းက သူ့ကို သနားကြင်နာသော အကြည့်ဖြင့် ကြည့်ကာ ထပ်မေးလိုက်သည်။
"ကျွန်တော် အိမ်ကနေ မောင်းထုတ်ခံလိုက်ရတော့ အသက်ရှင်ဖို့ လမ်းစရှာရတယ်လေ။ အလုပ်သွားရှာတော့ တစ်ယောက်ယောက်က ကျွန်တော့်ကို ဆေးခတ်လိုက်တယ်၊ နိုးလာတဲ့အခါ ကျွန်တော် လူကုန်ကူးသူတွေ လက်ထဲ ရောက်နေပြီ"
"အခုကစပြီး ငါနဲ့ အမေက နင့်မိသားစုပဲ၊ နင်က ငါရဲ့ မောင်လေးပဲ"
စူးယောင်ကွမ်းက သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"ကောင်းပါပြီ"
စူးယောင်ကွမ်းက ရေဇလုံကို ယူလိုက်ပြီး ကျိုးဝမ်ရှူ ဆေးကြောထားတဲ့ ပန်းကန်များကို ထပ်မံဆေးကြောလိုက်သည်။
"ငါတို့ အတူတူလုပ်ကြရမယ်၊ မြန်မြန်ပြီးတော့ မြန်မြန်နားရတာပေါ့။ ဒီနေ့မှ အရက်ကို ပထမဆုံးအကြိမ် သောက်ကြည့်တာ၊ တော်တော်လေး ပြင်းတာပဲ၊ နည်းနည်းတော့ ရီဝေဝေ ဖြစ်နေတယ်"
နောက်တစ်နေ့တွင် စူးယောင်ကွမ်း၊ သူမ၏မိခင်နှင့် ကျိုးဝမ်ရှူတို့ သုံးယောက်သား ပါးနီမှုန့်နှင့် မျက်နှာချေမှုန့်များ ပိုပြုလုပ်နိုင်ရန်အတွက် တောင်ပေါ်သို့ ပစ္စည်းများ ရှာဖွေရန် သွားရောက်ခဲ့ကြသေးသည်။
"ယောင်ကွမ်း... ဒါကို ကြည့်ဦး"
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ ရှေ့တွင် ဝါးကြွက်တစ်ကောင် ဝှေ့ယမ်းပြနေသည်။
စူးယောင်ကွမ်းက လက်မထောင်ပြလိုက်သည်။
"မဆိုးဘူးပဲ။ ဒီနေ့လည်း အသားဟင်း စားရတော့မှာပေါ့"
ကျန်းကျောက်တိက ကျိုးဝမ်ရှူ၏ ကျောပြင်ကို ကြည့်ရင်း ပြောလိုက်သည်။
"သမီးလေး... ဝမ်ရှူကို ဒီလို အချိန်ကုန်ခိုင်းပြီး ငါတို့နဲ့အတူ လိုက်ခိုင်းနေတာက မကောင်းဘူးထင်တယ်။ သူ့ကို ကျောင်းထားပေးလိုက်ရင် မကောင်းဘူးလား"
စူးယောင်ကွမ်းတစ်ယောက် ခဏမျှ ကြောင်အသွားရပြီး ကျိုးဝမ်ရှူကို မော့ကြည့်လိုက်သည်။
‘ကျောင်းထား ပေးရမှာလား’
‘အရင်ဘဝက ငါတို့ ထောက်ပံ့ပေးခဲ့တဲ့သူက ကျေးဇူးကန်းတဲ့လူတစ်ယောက် ဖြစ်ခဲ့တယ်။ သူ့အတွက်နဲ့ပဲ ငါ တစ်သက်လုံး ပင်ပန်းဆင်းရဲခဲ့ရပြီး နောက်ဆုံးမှာ ကံကြမ္မာဆိုးနဲ့ ဘဝကို အဆုံးသတ်ခဲ့ရတယ်’
‘ဒါပေမဲ့ ဝမ်ရှူက ရှောင်းယန်ချီနဲ့ မတူဘူး။ ရှောင်းယန်ချီကြောင့် ငါ နစ်နာခဲ့ရတဲ့အတွက်နဲ့ ဝမ်ရှူကို အမြင့်ကြီးတွေဆီ ပျံတက်ခွင့် မပေးဘဲ ငါ့အနားမှာပဲ ဖိနှိပ်ထားတာက မဖြစ်သင့်ဘူး။’
‘ပြီးတော့ သူနဲ့ ငါ့ကြားမှာလည်း အချစ်ရေးနဲ့ပတ်သက်တဲ့ ခံစားချက်တွေ ဘာမှမရှိဘူး။ ငါက သူ့ကို မောင်ငယ်လေးတစ်ယောက်လိုပဲ သဘောထားတာ။ ဒါကိုလည်း အစကတည်းက ရှင်းရှင်းလင်းလင်း ပြောပြပြီးသားပဲ။ ဝမ်ရှူကလည်း ငါ့အပေါ် အငြိုးအတေး မရှိတော့ သူက ရှောင်းယန်ချီလို ကျေးဇူးကန်းတဲ့လူ ဖြစ်လာမှာ မဟုတ်ဘူး’
‘ကံကောင်းရင် ငါ ပြုစုပျိုးထောင်ပေးလိုက်တဲ့ ဒီလူငယ်လေးက တိုင်းပြည်အတွက် အားကိုးရမယ့် ဒေါက်တိုင်လေးတစ်ခု ဖြစ်လာနိုင်သေးတယ်’
"ဝမ်ရှူ..."
စူးယောင်ကွမ်းက ပေါက်တူးကို ကိုင်ရင်း ကျိုးဝမ်ရှူအနားသို့ လျှောက်သွားလိုက်သည်။
"နင် ကျောင်းသွားမတက်ချင်ဘူးလား"
ကျိုးဝမ်ရှူက အံ့သြတကြီး ပြန်မေးလိုက်သည်။
"ဘာလို့လဲ"
"နင်က စကားပြော သွက်လက်ပြီး အသိပညာ ဗဟုသုတတွေလည်း ရှိပုံရတယ်၊ အရင်က နင် စာသင်ဖူးမှာ သေချာတယ်။ အိမ်က အလုပ်ကလေးတွေကတော့ ငါတို့ သားအမိ နှစ်ယောက်တည်းနဲ့ စီမံနိုင်ပါတယ်။ နင်လည်း နင့်ရဲ့ ကိုယ်ပိုင်ဘဝလမ်းကြောင်းကို လျှောက်လှမ်းသင့်တာပေါ့"
စူးယောင်ကွမ်းက ဆက်ပြောပြနေသည်။
"တကယ်လို့ နင် သဘောတူတယ်ဆိုရင် မနက်ဖြန်ကျောင်းကို သွားပြီး ဆရာနဲ့ ကျောင်းလခအတွက် တိုင်ပင်ကြည့်ကြတာပေါ့"
ကျိုးဝမ်ရှူ၏ သူ့မျက်လုံးများကို အောက်စိုက်ချလိုက်ပြီး သူ့ရှေ့ရှိ ပန်းပင်လေးကို ဖြည်းညှင်းစွာ တူးဖော်နေသည်။
ထိုပန်းပင်လေးက တော်တော်လေး ကောင်းကောင်းမွန်မွန် ရှင်သန်နေပြီး သူက ထိုအပင်လေးကို အိမ်ခြံဝင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးပြီး ပျိုးထောင်ပေးရန် စိတ်ကူးနေခြင်း ဖြစ်သည်။
စူးယောင်ကွမ်း၏ စကားသံက သူ့ကို မှောင်မိုက်နေသည့် အတိတ်ဆီသို့ ပြန်လည် ဆွဲခေါ်သွားသလို ခံစားလိုက်ရသည်။
သူ့ရင်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် မုန်းတီးမှုများ အပြည့်ရှိနေပြီး အာဏာကိုလည်း မဖြစ်မနေ လိုအပ်နေသေးသည်။ သူ ဤနေရာ၌ ဆက်နေရဦးမည် ဖြစ်သောကြောင့် တော်ဝင်စာမေးပွဲ ဖြေဆိုခြင်းကသာ အာဏာရရှိရန်အတွက် ဖြတ်လမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေ သူက နာမည်ပြောင်းထားပြီးသားဖြစ်သလို သူ့အမည်က စူးမိသားစု၏ အိမ်ထောင်စုစာရင်းထဲ၌ ပါဝင်ပြီးသား ဖြစ်နေခဲ့သည်။ သူ ကျောင်းကို ပွင့်ပွင့်လင်းလင်း တက်ရောက်နိုင်ပြီး စာမေးပွဲ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။