အခန်း ၄၇
Vol. 5 Ch. 47
အခန်း ၄၇ စာသင်ခြင်း
ကျောင်းဝင်းအတွင်းရှိ အခန်းငယ်တစ်ခု.....
ရှောင်းယန်ချီက သူ ဝယ်လာတဲ့ နှမ်းစေ့မုန့်များကို ကျန်းယီဟွေ့ဆီသို့ ကမ်းပေးလိုက်သည်။
ကျန်းယီဟွေ့က တစ်စုံတစ်ခုကို ရေးသားရန် ဦးနှောက်ကို ညှစ်ထုတ်နေပုံဖြင့် မုန့်ကို လှမ်းမယူခဲ့ပေ။
ရှောင်းယန်ချီတစ်ယောက် သူ့လက်မောင်းများ တောင့်တင်းကာ တုန်ယင်လာသည်အထိ အချိန်အတော်ကြာအောင် ထိုအတိုင်း ရပ်နေပြီးနောက်မှသာ ကျန်းယီဟွေ့က စုတ်တံကို ချပြီး မုန့်ကို လှမ်းယူလိုက်သည်။
"ငါ ရေးထားတဲ့ ဒီအပိုင်းက ရှုပ်ထွေးတယ်။ ဒါကို ပြန်ကူးပေးဦး"
ကျန်းယီဟွေ့က မုန့်ကို ဝါးစားရင်း အမိန့်ပေးလိုက်သည်။
"ဘာလို့ ဒီလောက်တောင် အေးစက်နေတာလဲ။ မင်း အလုပ်ကို ဘယ်လို လုပ်နေတာလဲ"
ရှောင်းယန်ချီက မျက်လွှာချလိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ကျွန်တော် မှားမှန်းသိပါပြီ"
"တကယ်ကို ပေါ့ဆတာပဲ"
ထို့နောက် ကျန်းယီဟွေ့က ရှောင်းယန်ချီ ကူးပေးထားသည့် ကဗျာကို ကြည့်နေပြန်သည်။
ကူးယူထားခြင်းဖြစ်သော်လည်း လက်ရေးက သူ့လက်ရေးအတိုင်း ဖြစ်ပြီး အကြောင်းအရာအနည်းငယ်သာ ပြောင်းလဲထားသည်။
အမှန်စင်စစ်တွင် စကားလုံး နှစ်လုံး၊ သုံးလုံးလောက်သာ ပြောင်းထားခြင်း ဖြစ်သည်။
သို့သော်လည်း ထိုစကားလုံး နှစ်လုံး၊ သုံးလုံးက ကဗျာတစ်ပုဒ်လုံး၏ အနှစ်သာရကို လုံးဝ ပြောင်းလဲသွားစေသည်။
ကျန်းယီဟွေ့၏ မျက်ဝန်းများထဲတွင် မနာလိုမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
မကြာသေးခင်ကမှ သူ့၏စာပေအရေးအသားများကို ဆရာက ချီးကျူးလာခဲ့ခြင်း ဖြစ်သည်။ လူတိုင်းက သူ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်ဟု ထင်နေကြသော်လည်း သူရှေ့မှ လူကြောင့် ဖြစ်နေမှန်းကိုတော့ သူတစ်ယောက်တည်းသာ သိနေခဲ့သည်။
သူ လူအများ၏ ချီးကျူးအားကျသည့် အကြည့်များကို မစွန့်လွှတ်နိုင်သောကြောင့် သူ့ပုံရိပ်ကို ဆက်ထိန်းနိုင်ရန် ရှောင်းယန်ချီကို သူ့အနား၌ ဆက်ထားနေရသည်။
သို့သော်လည်း ရှောင်းယန်ချီက ပိုစွမ်းဆောင်နိုင်လေလေ၊ သူက ရှောင်းယန်ချီအပေါ် ပိုမုန်းတီးစိတ်ဝင်လေ ဖြစ်လာခဲ့သည်။
‘ကျေးကျွန်တစ်ယောက်က ဒီလောက်တောင် ထူးချွန်တဲ့ အရည်အချင်းမျိုးကို ဘာလို့ ပိုင်ဆိုင်ထားရတာလဲ။ ငါ့ကို တစ်သက်လုံး အစေခံနေရဦးမယ့် လူတစ်ယောက်အတွက် ဒီလိုအရည်အချင်းမျိုးက ဘာအသုံးဝင်မှာလဲ’
"အစ်ကိုကျန်း..."
အပြင်ဘက်မှ ကျောင်းသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။
"စာသင်ချိန် နီးပြီ၊ သွားရကြအောင်"
"လာပြီ"
ကျန်းယီဟွေ့က နှမ်းမုန့်ကို အမြန်ဝါးစားပြီး ချက်ချင်း အပြီးသတ်လိုက်သည်။ သူက ရှောင်းယန်ချီလက်ထဲမှ ကဗျာစာရွက်တွေကို လုယူကာ သူ့စာအုပ်ထဲ ထည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
သူ တံခါးနားသို့ ရောက်သွားချိန်တွင် ရှောင်းယန်ချီတစ်ယောက် နှေးကွေးနေသည်ကို မြင်လိုက်ရသောကြောင့် စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။
"မြန်မြန်လုပ်စမ်းပါ၊ ဘာလို့ ရပ်နေတာလဲ"
သူတို့နှစ်ယောက် ဆရာ့အခန်းရှေ့မှ ဖြတ်သွားစဉ် ဆရာ့အခန်းထဲမှ ထွက်လာသည့် စူးယောင်ကွမ်းနှင့် သူမ၏မိခင်ကို တွေ့လိုက်ရသည်။
စူးယောင်ကွမ်းကလည်း မော့ကြည့်လိုက်ရာ စာအုပ်သည် ကောင်လေးများ၏ ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှောင်းယန်ချီက ကျန်းယီဟွေ့၏ စာအုပ်သေတ္တာအား ထမ်းထားသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်ဝန်းထဲ၌ လှောင်ပြောင်ရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ရှောင်းယန်ချီကလည်း စူးယောင်ကွမ်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသည်။
‘ဒီတောသူမလေးကို ငါ ဘာမှမလုပ်မိဘဲနဲ့ ဘာလို့ သူမက ငါ့အပေါ် ထူးဆန်းတဲ့ မုန်းတီးစိတ်တွေကို အမြဲတမ်း ပြသနေရတာလဲ’
‘ပြီးတော့ သူမက ဒီနေရာကို ဘာလို့ ရောက်နေရတာလဲ’
‘ဒါက ကျောင်းတော်လေ။ သူမလို မိန်းမတစ်ယောက် ဒီနေရာမှာ ပေါ်လာတာက စာလာသင်တာတော့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား’
"မြန်မြန် လုပ်စမ်းပါ၊ ဘာလို့ အဲ့ဒီမှာ ရပ်နေတာလဲ"
ရှောင်းယန်ချီ နောက်မှ ပါမလာသည်ကို သိသွားသည့် ကျန်းယီဟွေ့က စိတ်မရှည်ဟန်ဖြင့် ထပ်အော်ဟစ်လိုက်ပြန်သည်။
ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့ အတန်းထဲသို့ ဝင်သွားကြသည်။ ကျန်းယီဟွေ့က နေရာယူလိုက်ပြီး ရှောင်းယန်ချီကိုတော့ ထောင့်တစ်နေရာတွင် ရပ်ခိုင်းထားလိုက်သည်။
ကျန်းယီဟွေ့ ထိုင်လိုက်သည်နှင့် သူ့ရှေ့ရှိ ကျောင်းသားက လှည့်ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုကျန်း... မနေ့က အကြောင်းအရာက တကယ်ကို ခက်ခဲလွန်းတယ်။ အစ်ကို ဘယ်လိုဖြေလိုက်တာလဲ။ ကျွန်တော့်ကို ခဏလောက် ကြည့်ခွင့်ပေးပါလား"
"ကျွန်တော် အဆင်ပြေသလို ဖြေလိုက်တာပါ"
ကျန်းယီဟွေ့က ဆက်ပြောလိုက်သည်။
"ညီလေးဝမ်ရဲ့ ပညာဉာဏ်ကလည်း အရမ်းထက်မြက်တာပါ၊ ခင်ဗျားက ကျွန်တော့်ထက် အများကြီး ပိုကောင်းအောင် ဖြေနိုင်မှာပါ"
ဆရာ ဝင်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း မတ်တပ်ရပ်လိုက်ကြပြီး အတန်းထဲတွင် အပ်ကျသံပင် မကြားရအောင် ငြိမ်သက်သွားသည်။
"ဒီနေ့ ငါတို့ဆီကို ကျောင်းသားသစ်တစ်ယောက် ရောက်လာတယ်။ အားလုံးပဲ ရင်းနှီးအောင်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီကြရမယ်။ ကျိုးဝမ်ရှူ... အထဲကို ဝင်ခဲ့"
ဆရာက တံခါးပေါက်ဘက်ကို ကြည့်ရင်း လှမ်းခေါ်လိုက်သည်။
ကျိုးဝမ်ရှူက ကျောင်းတော်မှ အခြားကျောင်းတော်သားများနည်းတူ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ့၏ ထူးချွန်သည့် ရုပ်ရည်ကြောင့် ထိုဝတ်ရုံနှင့်ပင် သူက ပိုမြင့်မြတ်သွားဟန်ရှိသည်။ သူက ကောင်းကင်ဘုံမှ နတ်သားတစ်ပါး ဆင်းသက်လာသည့်နှယ် တောက်ပနေသည်။
အခန်းထဲမှ လူတိုင်း အံ့အားသင့်သွားကြသည်။
အလှဆုံးဟုဆိုသော ပြည့်တန်ဆာမလေးပင် သူနှင့် ယှဉ်လိုက်ပါက အရောင်မှိန်သွားရမည့်ပုံပင်။
ယခင်က သူတို့ ကျန်းယီဟွေ့၏ စာအုပ်သယ်ကောင်လေးကိုပင် ချောမောပြီး ကျက်သရေ ရှိသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခု လူတစ်ယောက် ရောက်လာသည့်အချိန်တွင်တော့ ရှောင်းယန်ချီ၏ ရုပ်ရည်က သာမန်မျှသာ ဖြစ်သွားတော့သည်။
"ကျိုးဝမ်ရှူ... မင်း ကျုံးချူရှန်းရဲ့ဘေးမှာ သွားထိုင်"
ကျိုးဝမ်ရှူက အသစ်ရရှိထားသော စာအုပ်များကို ကိုင်ဆောင်လျက် နောက်ဆုံးမှ လစ်လပ်နေသည့် ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။ ရှောင်းယန်ချီက ထိုထိုင်ခုံ၏ အနောက်ဘက်တွင် ရပ်နေပြီး သူ ခေါင်းတစ်ချက်လှည့်လိုက်ရုံဖြင့် ထိုကောင်လေး၏ နာခံမှုရှိရှိ ငုံ့ထားသော ဦးခေါင်းကို မြင်နေရသည်။
ရှောင်းယန်ချီက သူ့အဝတ်စကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး မနာလိုစိတ်ကို ဖုံးကွယ်ရန်အတွက် မျက်လွှာချလိုက်သည်။
‘ငါတို့နှစ်ယောက်လုံး တစ်ရွာတည်းမှာ တစ်နေ့တည်း ဝယ်ယူခံခဲ့ရတယ်... ဘာလို့ သူကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကျောင်းတော်မှာ စာသင်နိုင်ပြီး ငါကတော့ အစေခံဖြစ်နေရတာလဲ’
‘အဲ့ဒီတောသူမ ဆင်းရဲလို့ စားဖို့တောင် မရှိဘူးလို့ ပြောကြတာ မဟုတ်ဘူးလား။ အဲ့လောက်တောင် ဆင်းရဲနေတာကို ဒီပိုက်ဆံတွေကို ဘယ်လိုများ သုံးရက်တာလဲ’
"အစ်ကိုကျိုး... ကျွန်တော့်နာမည်က ချန်ပုယွိပါ။ ကျွန်တော့်အခန်းထဲမှာ ခုတင်လွတ်တစ်ခု ရှိသေးတယ်၊ အတူတူ နေကြမလား"
"ကျွန်တော် မသိသေးဘူး။ ဆရာက နေရာချပေးဖို့ ပြောထားပြီးပြီ၊ မွန်းတည့်ရင် စီစဉ်ပေးမယ်တဲ့"
ကျိုးဝမ်ရှူက ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။
"ကျွန်တော်က ဒီမှာ အသစ်ဆိုတော့ ဘာမှ မသိသေးဘူး၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး အစ်ကိုချန်"
"စာမေးပွဲမှာ အမှတ်အနည်းဆုံးရတဲ့လူကိုမှ လမ်းညွှန်ခိုင်းမလို့လား။ ဒါဆိုရင်တော့ မင်းရဲ့ ပညာရေးက အလကားပဲ၊ ကျောင်းလခတွေလည်း အလကားဖြစ်ကုန်မှာပေါ့"
ဘေးမှ ကျုံးချူရှန်းက ပျင်းရိနေဟန်ဖြင့် ဝင်ပြောလိုက်သည်။
"ကျုံးချူရှန်း... မင်းက ဘာဖြစ်လို့ ငါ့ကို ဒီလို လာပြောရတာလဲ။ ငါက ဒုတိယအမှတ်အနည်းဆုံး၊ မင်းကမှ အမှတ်အနည်းဆုံးလေ"
ချန်ပုယွိက မကျေမနပ် ပြန်ပြောလိုက်သည်။
"ငါက ဘယ်သူ့ကိုမှ လမ်းညွှန်ပေးဖို့ စိတ်မကူးဖူးဘူးလေ။ စာမေးပွဲမှာ နောက်ဆုံးဖြစ်နေတော့ရော... ဘာဖြစ်လဲ"
ကျုံးချူရှန်းက တစ်ချက်သမ်းလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
"နောက် သင်ခန်းစာက စစ်တုရင်လေ၊ မင်း ဒီတစ်ခါလည်း ထွက်ပြေးမှာလား"
"အဲ့ဒါက ဘာများ စိတ်ဝင်စားဖို့ ကောင်းလို့လဲ"
ကျုံးချူရှန်းက ဘေးရှိ ကျိုးဝမ်ရှူကို ကြည့်လိုက်ရင်း မေးလိုက်သည်။
"မင်း ငါနဲ့အတူတူ ကစားမလား။ ငါမှာ ပိုက်ဆံမရှားဘူး၊ အကုန်လုံး ငါ့အကုန်ကျခံမယ်"
ကျိုးဝမ်ရှူက ယဉ်ကျေးပြီး ရိုးသားဟန်လေးဖြင့် ခေါင်းခါပြလိုက်ကာ စိတ်ရင်းအမှန်အတိုင်း ပြန်ပြောလိုက်သည်။
"ကျွန်တော့်မိသားစုက ကျွန်တော် ပညာသင်ဖို့အတွက် အများကြီး ပင်ပင်ပန်းပန်းနဲ့ ကြိုးစားပြီး ထောက်ပံ့ပေးခဲ့ရတာပါ၊ ဒါက ကျွန်တော့်အတွက် ရှားပါးတဲ့ အခွင့်အရေးတစ်ခုဆိုတော့ အလကား မဖြုန်းတီးပစ်ချင်ပါဘူး"
"နောက်ထပ် ပျင်းစရာကောင်းတဲ့ လူတစ်ယောက်ပဲ"
ကျုံးချူရှန်းက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပြီး ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားတော့သည်။
အနီးနားတွင် ရပ်နေသည့် ချန်ပုယွိက သတိပေးစကား ပြောလာခဲ့သည်။
"သူ့စကားတွေကို ဂရုမစိုက်နဲ့။ သူ့မိသားစုက လောင်းကစားဝိုင်း လုပ်တာလေ။ သူနဲ့သာ လိုက်သွားရင် မင်းလည်း လောင်းကစားလုပ်ဖို့ အတင်းအကျပ် ခေါ်သွားခံရလိမ့်မယ်။ လောင်းကစားဝိုင်းတွေက အန္တရာယ်များတယ်၊ လောင်းကစားသမားတွေ လက်ပြတ်၊ ခြေပြတ်ဖြစ်ပြီး ဘဝပျက်သွားတာကို မင်း မြင်ဖူးမှာပါ"
ကျန်းယီဟွေ့က ဟက်ခနဲ ရယ်လိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် ဝင်ပြောလာခဲ့သည်။
"မင်းတို့မိသားစု စီးပွားရေးအကြောင်းကိုရော... ဘာလို့ မပြောပြတာလဲ။ ကျုံးချူရှန်းရဲ့ လောင်းကစားဝိုင်းကိုတော့ မသွားသင့်ဘူး၊ ဒါပေမယ့် မင်း မိသားစုဆီကိုတော့ သွားလို့ ရတယ်ပေါ့။ ဒါဆိုရင်လည်း သူ့ကို အဲ့ဒီကို ခေါ်သွားလိုက်ပါလား"
ချန်ပုယွိက ကျန်းယီဟွေ့ကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ငါ မင်းကို ပြောနေတာ မဟုတ်ဘူး"
ကျိုးဝမ်ရှူက ပြန်ဖြေလိုက်သည်။
"အစ်ကိုချန်က ပွင့်လင်းရိုးသားတဲ့သူပါပဲ။ ကျွန်တော်က လူမှုဆက်ဆံရေးမှာ အားနည်းတော့ မိတ်ဆွေဖွဲ့ဖို့ ခက်ခဲနေတာပါ။ အစ်ကိုချန်က ကျွန်တော့်ကို စကားပြောပေးတာတင်ပဲ ကျွန်တော် အရမ်းဝမ်းသာနေပါပြီ"
ကျိုးဝမ်ရှူက တခြားသူများလို ဝေးကွာမနေသည့်ဘဲ သူနှင့် မိတ်ဆွေဖွဲ့ချင်သည့် အတွက် ချန်ပုယွိတစ်ယောက် အလွန် ပီတိဖြစ်သွားရသည်။
‘ကျိုးဝမ်ရှူ မှားနေပြီ။ အမှန်တော့ ဘယ်သူမှ မိတ်ဆွေမဖွဲ့ချင်တဲ့သူက ငါကိုယ်တိုင်ပဲ။ ငါ့မိသားစု စီးပွားရေးကလည်း ဂုဏ်သိက္ခာရှိလှတာမှ မဟုတ်တာ။ ကျောင်းတော်က သူငယ်ချင်းတွေကလည်း ငါ့ကို တမင်သက်သက် ရှောင်ဖယ်နေကြတာပဲလေ’
ကျိုးဝမ်ရှူတစ်ယောက် ခဏလေးအတွင်း သူငယ်ချင်း အတော်များများ ရသွားသည်ကို မြင်နေရသည့် ရှောင်းယန်ချီ၏ မျက်ဝန်းများထဲတော့ မထီမဲ့မြင်ပြုသည့် အကြည့်များ ပေါ်နေခဲ့သည်။
‘ကျောင်းတော်မှာဆိုရင် အနာဂတ်မှာ ရာထူးတက်ဖို့ အထောက်အကူဖြစ်မယ့်သူမျိုးနဲ့မှ မိတ်ဆွေဖွဲ့ရမှာလေ။ စာမေးပွဲမှာ အမှတ်နည်းတဲ့သူတွေနဲ့ ပေါင်းရင် ဘယ်တော့မှ စာမေးပွဲအောင်မှာ မဟုတ်ဘူး။ ဒီလူက တကယ်ကို အရူးပဲ’
ကျိုးဝမ်ရှူ ရောက်လာကတည်းက ရှောင်းယန်ချီက သူ၏ လှုပ်ရှားမှုတိုင်းကို အကဲခတ်မိနေခဲ့သည်။
စစ်တုရင်.... သာမန်၊ စာပေပညာ.... သာမန်၊ ဂီတစွမ်းရည်.... အောက်ခြေအဆင့်၊
"မင်း ဘာကို ငေးမောနေတာလဲ"
ကျန်းယီဟွေ့က စားပွဲကို လက်ဖြင့် ပုတ်လိုက်ပြီး မကျေမနပ် ဆူပူနေပြန်သည်။
"အဲ့ဒီ ကျိုးဝမ်ရှူ ရောက်လာကတည်းက မင်း သူ့ကိုပဲ တစိုက်မတ်မတ် ကြည့်နေတာ။ မင်း သူ့ကို သိလို့လား"
"သခင်လေး... သူ့ကို မမှတ်မိဘူးလား"
ရှောင်းယန်ချီက အံ့ဩဟန်ဖြင့် ပြန်မေးလိုက်သည်။
"သူက စူးမိသားစုက ကြေးပြားဆယ်ပြားနဲ့ ဝယ်ထားတဲ့ သမက်လေ"
ကျန်းယီဟွေ့တစ်ယောက် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်မိသည်။
"သူလား"
မကြာမီမှာပင် ကျိုးဝမ်ရှူဆိုသူမှာ ကျေးတောသူလေးတစ်ယောက် ကြေးပြားဆယ်ပြားဖြင့် ဝယ်ယူထားသော သမက်တစ်ယောက်ဖြစ်ကြောင်း သတင်းကြီးက ကျောင်းတော်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။ အစက ကျိုးဝမ်ရှူနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေသူများပင် သူ့ကို အဝေးမှ ရှောင်ဖယ်သွားကြသည်။ ဤသတင်းကို ကြားပြီးနောက် ကျုံးချူရှန်းနှင့် ချန်ပုယွိက သူ့ကို ထူးဆန်းသလို ကြည့်ခဲ့ကြသော်လည်း စကားဆက်ပြောနေဆဲဖြစ်ပြီး သူတို့နှင့်အတူ စားသောက်ရန် ဖိတ်ခေါ်နေကြဆဲ ဖြစ်သည်။