← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈ ကျွမ်းကျင်မှု

စူးယောင်ကွမ်းတို့ သားအမိနှစ်ယောက်ကတော့ ကျောင်းတော်မှ ထွက်လာပြီးနောက် ချွမ်းအော်၏ အထည်ဆိုင်သို့ ချက်ချင်း သွားလိုက်ကြသည်။

ချွမ်းအော်က တံခါးဝတွင် အငေးသားရပ်နေပြီး ကျောက်ရုပ်လို ဖြစ်တော့မည့်ဆဲဆဲတွင် သွယ်လျသော ကိုယ်နေဟန်ထားရှိသည့် သူမတို့နှစ်ဦးကို လှမ်းမြင်သွားခဲ့သည်။

"အိုက်ယား.... ငါ့ရဲ့ ကြွယ်ဝခြင်းနတ်ဘုရား၊ နောက်ဆုံးတော့ နင် ရောက်လာပြီ”

ချွမ်းအော်က ဝမ်းသာအားရ ပြေးကြိုနေသည်။

"နင်တို့သာ မလာတော့ဘူးဆိုရင် ငါ ဒီပိုက်ဆံတွေကို သိမ်းထားလိုက်တော့မှာ"

စူးယောင်ကွမ်းက ရယ်မောရင်း ပြန်မေးလိုက်သည်။

"အစ်မစကားအရဆိုရင် ဒီရက်ပိုင်းအတွင်း တော်တော်ရောင်းကောင်းခဲ့ပုံပဲ။ ဘူးနှစ်ဘူး ရောင်းလိုက်ရပြီလဲ"

"ဘာကို ဘယ်နှစ်ဘူးလဲ။ နင် ထားခဲ့တဲ့ ဘူးတွေက ဒီရက်ပိုင်းအတွင်းမှာတင် ကုန်သလောက်ဖြစ်နေပြီ။ အကြီးဆုံးဘူး ရှစ်ဘူးပဲ ကျန်တော့တယ်"

ချွမ်းအော်က ပြန်ပြောလာခဲ့သည်။

"လာ၊ လာ... ပိုက်ဆံတွေကို ရေတွက်ကြည့်လိုက်ဦး"

ချွမ်းအော်က သူမတို့နှစ်ဦးကို အနောက်ခန်းထဲ ခေါ်သွားပြီး ဗီရိုထဲမှ အိတ်တစ်လုံးကို ထုတ်ကာ ငွေတုံးများကို လောင်းချလိုက်သည်။ ဘေးတွင်လည်း ရောင်းရငွေစာရင်းစာအုပ် ရှိနေခဲ့သည်။

စာရင်းစာအုပ်ထဲတွင် မည်သည့်ပစ္စည်းကို မည်သည့်အချိန်က မည်သူ့ထံသို့ မည်မျှဖြင့် ရောင်းလိုက်ရသည်အထိ အသေးစိတ် ရေးမှတ်ထားသည်။ စူးယောင်ကွမ်းအနေဖြင့် စစ်ဆေးလိုပါက ဤမှတ်တမ်းအတိုင်း လိုက်ကြည့်လျှင် အလွန်ရှင်းလင်းနေပေလိမ့်မည်။

"ငွေအကြွေစေ့တွေက ထိန်းသိမ်းရခက်ပြီး သယ်ရတာ အဆင်မပြေဘူးလေ။ အဲ့ဒါနဲ့ ငါ နင့်အတွက် ငွေတုံးတွေနဲ့ လဲထားပေးလိုက်တာ။ တစ်ခုခု လိုအပ်တာ၊ မှားယွင်းတာရှိရင် ပြန်ပြောဦးနော်"

"အစ်မက ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တာပါ။ အစ်မက လုပ်ငန်းရှင်ကြီးတစ်ယောက်လေ၊ စာရင်းက ဘယ်လိုမှ မှားစရာ မရှိပါဘူး။ ကျွန်မတောင် ဒီလောက်အသေးစိတ် မတွေးမိပါဘူး"

"ကျွန်မ သမီးလေး ပြန်ရောက်တော့ သူ့ကို ကုန်ပစ္စည်းတွေ ရောင်းဖို့ ကူညီပေးတဲ့ စိတ်သဘောထားကောင်းတဲ့ အစ်မတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ပြောတယ်။ ကျွန်မတို့ကို အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်"

ကျန်းကျောက်တိကလည်း ဝင်ပြောလိုက်သည်။

"အဒေါ်၊ ဒီလောက်ယဉ်ကျေးဖို့ မလိုပါဘူး။ ယောင်ကွမ်းကလည်း ကျွန်မကို အများကြီး ကူညီပေးခဲ့တာပါပဲ။ နောက်ပြီးတော့ ကျွန်မကလည်း အလကားကူညီပေးနေတာ မဟုတ်ပါဘူး၊ ယောင်ကွမ်းက အမြတ်ဝေစု ခွဲပေးရတာပါ"

ချွမ်းအော်က သူမ၏ပါးစပ်ကို ပိတ်ပြီး ရယ်မောလိုက်သည်။

"ဒါနဲ့... ဒီနေ့အတွက် ကုန်ပစ္စည်းအသစ်တွေ ရလာသေးလား"

"ရလာတာပေါ့၊ ခဏနေရင် ဆိုင်ခင်းတော့မှာ"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

"ဆိုင်မခင်းခင် အစ်မအတွက် အဝတ်အစားလေးတွေ အရင်ပြင်ပေးမယ်လေ။ မြန်မြန် ထုတ်ပေးပါဦး"

စူးယောင်ကွမ်းက ချွမ်းအော်၏ ရှိရင်းစွဲ အဝတ်အစားများကို ယူလိုက်ပြီး အတန်အသင့် လှပအောင် ပြင်ဆင်ပေးကာ ချွန်းအော်ကို မျက်နှာချေလိမ်းခြယ်ပေးလိုက်သည်။ ထို့အပြင် သူမကိုယ်တိုင် လိမ်းခြယ်လိုက်သလို ကျန်းကျောက်တိကိုလည်း မျက်နှာချေပြင်ပေးလိုက်သည်။

ချွမ်းအော်က မှန်ရှေ့တွင် ရပ်နေပြီး သူမကိုယ်သူမ ကြည့်မဝနိုင် ဖြစ်နေလေသည်။

"အလှအပကို မကြိုက်တဲ့သူရယ်လို့ မရှိဘူးနော်။ အစ်မကို ဒီမျက်နှာချေလိမ်းနည်းလေး သင်ပေးပါဦး။ ဒီပုံစံလေးက အရမ်းလှတော့ ဖျက်ပစ်ဖို့တောင် နှမြောနေမိတယ်"

စူးယောင်ကွမ်းက ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။

"သင်ပေးမယ်လေ"

"ဒါနဲ့... နင့်ညီမလေးရော ဘယ်ရောက်သွားလဲ၊ နင့်ညီမလေးက တကယ့်ကို အလှပဂေးလေးနော်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ရဲ့အကူအညီနဲ့တင် ငါတို့အရောင်းသွက်ခဲ့တာ။ ဒီနေ့လည်း သူ့ကိုပါ ခေါ်လာခဲ့ရင် ပိုရောင်းကောင်းမှာ သေချာတယ်”

"ညီမလား"

ကျန်းကျောက်တိက စူးယောင်ကွမ်းတစ်ယောက် ကျိုးဝမ်ရှူကို မိန်းကလေးဝတ်စုံ ဝတ်ဆင်ပေးပြီး အရောင်းမြှင့်တင်နေမှန်း မသိခဲ့ပေ။ "ညီမ" ဆိုသည့် စကားသံကို ကြားလိုက်ရသဖြင့် သူမ နည်းနည်း ထူးဆန်းသလို ခံစားလိုက်ရသည်။

"ညီမက ကိစ္စရှိလို့ ခရီးဝေးထွက်သွားတယ်"

စူးယောင်ကွမ်းက ပြန်ဖြေလိုက်သည်။

"အစ်မ... ဒီနေ့ အစ်မ ကျွန်မကို ကူညီပေးဖို့ လိုသေးတယ်။ နောက်ပိုင်းတော့..."

စူးယောင်ကွမ်း၏ စကားကို ကြားလိုက်သည်နှင့် ချွမ်းအော်က အဆုံးထိပင် ပြောခွင့်မပေးဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ရတယ်"

‘စကားလေး ပြောပြီး ဝယ်သူ အနည်းငယ် ရှာရုံသက်သက်ဆိုတော့ ဘာခက်ခဲမှာလဲ။ သူမ ဆိုင်ခင်းလိုက်တာနဲ့ ငါ လူတွေကို အော်ဟစ်ကြော်ငြာခိုင်းပြီး သတင်းဖြန့်လိုက်လျှင် ဧည့်သည်မလာမှာကို စိုးရိမ်စရာ မလိုတော့ဘူး’

စူးယောင်ကွမ်းနှင့် ကျန်းကျောက်တိတို့ ဆိုင်ခင်းလိုက်သည်နှင့် လူများ ချက်ချင်း ဝိုင်းအုံလာကြသည်။ အရင်တစ်ခေါက်က အတွေ့အကြုံလည်း ရှိပြီးသားဖြစ်သလို ယခုတစ်ခေါက်တွင်လည်း ဝယ်ဖူးနေသည့် ဧည့်သည်အချို့ ပြန်ပါလာခဲ့သည်။ ထို့အပြင် အားပေးကြော်ငြာပေးမည့်သူများပါ ထပ်ပေါင်းလိုက်သောအခါ အရောင်းအဝယ်က အရှိန်အဟုန်ဖြင့် ကောင်းမွန်လာတော့သည်။

ကျန်းကျောက်တိက ပထမတစ်ခေါက် စူးယောင်ကွမ်းတို့ အရောင်းအဝယ်လုပ်သည်ကို မမြင်ခဲ့ရသော်လည်း ယခုတော့ သူမကိုယ်တိုင် ကြုံတွေ့နေရပြီ ဖြစ်သည်။ သူမ၏ အိုမင်းနေသော မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ပြည့်နေသဖြင့် မျက်လုံးအောက်မှ အရေးအကြောင်းများပင် ပိုထင်ရှားလာခဲ့သည်။

အရင်တစ်ခေါက်တွင် ဘူးအသေးလေးများက ပိုအရောင်းသွက်သဖြင့် ယခုတစ်ခေါက်တွင် စူးယောင်ကွမ်းက ဘူးအသေးလေးများကို ခပ်များများ ပြင်ဆင်လာခဲ့သည်။ ယခင်ကထက် ဘူးအရွယ်အစား တစ်ဝက်လျော့ထားပြီး ဈေးနှုန်းကလည်း တစ်ဝက်သာ ရှိသည်။ ရလဒ်အနေဖြင့် သူမ မျှော်လင့်ထားသည့်အတိုင်း ပိုအရောင်းသွက်နေခဲ့သည်။

"အလျင်လိုစရာ မလိုပါဘူး၊ စိတ်အေးအေးထားပါ။ ပစ္စည်းတွေ အများကြီး ကျန်ပါသေးတယ်၊ တန်းစီပေးကြပါ"

ကျန်းကျောက်တိက ဝယ်သူများကို လှမ်းပြောလိုက်သည်။

"ဒီအရောင်လေးကိုလည်း ကြိုက်တယ်၊ ဟိုအရောင်လေးကိုလည်း ကြိုက်တယ်၊ ဘယ်လိုလုပ်ရမလဲ၊ ရွေးရတာ ခက်လိုက်တာ"

မိန်းမပျိုလေးတစ်ယောက်က စိတ်ညစ်ဟန်ဖြင့် ပြောလိုက်သည်။

စူးယောင်ကွမ်းက အပြုံးဖြင့် တိုက်တွန်းလိုက်သည်။

"ရွေးရခက်စရာ မလိုပါဘူး။ နှစ်မျိုးလုံး ဝယ်သွားလိုက်လေ။ ကျွန်မတို့ဆီမှာ ပိုသေးတဲ့ ပုလင်းလေးတွေ ရှိသေးတယ်၊ နှစ်မျိုးလုံးဝယ်ရင်တောင် အများကြီး ကုန်ကျမှာ မဟုတ်ဘူးလေ။ ဒီနေ့တော့ ဒါလေးသုံးပြီး နောက်နေ့ကျတော့ နောက်တစ်မျိုး ပြောင်းသုံးပေါ့။ နေ့တိုင်း အသစ်အဆန်းလေး ဖြစ်ပြီး ပိုလှနေမှာ သေချာတယ်"

"ဆိုင်ရှင်လေးရေ၊ ဒါတွေကို ဘယ်လိုလုပ်ထားတာလဲဟင်။ မင်းတို့ရဲ့ ပါးနီမှုန့်က တခြားဆိုင်တွေထက် ပိုလှသလိုပဲ၊ လိမ်းလိုက်ရင် မျက်နှာလေးတောင် ပိုတောက်ပသွားတယ်"

"အစ်မမှာ အမြင်ကောင်းရှိတာပဲ၊ ကောင်းတဲ့ပစ္စည်းဆိုတာ တန်းသိနေတယ်။ ကျွန်မတို့ရဲ့ လျှို့ဝှက်ဖော်စပ်နည်းက ဘိုးဘေးတွေရဲ့ အမွေအနှစ်ပါ၊ တခြားဘယ်နေရာမှာမှ ရှာလို့ရမှာ မဟုတ်ဘူး၊ သုံးကြည့်လိုက်ပါ၊ အစ်မရဲ့ အသားအရေ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမယ်ဆိုတာ ကျွန်မ အတတ်ပြောရဲတယ်"

.....။....။....

မွန်းလွဲပိုင်းတွင် စူးယောင်ကွမ်းက ဆိုင်ကို စတင် သိမ်းဆည်းလိုက်သည်။

ကျန်းကျောက်တိက ဟန့်တားချင်ဟန်ဖြင့် ပြောလိုက်သည်။

"အခုမှ အစောကြီး ရှိသေးတာကို"

"ဝမ်ရှူကို ကျောင်းတော်ကို ပို့လိုက်ပြီလေ၊ သူ့အတွက် ပြင်ဆင်ပေးစရာတွေ အများကြီး ကျန်သေးတယ်။ အချိန်ရှိတုန်း လိုတဲ့ပစ္စည်းတွေ ဝယ်ပြီး သူ့ဆီ သွားပို့ပေးကြရအောင်။ နောက်ပြီး သူ့အတွက် ငွေကြေးလေးလည်း နည်းနည်းပါးပါး ပေးခဲ့ဖို့ လိုသေးတယ်"

သူမတို့ ပိုက်ဆံရှာနိုင်ပြီ ဖြစ်သည့်အတွက် ကျန်းကျောက်တိ၏ စိတ်ထဲတွင် နှမြောစိတ်ဘာမျှ မရှိတော့ပေ။

‘ဘာပဲဖြစ်ဖြစ် ကောင်လေးက ငါ့ရဲ့ အိမ်ပါသားမက် ဖြစ်နေခဲ့ပြီလေ။ သူ စာပေသင်ကြားရာမှာ ထူးချွန်လာတာနဲ့အမျှ ငါ နဲ့ ငါ့သမီးလေးကို ဂုဏ်ရှိစေလိမ့်မယ်၊ ကျုံးလန်ဟွာရဲ့ မောက်မာတတ်တဲ့ သားကို ကျော်တက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ မကျော်နိုင်ခဲ့ရင်လည်း ပြဿနာမရှိဘူး၊ စာလုံးတွေကို ပိုသိထားတာက အနာဂတ်မှာ သူ့ကို ပိုတာဝန်သိစေလိမ့်မယ်။ ဥပမာအနေနဲ့ ဒီတစ်ခေါက် အဘွားကြီးစူးနဲ့ အခြားသူတွေ ရှုံးနိမ့်ခဲ့ရတာက စာမဖတ်တတ်လို့ပဲ’

"ညီမယောင်ကွမ်း၊ နင့်ကြောင့် ငါ့ဆိုင်လည်း ဒီနေ့ ပစ္စည်းတွေ အများကြီး ရောင်းထွက်သွားတယ်။ ဒါက နင် ရမယ့် အမြတ်ဝေစုပဲ"

ချွမ်းအော်က ပိုက်ဆံအိတ်တစ်အိတ်ကို စူးယောင်ကွမ်းလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မ၊ ကျွန်မရဲ့ ကျန်တဲ့ပစ္စည်းတွေကိုလည်း အစ်မဆီမှာပဲ အပ်ခဲ့မယ်နော်။ ဆက်ရောင်းပေးပါဦး၊ ကျွန်မတို့က ညီအစ်မတွေဆိုပေမဲ့ တွက်ချက်မှုတွေကိုတော့ အရင်အတိုင်းပဲ ရှင်းရှင်းလင်းလင်း လုပ်ကြမယ်လေ။ အဆင်ပြေတယ်မလားဟင်"

"အဆင်ပြေရုံတင်မကဘူး၊ ဆက်ပြီး ပူးပေါင်းလုပ်ကိုင်ကြတာပေါ့"

ချွမ်းအော်က ဆက်ပြောနေသေးသည်။

"နင် အားတဲ့အချိန်ကျရင် ငါ့ကို ဒီမျက်နှာချေလိမ်းနည်း သင်ပေးပါဦး၊ အရမ်းလှတာပဲ။ ပြီးတော့လေ၊ သတို့သမီးကို မျက်နှာချေလိမ်းပေးဖို့ စိတ်ဝင်စားလား၊ ငါ့ဝမ်းကွဲတစ်ယောက် အိမ်ထောင်ပြုတော့မှာ။ နင်သာ သူ့ကို မျက်နှာချေလိမ်းပေးပြီး ဆံပင်ပုံစံ ပြင်ပေးမယ်ဆိုရင် မင်္ဂလာလက်ဆောင်အဖြစ် ကြေးပြားတစ်ရာ ပေးမယ်၊ ဘယ်လိုလဲ"

"သေချာတာပေါ့"

စူးယောင်ကွမ်းက အလွယ်တကူ လက်ခံလိုက်သည်။

"ဒီလို အလုပ်မျိုးဆိုရင် ကျွန်မဆီကိုသာ လာခဲ့ပါ။ ပိုက်ဆံရမယ့်အလုပ်ဆို ကျွန်မ ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူး"

"ဟား ဟား... နင်ကတော့ ငါနဲ့ အတူတူပဲ"

ချွမ်းအော်က စကားပြောပြီးနောက် မနက်ဖြန် မြို့ထဲသို့ နောက်တစ်ခေါက် ပြန်လာရန်နှင့် သူမ၏ ဝမ်းကွဲအိမ်သို့ အတူတူသွားရန် အချိန်ကို ချိန်းဆိုလိုက်သည်။

စူးယောင်ကွမ်းက ချွမ်းအော်၏ဆိုင်ထဲမှ အမျိုးသားဝတ် အင်္ကျီအစုံအနည်းငယ်ကို တိုက်ရိုက်ရွေးချယ်လိုက်ပြီး ထိုနေရာမှာပင် ကျိုးဝမ်ရှူအတွက် အင်္ကျီ ပြင်ဆင်ရန် ချွမ်းအော်၏ အပ်နှင့် အပ်ချည်ကို ငှားလိုက်သည်။ သူမ၏ အနည်းငယ် ပြင်ဆင်လိုက်မှုကြောင့် သာမန်အတိုင်းဖြစ်နေသော အဝတ်အစားများက ကျော့ရှင်းခန့်ညားသွားသည်။

"ဒီအထည်စတွေက အရမ်းဈေးကြီးတာလေ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရမ်း ရေပန်းစားခဲ့လို့ ငါလည်း အများကြီး ဝယ်ထားမိတာ၊ အကုန်မရောင်းရလို့ ဒီသေတ္တာထဲမှာပဲ ပစ်ထားမိတာ တော်တော် ကြာနေပြီ။ အခုတော့ လုံးဝကို ပြောင်းလဲသွားတာပဲ"

ချွမ်းအော်က အားကျဟန်ဖြင့် ပြောနေပြန်သည်။

"ယောင်ကွမ်း၊ ကျန်တဲ့အင်္ကျီတွေကိုလည်း နင် ပြင်တဲ့ ပုံစံအတိုင်း လိုက်ပြင်လို့ ရမလား၊ ဒီတစ်ခါ ရောင်းထွက်သွားရင် အမြတ်ထဲက ငါးပုံတစ်ပုံ ပေးမယ်လေ"

"ရပါတယ်"

စူးယောင်ကွမ်းက ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်သည်။

"ကျွန်မ ပြင်တဲ့အတိုင်းသာ လိုက်ပြင်လိုက်ပါ။ အကုန်ပြီးသွားရင် ဟိုဘက်မှာ သစ်သားရုပ်တု နည်းနည်း ထောင်ပြီး အဲ့ဒီအဝတ်အစားတွေကို ဝတ်ပေးထားလိုက်။ ဧည့်သည်တွေလည်း အရုပ်တွေကို ကြည့်လိုက်တာနဲ့ ဝတ်စုံက ဘယ်လိုပုံစံလဲဆိုတာ မြင်နိုင်သွားမယ်၊ အဝတ်အစားတွေ စမ်းဝတ်ကြည့်နေရတဲ့ အချိန်တွေလည်း သက်သာသွားတာပေါ့။ သစ်သားရုပ်တွေက မျက်နှာပါစရာ မလိုပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံကတော့ စုံလင်နေရမယ်နော်"

"ယောင်ကွမ်း၊ နင်က တကယ်ကို ဉာဏ်ကောင်းတာပဲ၊ ငါ နင် ပြောတဲ့အတိုင်း လုပ်လိုက်မယ်"

ချွမ်းအော်က အလွန်အမင်း ကျေနပ်နေပြီး သူမဘာသာ ‌ရေရွတ်နေသလိုဖြင့် စူးယောင်ကွမ်းကို ချီးကျူးနေသေးသည်။

"ငါ ဘုရားကျောင်းမှာ အမွှေးတိုင်သွားထွန်းပြီး ကံကြမ္မာစစ်တုန်းက အကူအညီပေးမယ့်သူနဲ့ တွေ့ရမယ်လို့ ဟောကိန်း ထွက်ထားတာ။ အခုကြည့်တော့ ငါ့ရဲ့ ကူညီမယ့်သူက ယောင်ကွမ်း ဖြစ်နေတာပဲ"

All Chapters