အခန်း ၄၉
Vol. 5 Ch. 49
အခန်း ၄၉ ကျော်ကြားမှုရဖို့နဲ့ ဂုဏ်သတင်းရဖို့
အဝတ်ဆိုင်မှ ထွက်လာပြီးနောက် ကျန်းကျောက်တိက စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသည်ကို စူးယောင်ကွမ်း သတိထားမိလိုက်သည်။ သူမက ကျန်းကျောက်တိဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"အမေ... ဗိုက်ဆာနေပြီလား၊ တစ်နေရာရာမှာ တစ်ခုခု စားကြမယ်လေ"
ကျန်းကျောက်တိက အတွေးလွန်နေရာမှ ရုတ်တရက် သတိဝင်လာသည်။
"မဆာပါဘူး။ ဝမ်ရှူအတွက် ဝယ်စရာရှိသေးတယ်ဆို။ အရင်ဆုံး ဝယ်ပြီး သွားပေးဖို့ လိုသေးတယ်၊ စာသင်ကျောင်းမှာ သူ အထင်သေးခံရပြီး အားငယ်နေမှာ စိုးရိမ်ရတယ်"
"နည်းနည်းလောက် ထပ်စောင့်ရတာက ဘာမှ မဖြစ်လောက်ပါဘူး"
စူးယောင်ကွမ်းက ကျန်းကျောက်တိ၏လက်ကို ဆွဲကာ ဝမ်တွန်ဆိုင်၏ ထိုင်ခုံတွင် ဝင်ထိုင်စေလိုက်သည်။
"ဆိုင်ရှင်... သိုးသားဝမ်တွန် နှစ်ပွဲပေးပါ"
"သိုးသားဝမ်တွန်တစ်ပွဲနဲ့ သက်သတ်လွတ်ဝမ်တွန် တစ်ပွဲပဲပေး။ ငါက သိုးသားမကြိုက်ဘူး၊ ဟင်းသီးဟင်းရွက်ပဲ ကြိုက်တာ"
ကျန်းကျောက်တိက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။
"အမေကလည်း လိမ်နေပြန်ပြီ။ အမေက သိုးသားဝမ်တွန်ကို တစ်ခါမှ မစားဖူးဘဲနဲ့ ဘယ်လိုလုပ်ပြီး မကောင်းမှန်း သိမှာလဲ၊ အမေ သမီးနဲ့ အတူမစားရင် သမီးလည်း သက်သတ်လွတ်ပဲ စားတော့မယ်"
စူးယောင်ကွမ်းက ဆိုင်ရှင်ကို ထပ်အော်ခေါ်မည့်ဟန် ပြုလိုက်သည်။
ကျန်းကျောက်တိလည်း မနေနိုင်တော့ဘဲ အလျှော့ပေးလိုက်ရသည်။
"အေးပါ... အေးပါ၊ သိုးသားဝမ်တွန်ပဲ စားတော့မယ်"
ဖက်ထုပ်စားရန် စောင့်နေစဥ်အတွင်း စူးယောင်ကွမ်းက ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေလေသည်။ ထိုအချိန်မှသာ သူမလည်း အရာရာကို စိတ်ဝင်စားနေသည့် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်နှင့် ဆင်တူလာခဲ့သည်။
"သမီးလေး... ဒီနှစ်တွေမှာ အမေက ခရီးတွေပဲ လှည့်သွားနေရတာ။ တစ်ခါတလေဆို ရက်အတော်ကြာတယ်၊ တစ်လနှစ်လလောက်အထိ အိမ်မပြန်နိုင်တဲ့ အချိန်တွေတောင် ရှိခဲ့တာဆိုတော့ အမေ မရှိတဲ့အချိန်တွေမှာ သမီးလေး တော်တော် ပင်ပန်းခဲ့ရမှာပဲနော်”
"အမေ... ဘာဖြစ်လို့လဲ"
"အခုနက သမီး အဝတ်အစားတွေ ကျွမ်းကျွမ်းကျင်ကျင် ပြင်နေတာ မြင်တော့မှ အမေ မသိလိုက်တဲ့အချိန်မှာ သမီး အများကြီး တတ်မြောက်နေပြီဆိုတာ သိလိုက်ရတယ်။ အမေက တကယ်ကို မကောင်းတဲ့မိခင်ပါ၊ သမီးကို အများကြီး ဒုက္ခပေးခဲ့မိတယ်"
"ဩော် အမေကလည်း... ခုနက တိတ်ဆိတ်နေတာ ဒါကြောင့်လား။ သမီးက သမီး အမေ့ကို စိတ်ဆိုးအောင် လုပ်မိပြီထင်နေတာ၊ အမေ... သမီးလည်း အရွယ်ရောက်လာပြီလေ၊ အမေ့ကို ကာကွယ်ပေးနိုင်နေပြီ။ သမီး ငယ်ငယ်တုန်းက အမေက သမီးရဲ့ အရာအားလုံးပဲ၊ အမေ့ရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် သမီး ကြီးပြင်းလာခဲ့တာ။ အခုတော့ သမီးကို ပြန်အားကိုးကြည့်လိုက်ပါ။ အမေက သမီးကို ပြုစုပျိုးထောင်ခဲ့တယ်၊ အမေ အသက်ကြီးလာရင် သမီးက ပြန်ပြုစုရမှာပေါ့၊ ဒါက သမီးလုပ်ရမယ့် တာဝန်လေ။ အမေက သမီးကို ကလေးတစ်ယောက်လိုပဲ အမြဲဆက်ဆံနေလို့ မရဘူးလေ"
ဆိုင်ရှင်က ဝန်တွန်များကို လာချပေးရင်း အပြုံးဖြင့် ပြောလိုက်သည်။
"သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတာပဲဗျာ။ ကျွန်တော်တို့လို အပြင်လူတွေတောင် အားကျမိတယ်။ မင်းတို့ရဲ့ ဝမ်တွန်ကို သုံးဆောင်ကြပါဦး"
ကျန်းကျောက်တိက သူမ၏ နှာခေါင်းထဲတွင် အောင့်တက်လာသလို ခံစားလိုက်ရပြီး မျက်ရည်များ ဝဲနေရှာသည်။ သူမက စိတ်ကူးယဉ်ဆန်သည့် စကားများ၊ အပိုစကားများကို မကြိုက်တတ်သဖြင့် ယခုကဲ့သို့ ချိုသာသော စကားများကြားရသည့်အခါ အနည်းငယ် နေရခက်သလို ခံစားလိုက်ရသည်။
"အရသာရှိလိုက်တာ"
ကျန်းကျောက်တိက စကားလွှဲလိုက်သည်။
"သမီးကျေးဇူးနဲ့ နောက်ဆုံးတော့ အမေ သိုးသားဝမ်တွန် စားဖူးသွားပြီ"
ဝမ်တွန် စားပြီးနောက် စူးယောင်ကွမ်းက ကျိုးဝမ်ရှူအတွက် လိုအပ်သည့်ပစ္စည်းများကို လိုက်ဝယ်နေခဲ့သည်။
ပထမဦးစွာ အဝတ်အစားနှင့် ဖိနပ်များ ဝယ်ယူပြီး ထို့နောက် စုတ်တံ၊ မင်၊ စက္ကူနှင့် မင်ကျောက်များကို ဝယ်ယူကာ နေ့စဉ်သုံး ပစ္စည်းများလည်း ဆက်ဝယ်နေခဲ့သည်။
ပစ္စည်းများ အများကြီး ဖြစ်နေသဖြင့် စူးယောင်ကွမ်းက ဆိုင်အကူတစ်ယောက်ကို ပစ္စည်းပို့ပေးရန် အကူအညီတောင်းလိုက်သည်။ သူမက ပို့ခအဖြစ် ကြေးပြားသုံးပြား ပေးလိုက်ရာ ဆိုင်အကူလေးက ပစ္စည်းများ သွားပို့ပေးရန် ဝမ်းသာအားရ သဘောတူလိုက်သည်။
"အမေ တံခါးဝမှာပဲ စောင့်နေတော့မယ်။ နင် ပစ္စည်းတွေ ပို့ပြီးတာနဲ့ အပြင်ကို ပြန်ထွက်လာခဲ့"
ကျန်းကျောက်တိက မှာကြားနေသည်။
စူးယောင်ကွမ်းက ဆိုင်အကူလေးကို ခေါ်ပြီး အထဲသို့ ဝင်သွားသည်။
တံခါးစောင့်သည့် အစေခံအိုကြီးက အရင်ဆုံး အထဲသို့ ဝင်သွားကာ သတင်းပို့နေသည်။ ထို့နောက်မှ ဆရာ၏ ခွင့်ပြုချက် ရရှိလာသဖြင့် သူမတို့ကို အထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
အချိန်က မွန်းတည့်ချိန်ဖြစ်ပြီး နေ့လယ်စာ စားပြီးနောက် နားနေသည့်အချိန် ဖြစ်သည်။ ဆရာက ကျိုးဝမ်ရှူအတွက် အခန်းကို စီစဉ်ပေးပြီးစသာ ရှိသေးရာ ကျိုးဝမ်ရှူက အိပ်ခန်းထဲတွင် သူ့ပစ္စည်းများကို နေရာချနေခဲ့သည်။
"ကျိုးဝမ်ရှူ... မင်းရဲ့ မိသားစုဝင်တွေ လာရှာနေတယ်"
ချန်ပုယွိက ခေါင်းကို ပြူကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဝမ်ရှူ... ဘယ်သူတွေ လာတာလဲကွ၊ ထွက်ကြည့်ပါဦးလား"
ကျိုးဝမ်ရှူကတော့ မည်သူဖြစ်မှန်း အတတ်သိနေသည်။ သူ အပြင်သို့ ထွက်လာသည့်အချိန်တွင် စူးယောင်ကွမ်းက ဆိုင်အကူလေးအား ဦးဆောင်ပြီး လာနေသည်ကို မြင်လိုက်ရသည်။ သူမ၏ ကျောပေါ်တွင် အထုပ်ကြီးတစ်ထုပ် ထမ်းပိုးထားပြီး ဆိုင်အကူလေးကလည်း လေးလံပုံရသည့် ပစ္စည်းများ ထမ်းပိုးထားသည်။
"ဝမ်ရှူ... အမေနဲ့ ငါ နင့်အတွက် အဝတ်အစားတွေနဲ့ တခြား လိုအပ်တဲ့ပစ္စည်းတွေ ဝယ်လာခဲ့တယ်။ ဒါက နင့်အခန်းလား၊ ဒါဆို ဒီကောင်လေးကိုပဲ အထဲအထိ သယ်ခိုင်းလိုက်တော့မယ်"
ချန်ပုယွိက စူးယောင်ကွမ်းကို အကဲခတ်နေသည်။
ထိုမိန်းကလေးက ကိုယ်ခန္ဓာ သေးသွယ်ပြီး ပိန်လှီလွန်းသဖြင့် သူ့လက်တစ်ဖက်ဖြင့်ပင် ပွေ့ချီနိုင်မည်ဟု ထင်ရသည်။ သူမ၏ ဆံပင်များက ခြောက်သွေ့နေပြီး အဝါရောင်သန်းနေကာ မျက်နှာကလည်း မှိန်ဖျော့နေသည်။ သူမ၏ ရုပ်ရည်က ချောမောပြီး နူးညံ့သိမ်မွေ့သော်လည်း သာမန်ထက် အနည်းငယ် ပို၍သာ ဖြစ်သည်။ သူက လှပသော အမျိုးသမီးများကို မြင်ဖူးသူ ဖြစ်ကာ သူတို့အိမ်ရှိ အစေခံများပင် သူမထက် ပိုလှပနေသေးသည်။ သို့သော် သူမ၏ မျက်ဝန်းများကတော့ တောက်ပနေပြီး တက်ကြွလန်းဆန်စေသည့် အရောင်များ လက်နေသဖြင့် အသက်ဝင်နေသလို ခံစားရစေသည်။ သူမ ပြုံးလိုက်သည့်အခါ နေရောင်ခြည်ကဲ့သို့ တောက်ပနေပြီး အခြားလူအများ၏ စိတ်ကို ကြည်လင်စေသည်။
"မင်္ဂလာပါ... ကျွန်တော်က ဝမ်ရှူရဲ့ အတန်းဖော်နဲ့ အခန်းဖော်ပါ။ ကျွန်တော့်နာမည်က ချန်ပုယွိပါ"
ချန်ပုယွိက စတင် နှုတ်ဆက်လိုက်သည်။
စူးယောင်ကွမ်းကလည်း အပြုံးဖြင့် ပြန်နှုတ်ဆက်နေသည်။
"မင်္ဂလာပါ... ကျွန်မနာမည်က စူးယောင်ကွမ်းပါ၊ ဝမ်ရှူရဲ့ အစ်မပါ။ ရှေ့လျှောက် ကျွန်မရဲ့ မောင်လေးကို ကူညီစောင့်ရှောက်ပေးပါဦးနော်"
"အစ်မ"
ချန်ပုယွိက အံ့သြတကြီး ရေရွတ်လိုက်သည်။
သူက ကျိုးဝမ်ရှူကို တစ်ချက်ကြည့်ကာ ခေါင်းကုတ်လိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"ကျွန်တော့်မှာ အရမ်းသိချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်။ မေးလို့ ရမလားခင်ဗျ"
"မင်းမှာ တခြားလုပ်စရာ ကိစ္စမရှိတော့ဘူးလား"
ကျိုးဝမ်ရှူက ချန်ပုယွိကို မကျေမနပ် ဝင်မေးလိုက်သည်။
"နေ့လယ်ကြီး ဘာကိစ္စများ ရှိနေလို့လဲ။ ညီမလေးစူးနဲ့ ငါက တစ်ခါတွေ့ဖူးရုံနဲ့တင် ရင်းနှီးနေတဲ့ မိတ်ဆွေတွေလို ဖြစ်သွားပြီ၊ နည်းနည်းလောက် စကားပြောပါရစေဦး"
ချန်ပုယွိက သူ့အလေ့အကျင့်အတိုင်း ပြတင်းပေါက်မှတစ်ဆင့် ခုန်ဆင်းသွားပြီး စပ်စုနေလေသည်။
"ဝမ်ရှူကို အိမ်ထောင်ဘက်အဖြစ် ဆယ်ပြားနဲ့ ဝယ်ယူခဲ့တာလို့ ပြောနေကြတယ်၊ အဲ့ဒါက မင်း မဟုတ်ဘူးလား"
စူးယောင်ကွမ်း မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။
"ဘယ်သူက ပြောတာလဲ"
"သူတို့ပြောတာ မမှားပါဘူး"
ကျိုးဝမ်ရှူက ဝင်ပြောလိုက်သည်။
"ဒါက စိတ်ပူစရာ ကိစ္စမဟုတ်ဘူး"
"ဘာက မမှားရမှာလဲ၊ နင်က ငါ့ရဲ့မောင်လေး၊ နင်က လွတ်လပ်သူပဲ"
စူးယောင်ကွမ်းက မကျေမနပ်ဖြင့် ဆက်ဆူပူနေပြန်သည်။
"ဒီကျောင်းက ကျောင်းသားတွေက ဘာလို့များ စျေးထဲက အတင်းအဖျင်းပြောတတ်တဲ့ မိန်းမကြီးတွေလို ဖြစ်နေရတာလဲ။ စာကို အာရုံမစိုက်ဘဲ သူများအိမ်က ကိစ္စတွေကိုပဲ လိုက်စပ်စုနေကြလား။ ဝမ်ရှူ... နင် ဒီလိုလူတွေနဲ့ ဝေးဝေးနေ၊ ကျော်ကြားမှုရဖို့နဲ့ ဂုဏ်သတင်းရဖို့ ဆိုပြီး မဟုတ်တာတွေ မလုပ်ရဘူးနော်"
"ကျွန်တော် သိပါတယ်"
ချန်ပုယွိက ရယ်ကျဲကျဲဖြင့် ထပ်ပြောလိုက်သည်။
"ညီမလေးစူး... ကျွန်တော်က စပ်စုရုံသက်သက်ပါပဲ၊ ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့၊ ဝမ်ရှူက ကျွန်တော့်ညီလေးလိုပါပဲ၊ ကျွန်တော် သူ့ကို သေချာ ဂရုစိုက်ပေးမှာပါ"
"ကျွန်မတို့ ဝမ်ရှူက ရိုးသားပြီး စိတ်သဘောထားနူးညံ့သလို ရှက်ကြောက်တတ်ပြီး သည်းခံမှုလည်း ရှိပါတယ်၊ သူ အခုမှ ဒုက္ခတွေကြားကနေ လွတ်မြောက်လာနိုင်တာပါ၊ ကျောင်းတော်သားချန်... သူ့ကို စောင့်ရှောက်ပေးပါဦးနော်"
စူးယောင်ကွမ်းက စိုးရိမ်တကြီး မှာကြားနေသည်။
စူးယောင်ကွမ်းက ကျိုးဝမ်ရှူအတွက် အိပ်ရာခင်း အသစ်စက်စက်ကို ပြင်ပေးပြီးနောက် အဝတ်အစားများ၊ ဖိနပ်၊ ခြေအိတ်နှင့် စာရေးကိရိယာများကို ထုတ်ပေးလိုက်သည်။ သူမက အဖွားအိုတစ်ယောက်လို အသေးစိတ် ဂရုတစိုက် မှာကြားနေသည်။
"အမေနဲ့ ငါ မြို့ထဲမှာ အလှကုန်တွေရောင်းဖို့ မကြာခဏ လာနေဦးမှာနော်၊ အရင်နေရာပဲ။ ဒီနေ့လည်း အရင်နေ့ကထက် ပိုရောင်းခဲ့ရတယ်။ ဒါပေမဲ့ အစ်မချွမ်းအော်က နင့်အကြောင်းကို မေးနေသေးတယ်၊ ဘာလို့ အရမ်းလှတဲ့ ညီမလေးကို ခေါ်မလာတာလဲတဲ့၊ နင်ပါမှ ဖောက်သည်တွေကို ဆွဲဆောင်နိုင်မှာပေါ့လို့တောင် ပြောနေသေးတယ်"
စူးယောင်ကွမ်းက ရယ်မောရင်း ဆက်ပြောနေသေးသည်။
"စျေးဆိုင်ဖွင့်လိုက်တော့လည်း နင့်အကြောင်း လာမေးတဲ့သူတွေ အများကြီးပဲ။ ကံကောင်းတာက နင် မလိုက်လာလို့ပေါ့၊ တကယ်လို့ နင်သာ လိုက်လာခဲ့ရင် နောက်ရက်အနည်းငယ်အတွင်း ပွဲစားတွေ ရောက်လာပြီး လက်ထပ်ခွင့် တောင်းကြတော့မှာ။ အဲ့ဒီအခါကျရင် ငါ ဘယ်ကနေ လှပတဲ့ ညီမလေးတစ်ယောက် သွားရှာပေးရမှာလဲ"
စူးယောင်ကွမ်းက အငွေ့တထောင်းထောင်း ထနေသော ကြက်ကင်ကို စားပွဲပေါ် တင်ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။
"နင့်သူငယ်ချင်းတွေနဲ့ ဝေစားလိုက်ဦးနော်၊ ပြီးတော့ ဒါကို သိမ်းထားလိုက်၊ စားချင်တာရှိရင် ဝယ်စား၊ ဗိုက်ဆာခံ မနေနဲ့"
စူးယောင်ကွမ်းက ပိုက်ဆံအိတ်တစ်လုံးကို ထုတ်ပေးလိုက်သည်။ ထိုအိတ်ထဲတွင် ကြေးပြားသုံးရာ ပါဝင်သည်။ သူမက ကျိုးဝမ်ရှူ၏ 'ပိန်လှီ' နေသည့် ပုံစံကို ကြည့်ပြီးနောက် နောက်ထပ် ကြေးပြားတစ်ရာကိုပါ ထပ်ထည့်ပေးလိုက်သည်။
ကျိုးဝမ်ရှူကတော့ ပိုက်ဆံအိတ်ကို ကိုင်ထားရင်း မျက်လုံးများပြူးလာအောင် အံ့ဩနေလေသည်။
'ဘာလို့ သူမက ငါ့ကို ဒီလောက်တောင် ကြင်နာပေးနေရတာလဲ'
အစပိုင်းတွင် သူမက သူမ၏ဒုက္ခမှ လွတ်မြောက်ရန် သူ့ကို ကြေးပြားဆယ်ပြားဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ယခု သူမ၏ ဒုက္ခများ ပြေလည်သွားပြီ ဖြစ်သည့်အတွက် သူ့ကို အသုံးချစရာ မလိုတော့ပေ။ သူ့ကို ကျောင်းထားပေးခြင်းကပင် အလွန် ကျေးဇူးတင်စရာကောင်းနေပြီ ဖြစ်ရာ သူမတို့က သူ့ကို ဤမျှအထိ ကြင်နာပေးစရာ မလိုတော့ချေ။ သူမတို့မိသားစု၏ ဆင်းရဲနေမှုကြောင့် ဤပိုက်ဆံအိတ်က သူမတို့အတွက် ဘာကိုဆိုလိုမှန်း သူ သိနေခဲ့သည်။ ထိုအရာကို သိနေသည့်အတွက်ကြောင့်လည်း ဤမိခင်နှင့်သမီးက အထူး မိုက်မဲလွန်းသည်ဟု သူ တွေးနေမိခြင်းပင်။
"အမေက တံခါးဝမှာ စောင့်နေတယ်၊ ငါ သွားတော့မယ်"
စူးယောင်ကွမ်းက အပြုံးလေးဖြင့် ထပ်ပြောနေသေးသည်။
"ဝမ်ရှူ... စာကြိုးစားနော်၊ ပျင်းမနေနဲ့"