အခန်း ၅၀
Vol. 5 Ch. 50
အခန်း ၅၀ သူခိုး
အိမ်ပြန်ရောက်သည်နှင့် မိခင်နှင့် သမီးတို့ ပထမဆုံးလုပ်သည့်အလုပ်က ကြေးပြားများကို ကြိုးဖြင့် သီခြင်း ဖြစ်သည်။ အချိန်အတော်ကြာအောင် ကြိုးဖြင့် သီပြီးသည့်နောက် ရရှိလာသည့် ပမာဏကို စတင်ရေတွက်ကြသည်။
"ဘယ်လောက်ရှိလဲ"
ကျန်းကျောက်တိက စူးယောင်ကွမ်းကို စိတ်အားထက်သန်စွာ မေးလိုက်သည်။
စူးယောင်ကွမ်းက သူမ အရင်က စုဆောင်းထားသည့် ကြေးပြားများကို အရင်ထုတ်လိုက်ပြီး ပြောပြနေသည်။
"ဒါက သမီးအရင်က စုထားတဲ့ ပိုက်ဆံတွေပါ"
ထို့နောက် ငွေတုံးအပုံသေးသေးလေးတစ်ခုကို လက်ညှိုးထိုးပြကာ ထပ်ပြောလိုက်သည်။
"ဒါက ဒီမနက် အစ်မချွမ်းအော် ပေးလိုက်တဲ့ ငွေတုံးတွေ"
နောက်ဆုံးကျန်နေသည့် ကြေးပြားပုံကတော့ အများဆုံးဖြစ်ပြီး ယနေ့ ရောင်းရသည့်ငွေများ ဖြစ်သည်။
စူးယောင်ကွမ်း မပြောပြခင်မှာပင် ကျန်းကျောက်တိက သူမကိုယ်တိုင် ရေတွက်နေသည်။ ငွေများကို ကိုင်ထားသည့် သူမ၏လက်များက တုန်ယင်နေပြီး မျက်လုံးများတွင်လည်း မယုံနိုင်မှုနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
"စုစုပေါင်း နှစ်ဆယ့်ကိုးလျန်နဲ့ ကြေးပြား ငါးရာသုံးဆယ့်နှစ်ပြား ရှိတယ်"
စူးယောင်ကွမ်းက အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒီပိုက်ဆံက သမီးတို့ နှစ်နှစ်လောက် စားသောက်ဖို့ လုံလောက်တယ်။ ချွေတာသုံးမယ်ဆိုရင်တော့ သုံးနှစ်လောက်တော့ အေးအေးဆေးဆေး နေလို့ရပြီ။ အမေ... အခု စိတ်အေးသွားပြီလား၊ သမီးတို့ ဗိုက်ဆာမှာကို ပူပင်နေစရာ မလိုတော့ဘူးလေ”
"ငါတို့ စာသင်သားတစ်ယောက်ကို ထောက်ပံ့ပေးနေရတာကို မမေ့နဲ့ဦး။ ဒီပိုက်ဆံက တစ်နှစ်ကျော်လောက်ပဲ ခံမှာ"
ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ငါ့သမီးက အရည်အချင်းရှိတော့ စိတ်ပူစရာ မလိုပါဘူးလေ"
"အခု အရောင်းအဝယ်က အရမ်းကောင်းပေမဲ့ ဒီပစ္စည်းတွေက အကြာကြီး ခံတယ်။ ဝယ်ချင်တဲ့သူတွေ အကုန်ဝယ်ပြီးသွားရင်တော့ အရောင်းအဝယ်က အရင်ကလောက် မကောင်းနိုင်တော့ဘူး။ တကယ်လို့ သမီးတို့ ဖောက်သည်အသစ်တွေ ရှာနိုင်ပြီး ပိုလိုအပ်တဲ့သူတွေကို ရောင်းနိုင်ရင်တော့ အရောင်းအဝယ်က သေချာပေါက် ကောင်းနေဦးမှာပဲ။ တကယ်တော့ ဒီအလှကုန်တွေကို အရမ်းလိုအပ်တဲ့ နေရာတစ်ခု ရှိတယ်။ အဲ့ဒီနေရာကိုသာ ရောင်းနိုင်ရင် သမီးတို့ လုပ်ငန်းက သေချာပေါက် ကောင်းနေမှာ သေချာတယ်"
"ဘယ်နေရာလဲ"
"ပြည့်တန်ဆာအိမ်"
"မဖြစ်နိုင်ဘူး"
ကျန်းကျောက်တိက ခပ်ပြတ်ပြတ် ငြင်းဆန်လိုက်သည်။
"ငါတို့ ဆင်းရဲပေမဲ့ ဂုဏ်သိက္ခာရှိတဲ့ မိသားစုဝင်တွေပဲ။ ဘယ်လိုလုပ် အဲ့ဒီလိုနေရာမျိုးကို ခြေချရမှာလဲ။ နင့်ကို အဲ့ဒီလိုနေရာမျိုး ခြေချခိုင်းတာထက်စာရင် ငတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်"
"အမေ... အဲ့ဒီမိန်းကလေးတွေက သူတို့သဘောနဲ့ သူတို့ ပြည့်တန်ဆာဖြစ်လာကြတာ မဟုတ်ဘူးလေ"
"ငါ မရဘူးလို့ ပြောပြီးရင် မရဘူးပဲ။ ထပ်ပြီး ညှိနှိုင်းစရာ မလိုဘူး"
ကျန်းကျောက်တိက စူးယောင်ကွမ်းကို စူးရဲစွာ စိုက်ကြည့်နေသည်။
"နင် တော်တော်ကို ရဲတင်းလာပြီ၊ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် ပိုက်ဆံရရင် ပြီးရောဆိုပြီး လုပ်နေတော့တာပဲ"
ကျန်းကျောက်တိ၏ ပြတ်သားလွန်းသည့် စကားကြောင့် စူးယောင်ကွမ်းလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်။ သူမကိုယ်တိုင်လည်း ပြည့်တန်ဆာအိမ်ဆီ သွားရန် စိတ်မကူးထားခဲ့ပေ။ သို့သော် သူမ ဆိုင်းဘုတ်တစ်ခု ချိတ်လိုက်မည်ဆိုလျှင် မိန်းကလေးများက သူမဆီသို့ လာရောက်ရှာဖွေကြပေလိမ့်မည်။
"မနက်ဖြန် အစ်မချွမ်းအော်ဆီသွားပြီး သူ့ဝမ်းကွဲကို မျက်နှာချေလိမ်းပေးရမှာ၊ ဒီနေ့တော့ နားကြရအောင်၊ အလှကုန်တွေ မလုပ်တော့ဘူး"
စူးယောင်ကွမ်းက ထပ်ပြောလိုက်သည်။
"ဒီည ဖက်ထုပ် လုပ်စားရအောင်"
ဒုတိယအဒေါ်စူးက ခြံထဲသို့ အပြေးအလွှား ပြန်ဝင်လာပြီး အဝတ်အစားများ သိမ်းနေသည့် အဘွားစူးကို လှမ်းပြောလိုက်သည်။
"အမေ... ခုနက ကျန်းကျောက်တိနဲ့ စူးယောင်ကွမ်းတို့ နှစ်ယောက် ခြင်းကြီးနှစ်လုံးနဲ့ ပစ္စည်းတွေ သယ်လာတာ တွေ့လိုက်တယ်"
အဘွားစူးက သူမကို ဒေါသတကြီး ကြည့်လိုက်သည်။
"နင် ငါ့ကို ရူးအောင်လုပ်နေတာလား၊ အဲ့ဒီ မိန်းမယုတ်နှစ်ယောက် ဘာပဲသယ်လာသယ်လာ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ငါတို့က သူတို့နဲ့ ပတ်သက်စရာ မလိုတော့ဘူး"
"ကျွန်မတို့သာ ယောင်းမလေးနဲ့ ပူးပေါင်းပြီး သူတို့ကို မတိုက်ခိုက်ခဲ့ရင် အခုလို အခြေအနေတွေ ဆိုးဝါးလာမှာ မဟုတ်ဘူး။ အခုတော့ ကျွန်မတို့ ဘာအကျိုးအမြတ်မှလည်း မရဘူး၊ ဘာတွေများ ရလိုက်လို့လဲ"
ဒုတိယအဒေါ်စူးက မကျေမနပ်ဖြင့် တတွတ်တွတ် ပြောနေပြန်သည်။
"သူတို့နောက်ကို လိုက်ချောင်းနေမယ့်အစား နင့်သားကိုပဲ ဂရုစိုက်စမ်းပါ။ တာ့ပေါင် ငိုသံထွက်နေတာကို နင် မကြားဘူးလား"
အဘွားစူးက သူမကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။
ဒုတိယအဒေါ်စူးက အိမ်ထဲသို့ ဝင်သွားပြီး စူးတာ့ပေါင်ကို ပွေ့ချီကာ ချော့မော့နေသည်။ စူးတာ့ပေါင်၏ ပိန်သေးသေး ခန္ဓာကိုယ်လေးကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းထဲ၌ ရုတ်တရက် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး အကြံတစ်ခု ပေါ်လာခဲ့သည်။
"တာ့ပေါင်... အသား စားချင်လား"
ဒုတိယအဒေါ်စူးက တိုးတိုးလေး မေးလိုက်သည်။
"စားချင်တယ်"
စူးတာ့ပေါင်က နှုတ်ခမ်းကို လျှာဖြင့် သတ်လိုက်ရင်း ပြန်မေးနေသည်။
"အမေ... ဒီနေ့ အသား စားရမှာလား"
"ဒီနေ့ အသား စားရမှာလား၊ မစားရဘူးလားဆိုတာက တာ့ပေါင်ရဲ့ အပြုအမူပေါ်မှာပဲ မူတည်တယ်"
သူမက သားဖြစ်သူ၏ ဆံပင်များကို ပွတ်သပ်ပေးရင်း ညွှန်ကြားလိုက်သည်။
"ခနနေရင် အမေ ပြောတဲ့အတိုင်း နားထောင်နော်"
ထိုညနေတွင် ဖက်ထုပ် စားကြပြီးနောက် ကျန်းကျောက်တိက အစာသွတ်ရန် ဟင်းရွက်ခူးဖို့ ခြံထဲသို့ ဆင်းသွားပြီး စူးယောင်ကွမ်းက ရေခပ်ရန် ရေပုံးကို ကိုင်ကာ ရေတွင်းဘက်သို့ ထွက်သွားကြသည်။ မိခင်နှင့် သမီးတို့က တံခါးကို သေချာ ပိတ်ခဲ့ပြီးမှ အိမ်ထဲမှ ထွက်သွားကြသည်။
သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် အရိပ်သေးသေးလေးတစ်ခုက ခြံစည်းရိုးအောက်ခြေကို တိတ်တဆိတ် တူးကာ အထဲသို့ ခိုးဝင်သွားခဲ့သည်။
ရေခပ်ပြီး ပြန်ရောက်လာသည့် စူးယောင်ကွမ်းက ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ခု လွဲနေသလို ခံစားလိုက်ရသည်။
"ထူးဆန်းလိုက်တာ...တစ်ခုခု လွဲနေသလိုပဲ"
သူမက ရေစည်ထဲသို့ ရေလောင်းထည့်ရင်း သူမဘာသာတစ်ယောက်တည်း တတွတ်တွတ် ပြောနေခဲ့သည်။ သူမ ရေပုံးအလွတ်ကို ကိုင်ပြီး မီးဖိုချောင်ထဲမှ ပြန်ထွက်လာချိန်တွင် ခြံဝင်းထဲရှိ လှောင်အိမ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
ထိုလှောင်အိမ်ထဲတွင် ကျိုးဝမ်ရှူ တောင်ပေါ်မှ ဖမ်းလာပေးသည့် ယုန်ငယ်နှစ်ကောင် ရှိခဲ့ပြီး သူမ ထိုနှစ်ကောင်ကို နေ့တိုင်း ဂရုတစိုက် ကျွေးမွေးထားခဲ့ခြင်း ဖြစ်သည်။ ယခုတော့ လှောင်အိမ်တံခါး ပွင့်နေပြီး ယုန်များက ပျောက်ဆုံးနေချေပြီ။
သူမ ရေပုံးကို ချလိုက်ပြီး ခြံဝင်းတစ်ခုလုံးကို လိုက်ရှာကြည့်လိုက်သည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် ယုန်များကို မတွေ့ရဘဲ ခြံစည်းရိုးထောင့်တွင် အပေါက်ငယ်တစ်ခုကို တွေ့လိုက်ရသည်။
သူမ အနီးနားရှိ အကိုင်းအခက်များကို ဖယ်လိုက်ပြီး အပေါက်ကို စစ်ဆေးကြည့်လိုက်ရာ အဝတ်စတစ်ခုကို တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ"
ကျန်းကျောက်တိလည်း ပြန်ရောက်လာပြီး လှမ်းမေးလိုက်သည်။
"သမီးတို့ ယုန်တွေ အခိုးခံလိုက်ရပြီ"
စူးယောင်ကွမ်းက ထိုအဝတ်စကို ကျန်းကျောက်တိဆီ ကမ်းပေးလိုက်သည်။
ကျန်းကျောက်တိက အဝတ်စကို ကြည့်လိုက်သည်နှင့် စူးတာ့ပေါင်၏ အင်္ကျီစဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူမက ခနဲ့သည့် အပြုံးဖြင့် ပြောလိုက်သည်။
"ဒီမိသားစုကတော့ ငါတို့ကို ဒုက္ခပေးဖို့ပဲ သိကြတယ်။ သမီးလေး... ငါ သူတို့ ဆီပြီး ယုန်တွေကို သွားပြန်တောင်းတယ်"
"သူတို့ကို လက်ပူးလက်ကြပ်မိတာမှ မဟုတ်တာ၊ ယုန်တွေကို ပြန်ရဖို့က မလွယ်တော့ဘူး"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"သူတို့ဆီက ပြန်တောင်းဖို့ဆိုရင်တော့ နည်းလမ်းတစ်ခုခုတော့ သုံးရလိမ့်မယ်"
"ဘာနည်းလမ်းလဲ"
ကျန်းကျောက်တိက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မြန်မြန် ပြောစမ်းပါ၊ အဲ့ဒီမိသားစုဆီကနေ အနိုင်ကျင့်ခံလာရတာ ဆယ်နှစ်ကျော်ပြီ၊ အခုဆိုရင် အဆက်အသွယ်လည်း ဖြတ်ပြီးပြီ၊ မိဘကို ရိုသေရမယ့် ဝတ္တရားလည်း မရှိတော့ဘူး၊ ငါ သူတို့ကို လုံးဝ အလျှော့ပေးစရာ မလိုတော့ဘူး"
"ခဏလေး... အမေ ဒီလို လုပ်ကြမယ်"
စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အမေ အလျင်မလိုနဲ့ဦး၊ သမီး အရင်သွားပြီး တစ်ခုခု လုပ်လိုက်ဦးမယ်၊ သူတို့အတွက် လက်ဆောင်အကြီးကြီးတစ်ခု ပေးရမှာပေါ့"
ဒုတိယဦးလေးစူး၏ အိမ်တွင်တော့ အဘွားစူးက ယုန်တစ်ကောင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူမ၏ အရေးအကြောင်းများ ပြည့်နေသော မျက်နှာပေါ်တွင် မောက်မာသည့် အပြုံးတစ်ခု ပေါ်နေလေသည်။
"ငါ့မြေးလေးကတော့ တကယ့်ကို ထူးချွန်တာပဲ၊ ဒီလောက် ဝဝဖိုင့်ဖိုင့် ယုန်နှစ်ကောင်ကို အလကား ရလာတယ်၊ ဒါပေမယ့် တစ်ခုခု ဖြစ်လာရင် မကောင်းဘူး၊ ဒီညတော့ အကုန်လုံး ချက်စားလိုက်မယ်၊ အားလုံး ဝဝလင်လင် စားလို့ ရတာပေါ့"
"အမေ... စူးယောင်ကွမ်းက ကျွန်မတို့ကို အနိုင်ကျင့်လာတာ ကြာနေပြီ၊ ဒီယုန်နှစ်ကောင်ကို လျော်ကြေးလို့ပဲ သဘောထားလိုက်ပါ၊ အမေ နည်းနည်းလောက်တော့ စိတ်သက်သာရာ ရသွားတာပေါ့"
ဒုတိယအဒေါ်စူးကလည်း ဟားတိုက် ရယ်မောရင်း ဝင်ပြောလိုက်သည်။
"အဲ့ဒီကောင်မလေးက အခု တော်တော်လေး ဆိုးသွမ်းနေတာ၊ သူသာ ငါတို့တံခါးကို လာခေါက်ရင် အကြီးအကျယ် ပြဿနာ ရှာတော့မှာပဲ"
အဘိုးစူးက စိုးရိမ်တကြီး ပြောနေပြန်သည်။
ဒုတိယဦးလေးစူးကတော့ ထိုစကားကို သဘောမတူပေ။
"သူ မြင်မှ မမြင်လိုက်တာ၊ သူတို့ယုန်က ဒီမှာရှိမှန်း သူ ဘယ်လိုလုပ် သိမှာလဲ။ ကျွန်တော်တို့ ယုန်သား စားနေတာကို သူ တွေ့သွားရင်တောင် ဒါ သူ့ယုန်မှန်း ဘယ်လို သက်သေပြနိုင်မှာလဲ"
"အေးလေ... ယုန်တွေက အတူတူပဲ မဟုတ်လား။ ငါတို့ယုန်က သူ့ယုန်ဆိုတာ သက်သေပြဖို့ ဘာအထောက်အထား ရှိလို့လဲ။ ဒါကို ခရိုင်ဝန်ဆီ သွားပြောရင်တောင် အဖြေထွက်လာဖို့ မလွယ်ဘူးလေ"
"ငါကတော့ စိတ်မအေးဘူး"
"ရှင်က သူ့ကို ကြောက်နေတာပဲ။ ကြွက်တစ်ကောင်လောက်တောင် အစွမ်းမရှိဘဲနဲ့၊ ဒီလောက် ကြောက်နေလို့ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့်လည်း ကလေးတစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ခံနေရတာပေါ့"
အဘွားစူးက ခင်ပွန်းဖြစ်သူကို ဆူပူနေပြီး ဒေါသတကြီး ပြောလိုက်သည်။
"ရှင် ကြောက်ရင် မစားနဲ့၊ ကျွန်မတို့ပဲ စားမယ်"
အဘိုးစူးက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။
"အဘွားကြီး ပြောတာ မှန်ပါတယ်၊ ငါက အဘွားကြီးစကားကိုပဲ နားထောင်ပါ့မယ်"
ဒေါက်... ဒေါက်... ဒေါက်!
ထိုအချိန်တွင် တံခါးခေါက်သံ ကြားလိုက်ရသည်။
အဘွားစူးနှင့် ဒုတိယအဒေါ်စူးတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ အဘွားစူးက စူးတာ့ပေါင်ကို အတွင်းခန်းထဲသို့ ဝင်ခိုင်းလိုက်ပြီး ယုန်နှစ်ကောင်ကိုလည်း အတွင်းခန်းထဲသို့ ထည့်ကာ သော့ခတ်ထားလိုက်သည်။ ထို့နောက် ဒုတိယအဒေါ်စူးကို တံခါးဖွင့်ခိုင်းလိုက်သည်။
ဒုတိယအဒေါ်စူး တံခါးသွား ဖွင့်လိုက်ချိန်တွင် ကျန်းကျောက်တိကို မြင်လိုက်ရသည်။
ကျန်းကျောက်တိက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။
"ငါတို့ရဲ့ ယုန်နှစ်ကောင်ကို တွေ့မိသေးလား"