← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁ ပြစ်ဒဏ်

ဒုတိယအဒေါ်စူးက ကျန်းကျောက်တိ၏အရှေ့မှ ပိတ်ရပ်နေပြီး သူမ အိမ်ထဲကို အတင်း ဝင်မလာနိုင်အောင် တားဆီးနေသည်။

"ငါတို့ ယုန်တစ်ကောင်တောင် မမြင်မိဘူး"

"ငါ ရွာထဲကလူတွေအကုန်လုံးကို လိုက်မေးပြီးပြီ၊ ဘယ်သူမှ ယုန်တွေကို မမြင်မိကြဘူးတဲ့၊ ဒါပေမဲ့ ငါတို့ရဲ့ ယုန်နှစ်ကောင်က ပျောက်သွားပြီ။ ဟူး...ငါတော့ ရူးတောင် ရူးချင်လာပြီ၊ အဲ့ဒီယုန်နှစ်ကောင်က ရောဂါရှိနေတာ၊ စားလို့ မရဘူး"

ဒုတိယအဒေါ်စူး၏ မျက်လုံးများက ဟိုဟိုဒီဒီ ရောက်သွားပြီး ပျာယာခတ်နေကာ အိမ်ထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျန်းကျောက်တိ၏ လှည့်ထွက်သွားတော့မည့်ပုံစံကို မြင်လိုက်ရသဖြင့် သူမက ကျန်းကျောက်တိ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ဟန်မပျက် လှမ်းမေးလိုက်သည်။

"နင်က အဲ့ဒီယုန်နှစ်ကောင်မှာ ရောဂါရှိနေတယ်လို့ ပြောတာလား၊ ဘာရောဂါမလို့လဲ၊ ငါ့ကို ပြောပြဦးလေ၊ တကယ်လို့ ငါ မြင်မိရင် နင်တို့အတွက် ဖမ်းပေးလို့ရတာပေါ့"

"အဲ့ဒီယုန်နှစ်ကောင်ကို မွေးထားရတဲ့အကြောင်းရင်းက သူတို့မှာ ရောဂါရှိနေလို့ပဲ၊ အဲ့ဒါကို စားမိရင် ပြသနာတတ်နိုင်တယ်။ ကဲပါ... ထားလိုက်ပါတော့၊ နင်လည်း ယုန်တွေကို မမြင်မိဘူးဆိုမှတော့ ပြောပြနေလည်း ဘာထူးတော့မှာလဲ"

ကျန်းကျောက်တိက ပြောပြောဆိုဆိုဖြင့် လှည့်ထွက်ရန် ပြင်လိုက်သည်။

ကျန်းကျောက်တိ၏ စိုးရိမ်ပူပန်နေသော ပုံစံကို မြင်လိုက်ရသဖြင့် ဒုတိယအဒေါ်စူးက သူမ၏စကားကို အနည်းငယ် ယုံကြည်သွားပုံရပြီး ခြံဝင်းထဲမှ ထွက်လာကာ သူမကို ထပ်တားလိုက်ပြန်သည်။

"ဒါဆိုရင်လည်း သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောပြဦးလေ၊ တခြားလူတွေ ကောက်ရသွားတာဆိုရင်လည်း ငါ သူတို့ကို သတိပေးလို့ရတာပေါ့"

"ယုန်တွေ ဟုတ်သားပဲ... နင်တို့ ခြံဝင်းထဲကနေ ယုန်အော်သံ ကြားလိုက်ရသလိုပဲ"

ကျန်းကျောက်တိက နောက်သို့ ပြန်လှည့်ပြီး ခြံဝင်းထဲသို့ ပြေးဝင်သွားတော့သည်။

သူမ၏ အပြုအမူကို မြင်လိုက်ရသဖြင့် ဒုတိယအဒေါ်စူးက လန့်ဖျန့်ကာ အော်ဟစ်ပြီး ကျန်းကျောက်တိ၏နောက်မှ ခပ်သွက်သွက် လိုက်လာခဲ့သည်။

ကျန်းကျောက်တိက မီးဖိုချောင်ထဲသို့ ပြေးဝင်ကာ လိုက်ရှာနေသည်။

အဘွားစူးက အိမ်ထဲမှ ပြေးထွက်လာပြီး ကြက်မွေးတံမြတ်စည်းကို ကောက်ကိုင်ကာ သူမကို လှမ်းရိုက်လိုက်သည်။

"ထွက်သွားစမ်း၊ ငါတို့တွေ အဆက်အဆံ ဖြတ်တောက်ပြီးပြီ မဟုတ်ဘူးလား၊ ငါ့အိမ်ကို နောက်တစ်ခါ ခြေဦးတောင် လှည့်မလာနဲ့"

ကျန်းကျောက်တိအနေဖြင့် အဘွားစူး၏ အရိုက်ကို ခံလိမ့်မည် မဟုတ်ပေ။

သူမက နောက်သို့ ဆုတ်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ကျွန်မ အဒေါ်တို့ကို သတိပေးလိုက်မယ်၊ တကယ်လို့ အဲ့ဒီယုန်နှစ်ကောင်ကို မြင်ရင် ကျွန်မဆီကို ပြန်ပေးလိုက်၊ လုံးဝ မစားမိစေနဲ့"

"ထွက်သွား... ထွက်သွား... နင့်မျက်နှာကို နောက်တစ်ခါ မမြင်ချင်ဘူး"

အဘွားစူးက တတွတ်တွတ် ဆဲဆိုကြိမ်းမောင်းရင်း ကျန်းကျောက်တိကို မောင်းထုတ်ကာ ခြံဝင်းတံခါးကို ဝုန်းခနဲ ဆွဲပိတ်လိုက်သည်။

ဒုတိယအဒေါ်စူးက ကျန်းကျောက်တိ ထွက်သွားသည်ကို တံခါးကြားမှ ချောင်းကြည့်နေပြီးနောက် အဘွားစူးကို လှမ်းပြောလိုက်သည်။

"အမေ... သူ ပြောတာ တကယ်ကြီး ဖြစ်နေမလား၊ တကယ်လို့ အဲ့ဒီယုန်နှစ်ကောင်မှာ ရောဂါရှိနေရင် ကျွန်မတို့ စားလို့မရဘူးလေ"

"သူ အဲ့ဒီလို မပြောရင် ဘယ်သူက သူ့ယုန်တွေကို ပြန်ပေးမှာလဲ"

အဘွားစူးက ဆက်ပြောလိုက်သည်။

"သွား... အဲ့ဒီယုန်နှစ်ကောင်ကို ကြည့်လိုက်လေ၊ အကောင်တွေက တော်တော်လေး ဆူဖြိုးနေတာပါ၊ ဘယ်လိုလုပ်ပြီး ရောဂါရှိနိုင်မှာလဲ"

"အမေ ပြောတာ မှန်တယ်"

ဒုတိယဦးလေးစူးက အိမ်ထဲမှ ထွက်လာရင်း ထောက်ခံလိုက်သည်။

"အဲ့ဒီ သားအမိနှစ်ယောက်က အဲ့ဒီလောက်အထိ စိတ်ကောင်းရှိတဲ့ လူစားမျိုးတွေ မဟုတ်ဘူး။ ပြောရရင်တော့ ငါတို့ ယုန်တွေကို ပြန်ပေးလာအောင် လှည့်စားပြီး ညာပြောနေတာပဲ ဖြစ်ရမယ်"

"ဟုတ်ပ... တကယ်လို့ ရောဂါရှိနေတာဆိုရင် သူတို့ ဒီအတိုင်း လက်လျှော့လိုက်မှာပေါ့၊ ဘာလို့ လိုက်ရှာနေဦးမှာလဲ။ သူက ငါတို့ကို တမင်တကာ ခြောက်လှန့်နေတာ၊ ငါတို့က အကြောက်လွန်ပြီး ရပြီးသား ယုန်တွေကို ပြန်ပေးလိမ့်မယ်လို့ မျှော်လင့်နေတာ ဖြစ်မှာပေါ့၊ တကယ့်ကို အိပ်မက်မက်နေတာပဲ"

အဘွားစူးက လက်ဝှေ့ယမ်းပြလိုက်ရင်း ထပ်ပြောလိုက်သည်။

"ဒုတိယသား... ယုန်တွေကို သတ်လိုက်တော့၊ ဒီနေ့တော့ ငါတို့မိသားစုတစ်စုလုံး အသားစားကြမယ်"

စူးတာ့ပေါင်က လက်ခုပ်တီးကာ ရယ်မောလိုက်သည်။

"ကောင်းလိုက်တာ... ကောင်းလိုက်တာ၊ ငါတို့ ယုန်သား စားရတော့မယ်"

"ရှူး... တိုးတိုးလုပ်စမ်း"

အဖိုးစူးက သူ့နှုတ်ခမ်းနားသို့ လက်ညှိုးကပ်ကာ တိုးတိုးပြောရန် အမူအရာ ပြလိုက်သည်။

"အဲ့ဒီ လိမ္မာပါးနပ်တဲ့ မိန်းမဆိုးနှစ်ယောက်က တော်တော်လေး ရက်စက်ကြမ်းကြုတ်တယ်၊ ငါတို့ တိုးတိုးတိတ်တိတ် စားကြမယ်၊ ဘာပဲလုပ်လုပ် သူတို့ မသိအောင် လုပ်ကြမယ်"

အဘွားစူးက ရွံရှာသော မျက်နှာအမူအရာဖြင့် ဝင်ပြောလိုက်သည်။

"တကယ့် သူရဲဘောကြောင်တဲ့လူအိုကြီးပဲ"

ထိုညတွင် ယုန်နှစ်ကောင်လုံးက စူးမိသားစုဝင်များ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ စူးမိသားစုဝင်များ၏ ဝမ်းဗိုက်များက လုံးဝန်းကာ တင်းကားနေပြီး ခြံဝင်းထဲတွင် ထိုင်ကာ လေညင်းခံရင်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ပိတ်လှောင်နေခဲ့သော မွန်းကျပ်မှုများအားလုံး တစ်စစီ ပျောက်ကွယ်သွားသလို ခံစားနေကြရသည်။

"အား... ကျွန်တော့်ဗိုက်ထဲက တအားနာတယ်"

စူးတာ့ပေါင်က သူ့ဗိုက်ကို ဖိကာ ညည်းညူလိုက်သည်။

"ဗိုက်ထဲက... ဗိုက်ထဲက..."

"အား... ငါ့ဗိုက်... အဲ့ဒီယုန်နှစ်ကောင်က တကယ်ကြီး ရောဂါရှိနေတာများလား။ အိုက်ယား... မိုးနတ်မင်းကြီးရေ... တအား နာလွန်းလို့... ကယ်ပါဦး... ကယ်ကြပါဦး"

စူးတာ့ပေါင်၏ နာကျင်စွာ အော်ဟစ်သံ ထွက်လာပြီးနောက် အဘွားစူးကပါ ထပ်အော်လာပြန်သည်။ ကျန်ရှိနေသော စူးမိသားစုဝင်များလည်း ထိတ်လန့်တုန်လှုပ်သွားကြပြီး ထိုသို့ ကြောက်လန့်မှုကြောင့် သူတို့ထံတွင်လည်း ရောဂါလက္ခဏာများ ချက်ချင်း ပေါ်လာတော့သည်။

ထို့နောက် မိသားစုဝင်ငါးယောက်လုံးက နာကျင်မှုကြောင့် တအီးအီး တအင်းအင်း ညည်းညူနေကြရသည်။

ဒုတိယဦးလေးစူးက ယောက်ျားရင့်မကြီး ဖြစ်သောကြောင့် အားယူကာ အိမ်ရှေ့တံခါးဝအထိ တွားသွားနိုင်ခဲ့သည်။ သူ တံခါးဖွင့်လိုက်ချိန်တွင် စူးယောင်ကွမ်းတစ်ယောက် လမ်းလျှောက်လာသည်ကို လှမ်းမြင်လိုက်ရသဖြင့် အော်ဟစ်အကူအညီတောင်းလိုက်သည်။

"ယောင်ကွမ်း... ကူညီ... ငါတို့ကို ကူညီပါဦး"

စူးယောင်ကွမ်းက ထိုလမ်းမှ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်လျှောက်လာသည့် ပုံစံမျိုး ဟန်ဆောင်ထားပြီး ဒုတိယဦးလေးစူး၏ အခြေအနေကို ယခုမှ မြင်လိုက်ဟန်ဖြင့် အံ့အားသင့်သွားသလို လှမ်းမေးလိုက်သည်။

"ဒုတိယဦးလေးစူး... ဘာဖြစ်လို့လဲဟင်"

"ငါ... ငါ နေလို့ မကောင်းလို့ပါ၊ ငါ့အတွက် ဆေးဆရာတစ်ယောက်လောက် သွားခေါ်ပေးပါ"

ယခုအချိန်တွင် သူက သူတစ်ပါး၏ အကူအညီကို လိုအပ်နေပြီဖြစ်ရာ မာန်မာနထောင်လွှားရဲခြင်း မရှိတော့ဘဲ ခေါင်းငုံ့ကာ တောင်းပန်တိုးလျှိုးနေရသည်။

စူးယောင်ကွမ်းက ဒုတိယဦးလေးစူးကို တစ်ကိုယ်လုံး အကဲခတ်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

"ဦးလေးရဲ့ လက္ခဏာတွေက အဆိပ်မိထားတဲ့ပုံစံပဲ။ ကျွန်မတို့ဆီက ရောဂါရှိတဲ့ ယုန်နှစ်ကောင် ပျောက်သွားတာ၊ ဦးလေးတို့ ဖမ်းစားလိုက်တာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး... ငါ ယုန်လည်း မစားမိဘူး။ ရုတ်တရက်ကြီး ဗိုက်ထဲက အောင့်လာတာ၊ အအေးမိသွားတာ ထင်တယ်"

ဦးလေးစူးက မာန်တင်းကာ ငြင်းဆန်လိုက်သေးသည်။

"အော်... အအေးမိသွားရုံပဲလား၊ ဒါဆိုရင်တော့ လောစရာ မလိုဘူး၊ ခဏနေမှ ဦးလေးလင်းဆီ သွားပြလိုက်လို့ ရတယ်လေ။ ကျွန်မရဲ့ ကိစ္စက ပိုအရေးကြီးနေတာ။ ကျွန်မတို့ရဲ့ ပျောက်သွားတဲ့ ယုန်နှစ်ကောင်က ရောဂါ တအားပြင်းနေတာ၊ တကယ်လို့ တစ်ယောက်ယောက်က စားမိရင် အသက်အန္တရာယ် ရှိနိုင်တယ်။ အဲ့ဒါကြောင့် ကျွန်မ အမြန်လိုက်ရှာမှ ဖြစ်မယ်၊ အဲ့နှစ်ကောင်ကို စားမိလို့ကတော့ တကယ့်ကို အပြစ်ကြီးလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့အပြစ်တော့ မဟုတ်ပါဘူးလေ၊ ကျွန်မတို့က ခြံတံခါးကိုလည်း သေသေချာချာ သော့ခတ်ထားတာ၊ လှောင်အိမ်တွေကိုလည်း သေချာ ပိတ်ထားတာပဲ။ ဘယ်က ဆိုးသွမ်းတဲ့ကလေးက ဝင်ခိုးသွားလဲမသိဘူး။ ဒီဘက်ခေတ် ကလေးတွေကတော့ ကမ္ဘာကြီးရဲ့ ကြီးမားမှုကို တကယ် မသိကြဘူးပဲ"

"တူမလေး... တူမလေး... ကယ်ပါဦး၊ နောက်ကျသွားရင် ငါတို့အားလုံး သေကုန်လိမ့်မယ်"

ဦးလေးစူးက စူးယောင်ကွမ်း၏ စကားကို လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

"အအေးမိရုံနဲ့တော့ လူ မသေနိုင်ပါဘူး၊ သမီး ယုန်တွေပဲ သွားရှာတော့မယ်"

"ငါတို့ အဲ့ဒီယုန်တွေကို စားလိုက်ပြီ"

ဒုတိယအဒေါ်စူးက အော်ဟစ်လိုက်သည်။

"မရှာနဲ့တော့... ငါတို့ စားလိုက်ပြီ"

"ငါတို့ကို ကယ်ပါဦး၊ နင် ငါတို့ကို မကယ်ရင် လူသတ်မှုနဲ့ တရားစွဲမှာနော်"

အဘွားစူးကလည်း အော်ဟစ်ခြိမ်းခြောက်နေသည်။

"ခုနတင် ကျွန်မအမေ လာမေးတော့ အဒေါ်တို့ ဘာမှ မစားဘူးလို့ ပြောခဲ့တယ်လေ၊ အခုကျတော့ ဆေးဆရာ ခေါ်ခိုင်းဖို့အတွက် ကျွန်မကို ဒီလိုမျိုး လိမ်ညာလှည့်စားနေကြပြန်ပြီ"

စူးယောင်ကွမ်းက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"ငါတို့ တကယ် စားလိုက်တာပါ၊ တာ့ပေါင်က ဆိုးသွမ်းလို့ နင်တို့အိမ်ထဲ ခိုးဝင်ပြီး ယုန်တွေကို ဖမ်းခဲ့လာတာ"

အဖိုးစူးက မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း စူးယောင်ကွမ်းထံ လက်ကမ်းကာ တောင်းပန်လိုက်သည်။

"ယောင်ကွမ်း... ငါတို့ကို ကယ်ပါဦး"

စူးတာ့ပေါင်ကလည်း နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုနေသည်။

"အမေက ငါ့ကို သွားဖမ်းခိုင်းတာ၊ နင်တို့ အိမ်မှာ ယုန်တွေ ရှိတယ်၊ ဖမ်းလာရင် အသားစားရမယ်လို့ ပြောတာ... အား... ဗိုက်ထဲက တအားနာနေပြီ... ငါ မသေချင်သေးဘူး"

"နင် မယုံရင် ခြံဝင်းထောင့်ကို သွားကြည့်လိုက်၊ ငါတို့ အရိုးတွေကို အဲ့ဒီမှာ လွှင့်ပစ်ထားတယ်"

ဦးလေးစူးက ဆက်ပြောလိုက်သည်။

"မြန်မြန်လေး ကယ်ပါဦး၊ ငါတို့ သေတော့မယ်"

"ယုန်နှစ်ကောင်... ငွေနှစ်လျန်"

စူးယောင်ကွမ်းက လက်ဝါးလေး ဖြန့်ပြလိုက်ရင်း ပြန်ပြောလိုက်သည်။

"ငွေ ပေးရင် ကျွန်မ ဦးလေးတို့အတွက် ဆေးဆရာ သွားခေါ်ပေးမယ်"

"နင် ရူးနေလား၊ အဲ့ဒီယုန်တွေက ငွေနှစ်တုံး မတန်တာကို ထားလိုက်ဦး၊ ဒါတွေက ရောဂါရှိတဲ့ ယုန်တွေလေ။ ငါတို့က နင့်ကို လျော်ကြေးတောင်းရမှာကို နင်က ဘာလို့ ငါတို့ဆီက ငွေပြန်တောင်းနေတာလဲ"

"ယုန်တွေက ရောဂါရှိပေမဲ့ ကျွန်မတို့က ယုန်တွေကို ဆေးကုပေးနေတာလေ၊ ပြန်ကောင်းလာနိုင်တာပဲ။ ဦးလေးတို့က ကျွန်မတို့ရဲ့ ယုန်တွေကို ဖမ်းစားလိုက်တာဆိုတော့ လျော်ကြေးပေးရမှာပေါ့။ အဲ့ဒါအပြင် စူးတာ့ပေါင်ကို ကျွန်မတို့အိမ်ထဲ ခိုးဝင်ခိုင်းတယ်ဆိုတာ ခုနကတင် ဝန်ခံလိုက်ပြီ။ ဒါဆိုရင် နောက်တစ်ချိန်ကျရင် ကျွန်မတို့အိမ်က တခြားပစ္စည်းတွေကိုပါ ခိုးဦးမယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား၊ ရှင်တို့ အသက်ရှင်ချင်လား၊ ငွေကိုပဲ မက်နေချင်လားဆိုတာ သေသေချာချာ စဉ်းစားဖို့ အကြံပေးပါရစေ။ တကယ်လို့ ငွေမပေးရင် ကျွန်မလည်း ဂရုမစိုက်တော့ဘူး။ ကျွန်မတို့ ယုန်တွေကို ခိုးစားတာဆိုတော့ သေတာလည်း ထိုက်တန်တာပဲ"

စူးယောင်ကွမ်းက လှည့်ထွက်သွားမည့် အမူအရာမျိုး လုပ်လိုက်သည်။

"ဟေ့... ငွေပေးမယ်၊ ငါတို့အသက်ကို ကယ်ပေး"

အဖိုးစူးက စူးယောင်ကွမ်းကို တားဆီးလိုက်ရင်း သူ့ဇနီးကိုပါ အော်ဟစ်လိုက်သည်။

"အဖွားကြီး... ငါတို့ သေသွားရင်တောင် သူက အိမ်ထဲဝင်ပြီး ငွေရှာဦးမှာပဲ၊ သူ့ကို ငွေပေးလိုက်စမ်းပါကွာ"

အဘွားစူးက နာကျင်လွန်းသဖြင့် အော်ဟစ်နေရသော်လည်း ဤအချိန်တွင် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ငွေထုတ်ပေးရန် အိမ်ထဲသို့ ကြိုးကြိုးစားစား တွားသွားဝင်သွားခဲ့သည်။ သူမ စူးယောင်ကွမ်းထံ ငွေအပ်နှံလိုက်ချိန်တွင် သူမ၏ မျက်လုံးများက လူကို အစိမ်းလိုက် ဝါးမြိုပစ်မတတ် ခက်ထန်ကြမ်းကြုတ်နေသည်။

"ကျွန်မကို နောက်ထပ် ကြေးပြားတစ်ရာ ထပ်ပေးရင် ဆေးကို တန်းပေးလိုက်မယ်"

စူးယောင်ကွမ်းက လက်ကလေးကို ထပ်ဖြန့်ရင်း ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ ရှင်တို့ ကျွန်မကို မယုံရင်လည်း ရပါတယ်၊ ကျွန်မ ဆေးဆရာဆီ သွားပေးဖို့ ရှင်တို့ရဲ့ အခိုင်းအစေ လုပ်ပေးနိုင်တယ်၊ ဒါပေမဲ့ လမ်းစရိတ်အတွက် ကြေးပြားနှစ်ဆယ် ပေးရမယ်"

All Chapters