← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂ ရယ်မောစရာ

ဦးလေးစူးနှစ်က အော်ဟစ်ငိုယိုရင်း ဝင်ပြောလိုက်သည်။

"အမေ... ကျွန်တော် တောင့်မခံနိုင်တော့ဘူး၊ သူ့ကို မြန်မြန်ပေးလိုက်ပါတော့"

အဘိုးစူးကလည်း မျက်နှာတစ်ပြင်လုံး သွေးမရှိသလို ဖြူဖျော့နေပြီး ဗိုက်ကို ဖိကာ နာကျင်ဟန်ဆောင်လိုက်သည်။

"အဖွားကြီး... ငါတို့ ငွေနှစ်လျန်တောင် ပေးပြီးပြီပဲ၊ ကြေးပြားတစ်ရာ ထပ်ပေးလိုက်လို့ ဘာမှ ထူးမသွားပါဘူး။ အား... ငါ သေတော့မယ်... သေတော့မယ်"

"အဖွား... ကျွန်တော် မသေချင်သေးဘူး၊ အီး ဟီး... နောက်ဆို ယုန်သား လုံးဝ မစားတော့ဘူး"

စူးတာ့ပေါင်ကလည်း သည်းသည်းမည်းမည်း ငိုကြွေးနေရှာသည်။

အဘွားစူးကလည်း ဗိုက်ကို ဖိထားရင်း တုန်တုန်ယင်ယင်ဖြင့် ကြေးပြားတွဲကို ထုတ်ပေးလိုက်ရင်း ကျိန်ဆဲနေလေသည်။

"ဒုတိယချွေးမ... နင်... နင့်လို အခိုးအဝှက် ဝါသနာပါတဲ့ မိန်းမယုတ်၊ ဘာလို့ တာ့ပေါင်ကို ယုန်သွားခိုးဖို့ မြှောက်ပင့်ပေးရတာလဲ၊ မိန်းမယုတ်မ... ဒီလ မဟုတ်သေးဘူး... နောက်နှစ်လအထိ နင် ထမင်းဝိုင်းမှာ လာမထိုင်နဲ့တော့။ အား... နာလိုက်တာ"

ယခုအချိန်တွင် သူမ၏ ဗိုက်က နာကျင်နေသော်လည်း ရင်ဘတ်ကတော့ ဗိုက်ထက်ပင် ပိုအောင့်သက်သက် ဖြစ်နေချေပြီ။

‘ဒီယုန်နှစ်ကောင်အတွက်နဲ့ ငွေနှစ်လျန်တင်မက ကြေးပြားတစ်ရာတောင် ကုန်သွားရပြီ၊ ဒီလောက်ဆို ယုန်တွေ ဘယ်နှစ်ကောင်တောင် စားလို့ ရမှာတုန်း’

ငွေကို ယူလိုက်ပြီးနောက် စူးယောင်ကွမ်းက အလေးချိန်ကို လက်ဖြင့် ဆကြည့်နေရင်း အပြင်သို့ လှည့်ထွက်သွားတော့သည်။

"ဆေးက ဘယ်မှာလဲ၊ ငါတို့ကို ဆေးမြန်မြန်ပေးဦးလေ"

သူမ ထွက်သွားတော့မည့်အမူအရာကို မြင်လိုက်ရသဖြင့် အဘွားစူးက သူမကို လှမ်းဆွဲရန် ပြင်လိုက်သော်လည်း စူးယောင်ကွမ်းက ပါးနပ်စွာ ရှောင်တိမ်းလိုက်သည်။

စူးယောင်ကွမ်းက သူမ၏ နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ထားရင်း ရယ်မောကာ ပြန်ပြောလိုက်သည်။

"ဒီလောက် အသေးအဖွဲ ရောဂါက ဆေးသောက်နေစရာ မလိုပါဘူး။ အိမ်သာထဲကိုသာ ပြေးသွားလိုက်ကြစမ်းပါ။ မြန်မြန်သွားနော်၊ တော်ကြာ ဘောင်းဘီထဲ ထွက်ကျကုန်ဦးမယ်"

"ဒါဆိုရင် နင်က ဘာလို့ ငါတို့ဆီက ကြေးပြားတစ်ရာ တောင်းရတာလဲ"

အဘွားစူး၏ မျက်လုံးအစုံက ခက်ထန်ကြမ်းကြုတ်လာပြီး စူးယောင်ကွမ်းကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"နည်းလမ်းက ရိုးရှင်းပေမဲ့ ဒါကလည်း ဆေးနည်းတစ်ခုပဲလေ။ ရှင်တို့ သမားတော်ဆီ သွားပြရင်လည်း စမ်းသပ်ခနဲ့ ဆေးညွှန်းအတွက် အခကြေးငွေ ပေးရတာပဲ မဟုတ်ဘူးလား"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

"ကျွန်မ သွားပြီနော်၊ အဖွားတို့ အေးအေးဆေးဆေး နေခဲ့ကြပါဦး"

"စူးယောင်ကွမ်း... နင့်လို ကောင်မစုတ်၊ အား... နင့်ကို ငါ ဒီအတိုင်း လွှတ်မထားဘူး၊ အား..."

စူးယောင်ကွမ်းကတော့ ဒုတိယဦးလေးစူး၏ ခြံဝင်းအတွင်းမှ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဝင့်ကြွားစွာ ထွက်ခွာလာခဲ့သည်။

သူမ အိမ်အချို့ကို ဖြတ်လျှောက်လာချိန်တွင် လူရိပ်အချို့ လှုပ်ရှားသွားပြီး သူမ အတန်ငယ် ဝေးကွာသွားမှသာ အပြင်သို့ ထွက်လာကြသည်။ ထိုလူများအားလုံးက ဝေးကွာသွားသော သူမ၏ ကျောပြင်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြသည်။

"တွေ့လိုက်ကြလား၊ ဒီကောင်မလေးက အရမ်းအန္တရယ်များတယ်၊ သူ့ကို သွားမစနဲ့"

"ငါတို့က သူတို့အမေနဲ့ သမီးအပေါ် ဘာရန်ငြိုးရန်စမှ မရှိတာ။ ဘာကိစ္စ သွားစရမှာလဲ၊ ဒါပေမဲ့ ဒီကောင်မလေးက တကယ်ကို ကြောက်စရာကောင်းတာပဲ"

စူးယောင်ကွမ်းက အိမ်ပြန်ရောက်သည်နှင့် ရလာသော ငွေများကို ကျန်းကျောက်တိထံ အပ်နှံလိုက်သည်။

ကျန်းကျောက်တိက ငွေသေတ္တာလေးကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး အပြုံးမျက်နှာဖြင့် ပြောလိုက်သည်။

"နောက်တစ်ခါ ငါတို့အိမ်က ပစ္စည်းတွေကို ခိုးရဲဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့။ ငါ့သမီးကတော့ တကယ့်ကို ပါးနပ်လွန်းတယ်"

"အမေ... ဒီသေတ္တာကို သေသေချာချာ ဝှက်ထားရမယ်နော်။ သမီးတို့အိမ်က အရမ်းပျက်စီးနေပြီ။ တကယ်လို့ သူခိုး ဝင်လာရင် အကုန်လုံးကို လိုက်ကာကွယ်ဖို့ မလွယ်တော့ဘူး။ သမီးအထင်တော့ ဒီငွေတွေကို သေတ္တာလေးတွေ ခွဲပြီး တစ်နေရာတည်းမှာ မထားဘဲ ခွဲသိမ်းထားတာ ပိုကောင်းမယ် ထင်တယ်"

"ဟုတ်တယ်... ဟုတ်တယ်၊ ငါ သေတ္တာလေးတွေ အများကြီး ခွဲပြီး နေရာအနှံ့ ဝှက်ထားလိုက်မယ်"

ကျန်းကျောက်တိက ဆက်ပြောလိုက်သည်။

"ငါတို့ ငွေတွေ ထပ်ရှာနိုင်ရင် အိမ်ကြီးအိမ်ကောင်းတစ်လုံး ဆောက်ကြတာပေါ့"

"အမေ.... သမီးတို့ ငွေတွေ အများကြီး ထပ်ရှာပြီးရင် မြို့ထဲမှာ အိမ်တစ်လုံး သွားငှားကြရအောင်၊ အဲ့ဒီလိုဆိုရင် မကောင်းတဲ့ ဆွေးမျိုးတွေနဲ့လည်း ဝေးသွားပြီး ဒီလို ပြဿနာတွေလည်း ရှိတော့မှာ မဟုတ်ဘူး"

စူးယောင်ကွမ်းက ထပ်ရှင်းပြနေသည်။

"မြို့ထဲမှာ အိမ်ငှားနိုင်ရင် သမီးတို့ အဲ့ဒီမှာ စီးပွားရေး လုပ်လို့ ရတယ်။ ဒါပေမဲ့ ဒီငွေလောက်နဲ့တော့ မလုံလောက်သေးဘူး၊ အရှေ့မှာ ဆိုင်ခန်းဖွင့်ပြီး အနောက်ဘက်မှာ လူ နေလို့ရမယ့် နေရာကောင်းကောင်းမျိုးလေး ငှားချင်တာ"

"အဲ့ဒါဆို ဘယ်လောက်တောင် ကုန်မှာလဲ"

ကျန်းကျောက်တိက ဆက်မေးလိုက်သည်။

"ပြီးတော့ ငါတို့တွေရဲ့ လယ်ကွင်းတွေကိုရော ဘယ်လိုလုပ်မှာလဲ"

"ငွေရှာနိုင်သရွေ့တော့ ဒီလယ်ကွက်လေးကို ဈေးအပေါဆုံးနဲ့ ရောင်းပစ်လိုက်လို့ ရပါတယ် အမေရယ်။ သမီးတို့က မိန်းမသား နှစ်ယောက်တည်းလေ၊ တစ်သက်လုံး လယ်စိုက်နေလို့ မဖြစ်ဘူး။ အသက်မွေးဝမ်းကျောင်းအတွက် တခြားနည်းလမ်း ရှာရမယ်"

နောက်တစ်နေ့ နံနက်တွင် စူးယောင်ကွမ်းက မြို့ထဲသို့ သွားရန်အတွက် နွားလှည်းတစ်စီး ငှားလိုက်သည်။ ယနေ့က ဈေးနေ့မဟုတ်သဖြင့် မြို့ထဲသို့ သွားရန် လှည်းတစ်စီးကို သီးသန့် ငှားရမ်းခဲ့ရခြင်း ဖြစ်သည်။

သူမ အဝတ်အထည်ဆိုင်သို့ ရောက်ရှိလာချိန်တွင် ချွမ်းအော်က သက်ပြင်းတရှိုက်ရှိုက် ချနေချေပြီ။ သူမ ဝင်လာသည်ကို မြင်သောအခါ ချွမ်းအော်က အမြန် ကြိုဆိုလိုက်သည်။

"တကယ် အားနာဖို့ကောင်းလိုက်တာ ညီမလေးရယ်၊ ငါ့ဝမ်းကွဲညီမလေးရဲ့ မင်္ဂလာပွဲက ပျက်သွားပြီ။ နင် အလကားသက်သက် ခရီးပန်းရတဲ့အတွက် အစ်မ စိတ်မကောင်းပါဘူး"

"ဘာဖြစ်သွားတာလဲဟင်"

စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။

"မပြောချင်တော့ပါဘူးဟယ်"

ထိုသို့ပြောလိုက်သော်လည်း ချွမ်းအော်က သက်ပြင်းချရင်း ဆက်ပြောနေသည်။

"ဒီနေ့ လက်ထပ်ရမှာကို သတို့သားက မနေ့ညက မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ ရောက်လာခဲ့တယ်။ တကယ့်ကို ဒေါသထွက်ဖို့ ကောင်းလိုက်တာ"

"အစ်မလည်း စိတ်မဆိုးပါနဲ့ဦး၊ တစ်ခုခု နားလည်မှုလွဲတာများ ရှိလို့လား"

"ဘာကို နားလည်မှုလွဲရမှာလဲ၊ ငါတို့ရဲ့ ဝမ်းကွဲညီမလေးက ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက မျက်နှာမှာ ဝက်ခြံတွေ အများကြီး ထွက်နေတာ။ သတို့သားဘက်က အဲ့ဒါကို ကြားသွားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့သူကို မယူချင်လို့ ဆိုပြီး မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာတဲ့"

"သမားတော်နဲ့ မပြကြည့်ဘူးလားဟင်"

"သမားတော်က စစ်ဆေးပြီး ဆေးနည်းတစ်ခု ပေးခဲ့တယ်။ ဆေးကတော့ အာနိသင် ပြပါတယ်၊ ဒါပေမယ့် ဆိုတာက ဝက်ခြံတွေ ပျောက်သွားတာတောင် မျက်နှာပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့ပြီး လုံးဝ မပျောက်တော့ဘူး။ အရင်ကဆို ငါ့ဝမ်းကွဲလေးက တော်တော်လေး ချောတဲ့ မိန်းကလေးပါဟယ်၊ အခုတော့ အဲ့ဒီအမာရွတ်တွေကြောင့် ကျောက်ပေါက်မာတွေ ရှိနေတဲ့အတိုင်းပဲ။ ငါက နင့်ရဲ့ ခြယ်သတဲ့ ပညာနဲ့ အမာရွတ်တွေကို ဖုံးကွယ်ပေးပြီး သူ့ကို လှပတဲ့ သတို့သမီးလေး ဖြစ်အောင် လုပ်ပေးနိုင်မလားလို့ မျှော်လင့်ထားတာ၊ အခုတော့ အားလုံး နောက်ကျသွားပြီပေါ့"

စူးယောင်ကွမ်းက ချွမ်းအော်ကို ခေတ္တမျှ နှစ်သိမ့်ပေးလိုက်ပြီးနောက် ဤခရီးစဉ် အလဟဿ မဖြစ်စေရန် စာအုပ်ဆိုင်သို့ သွားပြီး စာအုပ်အချို့ ရွေးချယ်လိုက်သည်။ သူမက ဆေးပညာဆိုင်ရာ စာအုပ်အချို့ကို ရွေးချယ်ခဲ့ပြီး ဆေးပညာဗဟုသုတများနှင့် ပေါင်းစပ်ကာ အလှကုန်နှင့် အရေပြားထိန်းသိမ်းမှုဆိုင်ရာ ဆေးအဆီအချို့ ဖော်စပ်ရန် ရည်ရွယ်ထားခဲ့သည်။

"တကယ့်ကို သနားစရာကောင်းတဲ့ ကောင်မလေးပဲ၊ အရွယ်လေးက ငယ်ငယ်လေးရှိသေးတာကို အဖေဖြစ်သူကို သင်္ဂြိုဟ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ရောင်းနေရရှာတယ်၊ အရမ်း သနားဖို့ကောင်းတာပဲ"

"အစ်ကိုလီ... မင်းက ချမ်းသာတာပဲ၊ သူ့ကို ဝယ်လိုက်ပါလား"

"ဒီလောက် ရုပ်ဆိုးတာ၊ ဝယ်ပြီး ဘာသွားလုပ်ရမှာလဲ"

စူးယောင်ကွမ်း စာအုပ်ဆိုင်ထဲမှ ထွက်လာချိန်တွင် လူအများအပြား စုအုံနေသည်ကို လှမ်းမြင်လိုက်ရသည်။ လူအများ၏ စကားပြောသံများမှတစ်ဆင့် အကြောင်းအရင်းကို သိလိုက်ရသောကြောင့် သူမလည်း သွားစပ်စုလိုက်သည်။

ပိန်ပိန်ပါးပါး မိန်းကလေးတစ်ဦးက ထိုနေရာတွင် ဒူးထောက်နေပြီး သူမ၏ ဆံပင်များကြားတွင် မြက်ပင်တစ်ပင် ထိုးစိုက်ထားသည်။ သူမ၏ နောက်ကျောဘက်တွင်လည်း စုတ်ပြတ်နေသော ဖျာလိပ်တစ်ခု ရှိနေပြီး ဖျာလိပ်အပြင်ဘက်သို့ ထွက်နေသော ခြေထောက်များကို ကြည့်ခြင်းအားဖြင့် ထိုနေရာတွင် အလောင်းတစ်လောင်း ရှိနေသည်မှာ ထင်ရှားနေသည်။

မိန်းကလေးက ခေါင်းငုံ့ထားသော်လည်း သူမ၏ မျက်နှာတစ်ခြမ်းလုံးရှိ မွေးရာပါ အမှတ်ကြီးက ထင်ရှားလွန်းနေပြီး အတော်လေး ကြောက်စရာကောင်းနေ၏။

"ရုပ်ဆိုးလွန်းတယ်၊ ဘယ်သူက ဝယ်မှာလဲ"

"ဟုတ်တယ်"

မိန်းကလေး၏ ရှေ့တွင် "အဖေ့ကို သင်္ဂြိုဟ်ရန် ကိုယ့်ကိုယ်ကိုယ် ရောင်းပါမည်" ဟု စာလုံးကြီးကြီးဖြင့် ရေးသားထားပြီး အောက်တွင်တော့ သူမကိုယ်သူမ မိတ်ဆက်ထားသည့် စာတန်းအသေးလေး ရှိနေသေးသည်။ ထိုမိန်းကလေး ရေးသားထားသော စာသားများထဲမှ "ဆေးပညာ နားလည်ပါသည်" ဟူသော စကားလုံးကို မြင်လိုက်ရသောကြောင့် စူးယောင်ကွမ်း အံ့အားသင့်သွားခဲ့ရသည်။

ထိုလက်ရေးများက သူမအတွက် ရင်းနှီးနေသလို ထိုကိုယ်ရေးအကျဉ်းကလည်း ရင်းနှီးနေခဲ့သည်။

'ဒီလက်ရေးက... '

"ခေါင်းလေး နည်းနည်း မော့ပြလို့ ရမလား"

စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။

"အိုက်ယား... မိန်းကလေးရယ်၊ နင်ကိုယ်တိုင် မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဘာလို့ သူ့ကို ခေါင်းမော့ခိုင်းနေရတာလဲ။ နင်... သူ့ကို ဝယ်မလို့လား"

"သူ ခေါင်းမမော့ရင်တောင် မျက်နှာက တကယ်ကို ရုပ်ဆိုးလွန်းမှန်း သိသာနေတာပဲဟာကို"

ထိုမိန်းကလေးက စူးယောင်ကွမ်း၏ အသံကို ကြားသွားပြီး ခေါင်းမော့ကြည့်လာသည်။ သူမ၏ မျက်နှာတစ်ခြမ်းက ဖြူစင်ဝင်းပနေပြီး ကျန်မျက်နှာတစ်ခြမ်းလုံးကတော့ မည်းနက်သော မွေးရာပါအမှတ်ကြီး ဖုံးလွှမ်းနေသည်။

ထိုမျက်နှာက စူးယောင်ကွမ်း၏ မျက်ဝန်းအစုံတွင် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွားစေခဲ့သည်။

‘တကယ်ကို သူမပဲ’

‘အတိတ်ဘဝတုန်းက ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်း 'ကျန်းကျင့်'ပဲ’

သူမ၏ ယခင်ဘဝ ကျန်းကျင့်နှင့် ဆုံတွေ့ချိန်တွင် သူမက ထိပ်တန်းပညာရှင်၏ ဇနီးဖြစ်နေပြီ ဖြစ်သလို ကျန်းကျင့်ကလည်း နာမည်ကျော် အမျိုးသမီးသမားတော်တစ်ဦး ဖြစ်နေခဲ့ချေပြီ။ ထိုစဉ်က ကျန်းကျင့်က သူမ၏ ခက်ခဲကြမ်းတမ်းခဲ့သော အတိတ်များကို ပြောပြဖူးသော်လည်း အဖေကို သင်္ဂြိုဟ်ရန် သူမကိုယ်သူမ ပြန်ရောင်းခဲ့ရသည့် အကြောင်းကိုတော့ ထည့်မပြောခဲ့ဖူးချေ။

အတိတ်ဘဝတွင် သူမကလည်း ရှောင်းယန်ချီ၏ အရေးကိစ္စများကိုသာ အာရုံစိုက်ပြီး အလုပ်များနေခဲ့သဖြင့် ကျန်းကျင့်နှင့် ကြိုတင်မဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

'ဒီဘဝမှာတော့ အရာအားလုံးက အရင်ထက် အများကြီး စောပြီး ဖြစ်ပျက်နေပါလား'

"ငါ နင့်ရဲ့ အဖေကို သင်္ဂြိုဟ်ဖို့ ကူညီပေးမယ်၊ နင် ငါနဲ့အတူ လိုက်ခဲ့မလား"

စူးယောင်ကွမ်းက ကမ်းလှမ်းလိုက်သည်။

ကျန်းကျင့်က သူမကို ဦးချကာ ဂါရဝပြုလိုက်သည်။

"ကျေးဇူးကြီးမားလှပါတယ်... ကျေးဇူးရှင်မလေး"

"ဒူးမထောက်ပါနဲ့၊ မြန်မြန် ထပါ"

စူးယောင်ကွမ်းက ကျန်းကျင့်ကို တွဲထူလိုက်ရင်း မေးလိုက်သည်။

"နင့်အဖေကို ဘယ်နေရာမှာ သင်္ဂြိုဟ်ဖို့ စိတ်ကူးထားလဲ"

"ကျွန်မတို့က ဒုက္ခသည်တွေဆိုတော့ အိမ်လည်းမရှိ၊ ပြန်စရာနေရာလည်း မရှိပါဘူး။ အခုအချိန်မှာ ကျွန်မ ဆန္ဒရှိတာက ကျွန်မရဲ့အဖေကို အေးအေးချမ်းချမ်း အနားယူခွင့်ပေးချင်တာပါ"

ကျန်းကျင့်၏ မျက်လုံးအစုံက နီမြန်းနေရှာသည်။

"ဘယ်နေရာမှာ သင်္ဂြိုဟ်မယ်ဆိုတာက အရေးမကြီးပါဘူး"

စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့နှစ်ဦးစလုံးက မိန်းကလေးများ ဖြစ်ကြသဖြင့် သူမတို့နှစ်ယောက်တည်းနှင့် ခေါင်းတလား ပြင်ဆင်ရန် အဆင်မပြေ ဖြစ်နေရသည်။ ထို့ကြောင့် နာရေးဆိုင်မှ ခေါင်းတလားတစ်ခုကို ငွေပေးဝယ်ယူလိုက်ပြီး ကျန်းကျင့်၏ အဖေအား မြှုပ်နှံရန် ဈာပနအခမ်းအနား ပြုလုပ်ပေးသည့် အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းလိုက်သည်။

ထိုအရေးကိစ္စများ အားလုံး ပြီးစီးသွားချိန်တွင် မိုးချုပ်လုနီးပြီဖြစ်သဖြင့် မြို့ထဲသို့ ခပ်သွက်သွက် ပြန်လာခဲ့ကြသည်။ ကျန်းကျင့်က ကွယ်လွန်သူဖခင်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ပြီးနောက် စူးယောင်ကွမ်းက သူမကို မြို့ထဲသို့ ပြန်ခေါ်လာခဲ့ပြီး ထိုမှတဆင့် ရွာသို့ ပြန်ရန် မြင်းလှည်းတစ်စီး ငှားယမ်းလိုက်သည်။

"ကျေးဇူးရှင်မလေးရဲ့ ကရုဏာက အတိုင်းအဆမရှိ ကြီးမားလွန်းပါတယ်။ ကျန်းကျင့်အနေနဲ့ အစေခံတစ်ယောက်အဖြစ် ခစားပြီး အလုပ်အကျွေး ပြုတာကလွဲလို့ တခြားပြန်ဆပ်ဖို့ နည်းလမ်းမရှိတော့ပါဘူး။ အခုကစပြီး ကျေးဇူးရှင်မလေးကို ကျန်းကျင့်ရဲ့ သခင်မ ဖြစ်ပြီး ကျန်းကျင့်က ကျေးဇူးရှင်မလေးရဲ့ အစေခံပါပဲ"

ကျန်းကျင့်က မြင်းလှည်းအတွင်း၌ ဒူးထောက်ကာ ထပ်ပြောနေသည်။

"ဘာသခင်၊ ဘာအစေခံလဲ... ငါ အဲ့ဒါတွေကို စိတ်မဝင်စားပါဘူး။ နင်ရဲ့ မိဘအပေါ် သိတတ်မှုကို မြင်ရပြီး စိတ်သဘောထားမကောင်းတဲ့ လူတွေလက်ထဲ ပါသွားမှာကို မမြင်ရက်လို့ ကူညီပေးချင်ရုံတင်ပါ။ နင့်မှာ သွားစရာနေရာ မရှိရင် ငါ့အိမ်မှာပဲ နေပေါ့၊ အခုကစပြီး ငါတို့တွေ ညီအစ်မလို နေကြမယ်။ နင်က ငါ့ထက် ငယ်ပုံရတော့ ငါက နင့်ကို ညီမလေးလို့ပဲ ခေါ်မယ်နော်။ အရင်နှစ်တွေတုန်းက ငါတို့မိသားစုမှာလည်း အမေနဲ့ငါ နှစ်ယောက်တည်း အပြန်အလှန် အားကိုးပြီး ရုန်းကန်ခဲ့ရတာ။ နင်တို့ သားအဖရဲ့ အခြေအနေကို မြင်တော့ ငါ့ရင်ထဲမှာ တကယ်ကို စာနာစိတ် ဖြစ်မိလို့ပါ"

စူးယောင်ကွမ်းက ကျန်းကျင့်၏ လက်ကို ဆုပ်ကိုင်ရင်း ပြန်ပြောလိုက်သည်။

All Chapters