အခန်း ၅၃
Vol. 6 Ch. 53
အခန်း ၅၃ အကောင်းဆုံးသူငယ်ချင်း
အန်းနင်ရွာ၊ စူးမိသားစုအိမ်....
ကျန်းကျောက်တိက ကျန်းကျင့်ကို အကဲခတ်သလို စိုက်ကြည့်ပြီးနောက် စူးယောင်ကွမ်းကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားကာ တိုးတိုးလေး ပြောနေလေသည်။
"သမီးလေး... ငါတို့ လောလောဆယ် ငွေနည်းနည်း ရှာနိုင်နေပြီဆိုပေမဲ့ ထောက်ပံ့ပေးရမယ့် စာသင်သားတစ်ယောက် ရှိနေသေးတယ်လေ၊ နောက်တစ်ယောက်ကို ကျွေးမွေးဖို့ ဘယ်မှာ ပိုလျှံတဲ့ပိုက်ဆံ ရှိနေလို့လဲ၊ အိမ်ထဲကို လူတွေ အလွယ်တကူ ခေါ်လာတတ်တဲ့ နင့်ရဲ့ဒီအကျင့်ကို ပြောင်းလဲပစ်ရမယ်"
"အမေကလည်း... ကျန်းကျင့်က တကယ် တော်တာပါ။ သူက ဆေးပညာ နားလည်တယ်လေ"
စူးယောင်ကွမ်းက ဆက်ရှင်းပြလိုက်သည်။
"သူ့ရဲ့အကူအညီသာ ရှိရင် သမီးတို့ရဲ့ အရေပြားအလှဆီက ပိုပြီးတော့ ကောင်းမွန်လာမှာ သေချာတယ်"
"သူ့ကို ကြည့်ရတာ နင့်အရွယ်လောက်ပဲ ရှိဦးမှာလေ၊ နင့်ထက်တောင် ငယ်နိုင်သေးတယ်။ ဘယ်လိုလုပ် ဆေးပညာ တတ်မြောက်နိုင်မှာလဲ၊ အလိမ်မခံရစေနဲ့ဦး"
ကျန်းကျောက်တိက မျက်မှောင်ကုတ်ရင်း ဆက်ပြောလိုက်သည်။
"နင် သူ့အကြောင်း ပြောတာကို ငါ ကြားပါတယ်။ သူ့အဖေ နာရေးအတွက် ကူညီခဲ့တဲ့ ငွေတွေကိုလည်း ငါတို့တွေ ပြန်မတောင်းတော့ဘူး။ သူ့ကို သွားခွင့်ပြုလိုက်ပါ၊ သူ သွားချင်တဲ့နေရာ သွားလို့ ရတယ်၊ ဒါပေမဲ့ ငါတို့နဲ့အတူ နေလို့တော့ မဖြစ်ဘူး"
"အမေ... သူက တကယ်ကို တော်တာပါ"
သူမ၏ အတိတ်ဘဝတွင် သူမ ထိပ်တန်းပညာရှင်၏ ဇနီး ဖြစ်ခါစအချိန်တွင် အပြင်းအထန် နာမကျန်းဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က ကျန်းကျင့်သာ သူမကို မကယ်တင်ခဲ့ပါက သူမ ကြာမြင့်စွာကတည်းက သေဆုံးသွားနိုင်သည်။
ထိုအချိန်တုန်းက ကျန်းကျင့်က သူမ အဆိပ်ခတ်ခံထားရကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဘေးနားမှ လူများကို သေချာစုံစမ်းစစ်ဆေးရန် သတိပေးခဲ့ဖူးသည်။ သို့သော် သူမက ရှောင်းယန်ချီကို အလွန်အမင်း ယုံကြည်မိသဖြင့် ထိုအကြောင်းကို သူ့ဆီသို့ အကုန်ပြောပြခဲ့မိသည်။ နောက်တစ်နေ့တွင် ရှောင်းယန်ချီက အိမ်တော်မှ စားဖိုမှူးကို သတ်ပစ်လိုက်သည်။ မူလက ရှောင်းယန်ချီ၏ အစေခံမလေးဖြစ်သူ ထိုစားဖိုမှူး၏သမီးက သူ့ကို မြူဆွယ်ရန် ကြိုးစားသဖြင့် သူ မောင်းထုတ်ခဲ့သောကြောင့် နာကျည်းချက်ဖြင့် အစားအစာထဲ အဆိပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆင်ခြေပေးခဲ့သည်။
ထို့နောက်တွင် ကျန်းကျင့်က ဆေးကုသပေးရန်အတွက် ရှီကျိုးသို့ ဆင့်ခေါ်ခြင်းခံခဲ့ရသဖြင့် မြို့တော်နှင့် သုံးလတိုင်တိုင် ဝေးကွာသွားခဲ့ရသည်။ ထိုသုံးလအတွင်းမှာပင် စူးယောင်ကွမ်း၏ ရောဂါအခြေအနေက ပိုမိုဆိုးရွားလာခဲ့ပြီး သူမ မသေဆုံးမီအချိန်လေးမှသာ ရှောင်းယန်ချီ၏ ရုပ်ဆိုးလှသော အစစ်အမှန်ပုံရိပ်ကို သိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်များအပြင် မျိုးရိုးမြင့်သခင်မတစ်ဦး၏ တည်ခင်းဧည့်ခံပွဲတွင် သူမ ဆေးခတ်ခံရစဉ်ကလည်း ကျန်းကျင့်ကသာ ကူညီကုသပေးခဲ့သဖြင့် အရှက်ရစရာ အခြေအနေမှ ကင်းဝေးခဲ့ရဖူးသည်။ ကျန်းကျင့်က သူမအပေါ် ကျေးဇူးတရားများစွာ ရှိခဲ့ဖူးရာ ယခုကဲ့သို့ ကျန်းကျင့် ဒုက္ခရောက်နေသည်ကို မြင်တွေ့ရချိန်၌ သူမအနေဖြင့် ပစ်ပယ်ထားရန် လုံးဝ မဖြစ်နိုင်ချေ။ ၎င်းအပြင် သူမတို့က အတိတ်ဘဝ၌ အကောင်းဆုံးသူငယ်ချင်းများ ဖြစ်ခဲ့ကြသဖြင့် သူမ လျစ်လျူရှုထားရန် ပိုမဖြစ်နိုင်တော့ပေ။
ကျန်းကျင့်က ကျန်းကျောက်တိ၏ ရှေ့တွင် ဒူးထောက်ကာ ဦးချလိုက်ရင်း ဝင်ပြောလိုက်သည်။
"အစ်မယောင်ကွမ်းက ကျွန်မအဖေကို သင်္ဂြိုဟ်ဖို့ ကူညီပေးခဲ့ပါတယ်၊ အဲ့ဒါက ကျွန်မကို ဝယ်ယူလိုက်တာနဲ့ အတူတူပါပဲ။ အခုကစပြီး ကျွန်မက အစ်မယောင်ကွမ်းရဲ့ အစေခံအဖြစ် ခစားပါ့မယ်"
"ငါက အစေခံ မလိုချင်ပါဘူး၊ နင်က ငါ့ရဲ့ ညီမလေးပဲ ဖြစ်ရမယ်"
စူးယောင်ကွမ်းက ကျန်းကျင့်ကို တွဲထူလိုက်ရင်း ပြောလိုက်သည်။
"အမေ... ကြည့်စမ်းပါဦး၊ ရှောင်ကျင့်က ဘယ်လောက်တောင် လိမ္မာလိုက်လဲ၊ အမေပဲ အမြဲပြောခဲ့တယ်မလား၊ သမီးက တစ်ယောက်တည်း ဖြစ်နေပြီး အထီးကျန်နေရတယ်ဆို၊ အခုတော့ အဆင်ပြေသွားပြီလေ၊ သမီးက အမေ့အတွက် သမီးအငယ်လေးတစ်ယောက် ရှာပေးလိုက်ပြီ"
ကျန်းကျောက်တိက စူးယောင်ကွမ်းကို တစ်ချက်ကြည့်ကာ ကျန်းကျင့်ကို တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။
"ကဲ... ထားပါတော့၊ ထားပါတော့အေ၊ ငါဖြင့် နင်တို့ကို ကြောက်တောင် ကြောက်လာပြီ။ နင်ပဲ သူ့ကို ခေါ်ထားလိုက်တော့၊ ဒါပေမဲ့ ငါ ကြိုပြောထားမယ်နော်၊ တကယ်လို့ သူ စကားမနားထောင်ဘဲ ငါတို့မိသားစုအပေါ် မကောင်းတာတစ်ခုခု လုပ်လာရင်တော့ ငါ သူ့ကို ချက်ချင်း မောင်းထုတ်ပစ်မယ်။ ကောင်မလေး.... နင် မြင်တဲ့အတိုင်း ငါတို့မိသားစုက ချမ်းသာကြွယ်ဝတာ မဟုတ်ဘူး။ ငါတို့နဲ့အတူ နေရင် ကောင်းမွန်တဲ့ဘဝ တစ်ခု မရနိုင်ဘူးနော်၊ မဆုံးဖြတ်ခင် သေသေချာချာ စဥ်းစားဦး"
"အမေ သဘောတူလိုက်ပြီဟေ့၊ မြန်မြန်... သူ့ကို မွေးစားအမေလို့ ခေါ်လိုက်ဦး"
စူးယောင်ကွမ်းက အလျင်အမြန် တိုက်တွန်းလိုက်သည်။
"မွေးစားအမေ... သမီးရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါဦး"
ကျန်းကျင့်က ထပ်မံ ဒူးထောက်ကာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
ကျန်းကျောက်တိ၏ မျက်နှာအမူအရာက သိသိသာသာ နူးညံ့ပျော့ပြောင်းသွားပြီးနောက် ထပ်ပြောလိုက်သည်။
"ထ... ထတော့၊ ငါ ချက်ပြုတ်ဖို့ သွားလိုက်ဦးမယ်"
"အရင်ကတော့ သမီးရဲ့အခန်းကို ဝမ်ရှူကို ပေးမလို့ပဲ၊ ဒါပေမဲ့ အခုပုံစံအတိုင်းဆိုရင်တော့ အဆင်မပြေလောက်တော့ဘူး။ နောက်တစ်ခေါက် မြို့ထဲသွားရင် ဝမ်ရှူကို ပြောပြရဦးမယ်။ သူက အခု စာသင်ကျောင်းမှာပဲ နေရတာဆိုတော့ တစ်လမှ တစ်ခေါက်ပဲ အိမ်ပြန်လာနိုင်မှာ။ ဒါပေမဲ့ သူ့ကို ထင်းတဲထဲမှာပဲ ဆက်ထားရမှာကလည်း မတရားရာ ကျလွန်းလတယ်။ ရှောင်ကျင့်နဲ့ သမီး အတူတူ အိပ်လိုက်ပါ့မယ်လေ။ သမီးတို့တွေ ပိုက်ဆံပိုရှာနိုင်လို့ ဆိုင်ခန်းငှားနိုင်ပြီး မြို့ထဲကို ပြောင်းရွှေ့တဲ့အခါကျရင် အခန်းပိုများတဲ့နေရာတစ်ခုကို ရှာကြတာပေါ့"
စူးယောင်ကွမ်းက တိုင်ပင်သလို ပြောနေခဲ့သည်။
"ရှောင်ကျင့်... ခဏနေရင် ငါနဲ့အတူ ဟင်းသီးဟင်းရွက် သွားခူးကြမယ်"
ကျန်းကျောက်တိက လှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့ပါ မွေးစားအမေ"
ကျန်းကျောက်တိက ကျန်းကျင့်ကို ခေါ်ထုတ်သွားပြီး ရွာထဲ၌ လှည့်ပတ် လမ်းလျှောက်ခဲ့ကြသည်။ မကြာခင်မှာပင် ကျန်းကျောက်တိ၌ မွေးစားသမီးတစ်ယောက် ရလာကြောင်းနှင့် ထိုမွေးစားသမီး၏ မျက်နှာတွင် အမည်းရောင် မွေးရာပါအမှတ်ကြီးတစ်ခု ပါရှိကြောင်း တစ်ရွာလုံး သိရှိသွားကြတော့သည်။
ကျန်းကျောက်တိက ကျန်းကျင့်ကို အကဲခတ်နေခဲ့ပြီး ရွာသားများက သူမ၏ မွေးရာပါအမှတ်ကို မြင်ကာ ရွံရှာစက်ဆုပ်သည့် အမူအရာများ ပြသခဲ့ကြသော်လည်း ကျန်းကျင့်၏ မျက်နှာထက်မှ အမူအရာကတော့ တစ်ချက်မျှ ပျက်ယွင်းမသွားသည်ကို သူမ မြင်လိုက်ရသည်။
"နင် စိတ်မကောင်း မဖြစ်ဘူးလား"
ကျန်းကျောက်တိက မေးလိုက်သည်။
"မွေးစားအမေ... သမီး မွေးကတည်းက ဒီအမှတ်ကြီးနဲ့ မွေးလာတာ မဟုတ်ပါဘူး"
ကျန်းကျင့်က သူမ၏အခြေအနေကို ပြန်ပြောပြလာခဲ့သည်။
"သမီးတို့ မိသားစုက မျိုးရိုးစဉ်ဆက် ဆေးဆရာတွေပါ။ တစ်ရက်တော့ အဖေနဲ့အမေက လူနာကြည့်ဖို့ မြို့ထဲသွားကြလို့ သမီးတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တယ်။ အဲ့ဒီနေ့မှာ ထူးဆန်းတဲ့ လူတချို့ ရောက်လာပြီး သမီးတို့အိမ်ကို မွှေနှောက်ရှာဖွေကြပြီး သေတ္တာတစ်လုံးကို ယူသွားကြတယ်။ သူတို့ မထွက်သွားခင် သမီးကို အဆိပ်ဆေးလုံးတစ်လုံး တိုက်ကျွေးသွားခဲ့လို့ သမီး အပြင်းအထန် နာကျင်ခံစားခဲ့ရတယ်။ ကံကောင်းလို့ အဖေနဲ့ အမေ အချိန်မီ ပြန်ရောက်လာပြီး သမီးမသေခင် အဆိပ်ဖြေဆေးကို အလျင်အမြန် ဖော်စပ်ပေးနိုင်ခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီဆေးက သမီးရဲ့ အသက်ကိုပဲ ကယ်တင်နိုင်ခဲ့တာပါ။ သမီး သတိပြန်ရလာတဲ့အချိန်မှာ မျက်နှာပေါ်မှာ မွေးရာပါအမှတ်လိုမျိုး ဒီအမည်းရောင် အမှတ်အသားတွေ ပေါ်လာခဲ့တာပါ"
"အဖေ့ပြောပြချက်အရဆိုရင်တော့ သမီးရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အကြွင်းအကျန်တွေ ရှိနေသေးလို့ ဖြစ်ရတာတဲ့။ အဲ့ဒါကြောင့် အဖေက ဒီနှစ်တွေတစ်လျှောက်လုံး အဆိပ်ဖြေဆေးကို ရှာဖွေဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ။ ဖြေဆေးမတွေ့ခင်မှာပဲ သမီးတို့ ဇာတိမြေမှာ ရေကြီးမှုဒဏ် ခံခဲ့ရလို့ ပိုင်ဆိုင်သမျှ အရာအားလုံး ရေထဲပါသွားပြီး အမေလည်း အဲ့ဒီမှာတင် ထာဝရ နေခဲ့ရတယ်၊ သမီးတို့သားအဖ နှစ်ယောက်လည်း သေဘေးကနေ အကြိမ်ကြိမ် လွတ်မြောက်အောင် ပြေးလွှားပုန်းရှောင်ရင်း ဒီအထိ ရောက်လာခဲ့တာပါ။ မကြာသေးခင်ကမှ အဖေက ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ပြီး ကုစရာဆေးလည်း မရှိတော့ဘူး"
"ဒီအမည်းရောင်အမှတ်ကြီးက တကယ်ကို ရုပ်ဆိုးပြီး အကျည်းတန်စေတယ်၊ ဒါပေမဲ့ ဒါသာမရှိရင် သမီးတို့ ထွက်ပြေးတိမ်းရှောင်လာရတဲ့ လမ်းခရီးတစ်လျှောက်မှာ ဘေးဒုက္ခပေါင်းစုံကနေ ဒီလောက်လွယ်လွယ် လွတ်မြောက်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။ မွေးစားအမေ... ဘေးလွတ်ရာကို ပြေးရတဲ့ ဒီလမ်းခရီးမှာ လူတွေရဲ့ စိတ်ဓာတ်က တကယ်ကို ကြောက်စရာကောင်းလွန်းမှန်း သမီး နားလည်ခဲ့ရတယ်"
ကျန်းကျောက်တိ၏ မျက်ဝန်းများက နီမြန်းလာခဲ့သည်။ သူမက ကျန်းကျင့်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်ဝန်းထဲမှ သံသယစိတ်များ လျော့ပါးသွားကာ သနားဂရုဏာသက်မှုများ အစားထိုး ဝင်ရောက်လာခဲ့၏။
"သမီးလေးလည်း ဒုက္ခတွေ အများကြီး ခံစားခဲ့ရရှာတာပဲ။ နောက်ထပ် မကြောက်ပါနဲ့တော့၊ အခုကစပြီး ငါတို့က မိသားစုတွေ ဖြစ်သွားကြပြီ"
ကျန်းကျင့်ကို ခေါ်ထုတ်သွားပြီးနောက် ကျန်းကျောက်တိ၏ အမူအရာ ပြောင်းလဲသွားသည်ကို စူးယောင်ကွမ်း သတိပြုမိလိုက်သည်။ သူမက ကျန်းကျောက်တိအနားသို့ တိုးကပ်သွားပြီး ဘာတွေဖြစ်ခဲ့ပြီး ဘာကြောင့် ရုတ်တရက်ကြီး စိတ်ပြောင်းသွားရသည်ကို လျှို့ဝှက်ဆန်းကြယ်ဟန်လေးဖြင့် မေးမြန်းလိုက်၏။
ကျန်းကျောက်တိက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလာခဲ့သည်။
"သူက ငါ့ကို မွေးစားအမေလို့ ခေါ်နေပြီပဲ၊ ငါက သူ့ကို သမီးအရင်းလို ဆက်ဆံရမှာပေါ့။ နင်လည်း အစ်မကြီးဖြစ်လာပြီဆိုတော့ နောက်ဆိုရင် ညီမလေးအပေါ် အလျှော့ပေးရမယ်နော်"
စူးယောင်ကွမ်း : "..."
‘သွားပြီ... ငါတော့ မျက်နှာသာပေးခံရမှုတွေ ဆုံးရှုံးရတော့မယ် ထင်ပါရဲ့’
ယခင်ဘဝတုန်းက စူးယောင်ကွမ်းတစ်ယောက် ကျန်းကျင့်နှင့် စတင်ဆုံတွေ့ခဲ့စဥ်က ကျန်းကျင့်၏မျက်နှာတွင် အမည်းရောင်အမှတ်ကြီး ရှိမနေခဲ့ပေ။ ယခုမူ အမည်းရောင်အမှတ်ကြီး ရှိနေသည်ဆိုရခြင်းက ထင်ရှားသော အကြောင်းအရင်းတစ်ခုခု ရှိနေရမည်ဖြစ်သည်။ သို့သော်လည်း စူးယောင်ကွမ်းက ထိုအမည်းရောင်အမှတ်အကြောင်း မမေးမြန်းခဲ့ပေ။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးဟူသမျှက သူမတို့၏ ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ဘဲ မနေနိုင်ကြသောကြောင့် ထုတ်ဖော်ပြောဆိုနေရန် မလိုအပ်ချေ။
စူးယောင်ကွမ်းက သူမ၏ ကိုယ်ပိုင်အဝတ်အစားများအား ကျန်းကျင့်အတွက် ပေးပြီး လဲလှယ်ဝတ်ဆင်ခိုင်းလိုက်သည်။
ယခုအချိန်တွင် ကျန်းကျင့်က သူမ၏ နောင်တစ်ချိန်တွင် ရှိလာမည့် အေးစက်တည်ငြိမ်သော အငွေ့အသက်မျိုး ရှိနှင့်နေပြီ ဖြစ်သည်။ သူမက စကား သိပ်မပြောဘဲ ပြောလိုက်လျှင်လည်း အမြဲတမ်း လိုရင်းတိုရှင်းသာ ဖြစ်နေတတ်၏။ နောက်ပြောင်ကျီစယ်ခြင်းလည်း မရှိရာ ၎င်းက သူမ၏ မွေးရာပါသဘာဝကြောင့် ဖြစ်နိုင်သလို ဘဝတွင် ဒုက္ခပေါင်းစုံ ကြုံတွေ့ခဲ့ရသဖြင့် မိန်းမငယ်လေးတစ်ယောက်၏ ဖြူစင်ရိုးသားမှုများ ပျောက်ဆုံးသွားခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ကျန်းကျင့်က အန်းနင်ရွာတွင် နေထိုင်ကာ စူးယောင်ကွမ်း၏ မွေးစားညီမ ဖြစ်လာခဲ့သည်။ စူးယောင်ကွမ်းက သူမ သွားလေရာတိုင်းသို့ ကျန်းကျင့်ကို ခေါ်ဆောင်သွားခဲ့ပြီး ရွာသားများကလည်း အစပိုင်းတွင် လက်ညှိုးထိုး အတင်းပြောခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရိုးအီသွားကြသည်။ ရွာသားများအတွက် အသစ်အဆန်း မဖြစ်တော့ဘဲ ကျန်းကျင့်အပေါ် အာရုံစိုက်မှု လျော့နည်းသွားသည့်အချိန်မှသာ စူးယောင်ကွမ်းက သူမကို အမြဲတမ်း ခေါ်မသွားတော့ဘဲ အိမ်၌ ချန်ထားခဲ့သည်။
"ရှောင်ကျင့်..."
စူးယောင်ကွမ်းက ရေတွင်းဆီသို့ လျှောက်သွားရင်း ကျန်းကျင့် ရေခပ်နေသည်ကို မြင်လိုက်ရသည်။ သူမက အနားသို့ ခပ်သွက်သွက် လှမ်းသွားပြီး ကျန်းကျင့်၏ လက်ထဲမှ ရေပုံးကို လုယူလိုက်သည်။
"နင့်ကို ဘယ်သူက ရေခပ်ခိုင်းလို့လဲ၊ နင့်ခန္ဓာကိုယ်က အားနည်းလွန်းလို့ ဒါမျိုးတွေ လုပ်လို့ မဖြစ်ဘူးလေ"
ကျန်းကျင့်က ပြန်ပြောလိုက်သည်။
"အစ်မလည်း မိန်းကလေးပဲလေ၊ ဘာလို့ အမြဲတမ်း ရေခပ်တဲ့အလုပ်ကို လုပ်နေရတာလဲ။ အစ်မလုပ်နိုင်ရင် ညီမလည်း လုပ်နိုင်ရမှာပေါ့။ နောက်ဆိုရင် တစ်ရက်က အစ်မ ရေခပ်၊ နောက်တစ်ရက်က ညီမ ရေခပ် လုပ်ကြတာပေါ့"
"နင်က ငတုံးလေးလား"
စူးယောင်ကွမ်းက တခစ်ခစ် ရယ်မောရင်း ပြန်ပြောလိုက်သည်။
"လူတိုင်းက ဒီလို ပင်ပန်းတဲ့အလုပ်တွေကို ရှောင်ဖို့ ကြိုးစားနေတာ၊ နင့်ကျမှ ငါနဲ့ အပြိုင် လာလုပြီး အလုပ် လုပ်ချင်နေရတယ်လို့"
"အစ်မကသာ ပိုပြီး တုံးအတာပါ"
ကျန်းကျင့်က နှုတ်ခမ်းလေးစူရင်း ပြန်ပြောလာသည်။
"အိမ်က အပင်ပန်းဆုံး အိမ်မှုကိစ္စတွေကို အစ်မပဲ ဒိုင်ခံလုပ်နေတာလေ။ အစ်မလည်း မိန်းမပျိုလေးတစ်ယောက်ပဲ၊ ဒီလောက်အထိ ပင်ပင်ပန်းပန်း မလုပ်သင့်ဘူး။ ညီမက အစ်မရဲ့ ညီမလေးဖြစ်လာပြီဆိုမှတော့ အစ်မရဲ့ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းပိုးပေးရမှာပေါ့"
"ငါကတော့ ကံကောင်းလိုက်တာ၊ ဒီလောက် လိမ္မာတဲ့ ညီမလေးတစ်ယောက်ကို ချက်ချင်း ကောက်ရတာပဲ"
စူးယောင်ကွမ်းက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ ရှောင်ကျင့်... နင် တကယ်ပဲ ရေခပ်ဖို့ မလိုပါဘူး။ တကယ်လို့ နင် ငါ့ကို ကူညီချင်တယ်ဆိုရင်တော့ ငါ အမာရွတ်ပျောက် အသားအရေထိန်းအလှဆီ တစ်ခု လုပ်ချင်လို့။ အဲ့ဒီဆေးအဆီက အသားအရေကို ထိန်းသိမ်းပေးနိုင်သလို အမာရွတ်တွေကိုလည်း ပျောက်ကင်းစေရမယ်။ ဖော်စပ်နည်းကို ဘယ်လို ပြုပြင်မွမ်းမံရမလဲဆိုတာ ငါ့အတွက် ကူညီစဥ်းစားပေးနိုင်မလား"
ကျန်းကျင့်က ပြန်ပြောလာခဲ့သည်။
"ညီမက အမာရွတ်ပျောက်ဆေး ဖော်စပ်နည်းကိုတော့ သိပါတယ်။ ဒါပေမဲ့ အသားအရေထိန်းအလှဆီ လုပ်နည်းကိုတော့ မသိဘူး၊ ဒါကြောင့် ကူညီနိုင်မလားတော့ မသေချာဘူး။ အိမ်ပြန်ရောက်ရင်တော့ စမ်းသပ်ကြည့်ကြတာပေါ့"