← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄ အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ခြင်း

စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့နှစ်ယောက်သား အိမ်ပြန်လမ်းတွင် တခိခိရယ်မောကာ စကားပြောဆိုလာကြရင်း လူသုံးယောက်နှင့် ဆုံတွေ့ခဲ့ကြသည်။ တစ်ယောက်က စာသင်ကျောင်းမှ ဆရာဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦး ဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ ကျန်းယီဟွေ့နှင့် ရှောင်းယန်ချီတို့ ဖြစ်ကြသည်။

စူးယောင်ကွမ်းကို မြင်လိုက်ရသည့်နှင့် ကျန်းယီဟွေ့၏မျက်ဝန်းများထဲတွင် ရွံရှာမုန်းတီးမှုများ ပြည့်နှက်သွားခဲ့သည်။

ရှောင်းယန်ချီကတော့ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ သူမတို့နှစ်ဦး ဖြတ်သန်းသွားနိုင်ရန် ဘေးသို့ ခပ်ရှောင်ရှောင် ဖယ်ပေးလိုက်ရုံသာ လုပ်ခဲ့သည်။

အိမ်သို့ ရေသယ်လာပြီးနောက် စူးယောင်ကွမ်းက ကျန်းကျင့်အား ပြောလိုက်သည်။

"ဟိုလူတွေ ရွာထဲကို ဘာလာလုပ်တယ်ဆိုတာ သွားစုံစမ်းပေးဦး။ ခေါင်းမော့ပြီး မာနထောင်လွှားနေတဲ့ပုံစံနဲ့လူက ကျန်းရိဟွမ်းရဲ့ အစ်ကို၊ ပြီးတော့ ကျုံးလန်ဟွာရဲ့ သား ကျန်းယီဟွေ့လေ၊ ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမှ မပြောတဲ့လူကတော့ ကျန်းမိသားစုက ဝယ်ထားတဲ့ အစေခံ ရှောင်းချီ"

ကျန်းကျင့် ဤနေရာသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ကျုံးလန်ဟွာနှင့် ကျန်းကျောက်တိတို့၏ ရန်ဖြစ်ငြင်းခုံမှုများကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ထိုမိသားစုနှစ်စုက မဟာရန်သူတော်များ ဖြစ်ကြကြောင်းကိုလည်း စူးယောင်ကွမ်းထံမှတစ်ဆင့် သူမ သိရှိထားပြီး ဖြစ်သည်။

ယခုအခါ စူးယောင်ကွမ်းက သူမအား သတင်း သွားစုံစမ်းခိုင်းသည့်အတွက် ကျန်းကျင့်က ချက်ချင်း သဘောတူလိုက်ပြီး ဟင်းသီးဟင်းရွက် သွားခူးသယောင်ဖြင့် ခြင်းတောင်းတစ်လုံးကို ကိုင်ကာ ကျန်းမိသားစု၏ နေအိမ်အနီးသို့ သတင်းသွားယူတော့သည်။

ကျန်းကျောက်တိက ယနေ့တွင် သူမ၏ မိဘအိမ်သို့ ပြန်သွားခဲ့ရာ ပြန်လာပါ့မလားဟု စူးယောင်ကွမ်း တွေးတောနေမိသည်။ လွန်ခဲ့သည့်နှစ်များတွင် မိခင်နှင့် သမီးဖြစ်သူထံ၌ ငွေကြေးအမြောက်အမြား မရှိကြသဖြင့် လက်ဆောင်အဖြစ် ကြက်ဥ ဆယ်လုံးခန့်သာ ယူဆောင်သွားနိုင်ကြသောကြောင့် ညတွင်းချင်း ပြန်လာရလေ့ရှိသည်။ သို့သော် ယနေ့တွင်တော့ မတူညီတော့ပေ။ ကျန်းကျောက်တိက အသားတစ်ကျင်း ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုငွေမက်သော ဦးလေးဖြစ်သူက အသားကို ထောက်ထားသောအားဖြင့် စိတ်ပြောင်းနိုင်လောက်သည်။

မကြာမီအချိန်အတွင်းမှာပင် ကျန်းကျင့် ပြန်ရောက်လာပြီး မီးဖိုချောင်ထဲတွင် ညစာချက်ပြုတ်နေသည့် စူးယောင်ကွမ်းကို လှမ်းပြောလိုက်သည်။

"ယောင်ကွမ်း... ညီမ စုံစမ်းရသလောက်တော့ အဲ့ဒီဆရာက ရှောင်းချီရဲ့ အိမ်ထောင်စုစာရင်းကို အရပ်သားအဖြစ် ပြောင်းလဲဖို့ ကိစ္စ လာဆွေးနွေးတာတဲ့။ ရှောင်းချီ စာသင်ကျောင်း တက်နိုင်ဖို့အတွက်လို့ ပြောတယ်။ ကျန်းမိသားစုက ရှောင်းချီကို စာသင်ခွင့်ပြုမယ်ဆိုရင် သူနဲ့ ကျန်းယီဟွေ့တို့အတွက် ကျောင်းလခ ကင်းလွတ်ခွင့်ပေးမယ်လို့တောင် ပြောသွားသေးတယ်"

စူးယောင်ကွမ်းက အိုးထဲမှ ဟင်းရည်ကို မွှေနေရင်း မျက်လွှာချကာ ပြန်ပြောလိုက်သည်။

"ဒါက အံ့သြစရာတော့ မဟုတ်ပါဘူးလေ"

သူမ မရှိလျှင်ပင် ရှောင်းယန်ချီက အစေခံဘဝဖြင့် တင်းတိမ်နေမည့်သူ မဟုတ်ချေ။ သူက သူ့အနာဂတ် ကောင်းစားရေးအတွက် တတ်နိုင်သမျှ နည်းလမ်းမှန်သမျှကို ရှာဖွေရန် ကြိုးပမ်းမည့်သူ ဖြစ်သည်။

သို့သော် ၎င်းက သူမနှင့် ဘာမှ မဆိုင်တော့ပေ။ ဤဘဝတွင် သူမနှင့် သူက မည်သည့် ပတ်သက်မှုမျှ မရှိတော့ချေ။ သူ ကောင်းကင်သို့ ပျံတက်သွားသည်ဖြစ်စေ၊ ရေကန်အောက်ခြေသို့ နစ်မြုပ်သွားသည်ဖြစ်စေ သူမနှင့် ဘာမျှမဆိုင်တော့ချေ။

"မွေးစားအမေ... ပြန်လာပြီလား"

ကျန်းကျင့်က ကျန်းကျောက်တိ အိမ်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ပြီး လှမ်းနှုတ်ဆက်လိုက်သည်။

စူးယောင်ကွမ်းက ကျန်းကျင့်၏ အသံကို ကြားလိုက်ရသဖြင့် မိခင်ဖြစ်သူကို ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့သည်။ ကျန်းကျောက်တိ၏ ရှုပ်ပွနေသော ဆံပင်များနှင့် မျက်နှာပေါ်ရှိ ဖူးရောင်ညိုမည်းဒဏ်ရာများကို မြင်လိုက်ရချိန်တွင် စူးယောင်ကွမ်းက မိခင်၏ အနားသို့ ခပ်သွက်သွက် လှမ်းသွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"အမေ... ဘာတွေဖြစ်တာလဲ"

မီးဖိုရှေ့တွင် ထိုင်နေခဲ့သော ကျန်းကျင့်က ကျန်းကျောက်တိ၏ ပုံရိပ်ကိုသာ လှမ်းမြင်ခဲ့ရပြီး ထူးခြားမှု တစ်ခုခုရှိနေသည်ကို သတိမထားမိခဲ့ပေ။ စူးယောင်ကွမ်း၏ ဒေါသတကြီးနှင့် စိုးရိမ်တကြီး ဖြစ်နေသော အသံကို ကြားလိုက်ရသည့်အခါမှသာ သူမလည်း ကြည့်ရှုရန် အပြင်သို့ ထွက်လာခဲ့သည်။

"မွေးစားအမေ... ဘယ်သူက မွေးစားအမေကို အနိုင်ကျင့်လိုက်တာလဲ"

ကျန်းကျောက်တိက သူမ၏ ဆံပင်များကို သပ်ရပ်အောင် ပြင်လိုက်ပြီး အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားကာ ပြန်ပြောလိုက်သည်။

"ဘယ်သူမှ မဟုတ်ပါဘူး၊ ဘယ်သူက ငါ့ကို အနိုင်ကျင့်ရဲမှာလဲ။ ငါ ဘယ်လောက်အထိ ကြမ်းတမ်းတယ်ဆိုတာ နင်တို့လည်း သိနေတာပဲကို"

"အမေ... အဖိုးက အမေ့ကို ရိုက်လိုက်တာလား"

စူးယောင်ကွမ်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အမေ အသားတစ်ကျင်း ယူသွားတာကိုတောင် သူတို့က ရိုက်နှက်ကြသေးတာလား"

"မဟုတ်ပါဘူးအေ... ငါကိုယ်တိုင် အမေတစ်ယောက် ဖြစ်နေပြီလေ၊ သူတို့က ငါ့ကို ဘာလို့ ရိုက်ရမှာလဲ။ ငါက မိဘအိမ် ပြန်တုန်း အလုပ်အကိုင်လေးတွေ ကူလုပ်ပေးရင်း ချော်လဲလို့ ဒီလို ဖြစ်သွားတာပါ"

ကျန့်ကျောက်တိက ဆက်ပြောနေသေးသည်။

"နင်တို့ မမြင်လိုက်လို့နော်... ငါ အသားတစ်ကျင်း သယ်ပြီး မိဘအိမ်ကို ပြန်သွားတော့ ရွာထဲကလူတွေ အားလုံးက ငါ့ကို သားသမီးဝတ္တရားကျေပြွန်တယ်ဆိုပြီး ချီးကျူးနေကြတာ။ ဒီတစ်ခေါက်တော့ ငါ မျက်နှာပွင့်ပွင့်လန်းလန်းနဲ့ ပြန်လာနိုင်ခဲ့တာပါ၊ ဘာမှ မခံစားခဲ့ရပါဘူး"

"အမေ... အရင်ဆုံး ရေမိုးချိုးလိုက်ဦး၊ ပြီးမှ သမီး ဆေးထည့်ပေးမယ်"

စူးယောင်ကွမ်းက ပြောလိုက်သည်။

"ယောင်ကွမ်း... ညီမ လုပ်ပေးပါရစေ"

ကျန်းကျင့်က ဝင်ပြောလိုက်သည်။

"ကောင်းပြီလေ"

ကျန်းကျင့်က ကျန့်ကျောက်တိအတွက် ရေနွေး သယ်ဆောင်လာပြီးနောက် ရေအေးနှင့် ရောစပ်ပေးလိုက်သည်။ ကျန့်ကျောက်တိ ရေချိုးနေစဉ်အတွင်း သူမက ကျန့်ကျောက်တိ၏ အခန်းထဲသို့ အဝတ်အစားသန့်သန့်များကို ယူဆောင်ပေးလိုက်သည်။

ကျန့်ကျောက်တိတစ်ယောက် ဒဏ်ရာကြောင့် ခေါင်းလျှော်ရန် အဆင်မပြေဖြစ်နေသဖြင့် ကျန်းကျင့်ကပင် အခန်းထဲတွင် အဖော်လုပ်ကာ ခေါင်းလျှော်ပေးလိုက်သည်။

ကျန့်ကျောက်တိက သူမ၏ ပါးပြင်ကို သုတ်လိုက်ရင်း အပြုံးဖြင့် ပြောလိုက်သည်။

"ဒီရေက အရမ်းပူတော့ ငါ့မျက်လုံးတွေတောင် စပ်သွားတယ်"

ကျန်းကျင့်က ပြန်ပြောလိုက်သည်။

"ယောင်ကွမ်းက ဒီတစ်ခေါက် ဆံပင်အားဖြည့်ဆီ လုပ်ထားတယ်၊ ဆံပင်နက်စေတဲ့ ဆေးဘက်ဝင်အပင်တွေတောင် ထည့်ထားသေးတယ် မွေးစားအမေရဲ့။ ယောင်ကွမ်းနဲ့ သမီး အတူတူလုပ်ထားတာဆိုတော့ အာနိသင် ကောင်း မကောင်းတော့ မသိသေးဘူး။ မွေးစားအမေပဲ အရင်စမ်းသုံးကြည့်ပါဦး၊ အဆင်ပြေရင် ဈေးနှုန်းမြင့်မြင့်နဲ့ ရောင်းလို့ ရတာပေါ့"

"ဒါနဲ့... အခုတလော နင်တို့ လုပ်နေတဲ့ အမာရွတ်ပျောက်ဆေးဆီကကော ဘယ်လိုအခြေအနေရှိလဲ"

"မနက်ဖြန်ဆို ပြီးပြီ။ အဲ့ဒီအခါကျရင် မွေးစားအမေကို အရင် စမ်းသုံးခိုင်းကြည့်ရမယ်။ မွေးစားအမေက တော်တော်လေး ပြင်းပြင်းထန်ထန် ချော်လဲထားတာဆိုတော့ အမာရွတ်ပျောက်ဆေးဆီ လိမ်းလိုက်ရင် အမာရွတ် လုံးဝ ထင်ကျန်ခဲ့မှာ မဟုတ်ဘူး"

ကျန့်ကျောက်တိ ရေချိုးပြီးနောက် ကျန်းကျင့်က သူမ၏ ဆံပင်များကို ခြောက်သွေ့အောင် သုတ်ပေးလိုက်သည်။ ဆံပင်များ တစ်ဝက်ခန့် ခြောက်သွေ့သွားသည့်အခါမှသာ ဒဏ်ရာပေါ်သို့ ဆေးထည့်ပေးလိုက်သည်။

"အမေ... ကျင့်အာ... ညစာ စားလို့ရပြီ"

စူးယောင်ကွမ်းက လှမ်းခေါ်လိုက်သည်။

"လာပြီ၊ လာပြီ"

ကျန်းကျင့်က ပြန်ထူးလိုက်သည်။

ဝက်သားနှင့် တောမုန်ညင်းကြော်၊ ကြက်သွန်မြိတ်ကြက်ဥမွှေကြော်နှင့် မှိုဟင်းရည်တို့ကို ထမင်းစားပွဲပေါ်တွင် ပြင်ဆင်ထားသည်အား မြင်လိုက်ရသည့်အခါ ကျန့်ကျောက်တိက စိုးရိမ်တကြီး ပြောလာပြန်သည်။

"နင်တို့ ဟင်းအိုးထဲ ပြုတ်ကျသွားကြတာလား၊ ဘာလို့ ဒီလောက်အများကြီး ချက်ထားရတာလဲ"

"အမေက ဒီလောက်အထိ ချော်လဲလာတာကို အာဟာရရှိတာတွေ စားရမယ်လေ"

စူးယောင်ကွမ်းက မိခင်ဖြစ်သူ စိတ်အေးရအောင် ချော့မော့ပြောဆိုနေသည်။

"အခု သမီးတို့မှာ စားစရာတွေ မပြတ်လပ်ပါဘူး။ စားသာ စားပါအမေရယ်၊ ကုန်ရင် နောက်မှ ထပ်ဝယ်ကြတာပေါ့"

"တကယ့်ကို ဖြုန်းတီးတဲ့ ကလေးတွေပဲ"

ကျန့်ကျောက်တိက တိုးတိုးလေး ရေရွတ်ရင်း အသားတစ်တုံးကို တူဖြင့် ညှပ်ယူကာ စူးယောင်ကွမ်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး နောက်တစ်တုံးကို ကျန်းကျင့်အတွက် ထည့်ပေးလိုက်သည်။

"နင်တို့တွေလည်း ပိန်လွန်းတယ်၊ များများ စားကြ၊ မနက်ဖြန်အထိ ချန်ထားရင် ဒီဟင်းတွေက လက်ဆတ်တော့မှာ မဟုတ်ဘူး"

စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့ကလည်း ကျန့်ကျောက်တိ၏ ပန်းကန်ထဲသို့ ဟင်းများ ပြန်ထည့်ပေးလိုက်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျန့်ကျောက်တိ၏ မျက်ဝန်းများ အလိုလို နီမြန်းလာခဲ့သည်။

သူမ ထမင်းစားနေရာမှ ခေါင်းငုံ့ကာ တချက်ရှိုက်လိုက်ပြီးနောက် ပန်းကန်ကို ချကာ တစ်ဖက်သို့ လှည့်သွားရင်း ပြောလိုက်သည်။

"ငါ့နှာခေါင်းက နည်းနည်းပိတ်နေလို့ သွားဆေးလိုက်ဦးမယ်"

ကျန့်ကျောက်တိ ရေခပ်ရန် မီးဖိုချောင်သို့ သွားနေစဉ်အတွင်း ကျန်းကျင့်က စိုးရိမ်တကြီး မေးလိုက်သည်။

"ယောင်ကွမ်း... မွေးစားအမေက အနိုင်ကျင့်ခံလာရတာလား"

"ငါ့ရဲ့ အမေ့ဘက်က အဖိုးအဖွားတွေမှာ သမီးသုံးယောက်နဲ့ သားတစ်ယောက် ရှိတယ်။ အမေနဲ့ အဒေါ်နှစ်ယောက်က မိဘအိမ် ပြန်တိုင်း အမြဲတမ်း စိတ်ဆိုးဒေါသထွက်စရာတွေနဲ့ပဲ ကြုံရတတ်တယ်။ ဒီတစ်ခေါက်တော့ အမေက အသားတစ်ကျင်း သယ်သွားလို့ အခြေအနေ ပိုကောင်းမယ်လို့ ငါ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရတာ တချို့လူတွေက ပေါင်းသင်းဆက်ဆံဖို့ လုံးဝ မတန်ဘူးပဲ။ အမေက အဲ့ဒီအကြောင်းကို မပြောချင်ဘူးဆိုရင် ငါတို့လည်း မသိချင်ယောင်ဆောင်ပြီး နေပေးကြတာပေါ့။ ဒါက အမေ့ရင်ထဲက အကျိတ်အခဲမို့လို့ အမေကိုယ်တိုင်ပဲ ဖြေဖျောက်ရမှာ၊ ဘယ်လောက်ပဲ ဖျောင်းဖျဖျောင်းဖျ အပိုပဲ"

"သားသမီးချင်း ခွဲခြားပြီး သားကိုပဲ အရေးပေးတဲ့ မိသားစုတွေကို ကျွန်မ အများကြီး မြင်ဖူးပါတယ်။ ကျွန်မ အမြင်တော့ ကိုယ့်ကို မကြိုဆိုတဲ့နေရာဆိုရင် လျစ်လျူရှုထားလိုက်ရုံပဲ။ အိမ်ထောင်ကျပြီးသား သမီးက သွန်ပစ်လိုက်တဲ့ ရေလိုပဲလို့ ပြောကြတယ် မဟုတ်လား။ ကောင်းပြီလေ... ရေကလည်း သွန်ပစ်ပြီးသား ဖြစ်နေပြီပဲ၊ သူတို့ကို ဘာလို့ ဂရုစိုက်နေဦးမှာလဲ"

ကျန်းကျင့်က ဆက်ပြောနေသည်။

"မွေးစားအမေလည်း ဒါကို အမြန် သဘောပေါက်ပြီး စိတ်ဆင်းရဲမနေတော့ဖို့ပဲ မျှော်လင့်ပါတယ်"

ကျန့်ကျောက်တိ ပြန်လာပြီးနောက် သူမတို့အား ထမင်းစားရန် လှမ်းခေါ်လိုက်သည်။

"နင်တို့က ငါ့ကို ဘာလို့ စောင့်နေကြတာလဲ... စားကြလေ"

ကျန်းမိသားစု၏ အိမ်တံခါးဝတွင် ကျုံးလန်ဟွာက ဆရာသခင်ယန်အား လိုက်လံပို့ဆောင်ရင်း ပြောလိုက်သည်။

"ဆရာသခင်... မိုးချုပ်နေပြီပဲ။ ဒီမှာပဲ တစ်ညလောက် တည်းသွားပါလားရှင်"

"ရပါတယ်၊ ဒီကနေ မဝေးတဲ့ နေရာမှာ ဆွေမျိုးတစ်ယောက် ရှိတယ်။ ဒီညတော့ သူ့ဆီမှာပဲ တည်းခိုပြီး မနက်ဖြန်ကျမှ မြို့ထဲကို ပြန်တော့မယ်။ ကျန်းယီဟွေ့နဲ့ ရှောင်းချီတို့ကို သုံးရက် ခွင့်ပေးလိုက်မယ်။ မင်းတို့နှစ်ယောက် ဒီသုံးရက်အတွင်းမှာ ဒီကကိစ္စတွေကို ကောင်းကောင်း ဖြေရှင်းလိုက်ကြပါ။ ကိစ္စပြီးသွားပြီဆိုရင် စာသင်ကျောင်းကို ပြန်လာပြီး ငါ့ကို လာရှာကြ"

"ကျေးဇူးတင်ပါတယ် ဆရာသခင်။ ကျွန်မတို့ သေချာပေါက် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးပါ့မယ်"

ကျုံးလန်ဟွာက အပြုံးဖြင့် တုံ့ပြန်ကာ နှုတ်ဆက်နေလေသည်။

"လမ်းခရီးမှာ ဂရုစိုက်ပါဦးရှင်"

ဆရာယန် ထွက်ခွာသွားပြီးနောက် ကျန်းယီဟွေ့က မျက်နှာပျက်ပျက်ဖြင့် ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

ကျုံးလန်ဟွာက ရှောင်းယန်ချီအား အထက်အောက် အကဲခတ်ကြည့်ရှုပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။

"မင်းက တော်တော်လေး အရည်အချင်းရှိတာပဲ။ ငါ့ရဲ့ ငွေတုံး အနည်းငယ်က အလဟဿ ဖြစ်မသွားဘူးပဲ"

ရှောင်းယန်ချီက လက်နှစ်ဖက်ကို အုပ်ကိုင်ရင်း ဂါရဝပြုလိုက်သည်။

"ရှောင်းချီအနေနဲ့ သခင်မကြီးရဲ့ ကယ်တင်စောင့်ရှောက်မှုကို ခံရတာက ကံကောင်းလို့ပါပဲ၊ တကယ်လို့ ရှောင်းချီသာ ယုတ်မာတဲ့လူတွေရဲ့ လက်ထဲကို ကျရောက်သွားခဲ့ရင် သေတာထက် ပိုဆိုးတဲ့ ဘဝမျိုးနဲ့ ရှင်သန်နေရဦးမှာပါ"

"မင်း အဲ့ဒီလို တွေးတတ်တာ ကောင်းတာပေါ့"

ကျုံးလန်ဟွာက သူမအနားရှိ ကျန်းရိဟွမ်းအား ကြည့်ရင်း ပြောလိုက်သည်။

ကျန်းရိဟွမ်းက ဝင်ပြောလိုက်သည်။

"အမေ... အရင်ဆုံး ထမင်းစားကြရအောင်လေ။ တခြားကိစ္စတွေကိုတော့ ပြီးမှပဲ ဆွေးနွေးကြတာပေါ့"

"ကောင်းပြီလေ... အရင်ဆုံး ထမင်းစားကြတာပေါ့"

ကျုံးလန်ဟွာက ထပ်ပြောလိုက်သေးသည်။

"မင်းတို့က အရမ်း အလောတကြီး ပြန်လာကြတာဆိုတော့ ငါတို့ ညစာတောင် မချက်ရသေးဘူး။ လာ... မီးမွှေးဖို့ ကူပေးဦး"

All Chapters