← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅ ဝမ်းကွဲမောင်နှမ

ကျန်းမိသားစုအိမ်ရှိ ထမင်းစားပွဲဝိုင်းတွင်.....

ကျန်းယီဟွေ့က ဟင်းပန်းကန်ထဲမှ အသားအားလုံးကို သူ့ပန်းကန်ထဲသို့ ပုံထည့်ကာ အငမ်းမရ စားသောက်နေသည်။

ကျုံးလန်ဟွာက သားဖြစ်သူကို ကြင်နာယုယစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဝအောင်စားနော် သား။ မလောက်ရင် အမေ မနက်ဖြန် ထပ်ချက်ပေးမယ်"

ကျန်းယီဟွေ့၏ တင်းမာနေသော မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားပြီး နှာခေါင်းသံဖြင့် အင်းဟု ပြန်ဖြေလိုက်သည်။

ကျုံးလန်ဟွာက ဆီဝင်းနေသည့် မုန်ညင်းဖြူဟင်းကိုလည်း သားဖြစ်သူ၏ ပန်းကန်ပြားထဲသို့ ခပ်ထည့်ပေးရင်း ပြောလိုက်ပြန်သည်။

"အများကြီးစား... ငါ့သားလေး တော်တော်လေး ပိန်သွားတယ်"

ကျန်းရိဟွမ်းကတော့ မုန်ညင်းဖြူတစ်ဖတ်ကို ညှပ်ကာ ရှောင်းယန်ချီ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

ယနေ့က ပုံမှန်ရက်များနှင့်မတူဘဲ ထမင်းစားပွဲဝိုင်းတွင် ရှောင်းယန်ချီပါ အတူတူ ထိုင်ခွင့်ရခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ရှောင်းယန်ချီက စာသင်ကျောင်းမှ ဆရာ၏ မျက်နှာသာပေးမှုကို ရရှိထားပြီး သူ့ကြောင့် ကျန်းယီဟွေ့လည်း ကျောင်းလခ ကင်းလွတ်ခွင့် ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ကျုံးလန်ဟွာက ဤ ‘ကျေးကျွန်လေး’ အပေါ် အလေးအနက်ထား ဆက်ဆံလာခြင်း ဖြစ်သည်။

ကျုံးလန်ဟွာအနေဖြင့် ကျန်းယီဟွေ့ စိတ်မချမ်းမသာ ဖြစ်နေသည်ကိုလည်း သိနေခဲ့သည်။ ကျွန်က ကျွန်လိုမနေဘဲ ဆရာထံမှ ကောင်းကင်သို့ရောက်မတတ် ချီးမွမ်းခြင်းကို ခံနေရသဖြင့် သားဖြစ်သူ အနေရခက်နေမည်ကို သူမ နားလည်နေသော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမအနေဖြင့် ကျန်းယီဟွေ့၏ ဆန္ဒအတိုင်း လိုက်လျောပေး၍ မရတော့ပေ။ ပထမအချက်က ကျောင်းလခ ကင်းလွတ်ခွင့်ဆိုသည်မှာ ကျောင်းသားများစွာ အိပ်မက်မက်ရသည့် အခွင့်အရေးဖြစ်ပြီး ဤကဲ့သို့သော အကျိုးအမြတ်ကို သူမ လက်လွှတ်ခံရမည် မဟုတ်ပေ။ ဒုတိယအချက်အနေဖြင့် ရှောင်းယန်ချီက အမှန်တကယ် ထူးချွန်ထက်မြက်ပြီး တော်ဝင်စာမေးပွဲကို အောင်မြင်သွားခဲ့လျှင် သူ့ကို ဝယ်ယူခဲ့သည့် သူမအတွက်လည်း အကျိုးရှိလာမည် ဖြစ်သည်။ သူ ရာထူးကြီးမြင့်လာပါက သူမတို့ မိသားစုအပေါ် ကျေးဇူးဆပ်ရမည်သာ ဖြစ်သည်။

‘ဒါပေမဲ့... သူ့ကို ငါတို့မိသားစုနဲ့ မြဲအောင် ဘယ်လို ချည်နှောင်ထားရမလဲ’

သူမ၏ အကြည့်များက သမီးဖြစ်သူ ကျန်းရိဟွမ်းထံတွင် ခဏတာ ဝဲလည်သွားပြီးနောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှောင်းယန်ချီထံသို့ ရွှေ့သွားပြန်သည်။

‘တကယ်တော့ ဒါက ခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူး။ ငါ့သမီးက ငတုံး မဟုတ်တော့ အရင်ကတည်းက ရှောင်းယန်ချီကို ဆွဲဆောင်ထားနိုင်ခဲ့ပြီးပြီ၊ အခု သူ့မှာ တော်ဝင်စာမေးပွဲအောင်နိုင်တဲ့ အရည်အချင်းရှိမှန်း သိနေမှတော့ သူ့နှလုံးသားကို ပိုပြီး ဖမ်းစားနိုင်ရမှာပေါ့’

ကျုံးလန်ဟွာက အပြုံးလေးဖြင့် စကားစလိုက်သည်။

"ရှောင်းချီ... အဒေါ် ဒီလို စဥ်းစားထားတယ်။ မင်းရဲ့ အဆင့်အတန်းကို ပြောင်းချင်တယ်ဆိုရင် မင်းမှာ ကိုယ်ပိုင်လက္ခဏာတစ်ခု လိုတယ်။ မနက်ဖြန်ကစပြီး မင်းက အဒေါ်ရဲ့ သွေးဝေးတူတစ်ယောက်လို့ အပြင်လူတွေကို ပြောပြကြမယ်၊ မင်း ဘယ်လိုထင်လဲ"

ရှောင်းယန်ချီက ကျုံးလန်ဟွာအား ကျေးဇူးတင်သောအမူအရာဖြင့် ကြည့်ကာ ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်မကြီး"

"ငါကပဲ မင်းကို ပိုပြီး ကျေးဇူးတင်ရမှာပါ။ အခုကစပြီး မင်းနဲ့ ဟွေ့အာတို့ အချင်းချင်း ဖေးမကူညီကြပေါ့။ ဒါဆို သူလည်း စကားပြောဖော်ရတာပေါ့။ မင်းက အရည်အချင်းရှိတဲ့သူဆိုတော့ သူ့ကိုလည်း သေချာလေး သင်ပြပေးဦးနော်"

"သခင်လေးရဲ့ ပါရမီက ထူးချွန်လွန်းပါတယ်။ အချိန်တန်ရင် တော်ဝင်စာမေးပွဲကို သေချာပေါက် အောင်မြင်မှာပါ"

သူ့ပါးစပ်မှ ထိုသို့ ပြောနေသည့်တိုင် ရှောင်းယန်ချီ၏ မျက်ဝန်းများထဲတွင်တော့ အထင်သေးရွံရှာမှုများ ဖြတ်ပြေးသွားခဲ့သည်။

‘ဒီလို အသုံးမကျတဲ့လူက ခရိုင်အဆင့် စာမေးပွဲကိုတောင် အောင်မြင်ဖို့ မလွယ်တာ... ပြည်နယ်အဆင့်နဲ့ မြို့တော်အဆင့် ပညာရှင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

‘ဒီအမေနဲ့ သားက မြှောက်ပင့်စကားတွေကို ကြားချင်နေမှတော့ ငါကလည်း စိတ်ကျေနပ်အောင် ပြောပေးလိုက်ရုံပေါ့။ အချိုသတ်ပြောတာက ပြဿနာတွေကို ရှောင်လွှဲနိုင်မယ်ဆိုရင် သူတို့ကို သည်းခံဆက်ဆံဖို့ ငါ့ကိုယ်ငါ ဖျောင်းဖျနိုင်ပါတယ်’

"ဟွမ်းအာ... အခုကစပြီး ရှောင်းချီက နင့်ရဲ့ ဝမ်းကွဲအစ်ကို ဖြစ်သွားပြီဆိုတော့ ဝမ်းကွဲအစ်ကိုလို့ မခေါ်ဘူးလား"

ကျုံးလန်ဟွာက သမီးဖြစ်သူကို မျက်ရိပ်ပြလိုက်သည်။

ကျန်းရိဟွမ်းက ရှောင်းယန်ချီကို ရှက်သွေးဖြာသော မျက်နှာအမူအရာဖြင့် လှမ်းကြည့်ကာ တိုးတိုးလေး ခေါ်လိုက်သည်။

"ဝမ်းကွဲအစ်ကို..."

ထိုအသံလေးက ရှောင်းယန်ချီ၏ နှလုံးသားတစ်ခုလုံးကို နူးညံ့ပျော့ပြောင်းသွားစေသည်။

သူက ကျန်းရိဟွမ်းအား ကြင်နာယုယစွာ စိုက်ကြည့်ရင်း ပြန်ထူးလိုက်သည်။

"ဝမ်းကွဲညီမလေး"

သူ ဘဝပျက်ခဲ့ရသည့် အချိန်မှစပြီး သူ လိမ်ညာကောက်ကျစ်သူများနှင့်သာ ကြုံတွေ့ခဲ့ရဖူးပြီး သူမ တစ်ယောက်တည်းသာ သူ့ဘဝ၏ အပြစ်အနာအဆာကင်းစင်သော ကျောက်စိမ်းတုံးလေး ဖြစ်ခဲ့သည်။ တော်ဝင်စာမေးပွဲ အောင်မြင်ပြီးသည်နှင့် သူမအပေါ် သေချာပေါက် အကြွေးဆပ်ရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

ကျန်းယီဟွေ့က တူကို ချလိုက်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ငါ မစားတော့ဘူး"

ပြောပြောဆိုဆိုဖြင့် သူက စိတ်ဆိုးမာန်ဆိုး ထထွက်သွားကာ သူ့အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။

ကျုံးလန်ဟွာက ကျန်းယီဟွေ့၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မတတ်နိုင်သည့်အဆုံး ကျန်းရိဟွမ်းအား လှည့်ပြောလိုက်သည်။

"နင့်အစ်ကို့အတွက် ဟင်းတွေကို အရင်သိမ်းထားလိုက်ဦး။ ခဏနေရင် ပြန်နွှေးပြီး သူ့အခန်းထဲ သွားပို့ပေးလိုက်ပေါ့"

"အမေကလည်း... အစ်ကိုက မစားချင်ဘူးဆိုရင်လည်း မစားပါစေနဲ့"

ကျန်းရိဟွမ်းက ထပ်ပြောလိုက်သည်။

"သူ စောစောကတင် အများကြီး စားထားတာပဲ၊ ဗိုက်ပြည့်နေလို့ ဖြစ်မှာပါ"

"နင့်အစ်ကိုက ယောက်ျားလေးလေ၊ ကြီးထွားဆဲအရွယ်ဖြစ်နေတာကို ဒီလောက်နည်းနည်းလေး စားလို့ ဘယ်ဖြစ်မှာလဲ။ ငါ လီအစ်မကြီးဆီ သွားပြီး စကားသွားပြောဦးမယ်။ နင်ကတော့ အိမ်ခန်းကို သေချာသိမ်းဆည်းလိုက်ဦး၊ ပြီးတော့ ထင်းလည်း သိပ်မကျန်တော့ဘူး... သွားခုတ်ထားလိုက်ဦး"

ကျုံးလန်ဟွာက ပြောပြီးသည်နှင့် တင်ပါး တလှုပ်လှုပ်ဖြင့် အပြင်သို့ ဝင့်ဝင့်ကြွားကြွား ထွက်ခွာသွားတော့သည်။

‘ငါ့သားက ကျောင်းလခ ပေးစရာ မလိုတော့ဘူးတဲ့လေ... ဒီလိုကိစ္စမျိုးကို တစ်ရွာလုံး သိအောင် လျှောက်ကြွားရမှာ မဟုတ်ဘူးလား’

‘ငါတို့လို လယ်သမားမိသားစုကနေ စာသင်သားတစ်ယောက် ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ကူဘူးလေ။ အခု ကျောင်းလခ ကင်းလွတ်ခွင့်ရလိုက်တာက ငါတို့ဘဝကို အများကြီး ချောင်လည်သွားစေတယ်။ အရေးကြီးဆုံးအချက်က ဒီလို အခွင့်ထူးကြီးကို ငါတို့ မိသားစုတစ်ခုတည်းကပဲ ရရှိခဲ့တာလေ၊ တခြားဘယ်သူမှ မရနိုင်ဘူး။ အဲ့တော့ သေချာပေါက် လူတိုင်းကို လျှောက်ပြောပြီး ကြွားလုံးထုတ်ရမယ်’

"အစ်ကိုရှောင်း... အစ်ကိုက တကယ့်ကို တော်တာပဲနော်"

ကျန်းရိဟွမ်းက တိုးတိုးလေး ပြောလိုက်သည်။

"ဆရာက အစ်ကို့ကို စာသင်ပေးဖို့အတွက် ကျောင်းလခတောင် ကင်းလွတ်ခွင့်ပေးတယ်ဆိုတော့ အစ်ကိုက တကယ့်ကို ပါရမီပါတဲ့သူပဲနော်။ အစ်ကိုရှောင်း... စာကို ကြိုးစားပြီး သင်ယူပါနော်၊ ဒီလိုနေရာသေးသေးလေးကနေ အမြန်ဆုံး ထွက်ခွာနိုင်ပြီး ရာထူးကြီးကြီးမားမားရတဲ့ အရာရှိကြီး ဖြစ်လာရမယ်နော်။ သူတပါးအထက်ကို ရောက်သွားမှ ဘယ်သူကမှ အစ်ကို့ကို အနိုင်မကျင့်ရဲတော့မှာ"

"ဟွမ်းအာ... ကျေးဇူးတင်ပါတယ်"

ရှောင်းယန်ချီက ညင်သာစွာ ပြောလိုက်သည်။

"ကိုယ် မင်းရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးအောင် မလုပ်ပါဘူး။ တော်ဝင်စာမေးပွဲ အောင်မြင်ပြီးတာနဲ့ မင်းရဲ့ ကျေးဇူးတရားတွေကို သေချာပေါက် ပြန်ဆပ်ပါ့မယ်"

"ကျွန်မက ဘာမှလည်း မလုပ်ပေးနိုင်ခဲ့ဘူးလေ၊ အစ်ကိုအနေနဲ့ ကျွန်မအပေါ် ဒီလောက်ထိ ဂရုစိုက်ပေးဖို့ မလိုပါဘူးရှင်။ အစ်ကို အရာရှိကြီး ဖြစ်လာတဲ့အခါကျရင် ပြည်သူတွေဘက်ကနေ ရပ်တည်ပေးပြီး ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ပေးမယ့် အရာရှိကောင်းတစ်ယောက် ဖြစ်ပေးရင် ရပါပြီ"

"မင်းက တကယ့်ကို စိတ်ထားကောင်းတာပဲ"

"အများကြီး စားနော်။ ကျွန်မအမေက အစ်ကို့ကိုပဲ အမြဲတမ်း အလိုလိုက်တာ။ အစ်ကို အိမ်မှာ ရှိတဲ့အချိန်ဆို အိမ်က အကောင်းဆုံးအရာမှန်သမျှ သူပဲ ရတာလေ။ စောစောကတင် အစ်ကိုရှောင်းအတွက် အသား ညှပ်ပေးဖို့တောင် ကျွန်မ မဝံ့ရဲခဲ့ဘူး၊ ဟင်းသီးဟင်းရွက်ပဲ ထည့်ပေးရဲတာကို စိတ်မရှိပါနဲ့နော်"

"မင်းက တကယ့်ကို ငတုံးမလေးပဲ။ မင်းအတွက်ကျတော့ ဟင်းသီးဟင်းရွက်လေးတောင် မထည့်ဘဲ ကိုယ့်အတွက် ဦးစားပေးပြီး ထည့်ပေးခဲ့တာလေ၊ တကယ်လို့ မင်းအမေ စိတ်ဆိုးသွားရင် မင်းပဲ ဒုက္ခရောက်မှာပေါ့။ နောက်တစ်ခါကျရင် အဲ့ဒီလို မလုပ်နဲ့တော့နော်"

"ရပါတယ် အစ်ကိုရှောင်းရယ်... ဘာပဲဖြစ်ဖြစ် ကျွန်မက မိန်းကလေးတစ်ယောက်ပါ၊ မွေးဖွားလာကတည်းက နိမ့်ကျတဲ့ဘဝမို့ နေသားကျနေပါပြီ။ အစ်ကိုကတော့ မတူဘူးလေ၊ အစ်ကိုက ယောက်ျားလေးတစ်ယောက် ဖြစ်ပြီး နောင်တစ်ချိန်မှာ ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်နိုင်မယ့်သူပါ"

"မင်းကို နိမ့်ကျတယ်လို့ ဘယ်သူပြောလဲ။ မင်းက ဒီကမ္ဘာပေါ်မှာ အဖြူစင်ဆုံးနဲ့ အပြစ်ကင်းဆုံး မိန်းကလေးပါ၊ အကောင်းဆုံးအရာတွေနဲ့ပဲ ထိုက်တန်တယ်။ မင်း စောင့်နေပေးပါ၊ ကိုယ် တော်ဝင်စာမေးပွဲ အောင်မြင်တာနဲ့ မင်း ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်နိုင်အောင် ငါ သေချာပေါက် လုပ်ပေးမယ်"

ကျန်းရိဟွမ်းက ရှက်သွေးဖြာသွားပြီး နှုတ်ခမ်းလေးကို တွန့်ရင်း ပြောလိုက်သည်။

"ကျွန်မက အစ်ကိုရှောင်းရဲ့ ဝမ်းကွဲညီမအစစ်လည်း မဟုတ်ဘဲနဲ့... ဘယ်လိုလုပ်ပြီး အစ်ကိုရှောင်းနဲ့အတူ ဘဝကောင်းကို စံစားဖို့ အရည်အချင်း ပြည့်မီမှာလဲရှင်"

ရှောင်းယန်ချီ၏ နှလုံးသားတစ်ခုလုံး နွေးထွေးသွားရပြီး ကျန်းရိဟွမ်း၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးကို ပူလောင်စူးရှသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။

ရှောင်းယန်ချီက မိန်းမလှမျိုးစုံ ဝန်းရံနေသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့် အလှအပအမျိုးမျိုးကို မြင်ဖူးခဲ့သည်။ သူ၏မိသားစုထဲမှပင် မြို့တော်၏ အချောဆုံးအလှဆုံး မိန်းခလေး ပေါ်ထွက်ခဲ့ဖူးရာ သူက ရုပ်ရည်တစ်ခုတည်းဖြင့် လူကို အကဲဖြတ်မည့်သူ မဟုတ်မှန်း သိသာနေသည်။

ဤကျေးလက်တောရွာတွင် ကျန်းရိဟွမ်း၏အလှက ထူးခြားထက်မြက်နေသည်မှာ အမှန်ပင်။ သို့သော် မြို့တော်တွင်တော့ ဤကဲ့သို့သောအလှမျိုး နေရာအနှံ့ ရှိနေပြီး အိမ်တော်အသီးသီးမှ အစေခံခေါင်းဆောင်မလေးများထဲတွင်ပင် ထူးခြားသော ရုပ်ရည်ရှိသူများစွာ ရှိနေခဲ့သည်။ သူမကဲ့သို့ မိန်းကလေးမျိုးဆိုလျှင် သူ၏အိမ်တော်ဟောင်း၌ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ခွင့်ရရန်ပင် မလွယ်ကူချေ။

သို့သော်လည်း ရှောင်းယန်ချီက ရုပ်ရည်ကို ကြည့်တတ်သူမဟုတ်ဘဲ လူတစ်ယောက်၏ စိတ်နေသဘောထားကိုသာ တန်ဖိုးထားသူဖြစ်သည်။ သူ့မျက်လုံးထဲတွင်တော့ ကျန်းရိဟွမ်းက အပြစ်ကင်းစင်ပြီး ဖြူစင်သည့် မိန်းကလေးတစ်ဦးဖြစ်ကာ အလှဆုံး ဖြစ်နေခဲ့သည်။

"မင်းက ကိုယ်နဲ့အတူ ဘဝကောင်းတစ်ခုကို ပိုင်ဆိုင်ဖို့ အထိုက်တန်ဆုံးသူပါ"

"အစ်ကိုရှောင်း... အစ်ကိုက ကျွန်မအပေါ် သိပ်ကောင်းတာပဲ။ အစ်ကိုရှောင်း မရောက်လာခင်တုန်းက ကျွန်မမှာ မိသားစုရှိပေမယ့် အမြဲတမ်း အထီးကျန်နေခဲ့ရတာ။ အစ်ကို ရောက်လာကတည်းက ကျွန်မ စိတ်အေးချမ်းသွားသလို ခံစားရတယ်"

ကျန်းရိဟွမ်းအပေါ်ထားသည့် ရှောင်းယန်ချီ၏ အကြည့်များတွင် ကြင်နာယုယမှု၊ သနားဂရုဏာသက်မှုများ ပိုများပြားပြည့်လျှံလာတော့သည်။

‘တော်သေးတာပေါ့... ငါ့ကို ဝယ်ခဲ့တာက ကျန်းမိသားစု ဖြစ်နေလို့ပဲ၊ စူးမိသားစုက အဲ့ဒီမိန်းမကြမ်းကြီးသာဆိုရင် ငါ ဘယ်လောက်တောင် နှိပ်စက်ခံရမယ်မှန်း မသိနိုင်တော့ဘူး’

ထို့အပြင် စူးမိသားစုက အိမ်ပါသမက်အဖြစ် ခိုင်းစေရန် လူ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ထိုရွာသူလေးက အကျင့်စာရိတ္တ ကြမ်းတမ်းပြီး ရိုင်းစိုင်းသောကြောင့် ကျန်းရိဟွမ်း၏ လက်ညှိုးတစ်ချောင်းစာကိုပင် မမီဟု သူ သတ်မှတ်လိုက်သည်။

‘သူမရဲ့ အိမ်ပါသမက် ဖြစ်ရမယ့်အစား တိုင်ကို ခေါင်းနဲ့စောင့်ပြီး သေလိုက်ရတာကမှ ပိုကောင်းဦးမယ်’

ရှောင်းယန်ချီက နောင်တစ်ချိန်တွင် သူ တော်ဝင်စာမေးပွဲ အောင်မြင်နေမည့်ပုံရိပ် တွေးမိကာ အတိုင်းအဆမဲ့သော ဂုဏ်ကျက်သရေများ ပြည့်နှက်နေမည့် သူ့ကိုယ်သူ ပြန်လည်မြင်ယောင်နေမိသည်။

တစ်ဖက်တွင်တော့ စူးမိသားစုမှ ဝယ်ယူသွားသည့် အိမ်ပါသမက်က စာမေးပွဲကို အကြိမ်ကြိမ်ကျရှုံးပြီး သူတို့၏ စည်းစိမ်ဥစ္စာများ ကုန်ခမ်းကာ နောက်ဆုံးတွင် မိသားစုတစ်ခုလုံး တောင်းရမ်းစားသောက်ရမည့် ဘဝသို့ ရောက်ရှိသွားမည်ကို သူ တွေးတောပုံဖော်နေမိသည်။

"ဟတ်ချိုး..."

စူးယောင်ကွမ်းတစ်ယောက် အိပ်ရာထဲ လှဲချလိုက်ရုံရှိသာ ရှိသေးချိန်တွင် ရုတ်တရက် နှာချေလိုက်မိသည်။

"ကျွန်မ အစ်မရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပေးမယ်"

ကျန်းကျင့်က စူးယောင်ကွမ်း၏ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်ပေးလိုက်သည်။

"ရုတ်တရက် နှာခေါင်း နည်းနည်း ယားသွားလို့ပါ။ မြို့ထဲမသွားဖြစ်တာ တော်တော်ကြာပြီဆိုတော့... ဝမ်ရှူ ငါ့ကို လွမ်းနေလို့ ထင်တယ်၊ အခုရက်ပိုင်း အလုပ်တွေ နည်းနည်းပါးသွားရင် မြို့ထဲကို သွားကြတာပေါ့၊ အဲ့ကျရင် နင်နဲ့ ဝမ်ရှူကို မိတ်ဆက်ပေးမယ်"

စူးယောင်ကွမ်းက သူမ၏ နှာခေါင်းကို ပွတ်ရင်း ရှင်းပြလိုက်သည်။

All Chapters