← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆ သွေးထိုးလှုံ့ဆော်မှု

နောက်တစ်နေ့တွင် စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့က အမာရွတ်ပျောက်ဆေးဆီကို ဖော်စပ်လိုက်ကြသည်။

ထိုဆေးအဆီ၏ အာနိသင်ကို စမ်းသပ်ရန်အတွက် စူးယောင်ကွမ်းက သူမ၏ ကိုယ်ပေါ်တွင်ရှိသော အမာရွတ်ဟောင်းများပေါ်သို့ အရင် လိမ်းလိုက်ပြီး အသုံးပြုပြီးနောက် ပြောင်းလဲမှုများကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ခဲ့သည်။

ကျန်းကျင့်တွင်လည်း အမာရွတ်ဟောင်းများစွာ ရှိနေပြီး စူးယောင်ကွမ်းက သူမကိုယ်ကိုယ် စမ်းသပ်နေသည်အား မြင်လိုက်ရချိန်တွင် သူမလည်း အရှုံးမပေးဘဲ သူမခန္ဓာကိုယ်ပေါ်သို့ လိမ်းလိုက်သည်။

ဆေးလိမ်းပြီးနောက် ပထမဆုံး ခံစားရသည့် ခံစားချက်က အေးစိမ့်စိမ့် ဖြစ်သွားခြင်းပင်။ သို့သော် လောလောဆယ်တွင် ထိုမျှမှတစ်ပါး အခြား ထူးခြားမှု မရှိသေးချေ။ အာနိသင် မည်သို့ရှိသည်ကိုတော့ ရက်အနည်းငယ်ခန့် စောင့်ကြည့်ရဦးမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤအရာက ဆေးအလှဆီတစ်မျိုးသာ ဖြစ်ပြီး အနှိုင်းမဲ့မှော်ဆေးမျိုး မဟုတ်နေချေ။

"ယောင်ကွမ်း..."

ကျန်းစွေ့လန်က တံခါးဝမှ နေပြီး သူမအား လက်လှမ်းပြလိုက်သည်။

ကျန်းစွေ့လန်၏ လျှို့ဝှက်ဆန်းကြယ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် စူးယောင်ကွမ်းက သူမအနားသို့ ချဉ်းကပ်သွားကာ မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ငါ အခုလေးတင် ကျန်းရိဟွမ်းတို့အိမ်က ပြန်လာတာ၊ နင် သိလား... ကျန်းရိဟွမ်းတို့မိသားစုက ဝယ်ထားတဲ့ အစေခံ ရှောင်းချီက အခုတော့ ကျန်းရိဟွမ်းရဲ့ ဝမ်းကွဲအစ်ကို ဖြစ်သွားပြီတဲ့။ သူက အခု အစေခံ မဟုတ်တော့ဘဲ လွတ်လပ်တဲ့ အရပ်သားတစ်ယောက် ဖြစ်သွားပြီ"

စူးယောင်ကွမ်းက ရှောင်းယန်ချီတစ်ယောက် စာသင်ကျောင်းသို့ သွားရောက် ပညာသင်ကြားတော့မည်ကို မနေ့ကတည်းက သိထားခဲ့ပြီး ဤအခြေအနေအပေါ် အံ့ဩမနေတော့ချေ။ ကျောင်းအုပ်ဆရာကြီးက ရှောင်းယန်ချီ၏ ပါရမီကို တန်ဖိုးထားပြီး သူ့ကို တပည့်အဖြစ် လက်ခံရန်အတွက် သူနှင့် ကျန်းယီဟွေ့တို့၏ ကျောင်းလခများကို ကင်းလွတ်ခွင့်ပေးရန် ဆန္ဒရှိနေခြင်းဖြစ်ရာ ကျန်းမိသားစုကလည်း သေချာပေါက် သဘောတူမည်သာ ဖြစ်သည်။ သို့သော် ရှောင်းယန်ချီ၏ ကျွန်အဆင့်အတန်းကို သာမန်အရပ်သားအဖြစ် ပြောင်းလဲပစ်ရန်ကတော့ အားစိုက်ထုတ်မှုအချို့ လိုအပ်မည်ဖြစ်ပြီး ကျုံးလန်ဟွာက မည်သို့စီမံလိုက်သည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရချေ။

"အဲ့ဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ"

"ဘာလို့ မဆိုင်ရမှာလဲ။ အဲ့ဒီကျွန်က တကယ်တော့ နင့်အတွက် ငါရှာပေးထားခဲ့တာလေ၊ ဒါပေမဲ့ နင်က ဈေးကြီးတယ်ဆိုပြီး နင့်ရဲ့ အနာဂတ်ခင်ပွန်းကိုပဲ ဝယ်လိုက်တာ မဟုတ်ဘူးလား။ နင့်ယောက်ျားငယ်လေးက မကောင်းဘူးလို့ ငါ မပြောပါဘူး၊ ဒီလောက် ရုပ်ချောတဲ့ ယောက်ျားကို ကြေးပြား ဆယ်ပြားနဲ့ ဝယ်နိုင်ခဲ့တာက တကယ်ကို တန်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ကျန်းယီဟွေ့ဆီက ငါ ကြားတာတော့ နင့်ယောက်ျားငယ်လေးက စာသင်ဖို့ မသင့်တော်ဘူးတဲ့၊ သူ့ပါရမီက သာမန်ပဲတဲ့လေ။ ယောင်ကွမ်း... နင်ရော နှမြောဖို့ ကောင်းတယ်လို့ မထင်ဘူးလား၊ တကယ်လို့ အဲ့ဒီတုန်းက နင်သာ ရှောင်းချီကို ဝယ်ခဲ့ရင် အခုလို ကျောင်းလခ ကင်းလွတ်ခွင့်က နင့်အတွက် ဖြစ်နေမှာ။ ငါ တကယ်ပဲ နင့်အစား နှမြောနေမိတယ်"

"ကျွန်မကတော့ နှမြောစရာလို့ မထင်ပါဘူး"

စူးယောင်ကွမ်းက ရှောင်းယန်ချီတစ်ယောက် သူ၏ စာအုပ်သေတ္တာကို ကျောပိုးကာ တံခါးဝမှ ဖြတ်လျှောက်သွားသည်ကို မြင်လိုက်သဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ကျွန်မရဲ့ ခင်ပွန်းက အမှားအမှန်နဲ့ စည်းကမ်းတွေကို နားလည်ဖို့အတွက်ပဲ စာသင်နေတာ။ သူ တော်ဝင်စာမေးပွဲ အောင်မြင်နိုင်မလား၊ မအောင်မြင်နိုင်ဘူးလားဆိုတာက အရေးမကြီးဘူး။ သူ ပျော်နေသရွေ့တော့ စာမေးပွဲ မဖြေရင်တောင် စာသင်ကျောင်းမှာ စာလုံးအနည်းငယ် တတ်မြောက်သွားတာနဲ့တင် လုံလောက်နေပါပြီ။ ကျွန်မခင်ပွန်းက စိတ်ထားကောင်းတယ်၊ လုံ့လဝီရိယရှိပြီး လုပ်ကိုင်နိုင်စွမ်း ရှိတယ်၊ ပြီးတော့ ကျွန်မရဲ့ အမေအပေါ်မှာလည်း အရမ်း ယဉ်ကျေးပျူငှာတယ်။ ကျွန်မ သူ့နဲ့ ဆုံတွေ့ခွင့်ရတာကိုပဲ ကျေနပ်နေပါပြီရှင်"

ကျန်းစွေ့လန်က မချိပြုံး ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။

"နင် ပျော်ရင်လည်း ပြီးတာပါပဲ"

‘ဘာအဓိပ္ပာယ် မရှိတဲ့စကားတွေ လျှောက်ပြောနေတာလဲ၊ ကျိုးဝမ်ရှူက ရုပ်ချောတယ်ဆိုပေမယ့် ရှောင်းယန်ချီလို ပါရမီရှိပြီး ရုပ်ရည်ချောမောတဲ့သူနဲ့ နှိုင်းယှဉ်ရင် ကွာခြားချက်က ကြီးမားလွန်းတယ်လေ။ တကယ်လို့ စူးယောင်ကွမ်းသာ ရှောင်းယန်ချီကို ဝယ်ယူခဲ့ပြီး သူ ရာထူးအာဏာ ရရှိလာတဲ့အထိ ပညာသင်ကြားနိုင်ဖို့ အချိန်ပေး ထောက်ပံ့ခဲ့မယ်ဆိုရင် သူမ ရာထူးကြီးမားတဲ့ အရာရှိကတော်တစ်ဦး ဖြစ်လာနိုင်တယ်။ အခုတော့ သာမန် ကောင်လေးတစ်ယောက်နဲ့ လက်ထပ်လိုက်ရပြီး အရာရှိကတော် ဖြစ်လာနိုင်တဲ့ အိပ်မက်တောင် ပျက်စီးသွားပြီလေ’

အစပိုင်းတွင် ကျန်းစွေ့လန်က စူးယောင်ကွမ်း ကျန်းမိသားစုထံ သွားရောက် ပြဿနာရှာပြီး စူးမိသားစုနှင့် ကျန်းမိသားစုတို့ ခွေးအချင်းချင်း ကိုက်သလို ရန်ဖြစ်နေကြသည်ကို ဘေးမှ ဇာတ်ပွဲကြည့်သလို အားရပါးရ ကြည့်ရှုချင်ခဲ့ခြင်း ဖြစ်သည်။ ယခု စူးယောင်ကွမ်းက သူမ၏ အကွက်ထဲသို့ သက်ဆင်းမလာသဖြင့် သူမ၏ သွေးထိုးလှုံ့ဆော်မှု အစီအစဉ်က လုံးဝ ဥဿုံ ပျက်ပြားသွားခဲ့ရသည်။

ကျန်းရိဟွမ်းက ရွာထဲတွင် အလှဆုံးမိန်းကလေးဖြစ်သဖြင့် လူပျိုလူရွယ်များ၏ ဝန်းရံခြင်းကို ခံရသော်လည်း ရွာထဲမှ မိန်းကလေးအများစုကတော့ သူမကို မနာလိုဖြစ်နေကြသည်။ ယခု သူမက ရှောင်းယန်ချီနှင့် ပတ်သက်မှုရှိလာပြန်သဖြင့် ပို၍ပင် မနာလိုဖြစ်လာကြသည်။ သူမတို့ကိုယ်တိုင် ဘာမှမလုပ်ရဲကြသဖြင့် လုပ်ရဲကိုင်ရဲရှိသူများကို မြှောက်ထိုးပင့်ကော် လုပ်ရန် ကြိုးစားကြခြင်းပင်။ သို့သော် သူမတို့က စူးယောင်ကွမ်း၏ ပါးနပ်မှုကို လျှော့တွက်ခဲ့ကြသည်။ စူးယောင်ကွမ်းက သူမတို့ထင်သလို မိုက်မဲသူ မဟုတ်ခဲ့ချေ။

ရှောင်းယန်ချီကလည်း စူးယောင်ကွမ်း၏ စကားများကို ကြားသွားခဲ့ပြီး သူ့မျက်ဝန်းများထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

‘ဒီရွာသူမက သူ့ကိုယ်သူ လိမ်ညာနေတာပဲ... သူ့ရင်ထဲမှာတော့ နောင်တတွေ အကြီးအကျယ် ရနေလောက်ပြီ’

‘အခုလောလောဆယ်တော့ မင်း ခေါင်းမာနေလိုက်ဦးပေါ့... တစ်နေ့ကျရင် မင်းကိုယ်တိုင် နောင်တရတယ်လို့ ပြောလာမယ့် စကားကို ငါ သေချာပေါက် ပြန်ကြားစေရမယ်’

ကျန်းယီဟွေ့က ရှောင်းယန်ချီနောက်မှ လက်ဗလာဖြင့် လိုက်ပါလာခဲ့သည်။ ကျုံးလန်ဟွာက သူ့နောက်သို့ အမှီလိုက်ရင်း သတိပေးစကားများ ပြောနေကာ လက်ရှိအချိန်တွင် ပညာသင်ကြားနိုင်ရန်အတွက် ရှောင်းယန်ချီနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားရန် တိုးတိုးတိတ်တိတ် တိုက်တွန်းနေသည်။

ကျန်းယီဟွေ့၏ မျက်နှာက ဒေါသကြောင့် သွေးမရှိသလို မည်းမှောင်နေသော်လည်း ကျုံးလန်ဟွာကတော့ ၎င်းကို သတိမပြုမိဘဲ တတွတ်တွတ် ပြောနေဆဲပင်။

နောက်ဆုံးတွင် ကျန်းယီဟွေ့တစ်ယောက် ဆက်မအောင့်အီးနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

"အမေ ပြောလို့ မပြီးသေးဘူးလား။ နားငြီးလိုက်တာ"

ကျုံးလန်ဟွာက ထိတ်လန့်သွားပြီး စကားများ ထစ်ငေါ့သွားကာ နှုတ်ဆိတ်သွားခဲ့သည်။

"ရိဟွမ်း... ရှောင်းချီက ဒီလောက် ပါရမီရှိတာပဲ၊ နင်လည်း ယောင်ကွမ်းလိုမျိုး သူ့ကို အိမ်ပါသမက်အဖြစ် ဘာလို့ မသိမ်းသွင်းလိုက်တာလဲ"

ရွာထဲမှ သက်တူရွယ်တူ မိန်းကလေးတစ်ဦးဖြစ်သော စူးရှောင်လျန်က ကျန်းရိဟွမ်းကို မေးမြန်းနေသည်။

ကျန်းရိဟွမ်းက သူမ၏ လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဟန်ဆောင်ပန်ဆောင် တုံ့ပြန်လိုက်သည်။

"ငါ့မှာ အစ်ကိုအရင်းတစ်ယောက် ရှိနေတာပဲ၊ ဘာကိစ္စ အိမ်ပါသမက် ရှာရမှလဲ။ ပြီးတော့ အိမ်ထောင်ရေးဆိုတာ အရေးကြီးတဲ့ ကိစ္စလေ၊ ပေါ့ပေါ့တန်တန် သဘောထားလို့ ဘယ်ဖြစ်မလဲ။ ယောက်ျားတစ်ယောက်နဲ့ ဖြစ်သလို လက်ထပ်လိုက်ရင် ဘဝက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ငါကတော့ ငါ တကယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်မှာ။ တကယ်လို့ ငါ သူ့ကို လက်ထပ်ခဲ့ရင်လည်း သူက ရုပ်ချောလို့၊ ပါရမီရှိလို့ ဒါမှမဟုတ် ချမ်းသာလို့ မဟုတ်ဘဲ ငါ သူ့ကို တကယ် နှလုံးသားထဲက ချစ်မိလို့ပဲ ဖြစ်ရမယ်"

"ရိဟွမ်း... ငါ အခုတင် ထင်းနည်းနည်း သွားခုတ်လာခဲ့တယ်၊ အခု အဲ့ဒါတွေကို အခြောက်ခံဖို့အတွက် မင်းတို့ ခြံဝင်းထဲ ယူသွားပေးမယ်နော်"

ကျန်းတာ့ချွမ်းက ထင်းများကို ထမ်းလာရင်း ကျန်းရိဟွမ်း၏ မျက်ဝန်းများကို ပူလောင်စူးရှသော အကြည့်များဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

ကျန်းရိဟွမ်း၏ နူးညံ့သိမ်မွေ့သော အမူအရာက ပျက်စီးလုနီးပါး ဖြစ်သွားရသည်။

‘ကျန်းတာ့ချွမ်းက တကယ့်ကို ရုပ်ဆိုးလွန်းတယ်’

သူက ရုပ်ဆိုးသော်လည်း ရည်မှန်းချက်က ကြီးမားလှပြီး သူမ၏အနားတွင် အမြဲတမ်း တဝဲဝဲလည် လုပ်နေတတ်သည်။ ယခုရက်ပိုင်းအတွင်း ရေခပ်၊ ထင်းခုတ်၊ လယ်ကွင်းထဲမှ ပေါင်းမြက်များ ရှင်းပေးသည်အထိ သူက အစစအရာရာ အကုန် ကူညီပေးနေခဲ့သည်။

အစပိုင်းတွင် ကျန်းတာ့ချွမ်း၏ အလိုက်သိတတ်မှုများက တစ်ခုခု ပြန်လည်လိုချင်၍လားဟု သူမ စိုးရိမ်ခဲ့သော်လည်း သူက ပို၍ ပို၍ လုပ်ပေးလာသောအခါ သူမ ကျင့်သားရလာပြီး သူ၏ စေတနာများကို ဘာမှမစဉ်းစားတော့ဘဲ လက်ခံလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုတာ့ချွမ်း"

ကျန်းရိဟွမ်းက မချိပြုံးဖြင့် ခပ်တောင့်တောင့်လေး ပြန်ပြောလိုက်သည်။

"ရိဟွမ်း... နင်က ဒီလိုပုံစံမျိုးကို ကြိုက်တာပေါ့လေ"

စူးရှောင်လျန်က အသံကို တမင်တကာ မြှင့်ကာ ပြောလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... အဲ့လို မဟုတ်ပါဘူး"

ကျန်းရိဟွမ်းက စူးရှောင်လျန်၏ ပါးစပ်ကို အလျင်အမြန် လှမ်းပိတ်လိုက်သည်။

"နင် အစ်ကိုတာ့ချွမ်းကို မကြိုက်ဘူးဆိုရင် ဘာလို့ သူ့ကို အလုပ်တွေ အကုန် ကူလုပ်ခိုင်းနေတာလဲ"

စူးရှောင်လျန်က ကျန်းရိဟွမ်း၏ လက်ချောင်းများကို ဖယ်ရှားလိုက်ရင်း ကျန်းတာ့ချွမ်းရှိရာဘက်သို့ လှမ်းကြည့်ကာ အော်ဟစ်မေးမြန်းလိုက်သည်။

"အိုက်ယား... နင်တို့တွေ ဘာတွေလျှောက်ပြောနေကြတာလဲ"

ကျုံးလန်ဟွာက ကျန်းယီဟွေ့ကို လိုက်ပို့ပြီး ပြန်ရောက်လာစဉ် စူးရှောင်လျန်နှင့် ကျန်းရိဟွမ်းတို့ ငြင်းခုံနေကြသည်ကို ကွက်တိ မြင်တွေ့သွားသည်။

ကျန်းရိဟွမ်းက လူအများရှေ့တွင် နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သည့် ပုံရိပ်ကို ထိန်းသိမ်းထားရန် လိုအပ်သဖြင့် တစ်ခါတရံတွင် သူမ၏ သိက္ခာကို မထိခိုက်စေရန်အတွက် ပြန်မပြောရဲဘဲ အောင့်အီးသည်းခံရလေ့ရှိသည်။

ထိုသို့သော အချိန်မျိုးတွင် ကျုံးလန်ဟွာက ရှေ့မှ ထွက်ကာ တိုက်ခိုက်ပေးသည့် ဓားတစ်လက် ဖြစ်လာတတ်သည်။ သူမက မိန်းမကြမ်းကြီးကဲ့သို့ အသေအလဲ ကာကွယ်ပေးနေသဖြင့် ကျန်းရိဟွမ်းတစ်ယောက် မည်သည့်အရှုံးမှ မရှိဘဲ အမြတ်ထုတ်နိုင်မည့် အခွင့်အရေးများကို ဆက်လက် ချောင်းမြောင်းနိုင်ခြင်း ဖြစ်သည်။

"အမေ... ဘာမှမဖြစ်ပါဘူး။ ရှောင်လျန်က သမီးနဲ့ အစ်ကိုတာ့ချွမ်းကို အထင်လွဲသွားလို့ပါ၊ သမီး သူ့ကို ရှင်းပြလိုက်ပါ့မယ်"

ကျန်းရိဟွမ်းက မိခင်ဖြစ်သူကို ရှင်းပြလိုက်သည်။

ထိုစကားအဆုံးတွင် ကျုံးလန်ဟွာက ခါးကို ထောက်လိုက်ပြီး စူးစူးဝါးဝါး အသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"ဘာကို အထင်လွဲရမှာလဲ။ ငါတို့မိသားစုမှာ အားကိုးရာမဲ့ မိန်းမသား နှစ်ယောက်တည်း ရှိတာတော့ လေးလံတဲ့ အလုပ်ကြမ်းတွေကို လုပ်နိုင်တဲ့သူ မရှိဘူးလေ။ ဒါကို တာ့ချွမ်းက စိတ်ထားကောင်းပြီး အိမ်နီးနားချင်း အချင်းချင်း ဂရုစိုက်တတ်လို့ ငါတို့အတွက် အလုပ်တချို့ ကူလုပ်ပေးတာပဲ ရှိတယ်။ တာ့ချွမ်းက ကူညီတတ်တဲ့သူမလို့ ဘာအကျိုးအမြတ်မှ မမျှော်ကိုးဘဲ လုပ်ပေးတာကို နင်က ဘာလို့ မကျေမနပ် ဖြစ်နေရတာလဲ၊ ကောင်မစုတ်လေး... ဘာလဲ... နင်က တာ့ချွမ်းကို သဘောကျနေလို့ ငါတို့ လုယူသွားမှာ စိုးရိမ်နေတာလား"

"မဟုတ်ပါဘူး"

စူးရှောင်လျန်က နှုတ်ခမ်းကို မဲ့လိုက်ရင်း ပြန်ပြောလိုက်သည်။

"ဘယ်သူက သူ့ကို လိုချင်မှာလဲ"

‘ဒီလောက် ရုပ်ဆိုးတာကို မျက်စိကန်းတဲ့သူပဲ သဘောကျမှာပေါ့’

၎င်းက စူးရှောင်လျန်၏ အတွေး ဖြစ်သည်။

ကျန်းတာ့ချွမ်းက အဝေးသို့ မရောက်သေးသဖြင့် ထိုငြင်းခုံသံ အားလုံးကို ကြားနေခဲ့သည်။

သူက ကူညီရန် အစပြုခဲ့ခြင်းက ကျန်းရိဟွမ်းကြောင့် ဖြစ်သည်။ ကျန်းရိဟွမ်းက သူ့မျက်နှာကို မြင်လျှင် ရွံရှာသော အမူအရာ မပြတတ်သည့် မိန်းကလေးအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သောကြောင့် သူက သူမအပေါ် စိတ်ဝင်စားမိသွားခြင်း ဖြစ်သည်။

ကျန်းရိဟွမ်းက သူ့ကို ပြန်လည်သဘောကျလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးသော်လည်း ထိုမိခင်နှင့် သမီးနှစ်ဦးလုံးက အပြတ်ငြင်းဆိုနေကြသည်ကို ကြားလိုက်ရချိန်တွင်တော့ သူ့ရင်ထဲ၌ စိတ်ပျက်အားငယ်မှုအချို့ ဖြစ်ပေါ်လာရသည်။

‘ထားလိုက်ပါတော့... ငါ နောက်တခါ မကူညီသင့်တော့ဘူး’

‘ငါက ဒီလောက် ရုပ်ဆိုးတာကို... ငါ ဆက်ပြီး ကူညီပေးနေရင် ရွာသားတွေက အတင်းအဖျင်း ပြောကြဦးမှာပဲ၊ အဲ့ဒါက သူမကိုပဲ ထိခိုက်စေလိမ့်မယ်’

All Chapters