အခန်း ၅၈
Vol. 6 Ch. 58
အခန်း ၅၈ အကြီးစားမှာယူမှု
ကျန်းကျောက်တိက စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"ဒါနဲ့... အဲ့ဒီဖောက်သည်အကြီးကြီးက အခု ဘယ်မှာလဲ"
ချွမ်းအော်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အဒေါ်ရဲ့... သူ ထွက်ပြေးမသွားပါဘူး။ အဲ့ဒီဖောက်သည်အကြီးကြီးက လောလောဆယ် တည်းခိုခန်းမှာ တည်းနေတယ်၊ သူက နယ်လှည့်ကုန်သည်တစ်ယောက်ပါ။ အဒေါ်တို့ဘက်က သဘောတူတယ်ဆိုရင်တော့ ကျွန်မ အခုချက်ချင်း သတင်းပို့ပေးပါ့မယ်"
ကျန်းကျောက်တိက ချက်ချင်း တုံ့ပြန်လိုက်သည်။
"သဘောတူတာပေါ့... သဘောတူရုံတင်မကဘူး၊ မိတ်ဆက်ပေးဖို့အတွက် ဆိုင်ရှင်မလေးကိုပဲ အားကိုးရတော့မှာပါ"
"မလောပါနဲ့ဦး"
ချွမ်းအော်က တားဆီးလိုက်သည်။
"အရင်ဆုံး အထဲဝင်ပြီး ပြီးခဲ့တဲ့တစ်ခေါက်က ရောင်းရတဲ့ ပိုက်ဆံတွေကို ရေတွက်ကြရအောင်"
ထို့နောက် ချွမ်းအော်က ငွေတုံးအချို့ ထည့်ထားသည့် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
ငွေတုံးများသည် တစ်ပုံစံတည်း ညီညီညာညာ ဖြစ်ကာ တောက်ပြောင်နေပြီး ကြည့်ရသည်မှာ အလွန် စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။
(T/N : ငွေကြေးစနစ်လေးအကြောင်းနည်းနည်း ပြောပြမယ်နော်၊ ကြေးပြားက အနိမ့်ဆုံးပေါ့၊ တစ်ပြား၊ နှစ်ပြား ရေတွက်ပြီး သုံးတာပါ၊ ရွှေနဲ့ ငွေကျတော့ အလေးချိန်ကို စံထားပြီး သုံးတာပါ၊ လျန်နဲ့ သုံးကျတာပေါ့၊ အများအားဖြင့် ငွေတုံးတွေကို တစ်တုံးကို ဆယ်လျန်၊ လျန်နှစ်ဆယ် အလေးချိန်သတ်မှတ်ပြီး သွန်းလောင်းကြတယ်၊ အတုံးပျက်လေးတွေကိုလည်း အလေးးချိန်အတိုင်း တစ်လျန်၊ နှစ်လျန်သုံးကြတယ်၊ အဲ့တာကြောင့် တစ်ချို့တွေက ငွေတုံးလေးတွေကို အလေးချိန် ဆကြည့်တာလေ၊ ခုညီညီညာညာ ဆိုတာ အတုံးမပျက်သေးတဲ့ ငွေတုံးတွေကို ပြောတာပါ)
စူးယောင်ကွမ်းက သူမ၏ အတိတ်ဘဝတွင် ထိပ်တန်းပညာရှင်၏ ဇနီးဖြစ်ခဲ့ပြီး အိမ်တွင်းရေးကိစ္စရပ်များကို စီမံခန့်ခွဲရင်း ပင်ပန်းဆင်းရဲခဲ့ရသည်။ သူမ မည်မျှပင် ငွေရှာနိုင်ပါစေ ရှောင်းယန်ချီက အကုန်သုံးပစ်တတ်သဖြင့် နောက်ပိုင်းတွင် သူမ၌ ငွေအပေါ် စွဲလမ်းစိတ်တစ်ခု စွဲကပ်လာခဲ့ရသည်။
ယခုအခါတွင်တော့ ဤပြည့်စုံလှပသော ငွေတုံးများကို ကြည့်ရင်း သူမအနေဖြင့် ငွေတုံးတစ်တုံးချင်းစီကို နမ်းရှုံ့ကာ တစ်သက်လုံး ပွေ့ဖက်ထားချင်စိတ်များပင် ပေါ်ပေါက်လာခဲ့သည်။ သို့သော်လည်း မိခင်ဖြစ်သူ ကျန်းကျောက်တိ လန့်မသွားစေရန်အတွက် သူမ၏ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်။
ကျန်းကျောက်တိက ငွေတုံးများကို တဖွဖွပွတ်သပ်ရင်း ကျန်းကျင့်ကို လှမ်းခေါ်လိုက်သည်။
"ငါ့တစ်သက် ဒီလောက်ကြီးတဲ့ ငွေတုံးမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ကျင့်အာ.. နင်လည်း လာကိုင်ကြည့်ဦးလေ"
ကျန်းကျင့်ကလည်း ပြုံးရွှင်စွာဖြင့် ငွေတုံးကို သွားကိုင်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"အမေ... နောင်ကျရင် သမီးတို့ ဒီထက်မကတဲ့ ငွေတုံးတွေ အများကြီး ရှာနိုင်ဦးမှာပါ။ အဲ့ဒီကျရင် အမေ အိပ်တဲ့အခါတောင် ငွေတွေကို ပွေ့ဖက်ပြီး အိပ်လို့ ရတယ်"
စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။
"အစ်မချွမ်းအော်... အဲ့ဒီဖောက်သည်အကြီးကြီးက ပစ္စည်း ဘယ်လောက်ထပ်လိုချင်တယ်ဆိုတာ မပြောသွားဘူးလားဟင်"
"အတိအကျတော့ မပြောသွားဘူး။ ဒါပေမဲ့ ရှိသမျှကုန်ပစ္စည်းတွေကို တစ်ခါတည်း အကုန်သိမ်းကျုံးဝယ်သွားတယ်ဆိုကတည်းက သူက တကယ့်ကို သူဌေးကြီးပဲ ဖြစ်ရမယ်။ နင်နဲ့ တွေ့ချင်တယ်ဆိုတာကလည်း ဒီလိုပစ္စည်းလေး ကိုးဘူး၊ ဆယ်ဘူးလောက်အတွက် မဟုတ်နိုင်တာ သေချာတယ်"
စူးယောင်ကွမ်းက ငွေသေတ္တာကို ပိတ်လိုက်ပြီး ကျန်းကျောက်တိ၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ ချွမ်းအော်ကို လှမ်းပြောလိုက်သည်။
"ဒါဆိုရင် သူ့ကို လာခဲ့ဖို့ ဖိတ်ခေါ်ပေးပါဦး အစ်မ။ ဒီအရောင်းအဝယ်ကို ဒီနေ့ပဲ ဆွေးနွေးကြတာပေါ့။ တကယ်လို့ ဒီအလုပ်သာ အောင်မြင်သွားရင် မမချွမ်းအော်ကိုလည်း အမြတ်ရဲ့ တစ်ဆယ်ရာခိုင်နှုန်း ခွဲပေးပါ့မယ်"
"ဒီမှာ ခဏလောက် နားနားနေနေ စောင့်နေကြဦးနော်၊ ငါ အခုပဲ သူ့ကို သွားရှာလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် ချွမ်းအော်က ချက်ချင်း ထွက်သွားခဲ့သည်။
ချွမ်းအော်က ကုန်သည်ကြီးကို သွားရောက်ရှာဖွေနေစဥ်အတွင်း အမေနှင့် သမီးနှစ်ယောက်က ဆိုင်ထဲတွင် အနားယူရင်း လက်ဖက်ရည်သောက်နေကြသည်။
ချွမ်းအော်က ဆိုင်တံခါးကို ပိတ်မသွားခဲ့သဖြင့် ဆိုင်ထဲသို့ ဝယ်သူများ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ဝင်လာကြသည်။ စူးယောင်ကွမ်းကလည်း ဆိုင်အကူအဖြစ် ယာယီဝင်လုပ်ပေးပြီး ချွမ်းအော်၏ ဆိုင်တွင် ကျန်ရှိနေသော အဝတ်အထည် တော်တော်များများကို ရောင်းချပေးလိုက်သည်။ ချွမ်းအော် သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့်အတူ ဆိုင်သို့ ပြန်ရောက်လာချိန်တွင် ဆိုင်ထဲ၌ ဖောက်သည်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ ဆိုင်ထဲမှ ပစ္စည်းဝယ်ယူပြီး ထွက်ခွာသွားကြသော သူများ၏ မျက်နှာတွင်လည်း ပျော်ရွှင်သောအပြုံးများ ရှိနေကြသဖြင့် သူတို့၏ ဝယ်ယူမှုအပေါ် အလွန် စိတ်ကျေနပ်မှု ရှိနေကြောင်း ထင်ရှားနေသည်။
ချွမ်းအော်က စူးယောင်ကွမ်း၏ လက်ကို ဆွဲကိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ငါ ထွက်သွားတာ ရှီးချန်တစ်ဝက်ပဲ ရှိသေးတယ်၊ နင်က ငါ့ရဲ့ အဝတ်အစားတွေကို ဒီလောက်အများကြီး ရောင်းပေးလိုက်တာလား၊ နင်ကတော့ တကယ့်ကို ငါ့ရဲ့ ကျေးဇူးရှင်မလေးပဲ၊ တကယ့်ကို တန်ဖိုးမဖြတ်နိုင်ဘူး"
စူးယောင်ကွမ်းက အားနာဟန်ဖြင့် ပြန်ပြောလိုက်သည်။
"အစ်မချွမ်းအော်ကလည်း ကျွန်မကို လာနောက်နေပြန်ပြီ"
ထို့နောက် ချွမ်းအော်က နောက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"သူဌေးလီ... ဒါက ကျွန်မ ပြောပြခဲ့တဲ့ အလှကုန်ပစ္စည်းတွေလုပ်တဲ့ ဆိုင်ရှင်မလေးပါ။ အခု ကျွန်မ ထပ်ပြီး မိတ်ဆက်ပေးနေစရာ မလိုတော့ဘူးထင်တယ်၊ သူ့ရဲ့အရည်အချင်းကိုလည်း ရှင် ယုံကြည်သွားပြီမလား"
သူဌေးလီက ဖော်ရွှေသော အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။
"အမှန်ပဲ... လူငယ်တွေက တကယ် အထင်သေးလို့မရဘူးပဲ။ ငါ တကယ်ကို စိတ်ဝင်စားမိတာက ဒီဆိုင်ရှင်မလေးက ကုန်ပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ ဒီလောက်အများကြီး ရောင်းထွက်အောင် လုပ်လိုက်တာလဲဆိုတာပဲ"
"အစ်မချွမ်းအော်ရဲ့ ပစ္စည်းတွေက ကောင်းမွန်ပြီး လူကြိုက်များလို့ အခုလို ရောင်းကောင်းတာပါရှင့်"
စူးယောင်ကွမ်း၏ စကားကြောင့် ချွမ်းအော်တစ်ယောက် ရင်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
'ဒီကောင်မလေးကတော့ မျက်နှာလေးတစ်ချက်မပျက်ဘဲ လိမ်ညာပြောဆိုနိုင်လွန်းတယ်... တကယ်တမ်းကျတော့ ငါ့ရဲ့ကုန်ပစ္စည်းတွေက ခေတ်မမှီတော့ဘဲ အိုဟောင်းနေလို့ ဖောက်သည်မရှိသလောက်ဖြစ်ပြီး ဆိုင်ပါပိတ်ရတော့မယ့် အခြေအနေ ရောက်နေခဲ့တာလေ'
‘ဒီကောင်မလေးနဲ့ တွေ့ဆုံပြီး သူမရဲ့ မျက်နှာချေခြယ်သပေးနိုင်စွမ်းကို မြင်တွေ့ခဲ့ရပြီးနောက်မှသာ ဒီဆိုင်လေးရဲ့ အခြေအနေအရပ်ရပ်က ပြောင်းလဲသွားတာလေ၊ နောက်ဆုံးမှာ အကျပ်အတည်းကနေ အခွင့်အလမ်းကို ကူးပြောင်းသွားပြီး စီးပွားရေး ပြန်လည်ဦးမော့လာခဲ့တယ်။ ဆိုင်ဖွင့်ကတည်းက ဒီလောက်များပြားတဲ့ ဖောက်သည်တွေကို ငါ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။’
ချွမ်းအော်က ဆိုင်ထဲမှ အဝတ်အစားများကို လှမ်းကြည့်ရင်း ဆက်တွေးနေပြန်သည်။
'ဒီပစ္စည်းတွေက အရင်အတိုင်း အဟောင်းတွေပဲဥစ္စာ... ဘာလို့ သူ့လက်ထဲရောက်မှ ဒီလောက်တောင် လူကြိုက်များသွားရတာလဲ၊ နောက်ကျရင်တော့ စူးယောင်ကွမ်းဆီကနေ သေသေချာချာ သင်ယူမှ ဖြစ်တော့မယ်။ အဓိကသော့ချက်ကို ဆုပ်ကိုင်မိမှပဲ ငါရဲ့စီးပွားရေးက တကယ်တမ်း တိုးတက်စည်ကားလာနိုင်မှာ မဟုတ်ဘူးလား။’
စူးယောင်ကွမ်းက ဦးဆောင်ပြီး စကားစလိုက်သည်။
"သူဌေးလီ... သူဌေးလီက ဘယ်လိုစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်တာလဲရှင့်"
သူဌေးလီက သူ၏မုတ်ဆိတ်တိုတိုကို ပွတ်သပ်ရင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ငါက ပြဇာတ်ရုံတစ်ခု ပိုင်တယ်လေ။ ငါတို့ ပြဇာတ်ရုံက လူတွေက အလှကုန်ပစ္စည်းတွေကို အများကြီး သုံးစွဲကြရတယ်။ မင်းတို့ရဲ့ ပစ္စည်းတွေက ရောင်းကောင်းတယ်ဆိုတာ ကြားလို့ ငါကိုယ်တိုင်လည်း စမ်းကြည့်ပြီးပြီ၊ တကယ်ကို ကောင်းမွန်တာကြောင့် ပိုပြီးတော့ အများကြီး ဝယ်ချင်တာပါ။ ဒီတစ်ခေါက်တော့ ပစ္စည်းအမျိုးအစား တစ်မျိုးစီကို ဘူးကြီး ဘူးသုံးဆယ်စီ လိုချင်တယ်။ ပစ္စည်းအပ်ဖို့ ဘယ်လောက်ကြာမှာလဲ"
"ဒီလောက် အရေအတွက်အများကြီးဆိုရင်တော့ ရက်နှစ်ဆယ်လောက် ကြာပါလိမ့်မယ်ရှင့်"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"သူဌေးလီရဲ့ နေရပ်က ရွာနဲ့ အလှမ်းဝေးလို့လားရှင့်။ တကယ်လို့ အချိန်မလောက်ဘူးဆိုရင်တော့ ဒီလောက် အော်ဒါအကြီးကြီးကို ကျွန်မတို့ လက်ခံဖို့ ခက်ခဲပါလိမ့်မယ်"
"အဆင်ပြေပါတယ်... ငါဘက်က အသေအချာ အဆင်ပြေတယ်"
ကျန်းကျောက်တိက စူးယောင်ကွမ်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး လှမ်းပြောလိုက်သည်။
"သူဌေးလီက စောင့်ပေးနိုင်တယ်ဆိုရင်တော့ ငါတို့ မြန်မြန်လေး လုပ်ပေးရင် အချိန်မီမှာပါ၊ ဟုတ်တယ်မလား"
ကျန်းကျောက်တိအနေဖြင့် သေချာပေါက် ရလာနိုင်မည့် အကျိုးအမြတ်ကို လက်လွတ်မခံချင်ပေ။
‘မျက်နှာလိမ်းအလှဆီ ဘူးကြီးတစ်ဘူးကို ငွေနှစ်လျန်နဲ့ ရောင်းချနိုင်တော့ ဘူးသုံးဆယ်ဆိုရင် ငွေလျန်ခြောက်ဆယ် ရလိမ့်မယ်။
‘မျက်နှာချေမှုန့်ကတော့ အဲ့ဒီလောက် ဈေးမကြီးဘူး၊ ဘူးကြီးတစ်ဘူးကို ကြေးပြား ငါးရာဆိုတော့ ဘူးသုံးဆယ်ကို ငွေဆယ့်ငါးလျန်ပေါ့။ ဒါတင်မကသေးဘူး... မျက်နှာလိမ်းအလှဆီတင် အမျိုးအစား သုံးလေးမျိုး ရှိနေတာလေ။ အခုလောလောဆယ် ငါတို့ ဖော်စပ်ထားတာက မျက်နှာချေမှုန့် နှစ်မျိုးပဲ ရှိသေးတယ်။ အဲ့ဒါအပြင် မျက်ခုံးမွှေးဆွဲတံ၊ ပါးနီမှုန့်၊ နဖူးကပ်ပန်းပွင့်လေးတွေ၊ နှုတ်ခမ်းနီနဲ့ အမွှေးဆီတွေလည်း ရှိနေသေးတယ်'
‘တကယ်လို့ ဒီသူဌေးလီက ပစ္စည်းအမျိုးအစားတိုင်းကို ဘူးသုံးဆယ်စီ တကယ်မှာယူမယ်ဆိုရင် ငွေတွေ လျန်ရာနဲ့ချီပြီး ရနိုင်မှာ မဟုတ်ဘူးလား။ ဒါက သာမန် အမှာစာ မဟုတ်ဘူးလေ။ တကယ်လို့ ဒီအမှာစာကိုသာ လက်ခံပြီး ပိုက်ဆံကို ချွေချွေတာတာ သုံးစွဲမယ်ဆိုရင် ဆယ်နှစ်လောက် သက်တောင့်သက်သာ နေထိုင်သွားနိုင်မှာ သေချာတယ်’
"ရက်နှစ်ဆယ်ဆိုလည်း နှစ်ဆယ်ပေါ့... ငါ စောင့်နိုင်ပါတယ်"
သူဌေးလီက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ အရင်ဆုံး စရန်ငွေ ပေးချေပြီးမှ အမှာစာ စာချုပ် ရေးကြတာပေါ့ရှင်။ ဒီလောက် အမှာစာ အကြီးကြီးအတွက်ဆိုရင် ကျွန်မတို့ဘက်က ကုန်ကြမ်းစရိတ်တွေ အများကြီး စိုက်ထုတ်ရမှာဆိုတော့ စရန်ငွေကို လျန်ရှစ်ဆယ်လောက် လိုချင်တယ်။ သူဌေးလီဘက်က ဘယ်လိုသဘောရလဲဟင်"
သူဌေးလီက ချက်ချင်း သဘောတူလိုက်သည်။
"ကောင်းပြီလေ"
"သူဌေးလီက တကယ့်ကို ပွင့်လင်းပြတ်သားတဲ့လူပဲ။ ကျွန်မတို့က စီးပွားရေးလုပ်တဲ့အခါ သူဌေးလီတို့လို ပွင့်လင်းတဲ့သူမျိုးကို သဘောအကျဆုံးပဲ။ သူဌေးလီရဲ့ လုပ်ငန်းတွေ ဒီလောက်ကြီးပွားတိုးတက်နေတာ မဆန်းတော့ပါဘူးရှင်။ သူဌေးကြီးတွေရဲ့ အရှိန်အဝါကတော့ တကယ်ကို ကွဲပြားခြားနားလွန်းပါတယ်"
ကျန်းကျောက်တိက မြှောက်ပင့်သော လေသံဖြင့် ဝင်ပြောလိုက်သည်။
ကုန်ပစ္စည်းအမှာစာ စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် သူမတို့က သူဌေးလီကို ဆိုင်ပြင်အထိ လိုက်ပို့ပေးလိုက်ကြသည်။
"ဆိုင်ရှင်မလေးရယ်... အဒေါ်ဖြင့် နင့်ကို ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး"
ကျန်းကျောက်တိက အပြုံးကြီးကြီးဖြင့် ဆက်ပြောနေသေးသည်။
"နင်က ငါ့သမီးကို နင့်ရဲ့ကျေးဇူးရှင်မလေးလို့ ပြောနေပေမယ့် နင်ကသာ ငါတို့မိသားစုရဲ့ တကယ့်ကျေးဇူးရှင်အစစ်ပါဟယ်"
"အဲ့လိုမပြောပါနဲ့ အဒေါ်ရယ်၊ အဒေါ်တို့ရဲ့ ကုန်ပစ္စည်းတွေက တကယ့်ကို ကောင်းမွန်လွန်းလို့ပါ။ ကျွန်မ မရှိရင်တောင် အဒေါ်တို့ အများကြီး ပိုက်ဆံရှာနိုင်ဦးမှာပါ"
ချွမ်းအော်က စူးယောင်ကွမ်း၏ လက်ကို ဆွဲကိုင်လိုက်ရင်း ပြောလာပြန်သည်။
"ညီမလေး... အခုတော့ ညီမလေးဘက်က အလုပ်တွေကို အဆင်ပြေပြေ ကိုင်တွယ်ပြီးသွားပြီဆိုတော့ ငါ့ကိုလည်း ပညာလေး နည်းနည်းလောက် မျှဝေပေးပါဦး။ ညီမလေးက ဘယ်လိုနည်းလမ်း သုံးလိုက်လို့ ဖောက်သည်တွေ ဒီလောက်အများကြီး ဆွဲဆောင်နိုင်ရတာလဲဟင်၊ အစ်မကိုလည်း သင်ပေးပါဦး"
"ပထမအချက်ကတော့ ကုန်ပစ္စည်းတွေက တကယ်ကောင်းမွန်လို့ပါ အစ်မရယ်။ ဒါကတော့ အကြွင်းမဲ့အမှန်တရားပဲ။ ဒီပစ္စည်းတွေကို ဖောက်သည်တွေ သဘောကျမယ့် ပုံစံမျိုးဖြစ်အောင် သေသေချာချာ စီမံထားတာဆိုတော့ ဖောက်သည်မရှိမှာကို စိတ်ပူနေစရာ မလိုဘူးလေ။ ဒုတိယအချက်ကတော့ ဖောက်သည်တွေကို အခွင့်အရေးလေး နည်းနည်း ပေးရတာပေါ့။ တကယ်လို့ ပစ္စည်းတစ်မျိုးတည်း ဝယ်ရင်တော့ မူလဈေးအတိုင်း ရောင်းပြီး နှစ်မျိုးဝယ်ရင်တော့ နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးတယ်၊ သုံးမျိုးဝယ်ရင်တော့ သုံးဆယ်ရာခိုင်နှုန်းအထိ လျှော့ဈေး ပေးလိုက်တာပေါ့။ ဒါပေမဲ့ ဈေးကို အရမ်းကြီးတော့ နှိမ်ချလို့မရဘူးလေ... မဟုတ်ရင် ကျွန်မတို့ဘက်က အမြတ်မကျန်ဘဲ ဖြစ်သွားလိမ့်မယ်။ ပြီးတော့ သူတို့ကို လက်ဆောင်အသေးအဖွဲလေးတွေ ဖြစ်တဲ့ လက်ကိုင်ပုဝါတွေ၊ ခြေအိတ်၊ ဖိနပ်အသေးလေးတွေ ပေးလို့ရသေးတယ်လေ။ နောက်တစ်ခေါက်ကျရင် ကျွန်မ မျက်နှာချေမှုန့်နဲ့ အလှဆီတွေကို နမူနာ ဘူးသေးလေးတွေ လုပ်ခဲ့ပေးမယ်၊ အစ်မက အဲ့ဒါတွေကို ဖောက်သည်တွေအတွက် လက်ဆောင်အဖြစ် ပြန်ပေးလို့ရတာပေါ့"
"ဒါတော့ မဖြစ်ဘူးလေ။ ညီမလေးရဲ့ ပစ္စည်းတွေက ဈေးကြီးတာကို... အလကားပေးပစ်လိုက်ရင် အရှုံးကြီး ရှုံးသွားမှာပေါ့"
ချွမ်းအော်က ပျာပျာသလဲ ငြင်းဆန်လိုက်သည်။
"ကျွန်မက အလကား သက်သက်မဲ့ ပေးပစ်တာ မဟုတ်ပါဘူး အစ်မရယ်။ အဲ့ဒီဖောက်သည်တွေက သုံးကြည့်လို့ သဘောကျသွားရင် ကျွန်မတို့ဆီကနေ ပြန်လာဝယ်ကြမှာ မဟုတ်ဘူးလား။ ဒါက ဖောက်သည်တွေကို ဆွဲဆောင်တဲ့ နည်းလမ်းတစ်ခုပါ"
စူးယောင်ကွမ်းက အပြုံးဖြင့် ဆက်ပြောလိုက်သည်။
"ပါးနပ်တဲ့ ကုန်သည်ဆိုတာ ကုန်သည်ပီသရမယ်လေ။ ကျွန်မက အရှုံးပြမယ့် စီးပွားရေးမျိုး လုပ်မှာကိုတော့ အစ်မ စိတ်မပူပါနဲ့။ ကျွန်မ ပင်ပန်းဆင်းရဲခံနိုင်ပေမဲ့ အရှုံးတော့ မခံနိုင်ဘူးရှင့်"
ချွမ်းအော်က သူမ၏စကားကြောင့် သဘောကျကာ ရယ်မောနေလေသည်။
"ငါ့ညီမလေးက တကယ့်ကို ပါးနပ်လွန်းပါတယ်... အစ်မကပဲ အမြင်ကျဥ်းသွားခဲ့တာပါ"
"ဒါနဲ့... ဒါကတော့ အမာရွတ်ပျောက်အလှဆီဘူးပါ"
စူးယောင်ကွမ်းက အလှဆီတစ်ဘူးကို ထုတ်ပေးရင်း ရှင်းပြလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်က အစ်မပြောတဲ့ အစ်မရဲ့ဝမ်းကွဲညီမက မျက်နှာမှာ အမာရွတ်တွေ ရှိနေလို့ အိမ်ထောင်ရေးကိစ္စ အဆင်မပြေဖြစ်နေတယ် ဆိုတာလေ။ ဒါက အမာရွတ်ထူထူတွေ ရှိတဲ့ ဖောက်သည်တွေအတွက် ကျွန်မတို့ အထူးဖော်စပ်ထားတဲ့ ဆေးအလှဆီပဲ။ သူ့ကို စမ်းသုံးခိုင်းကြည့်လိုက်ပါဦး။ ကျွန်မတို့ကိုယ်တိုင် စမ်းသုံးပြီးပြီ၊ အာနိသင်က တကယ်ကို့ ကောင်းမွန်တာပါ။ ဒါကို အစ်မအတွက် ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်အဖြစ် သဘောထားပြီး ယူသွားပေးလိုက်ပါနော်"