အခန်း ၅၉
Vol. 6 Ch. 59
အခန်း ၅၉ အောင်ပွဲခံခြင်း
ငွေနှစ်လျန်တန်ဖိုးရှိသည့် အမာရွတ်ပျောက်အလှဆီဘူးကြီးကို မြင်လိုက်ရချိန်တွင် ချွမ်းအော်တစ်ယောက် အလကားမယူရဲဘဲ ဖြစ်နေရှာသည်။
အမျိုးသမီးနှစ်ယောက် တစ်ယောက်ကပေး၊ တစ်ယောက်ကငြင်းနှင့် အခြေအတင်ဖြစ်နေစဉ် ကျန်းကျောက်တိက အလှဆီဘူးကို ချွမ်းအော်၏ ရင်ခွင်ထဲသို့ အတင်းထိုးထည့်ပေးလိုက်ရင်း ခပ်တည်တည်အမူအရာဖြင့် ဝင်ပြောလိုက်သည်။
"ငါတို့က နင်နဲ့ တကယ်ကို မိတ်ဆွေဖွဲ့ချင်လို့ စိတ်ရင်းနဲ့ပေးတာပါတယ်၊ နင်က ငါတို့ကို အထင်သေးလို့ မယူတာလား"
ချွမ်းအော်ကလည်း ရယ်လည်းရယ်ချင်၊ အားနာနေပုံလည်း ရကာ ပြန်ပြောလိုက်သည်။
"အဒေါ်ကတော့ တကယ့်ကို ကွက်တိပြောတတ်လွန်းတယ်နော်။ အဒေါ်နဲ့ ညီမလေးတို့က ဒီလောက်တောင် ဧည့်ဝတ်ကျေပွန်နေကြမှတော့ ကျွန်မလည်း မျက်နှာပြောင်တိုက်ပြီး လက်ခံလိုက်ပါတော့မယ်"
ထို့နောက် စူးယောင်ကွမ်းက ချွမ်းအော်ကို အဝတ်အစားများအား လိုက်ဖက်အောင် တွဲဖက်ပေးနိုင်ရန်နှင့် မျက်နှာချေခြယ်သသည့် လျှို့ဝှက်ချက်အချို့ကို မျှဝေသင်ကြားပေးလိုက်သည်။ ဆိုင်ပြင်ပသို့ ထွက်ခွာရမည့်အချိန် နီးကပ်လာပြီး ဆက်နေပါက နေ့လယ်စာပါ စားသွားရန် အတင်းအကျပ်တိုက်တွန်းခံရတော့မည်ကို တွေးလိုက်မိချိန်တွင်မှ စူးယောင်ကွမ်းက နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည် မိခင်နှင့် သမီးဖြစ်သူတို့ အထည်ဆိုင်ထဲမှ လှမ်းထွက်လာကြစဥ်မှာပင် ကျောင်းတော်သားဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက သူမတို့ဆီသို့ လျှောက်လှမ်းလာနေသည်။ ထိုလူငယ်လေး အနားသို့ ရောက်မလာခင်မှာပင် ကျန်းကျောက်တိက သူ့ကို အရင်ဆုံး လှမ်းမြင်သွားခဲ့သည်။
"သမီး... ဟိုမှာ ဝမ်ရှူ လာနေတယ်"
စူးယောင်ကွမ်း မော့ကြည့်လိုက်ရာ ထိုလူက အမှန်တကယ် ကျိုးဝမ်ရှူ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
"နင် ဘာလို့ ဒီကို ရောက်နေတာလဲ"
စူးယောင်ကွမ်းက လှမ်းမေးလိုက်သည်။
ကျိုးဝမ်ရှူက သိမ်မွေ့ညင်သာစွာ ပြန်ဖြေလာခဲ့သည်။
"ဒီနေ့က ဈေးနေ့ဆိုတော့ ခင်ဗျားတို့ မြို့ပေါ်ကို လာ မလားလို့ လာကြည့်တာပါ။ အခုက နေ့လယ်စာ စားချိန် အနားပေးထားတာဆိုတော့ ဆရာ့ဆီမှာ ခွင့်တောင်းပြီး ထွက်လာခဲ့တာ၊ မွန်းလွဲပိုင်း စာသင်ချိန်ပြီးရင်တော့ ကျောင်းကို ပြန်ရမှာပါ"
စူးယောင်ကွမ်းက ကျိုးဝမ်ရှူ၏ ဝတ်စုံအသစ်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ရင်း ချီးကျူးနေပြန်သည်။
"နင့်ကို ဒီဝတ်စုံလေးနဲ့ ကြည့်ရတာ တော်တော်လေး သန့်ပြန့်ပြီး သပ်ရပ်နေတာပဲ။ စာသင်ကျောင်းမှာရော အခြေအနေ ဘယ်လိုရှိလဲ၊ တခြားလူတွေနဲ့ရော ပေါင်းသင်းရတာ အဆင်ပြေရဲ့လား"
"သမီးလေး... အခု နေ့လယ်စာစားရမယ့် အချိန် ရောက်နေပြီလေ၊ ထိုင်ပြီး စကားပြောလို့ရမယ့် နေရာတစ်ခုခု အရင်ရှာကြရအောင်"
ကျန်းကျောက်တိက ဘေးမှ ဝင်သတိပေးလိုက်၏။
"ဟုတ်သားပဲ... ဒီနေ့ သမီးတို့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တာပဲ။ နှမြောနေဖို့ မလိုတော့ဘူး။ ဒီနေ့ လူလည်း စုံနေတာဆိုတော့ အမြင့်ဆုံး အဆောက်အအုံကြီးရှိတဲ့ ဆိုင်ကောင်းကြီးဆီကို သွားပြီး အရသာရှိတဲ့ ဟင်းလျာတွေကို အဝ သွားစားကြမယ်"
စူးယောင်ကွမ်းက မြို့ထဲတွင် အမြင့်ဆုံးဖြစ်သည့် စားသောက်ဆိုင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒီဆိုင်က အရမ်းဈေးမကြီးလွန်းဘူးလား"
ကျန်းကျောက်တိက မသွားချင်ဟန်ဖြင့် တွန့်ဆုတ်နေပြန်သည်။
"အဲ့ဒီဆိုင်က မုန့်ပေါင်းတစ်လုံးတင် ကြေးပြားဆယ်ပြား ပေးရပြီး ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲကို ကြေးပြားနှစ်ဆယ်တောင် ပေးရတယ်လို့ ငါ ကြားဖူးတယ်"
"အမေရယ်... သမီး မေးပါရစေဦး၊ အမေ ဒီနေ့ ပျော်လား"
စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ လက်မောင်းကို ဖက်တွဲလိုက်ရင်း မေးလိုက်သည်။
"ပျော်တာပေါ့... ငါ တကယ့်ကို ပျော်တာ"
ကျန်းကျောက်တိက မျက်နှာတစ်ခုလုံး အပြုံးပန်းများ ဝေဆာသွားရင်း ထပ်ပြောနေသည်။
"ငါ့တစ်သက်မှာ ဒီနေ့လောက် ပျော်ခဲ့ရတဲ့နေ့မျိုး တစ်ခါမှ မရှိဖူးသေးဘူး"
"ဒီလောက် ပျော်စရာကောင်းတဲ့နေ့မျိုးမှာ သမီးတို့ အောင်ပွဲမခံသင့်ဘူးလား"
စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။
"တကယ်လို့ ဝမ်ရှူသာ ဒီမှာ မရှိရင် သမီးတို့ အိမ်ပြန်ရောက်မှ စားလည်း ဖြစ်တာပေါ့၊ ဒါပေမဲ့ အခု ဝမ်ရှူလည်း ရောက်နေပြီဆိုတော့ မိသားစုဝင်တွေ အကုန်လုံး စုံစုံလင်လင် ရှိနေတာပဲဥစ္စာ၊ သွားစားသင့်တာပေါ့"
"ကောင်းပါပြီဟယ်... နင့်စိတ်ကြိုက်တာ လုပ်တော့။ အခုတော့ ငါ့သမီးက ငါတို့မိသားစုရဲ့ အိမ်ထောင်ဦးစီး ဖြစ်နေပြီ"
ကျန်းကျောက်တိက စူးယောင်ကွမ်း၏ ဆံပင်များကို ပွတ်သပ်ပေးနေပြီး သူမ၏ မျက်ဝန်းအစုံတွင်လည်း ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေလေသည်။
'ကျုံးလန်ဟွာက စာတော်တဲ့ သူ့သားအကြောင်းကို အမြဲတမ်း ကြွားလုံးထုတ်နေပြီး အချင်းချင်း ရန်ဖြစ်ကြတိုင်းလည်း ငါ့မိသားစုမှာ မျိုးဆက်ပြတ်သွားပြီမို့လို့ အားကိုးစရာ လူမရှိဘူးလို့ပဲ အမြဲတမ်း နှိမ်ပြီး ဆဲဆိုတတ်တာ။ အခုတော့ သေတ္တာထဲက ငွေတုံးတွေနဲ့သာ အဲ့မိန်းမရဲ့ခေါင်းကို ဆွဲထုပစ်ပြီး မျက်လုံးကို သေသေချာချာ ဖွင့်ကြည့်ခိုင်းလိုက်ချင်တော့တယ်။ ငါ့သမီးလေးက သူမရဲ့ အသုံးမကျတဲ့သားထက် အဆပေါင်း ရာချီပြီး သာလွန်နေတာ မဟုတ်ဘူးလား'
ထို့နောက်တွင် သူမက ကျုံးလန်ဟွာ၏ သမီး ဖြစ်သူကို ထပ်တွေးနေပြန်သည်။
'သူမရဲ့ သမီးကရော ရုပ်လေးချောတာကလွဲရင် ဘာအသုံးကျလို့လဲ၊ အမြဲတမ်း သတ္တိမရှိဘဲ တွေဝေတုံ့ဆိုင်းနေတတ်တာလေ၊ ကြည့်ရတာ သေခါနီးလူတစ်ယောက်လိုပဲ၊ မြင်ရတာနဲ့တင် ရင်ဘတ်ထဲမှာ ဒေါသထွက်ဖို့ ကောင်းလွန်းတယ်'
စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့က လက်ချင်းချိတ်ထားကြပြီး စူးယောင်ကွမ်းက ကျန်းကျင့် အကြိုက်ဆုံး ဘဲကင်ကို မှာပေးမည်ဟု ပြောလိုက်သည်။
ကျိုးဝမ်ရှူ၏ အကြည့်များက ကျန်းကျင့်ဆီ၌ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
ထိုအခါမှသာ စူးယောင်ကွမ်းက ကျန်းကျင့်အား မိတ်မဆက်ပေးရသေးသည်ကို သတိရသွားခဲ့သည်။ ယနေ့ မြို့ပေါ်သို့ လာရသည့် နောက်ထပ် ရည်ရွယ်ချက်တစ်ခုကလည်း ကျိုးဝမ်ရှူကို ကျန်းကျင့်နှင့် မိတ်ဆက်ပေးရန်နှင့် အိမ်တွင် မိသားစုဝင်အသစ်တစ်ယောက် ထပ်တိုးလာပြီဖြစ်ကြောင်း အသိပေးရန် ဖြစ်သည်။
"ဝမ်ရှူ... ဒါက ငါ့ရဲ့ ညီမကျန်းကျင့်တဲ့။ ကျန်းကျင့်... ဒါကတော့ ငါ့ရဲ့... ခင်ပွန်း ကျိုးဝမ်ရှူတဲ့"
စူးယောင်ကွမ်းက ဘေးနားရှိ ကျန်းကျောက်တိကို တစ်ချက်လှမ်းကြည့်လိုက်ရင်း "မောင်လေး" ဟူသော စကားလုံးကို ပြန်မျိုချကာ မိတ်ဆက်ပေးလိုက်သည်။
စူးယောင်ကွမ်းက ထိုသို့ မိတ်ဆက်ပေးလိုက်သော်လည်း ကျန်းကျင့်က စူးမိသားစုမှ မိခင်နှင့် သမီးတို့၏ အတိတ်အကြောင်းကို သိရှိထားပြီးသား ဖြစ်သလို၊ စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ကြားမှ သဘောတူညီချက်ကိုလည်း စူးယောင်ကွမ်း၏ နှုတ်မှတစ်ဆင့် ကြားဖူးထားပြီး ဖြစ်သည်။
စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ အကြောင်းကို ကြားရချိန်တွင် ကျန်းကျင့်အနေဖြင့် ဤအစ်မက အမှန်တကယ် စိတ်ထားကောင်းလွန်းပြီး ရိုးအလွန်းကာ အယုံလွယ်လွန်းသည်ဟု ခံစားခဲ့ရသည်။
‘သူမ လုပ်ထားပုံကိုပဲ ကြည့်ဦးလေ... ဘယ်သူမှန်းမသိသည့် လူစိမ်းတွေကို တစ်ယောက်ပြီး တစ်ယောက် အိမ်ခေါ်လာပြီး ကျွေးမွေးပြုစု စောင့်ရှောက်ပေးနေတာလေ၊ တကယ့်ကို သက်ရှိ ဘုရားလောင်းကြီးအတိုင်းပဲ’
ကျိုးဝမ်ရှူက ကျန်းကျင့်ကို အကဲခတ်ကြည့်လိုက်ရင်း အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်တော် မရှိတဲ့အချိန်အတွင်းမှာ အိမ်မှာ လူတစ်ယောက်တောင် တိုးလာတယ်ပါ့။ တကယ့်ကို စည်ကားနေမှာ သေချာတယ်"
"အရင်တုန်းကတော့ အမေနဲ့ ငါနဲ့ သားအမိနှစ်ယောက် အချင်းချင်း အားကိုးပြီး နေခဲ့ကြရတာလေ။ အခုတော့ မိသားစုဝင် နှစ်ယောက်တောင် ထပ်တိုးလာပြီဆိုတော့ အိမ်လေးက ပိုပိုပြီး စည်ကားလာတာပေါ့"
စူးယောင်ကွမ်းက ကျန်းကျင့်၏ လက်မောင်းကို ဖက်တွဲရင်း ဆက်ပြောနေသည်။
"ဝမ်ရှူ... ကျန်းကျင့်က ငါ့ရဲ့ တကယ့်ကို ကောင်းတဲ့ ညီမလေးတစ်ယောက်ပါ။ နောင်ကျရင် နင်တို့နှစ်ယောက် အချင်းချင်း အဆင်ပြေပြေ ပြောဆိုဆက်ဆံရမယ်နော်"
ကျိုးဝမ်ရှူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
'သိတာကမှ ရက်ပိုင်းပဲ ရှိသေးတာကို... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကောင်းတဲ့ ညီမလေး ဖြစ်သွားရတာလဲ။ သူမက အဲ့ညီမလေးရဲ့ နောက်ခံကို သိလို့လား၊ သူမရဲ့ စိတ်နေသဘောထားကိုရော နားလည်လို့လား'
'ငတုံးမလေး...'
"ယောင်ကွမ်းရဲ့ ညီမက ကျွန်တော့်ရဲ့ ညီမပါပဲ၊ အချင်းချင်း အဆင်ပြေပြေ ပြောဆိုဆက်ဆံမှာပါ"
ကျိုးဝမ်ရှူက ကျန်းကျင့်ကို ကြည့်ရင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
ကျန်းကျင့် : "..."
‘ဘာကြောင့်မှန်းမသိဘဲ ငါ့ရဲ့ ကျောပြင်တစ်ခုလုံး စိမ့်ခနဲနေအောင် အေးစက်သွားသလိုပဲ’
ကျိုးဝမ်ရှူက ပြုံးပြနေသော်လည်း သူမ၏ ရင်ထဲတွင်တော့ သူ့နှင့် ခပ်ဝေးဝေးတွင်သာ နေချင်သည့်စိတ်များ အပြင်းအထန် ဖြစ်ပေါ်နေရသည်။
ထို့နောက် လူစုက ခမ်းနားကြီးကျယ်လှသော စားသောက်ဆိုင်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့ ထိုင်လိုက်သည်နှင့် တပြိုင်နက် ဆိုင်အကူတစ်ဦးက သူတို့ မှာယူနိုင်ရန် ဟင်းပွဲစာရင်းစာအုပ်ကို ကိုင်ဆောင်လျက် အနားသို့ ချဉ်းကပ်လာခဲ့၏။
စူးယောင်ကွမ်းက ဟင်းပွဲစာရင်းစာအုပ်ကို လှမ်းကြည့်လိုက်ရာ စာလုံးများသာမက ရုပ်ပုံများပါ တွဲဖက်ပါရှိနေသဖြင့် စာမတတ်သူများအတွက်ပင် မိမိတို့ ကြိုက်နှစ်သက်မည့် ဟင်းပွဲများကို အလျင်အမြန် ရှာဖွေနိုင်ပြီး လွယ်ကူနေစေမှန်း နားလည်လိုက်သည်။
စူးယောင်ကွမ်းက ဟင်းမှာရန်အတွက် ဟင်းပွဲစာရင်းစာအုပ်ကို ကျန်းကျောက်တိ၏ လက်ထဲသို့ လှမ်းပေးလိုက်သည်။
ကျန်းကျောက်တိက ရုပ်ပုံများကို ကြည့်ရှုရင်း ကြာစွယ်ဟင်းချိုတစ်ခွက်ကို လက်ညှိုးထိုးပြလိုက်သည်။
"အမေ... သမီးတို့က အရသာရှိတာတွေ လာစားကြတာလေ။ ကြာစွယ်ဟင်းချိုဆိုတာမျိုးက လုပ်ရတာ လွယ်တယ်။ အိမ်ပြန်ရောက်မှ သမီး အမေ့ကို ချက်ကျွေးမယ်လေ၊ ဒါမှမဟုတ် သမီးပဲ ဟင်းမှာလိုက်ရမလား"
သူမ၏ သမီးက ယနေ့တွင် ပျော်ပျော်ပါးပါး စားသောက်ချင်နေမှန်း ကျန်းကျောက်တိလည်း သိနေခဲ့သည်။ သို့သော် သူမကိုယ်တိုင်က အမြဲတမ်း ခြွေတာတတ်ပြီး ပိုက်ဆံအများကြီး အကုန်မခံချင်သဖြင့် ဟင်းမှာရမည့်အရေးက သူမအတွက် စိတ်ဆင်းရဲစရာ အလုပ်တစ်ခု ဖြစ်နေခဲ့၏။
သူမအနေဖြင့် အားလုံး၏ စိတ်ကူးကို မဖျက်ဆီးချင်သဖြင့် အကောင်းဆုံးနည်းလမ်းက ဘာမှ မပြောဘဲ သမီးဖြစ်သူ မှာသမျှကို လွှတ်ထားပေးလိုက်ရန် ဖြစ်သည်။
စူးယောင်ကွမ်းက ကျန်းကျောက်တိ ကြိုက်တတ်သည့် ဟင်းနှစ်ပွဲနှင့် ကျန်းကျင့် နှစ်သက်သည့် ဘဲကင်ကို မှာလိုက်ပြီးနောက် ဟင်းပွဲစာရင်းစာအုပ်ကို ကျိုးဝမ်ရှူထံသို့ ကမ်းပေးလိုက်သည်။
ကျိုးဝမ်ရှူက စာအုပ်ကို လှမ်းယူလိုက်ပြီး သူတောင်းစားကြက်ကင်ကို မှာလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယောင်ကွမ်းက သူတောင်းစားကြက်ကင် စားချင်တယ်လို့ ပြောဖူးတယ်လေ၊ အဲ့ဒါကြောင့် ဒီနေ့တော့ သူ့အတွက် သေသေချာချာ မှာပေးရမှာပေါ့"
စူးယောင်ကွမ်းလည်း ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားကာ ကြည်နူးသွားရသည်။
ပြီးခဲ့သည့်တစ်ခေါက်တွင် သူမ အမှတ်တမဲ့ ပြောခဲ့မိခြင်း ဖြစ်သော်လည်း ကျိုးဝမ်ရှူက တကယ် မှတ်မိနေခဲ့သည်။ ဤကဲ့သို့ ဂရုစိုက်ခံရပြီး တန်ဖိုးထားခံရသည့် ခံစားချက်က အမှန်တကယ်ကို ကောင်းမွန်လှပြီး သူမကို နွေးထွေးသည့် ပျော်ရွှင်မှု အသိစိတ်များ လွှမ်းခြုံသွားစေသည်။
"အစ်ကိုရှောင်း... ခင်ဗျားဆွဲထားတဲ့ သက်ရှည်နတ်မင်း ပန်းချီကားက တကယ့်ကို ထူးချွန်ပြောင်မြောက်တာပဲဗျာ။ သခင်ကြီးကျန်းကလည်း ခင်ဗျားရဲ့ လက်ရာကို အလွန်အမင်း ချီးကျူးနေပြီး နောက်ထပ် ထင်းရှူးပင်နဲ့ ကြိုးကြာငှက် ပန်းချီကားတစ်ချပ် ဆွဲပေးဖို့အတွက် ဈေးကောင်းပေးမယ်လို့တောင် ပြောနေသေးတယ်"
ပညာသင်သား လူငယ်အချို့ ဆိုင်ထဲသို့ လှမ်းဝင်လာကြရာ ထိုအထဲတွင် စူးယောင်ကွမ်း မမြင်ချင်ဆုံးဖြစ်သည့် ရှောင်းယန်ချီလည်း ပါဝင်နေခဲ့သည်။
သူ့ကို ဝိုင်းအုံနေကြသည့် လူများ၏ အလေးအနက်ထားပုံကို ကြည့်ခြင်းအားဖြင့် ရှောင်းယန်ချီတစ်ယောက် မကြာသေးမီက မည်မျှအထိ အောင်မြင်ဖြစ်ထွန်းနေသည်ကို မြင်ယောင်ကြည့်၍ ရနိုင်ပေသည်။
ရှောင်းယန်ချီကလည်း စူးမိသားစုဝင်များကို လှမ်းမြင်သွားခဲ့သည်။
သူ့၏ အကြည့်များက ကျိုးဝမ်ရှူထံ၌ ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး မျက်ဝန်းအစုံတွင်လည်း လှောင်ပြောင် သရော်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
"အစ်ကိုရှောင်းလို ဒီလောက်တောင် ပညာပါရမီ ပါပြီး ကျက်သရေရှိတဲ့သူက ဘာလို့ ဒီလို ဝေးလံခေါင်သီပြီး ဆင်းရဲတဲ့နေရာကို ရောက်နေရတာလဲဗျာ"
ပညာသင်သားတစ်ဦးက လှမ်းမေးလိုက်သည်။
"ခင်ဗျားတို့ မိသားစုမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုခု ကြုံခဲ့ရလို့လား"
ရှောင်းယန်ချီက သူ့ကိုယ်သူ ရာထူးချခံရသည့် အရာရှိဟောင်းတစ်ဦး၏ မျိုးဆက် ဖြစ်သည်ဟူသောအချက်ကို အပြင်လူများအား မပြောရဲခဲ့ချေ။ သူ့၏ မူလ အဆင့်အတန်းအရ ဆိုပါက သူ မသေလျှင်ပင် အေးစက်လှသည့် နယ်စပ်ဒေသတွင် ကျွန်တစ်ယောက် ဖြစ်နေသင့်သည်။ ယခုလည်း သူက ကျေးကျွန်တစ်ယောက် ဖြစ်နေသေးသည်ဆိုသော်လည်း အနည်းဆုံးအနေဖြင့် ထိုရွာသားအချို့က လှည့်စားရန် လွယ်ကူလွန်းလှသည်။ အကယ်၍ သူ သံချပ်ကာဝတ် စစ်သည်တော်များ၏ လက်အောက်တွင် ကျွန်ခံရမည်ဆိုပါက အမြဲတမ်း သေဘေးကို ထိတ်လန့်စိုးရိမ်နေရင်း ဖြတ်သန်းရမည်ဖြစ်ကာ ထိုစစ်သည်များကလည်း ဤမျှ လွယ်လွယ်ကူကူနှင့် လှည့်စား၍ ရမည့်သူများ မဟုတ်ကြချေ။