← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂ လုပ်သားအင်အား

ညစာစားနေစဉ်အတွင်း ကျန်းကျောက်တိက ရှေ့ဆက်လုပ်ရမည့် အလုပ်များအား မည်သို့စီမံခန့်ခွဲမည်ကို စူးယောင်ကွမ်းကို မေးမြန်းနေသည်။

ဤမျှကြီးမားသော အမှာစာကို သူမတို့သုံးယောက်တည်းနှင့် ရက်ပေါင်းနှစ်ဆယ်အတွင်း အပြီးသတ်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် လုပ်သားငှားရမ်းရန်က မလွဲမသွေ လိုအပ်လာခဲ့သည်။ သို့သော်လည်း သူမတို့မိသားစု ငွေကြေးအဆင်ပြေနေသည်ကို သူတစ်ပါးအား မသိစေချင်သဖြင့် ဤအချက်ကို သတိထားကာ အလုပ်များအား မည်သို့ခွဲဝေပေးရမည်ဆိုသည်ကို ကြိုတင်စီမံရန် လိုအပ်နေချေပြီ။

"ဖော်စပ်နည်းက လျှို့ဝှက်ချက်ဆိုတော့ အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး၊ ဒါကြောင့် အစောပိုင်းအဆင့် အလုပ်ကြမ်းတွေကိုပဲ သူများဆီ လွှဲပေးလို့ ရမယ်။ အရင်ကဆိုရင် သမီးတို့ တောင်ပေါ်တက်ပြီး ပန်းပွင့်တွေ သွားခူးကြပေမဲ့ အခု အချိန်မရှိတော့တာ သေချာတယ်။ ပန်းဈေးကနေ အကုန်ဝယ်မလား၊ ဒါမှမဟုတ် ပန်းခူးပေးဖို့ လူငှားရမလားဆိုတာ ဆုံးဖြတ်ရတော့မယ်။ သမီး စဉ်းစားထားတာကတော့... ပန်းခူးဖို့ ရွာထဲကနေ လူနည်းနည်း ငှားလိုက်ပြီး ကျန်တာကိုတော့ ပန်းဈေးကနေပဲ ဝယ်လိုက်မယ်"

"အဲ့ဒါအပြင် အမွှေးနံ့သာမှုန့်ထည့်မယ့် ပုလင်းတွေ၊ အိုးတွေနဲ့ တခြားဆေးဖက်ဝင်အပင်တွေကိုလည်း ဝယ်ရဦးမယ်၊ မနက်ဖြန် မြို့ထဲကို ထပ်သွားပြီး ဈေးနှုန်းလည်းချိုသာ၊ ပစ္စည်းလည်းကောင်းတဲ့ ဆေးဘက်ဝင်အပင် ကုန်သည်တွေရှိမလားလို့ သွားစုံစမ်းကြည့်ရမယ်"

"မြို့ထဲအထိ သွားနေစရာမလိုပါဘူး၊ ငါတို့ရွာထဲမှာလဲ ဆေးဆရာတစ်ယောက်ရှိတယ်လေ၊ နင် မေ့နေပြီလား"

ကျန်းကျောက်တိက ဆက်ပြောလိုက်သည်။

"ခဏနေရင် ငါ ဆေးဆရာလင်းဆီကို သွားမေးလိုက်မယ်"

"ဟုတ်သားပဲ... ဦးလေးလင်းဆိုရင် ဘယ်ဆေးကုန်သည်က ရိုးသားပြီး ယုံကြည်စိတ်ချရလဲဆိုတာ သေချာပေါက် သိမှာပဲ။ အမေ... ထမင်းစားပြီးရင် ဦးလေးလင်းဆီ သွားလိုက်နော်"

ထို့နောက်တွင် စူးယောင်ကွမ်းတစ်ယောက် တခြားအရာများကိုပါ ထပ်မံတွေးတောမိပြန်သည်။

"လိုတဲ့ပစ္စည်းတွေအားလုံး ပြင်ဆင်ပြီးသွားရင်တောင် အမွှေးနံ့သာမှုန့်လုပ်ဖို့ လူအင်အားက မလောက်သေးဘူး။ လူထပ်ငှားဖို့ လိုဦးမယ်၊ ဒါပေမဲ့ ယုံကြည်စိတ်ချရပြီး မခိုမကပ်နဲ့ ကူညီမယ့်လူမျိုးကို ဘယ်မှာ သွားရှာရမှာလဲ"

"နင့်ရဲ့ ဒုတိယဒေါ်လေးနဲ့ ချွန်းနီက အလုပ်ကြိုးစားပြီး အရည်အချင်းရှိကြတယ်လေ၊ သူတို့ကို လာကူခိုင်းရင်ရော မကောင်းဘူးလား။ သူတို့လည်း အိမ်မှာပဲ တနေကုန် ကျွန်လို ပင်ပင်ပန်းပန်း လုပ်နေကြရတာ၊ သူတို့ ငွေ နည်းနည်းပါးပါး ရှာဖွေနိုင်အောင် ကူညီပေးတာက ပိုကောင်းလိမ့်မယ်။ ပြီးတော့ နင့်ရဲ့တတိယဒေါ်လေးဆိုရင်လည်း သူ့ယောက်ျားက ဆေးသောက်နေရလို့ ပိုက်ဆံတွေ အများကြီးကုန်နေတာ၊ အခုဆိုရင် စားဝတ်နေရေးတောင် တော်တော်လေး ကျပ်တည်းနေလောက်ပြီ။ အရင်တုန်းကတော့ ငါ့ကိုယ်ငါတောင် ကောင်းကောင်းမစောင့်ရှောက်နိုင်လို့ သူတို့ကို မကူညီနိုင်ခဲ့ပေမဲ့ အခု ငါတို့အခြေအနေ ကောင်းလာပြီဆိုတော့ တတ်နိုင်သလောက် ကူညီပေးသင့်တာပေါ့။ သမီး... နင်ကော ဘယ်လိုထင်လဲ"

"သမီး တစ်ခုခု မေ့နေတယ်လို့ တောက်လျှောက်တွေးနေတာ၊ တကယ်တော့ ဒါကို မေ့နေတာကိုး"

စူးယောင်ကွမ်းက သူမ၏ခေါင်းကို လက်ဖြင့် ပုတ်လိုက်ရင်း ညည်းညူလိုက်သည်။

"ငါ့ဦးနှောက်ကတော့ တနေ့တခြား ပိုပြီး တုံးလာပြီထင်တယ်"

"ဘာလို့ ခေါင်းကို ပုတ်နေရတာလဲ"

ကျန်းကျင့်က စူးယောင်ကွမ်း ပုတ်ပေးလိုက်သည့် နဖူးပြင်လေးကို လက်ဖြင့် သာသာယာယာ လှမ်းကိုင်ပေးလိုက်သည်။

"တတိယဦးလေးက နေမကောင်းဖြစ်နေတာ ကြာနေပြီ၊ ကျင့်အာ၊ မနက်ဖြန် နင် ငါနဲ့အတူ သူ့ဆီ လိုက်ခဲ့ဦး။ သွေးခုန်နှုန်းစမ်းပြီး သူ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ စစ်ဆေးပေးနော်"

"နင့်ဒေါ်လေးက ဆေးဆရာတွေ အများကြီးနဲ့ ပြသခဲ့ပြီးပြီ၊ ဘာမှ ထူးမလာခဲ့ဘူး။ ကျင့်အာက ဒီလောက်အရွယ်ငယ်ငယ်လေးနဲ့... သူက တကယ်ကြီး ရောဂါပျောက်အောင် ကုပေးနိုင်မယ်လို့ နင် မျှော်လင့်နေတာလား"

ကျန်းကျောက်တိက သံသယစိတ်ဖြင့် မေးလိုက်သည်။

ကျန်းကျင့်ကလည်း စိတ်လှုပ်ရှားဟန်ဖြင့် ဝင်ပြောလာခဲ့သည်။

"ယောင်ကွမ်း... ငါက ငါ့ရဲ့ အဖေကိုတောင် ရောဂါပျောက်အောင် မကုပေးနိုင်ခဲ့ဘူးလေ။ ငါ... ငါ ကြောက်တယ်... တကယ်လို့ ငါ အဖေ့ဆီကနေ ဆေးပညာကို နောက်ထပ်နှစ်အနည်းငယ်လောက် ပိုပြီး သင်ယူခွင့်ရခဲ့ရင် ကောင်းမှာပဲ"

"နင်က ဘာတွေကို စိတ်ပူနေတာလဲ။ ငါတို့ အစွမ်းကုန် ကြိုးစားကြည့်ကြမယ်၊ ကျန်တာကိုတော့ ကံတရားအတိုင်းပဲ အပ်နှံလိုက်ကြတာပေါ့။ ငါတို့ဘက်က ကြိုးစားပြီးသရွေ့ ထွက်လာမယ့်ရလဒ်က ဘာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်ရမယ်။ တကယ်လို့ နင် မကြိုးစားကြည့်ရသေးခင်ကတည်းက မလုပ်နိုင်ဘူးလို့ ပြောပြီး ရာသီဥတုကိုပဲဖြစ်ဖြစ်၊ နေရာဒေသကိုပဲဖြစ်ဖြစ်၊ လူတွေကိုပဲဖြစ်ဖြစ် လိုက်ပြီး အပြစ်ပုံချနေမယ်ဆိုရင် နင်က ထွက်ပြေးတဲ့သူတစ်ယောက်နဲ့ ဘာထူးမှာလဲ။ ငါ နင့်ကို လူနာကြည့်ဖို့ ဖိတ်ခေါ်ရတာက ဦးလေးရဲ့ အခြေအနေကို သိချင်ရုံသက်သက်ပဲလေ။ နင့်ကိုယ်နင် ဒီလောက်အထိ ဖိအားတွေ အများကြီး ပေးနေစရာ မလိုဘူး"

ညစာစားပြီးနောက် ကျန်းကျင့်က ပန်းကန်ခွက်ယောက်များ ဆေးကြောရန်နှင့် အခန်းသန့်ရှင်းရေးလုပ်ရန် ကျန်ခဲ့ပြီး ကျန်းကျောက်တိက ဆေးဆရာလင်းထံသို့ သွားကာ စူးယောင်ကွမ်းကတော့ ဘေးအိမ်သို့ ထွက်လာခဲ့သည်။

ဘေးအိမ်မှ အဒေါ်လီက ထူးထူးခြားခြား စိတ်ထားကောင်းမွန်သူ ဖြစ်သည်။ စူးယောင်ကွမ်း ငယ်စဥ်ကတည်းက ကျန်းကျောက်တိက သူမကို အဒေါ်လီထံတွင် အပ်နှံကာ စောင့်ရှောက်ခိုင်းခဲ့ဖူးသဖြင့် ယခုအချိန်က ကျေးဇူးဆပ်ရမည့် အချိန် ဖြစ်သည်။

ခြင်းတောင်းအကြီးတစ်လုံးစာ ပန်းပွင့်ဖတ်များက ကြေးပြားဆယ်ပြား ရနိုင်ပြီး ဝါးခြင်းတောင်းလေးတစ်လုံးစာဆိုလျှင် ကြေးပြားနှစ်ပြားရနိုင်ကြောင်း ကြားလိုက်ရသည့်အခါ အဒေါ်လီက ချက်ချင်း သဘောတူလိုက်သည်။

တောင်ပေါ်တွင် တောပန်းများစွာ ရှိနေကာ ၎င်းတို့ကို သွားခူးရုံဖြင့် ငွေက အဆင်သင့် ရရှိတော့မည်ဖြစ်သည်။ ထို့ကြောင့် ငွေပိုရနိုင်ရန်အတွက် မနက်ဖြန်တွင် ပန်းပွင့်များ ပိုခူးဆွတ်မည့်အတွေးဖြင့် မိသားစုဝင်အားလုံးကို လှမ်းခေါ်လိုက်သည်။

"ကျွန်မက တော်တော်များများလေး လိုချင်တာပါ။ အဒေါ်လီက တခြားလူတွေကိုပါ ပန်းခူးဖို့ ကူညီခေါ်ပေးနိုင်ရင် ပိုတောင် ကောင်းသေးတယ်။ အဒေါ်လီက ပန်းပွင့်တွေ စုဆောင်းပေးတဲ့ တာဝန်ကို ယူပေး၊ ကျွန်မက အဒေါ်လီ့ကို ပိုက်ဆံပေးမယ်လေ။ ခြင်းတောင်းအကြီးတစ်လုံးကို ကျွန်မ ကြေးပြားဆယ်ပြား ပေးပါမယ်၊ အဒေါ်လီကတော့ သူတို့ကို အဒေါ်အဆင်ပြေသလို ပြန်ပေးလို့ ရတယ်။ ကျွန်မဘက်ကနေ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပေါက်ကြားစေရပါဘူး၊ အားလုံးကို အဒေါ်လီ ပြောတဲ့အတိုင်းပဲ ဖြစ်စေရမယ်"

အဒေါ်လီက သေသေချာချာ နားမလည်လိုက်သော်လည်း သူမ၏ ပါးနပ်သော ချွေးမဖြစ်သူကတော့ သဘောပေါက်သွားခဲ့သည်။ သူမက အဒေါ်လီ၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး စူးယောင်ကွမ်းအား ပြောလိုက်သည်။

"ကောင်းပါပြီ... ကျွန်မပဲ ဒါကို စီမံလိုက်ပါ့မယ်"

"ယောင်းမ... ပန်းပွင့်တွေကို အမျိုးအစား သီးခြားစီ ခွဲထားပေးဖို့တော့ လိုတယ်နော်၊ အားလုံးကို ရောနှောပစ်လို့ မရဘူး။ တကယ်လို့ အားလုံးကို ရောနှောလိုက်ရင်တော့ ဈေးနှုန်း လျော့သွားလိမ့်မယ်"

သူမက အမွှေးနံ့သာပါသည့် မျက်နှာလိမ်းအလှဆီ အမျိုးမျိုး ပြုလုပ်ရန် လိုအပ်သဖြင့် ပန်းပွင့်များ ရောနှောသွားပါက လုပ်ငန်းအဆင့်များ ပိုမိုများပြားသွားကာ လုပ်အားပမာဏလည်း တိုးလာမည်ဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းကို သီးခြားစီ ပြန်လည်တွက်ချက်ရမည်ပင်။

"နောက်ထပ် တစ်ချက်ကတော့ ပန်းပွင့်တွေက လတ်ဆတ်ပြီး သန့်ရှင်းနေရမယ်။ တကယ်လို့ ခူးလာပေးတဲ့ ပန်းတွေက ကောင်းမွန်မယ်ဆိုရင်တော့ နောက်ထပ် နှစ်ပတ်အထိ ကျွန်မ ဆက်ဝယ်သွားမှာပါ၊ ရသလောက် အကုန်ယူမယ်”

ဖန့်ရှီက အပြုံးလေးဖြင့် ပြန်ပြောလာခဲ့သည်။

"စိတ်မပူပါနဲ့ ယောင်ကွမ်းရယ်၊ နင် ပြောတဲ့အချက်တွေအားလုံးကို ငါ သေချာမှတ်ထားပါတယ်။ နင့်ဘက်ကနေ အပြစ်ပြောစရာမရှိအောင် ငါ သေချာပေါက် ဆောင်ရွက်ပေးမှာပါ"

အိမ်နီးနားချင်းများနှင့် သဘောတူညီမှု ရယူပြီးနောက် စူးယောင်ကွမ်းက တခြားရွာသားများကို လိုက်ရှာရန် စိတ်မကူးတော့ချေ။

ဘေးအိမ်မှ အဒေါ်လီနှင့် ဖန့်ရှီတို့ တာဝန်လွှဲအပ်ထားခဲ့သဖြင့် သူမတို့ဘာသာ လာရှာ ခွင့်ပြုပေးလိုက်ပြီး လူအများ၏ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်မည့် ဤအခွင့်အရေးအား သူမတို့အတွက် ပေးအပ်လိုက်သည်။

"သူတို့တွေ ရန်ဖြစ်နေကြပြီဟေ့... သွားကြည့်ကြဦး။ ရွာထဲက အဆိုးဆုံး မိန်းမကြီးနှစ်ယောက် ရန်ဖြစ်နေကြတာ။ ကြည့်လို့ တော်တော်ကောင်းမယ့် ပွဲကြီးပွဲကောင်းပဲ"

အတင်းအဖျင်းပြောရသည်ကို သဘောကျပြီး အမြဲတမ်း စပ်စုချင်နေသည့် အမျိုးသမီးအချို့က အော်ပြောရင်း အပြေးအလွှား သွားနေကြသည်။

ထိုအမျိုးသမီးများက ပျင်းရိကြပြီး အမြဲတမ်း တစ်အိမ်တက် တစ်အိမ်ဆင်း လျှောက်သွားနေကြသူများ ဖြစ်သဖြင့် ရွာထဲမှ အကြောင်းအရာမှန်သမျှကို မည်သူ့ထက်မဆို ပိုသိရှိကြသူများ ဖြစ်သည်။ သူမတို့က မည်သည့်မငြိမ်မသက်မှုမျိုးကိုမဆို ချက်ချင်း တုံ့ပြန်တတ်ကြသည်။

သူမတို့ ဆေးဆရာလင်း၏ ခြံဝင်းထဲသို့ ပြေးဝင်သွားကြသည်ကို သတိပြုမိသွားသော စူးယောင်ကွမ်းကလည်း ကျန်းကျောက်တိ ထိုနေရာတွင် ရှိနေမည်ကို တွေးမိကာ သူမ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။

သူမ ရောက်သွားချိန်တွင် ဆေးဆရာလင်း၏ တံခါးရှေ့တွင် လူအုပ်ကြီး ဝိုင်းအုံနေချေပြီ။ စူးယောင်ကွမ်းက လူအုပ်ကြားထဲသို့ တိုးမဝင်နိုင်သဖြင့် အော်ဟစ်လိုက်သည်။

"ဘယ်သူ ပိုက်ဆံကျကျန်ခဲ့တာလဲ"

လူတိုင်းက သူတို့၏ ပိုက်ဆံများကို ပြန်ကြည့်ရန် အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။

သူတို့ လိုက်လံရှာဖွေနေကြသည့် အချိန်တွင် စူးယောင်ကွမ်းက ပရိယာယ်အနည်းငယ် သုံးကာ လူအုပ်ကြားထဲမှ တိုးဝင်လာခဲ့သည်။

စူးယောင်ကွမ်းအထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဝဖြိုးသောအမျိုးသမီးတစ်ဦးက ကျန်းကျောက်တိ၏ ပါးအား ရိုက်နှက်နေသည်ကို သူမ မြင်လိုက်ရသည်။ ကျန်းကျောက်တိကလည်း ထိုအမျိုးသမီးနှင့် လုံးထွေးသတ်ပုတ်နေပြီး သူမ၏ ဆံပင်များကို ဆွဲကိုင်ကာ လုံးဝလွှတ်မပေးသဖြင့် တစ်ဖက်လူလည်း နာကျင်စွာ အော်ဟစ်နေရသည်။

ဆေးဆရာလင်းက ဘေးမှ စိုးရိမ်တကြီးဖြင့် တောင်းပန်တိုးလျှိုးနေရှာသည်။

"မရိုက်ကြပါနဲ့တော့။ တော်ကြပါတော့ဗျာ။ ချွန်းရှန်းအမေ... ခင်ဗျား ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကျုပ် မင်းတို့မိသားစုကို နောက်ထပ် ဆေးကုမပေးတော့ဘူးနော်။ လွှတ်လိုက်ကြပါတော့"

စူးယောင်ကွမ်းက ထိုနှစ်ယောက်အနားသို့ ခပ်သွက်သွက် လျှောက်သွားလိုက်ပြီး ထိုအမျိုးသမီးကို လှမ်းဆွဲကာ ဘေးသို့ အားကုန် ပြန်တွန်းထုတ်ပစ်လိုက်သည်။

ထိုအမျိုးသမီးက ခြေလှမ်းများ ယိုင်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။

သူမက စူးယောင်ကွမ်းကို ဒေါသတကြီး စိုက်ကြည့်ရင်း ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်လိုက်သည်။

"ဘယ်ကောင်မစုတ်လေး ငါ့ကို လာပြီး တွန်းရဲတာလဲ"

စူးယောင်ကွမ်းက ကျန်းကျောက်တိ၏ ခန္ဓာကိုယ်ကို စစ်ဆေးပေးရင်း မေးလိုက်သည်။

"အမေ... ဒဏ်ရာရသွားသေးလား"

ကျန်းကျောက်တိက သူမ၏မျက်နှာပေါ်မှ ဒဏ်ရာများကို တို့ထိကြည့်လိုက်ပြီး ဟူရှီကို ကြည့်ကာ သွားဖြဲပြလိုက်သည်။

"စိတ်မပူနဲ့၊ သူလည်း ငါ့ဆီကနေ အသာစီး မရသွားပါဘူး။ ဟက်... ရူးနေတဲ့ မိန်းမ၊ ငါက သူနဲ့ ရန်ဖြစ်ရင် ဘယ်တုန်းကမှ မရှုံးဖူးဘူး"

ဟူရှီက မြေပြင်မှ ထရပ်လိုက်ပြီး အင်္ကျီလက်ကို ပင့်တင်ကာ ရှေ့သို့ ပြန်ပြေးဝင်ရန် ပြင်ဆင်လိုက်သော်လည်း ဆေးဆရာလင်းက သူမကို ကြားထဲမှ တားဆီးလိုက်သည်။

ဆေးဆရာလင်းက ဒေါသတကြီး ‌အော်ပြောနေသည်။

"ချွန်းရှန်းအမေ... ခင်ဗျား အခုချက်ချင်း ဒီကနေ ထွက်သွားတော့၊ ဒီနေရာက ခင်ဗျားကို မကြိုဆိုဘူး"

"ဆေးဆရာလင်း... ရှင်က ဒီမိန်းမကြောင့်နဲ့ ကျွန်မကို အပြင်ထုတ်ချင်နေတာမလား"

ဟူရှီက ကျန်းကျောက်တိကို လက်ညှိုးထိုးနေပြီး သူမ၏ ဒေါသများထဲတွင် မခံချင်စိတ်နှင့် နာကျည်းမှုများ ပြည့်နှက်နေသည်။

ဆေးဆရာလင်း၏ အိုမင်းရင့်ရော်နေသော မျက်နှာကြီးက ရှက်ရွံ့မှုကြောင့် ရဲရဲနီသွားတော့သည်။

တံခါးဝတွင် ပွဲကြည့်နေကြသည့် ရွာသားများအားလုံး၏ မျက်လုံးအစုံများလည်း ပြူးကျယ်သွားကြသည်။

‘ဒါက ဘာတွေ ဖြစ်ပျက်နေတာလဲ’

"ဆေးဆရာလင်း... ရှင်နဲ့ ယောင်ကွမ်းအမေက..."

"မဟုတ်တာ... အဲ့လိုမျိုး မဟုတ်ပါဘူး"

ဆေးဆရာလင်းက ပျာပျာသလဲ ရှင်းပြနေရှာသည်။

"ဒါက နားလည်မှုလွဲတာပါ။ ချွန်းရှန်းအမေ... ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့။ ယောင်ကွမ်းအမေက ငါ့ဆီကို ဆေးကုသဖို့ လာခဲ့တာပါ"

ကျန်းကျောက်တိက တံတွေးတစ်ချက် ထွေးလိုက်ပြီး ကျိန်ဆဲလိုက်သည်။

"နင် ရူးနေရင်လည်း ဆေးဆရာလင်းကို စစ်ဆေးခိုင်းလိုက်။ တောက်... ငါ ဒီမှာ ဆေးဆရာလင်းနဲ့ စကားပြောနေတာကို သူက ရုတ်တရက်ကြီး ပြေးဝင်လာပြီး ငါ့ကို လာရိုက်တာ။ ငါဖြင့် ဘာဖြစ်လို့ဖြစ်မှန်းတောင် သေသေချာချာ မသိလိုက်ရဘူး"

All Chapters