အခန်း ၆၃
Vol. 7 Ch. 63
အခန်း ၆၃ အထင်အမြင်လွဲမှားခြင်း
စူးယောင်ကွမ်းက ဟူရှီကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အဒေါ်ကြီး... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ပေးတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင်တော့ ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး"
ဟူရှီက ဘေးရွာမှ ဖြစ်ပြီး ထိုရွာတွင် အနိုင်ကျင့် ဗိုလ်ကျနေသူ ဖြစ်သည်။
သူမက သူမ၏ရင်ဘတ်ကို ကော့လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"နင်လို ကောင်မစုတ်လေးက ငါ့ကို ဘာလုပ်ရဲမှာမလို့လဲ"
စူးယောင်ကွမ်းက မြေပြင်ပေါ်မှ ကျောက်ခဲအသေးတစ်လုံးကို ကောက်ယူကာ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်နယ်လိုက်ပြီး သူမ လက်ကို ပြန်ဖွင့်လိုက်သည့်အချိန်တွင် သူမ၏လက်ဖဝါးထဲမှ ကျောက်ခဲလေးက အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ဟူရှီ၏ မောက်မာမှုများကလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး သူမ၏ မျက်လုံးများ ပြူးထွက်သွားတော့သည်။ သူမ စူးယောင်ကွမ်းကို ထပ်မံကြည့်လိုက်သည့်အချိန်တွင် စောစောက မာနထောင်လွှားမှုများ တော်တော်လေး လျော့ပါးသွားခဲ့ချေပြီ။
"ဒီယောက်ျားက ငါ့လူဟဲ့။ နင့်အမေက သူနဲ့ လာပြီး ရှုပ်ရှုပ်ရှုပ်ရှုပ် လုပ်နေတာ၊ နင့်အမေက တကယ့်ကို အဆုံးအမ ခံရဖို့ ထိုက်တန်တယ်လို့ ငါ ထင်တယ်"
ဟူရှီက သူမ၏ ပိုင်ဆိုင်မှုကို ပြသသည့်အနေဖြင့် ဆေးဆရာလင်းကို လက်ညှိုးထိုးပြနေသည်။
ဆေးဆရာလင်းက ဒေါသတကြီး ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာ၊ ငါက ဘယ်တုန်းက မင်းလူ ဖြစ်သွားတာလဲ။ ငါက အသက်ကြီးနေပြီ၊ ငါ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်နဲ့"
တံခါးဝတွင်တော့ ရန်ရှီက ဘေးနားရှိ ကျန့်ရှီကို လှမ်းမေးလိုက်သည်။
"နင် ဖရုံစေ့ ယူလာသေးလား"
ကျန့်ရှီက လက်ကို ဖြန့်လိုက်ပြီး သူမအား ဖရုံစေ့ လက်တစ်ဆုပ်စာ ပေးလိုက်သည်။
"ဆေးဆရာလင်းက အခုထိ ဇနီး မရှိသေးဘူးလေ။ ငါတို့တွေ ပြီးခဲ့တဲ့နှစ်တွေက သူ့ကို မိန်းမတွေအများကြီးနဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် သူက တစ်ယောက်ကိုမှ လှည့်မကြည့်ခဲ့ဘူး။ အခုတော့ သူ အိမ်ထောင်ပြုဖို့ ပြင်နေတာလား မသိဘူး"
"ငါ့အစ်မက ဘေးရွာက လူနဲ့ အိမ်ထောင်ပြုခဲ့တာလေ၊ ငါ သူ့ဆီကို ခဏခဏ သွားလည်ဖူးတယ်။ အဲ့ဒီ ဟူရှီအကြောင်းကိုလည်း ငါ ကြားဖူးတယ်၊ သူ့မှာ သားငါးယောက် ရှိတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်ကပဲ သူ့ယောကျာ်း ဆုံးသွားတာ"
"ဆေးဆရာလင်းက ဒီတစ်ဝိုက်မှာ တစ်ဦးတည်းသော ဆေးဆရာလေ။ လူအများကြီးက သူ့ကို မျက်စိကျနေကြတာ၊ အဲ့ဒါကို သူက ဘာလို့ ဒီလို လျှာကြမ်းတဲ့ မိန်းမကြီးကိုမှ ရွေးရတာလဲ"
"တကယ်လို့ သူက ချောရင်တော့ တစ်မျိုးပေါ့၊ အခုတော့ ဒီမိန်းမကြီးက တော်တော်လေး ရုပ်ဆိုးနေတာကို"
အမျိုးသမီးအချို့က စုရုံးကာ တီးတိုးတီးတိုး ပြောဆိုနေကြသော်လည်း လူအုပ်ကြီးက ဝိုင်းအုံနေသဖြင့် လူတိုင်းက သူမတို့၏ စကားများကို ကြားနေရသည်။
ကျန်းကျောက်တိနှင့် ဟူရှီကို ယှဉ်တွဲကြည့်လိုက်ကြပြီးနောက် သူမတို့က ကျန်းကျောက်တိက ပိုချောသည်ဟု အမှန်တကယ် တွေးမိသွားကြသည်။
"ယောင်ကွမ်းအမေက ပိုပြီး ဖြူဝင်းလာတာလား"
"ပြီးတော့ သူ့ရဲ့ ဆံပင်တွေကလည်း နက်မှောင်ပြီး တောက်ပမနေဘူးလား"
အမျိုးသမီးများ၏ အာရုံစိုက်မှုက ကျန်းကျောက်တိ၏ ပြောင်းလဲမှုများဆီသို့ ရောက်ရှိသွားကြပြန်သည်။ ယခင်က သူမတို့ သတိမထားမိခဲ့ကြသော်လည်း ယခု သတိပြုမိသွားကြပြီး သေသေချာချာ ကြည့်လိုက်သည့်အခါ ကျန်းကျောက်တိက မကြာသေးမီကစပြီး ပိုနုပျိုလာကြောင်း သူတို့ ပြန်အမှတ်ရသွားကြသည်။
ထို့အပြင် စူးယောင်ကွမ်း၏ မျက်နှာကလည်း ပိုဖြူဝင်းလာပြီး ယခင်က ပါးလွှာသော ဆံပင်များကလည်း ပိုထူထဲလာခဲ့သည်။ အလွယ်ပြောရလျှင် သူမ၏ ရုပ်ရည်သွင်ပြင်တစ်ခုလုံးက အသစ်တဖန် ပြောင်းလဲသွားသလို ဖြစ်နေလေသည်။
"ငါ ကြားတာတော့ အဲ့ဒီအမေနဲ့သမီးက ပါးနီမှုန်နဲ့ မျက်နှာချေမှုန့်တွေ ရောင်းနေကြတာတဲ့။ သူတို့က ပိုက်ဆံမရဘူးလို့ ပြောပေမယ့် ဒီနေ့ကျတော့ နွားလှည်းတစ်စီး ဝယ်နိုင်နေပြီ။ ငါ့အထင်တော့ သူတို့ တကယ်ပဲ ပိုက်ဆံတွေ အများကြီး ရထားတာ ဖြစ်ရမယ်"
"သူတို့ ပိုက်ဆံရတာပဲဖြစ်ဖြစ်၊ မရတာပဲ ဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးကြီးတာက သူတို့တွေ ပိုလှလာကြတာပဲ။ အဲ့ဒါက ဘယ်လို ပါးနီမှုန်နဲ့ မျက်နှာချေမှုန့်မျိုးလဲ။ စျေးကြီးလား။ တကယ်လို့ စျေးမကြီးဘူးဆိုရင် ငါလည်း တစ်ဘူးလောက် ဝယ်ချင်တယ်"
ဆေးဆရာလင်းက ဝန်မခံသည်ကို မြင်လိုက်ရသည့်အခါ ဟူရှီက မြေပြင်ပေါ်သို့ ထိုင်ချကာ ငိုကြွေးမြည်တမ်းနေသည်။
"ရှင်... ရှင်က တကယ့်ကို နှလုံးသားမရှိတဲ့ ယောက်ျားပဲ။ ရှင်က ကျွန်မကို လက်ထပ်ပါ့မယ်လို့ သေသေချာချာ ကတိပေးခဲ့ပြီးတော့ အခုကျမှ ရှင်က ရှင့်စကားကို ပြန်ပြင်ပြီး ကျွန်မကို လူရယ်စရာ ဖြစ်အောင် လုပ်နေတာပေါ့လေ။ ကျွန်မ အသက်မရှင်ချင်တော့ဘူး။ ရှင့်အိမ်ရှေ့က နံရံကို ခေါင်းနဲ့ တိုက်ပြီး သေပစ်မယ်၊ သရဲဖြစ်သွားရင်တောင် ရှင့်ဆီကို နေ့တိုင်းလာပြီး တရားမျှတမှု တောင်းမယ်"
"ငါ ဘယ်တုန်းက မင်းကို လက်ထပ်မယ်လို့ ပြောခဲ့လို့လဲ။ ငါ သဘောတူခဲ့တာ မှန်ပေမယ့် မင်းကို သဘောတူခဲ့တာ မဟုတ်ဘူး"
အခြေအနေများက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်ကို မြင်သောအခါ ဆေးဆရာလင်းလည်း သိက္ခာဆယ်မနေတော့ဘဲ အကြောင်းစုံကို ဖွင့်ပြောလိုက်တော့သည်။
"လွန်ခဲ့တဲ့ ငါးရက်က ငါ့အစ်မက ငါ့ဆီကို ရောက်လာခဲ့တယ်၊ သူ့ယောကျာ်း နေမကောင်းလို့ ဆေးကုပေးဖို့ လာခေါ်တာ။ ငါလည်း သူနဲ့အတူ လိုက်သွားခဲ့တာပေါ့။ ဒါပေမဲ့ သူက ငါ့ကို မြစ်ဆိပ်ဆီ ခေါ်သွားပြီး အဝတ်လျှော်နေတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ညှိုးထိုးပြတယ်၊ အဲ့ဒါ သူမ ငါ့အတွက် ရှာပေးထားတဲ့ ဇနီးလောင်းတဲ့၊ ငါ သဘောတူရဲ့လားလို့ ငါ့အစ်မက မေးခဲ့တယ်။ ငါ... ငါက အစ်မ ပြောနေတာ မင်း အကြောင်းမှန်း မသိခဲ့ဘူး၊ မင်းဘေးနားက အမျိုးသမီးကို ပြောနေတာလို့ ထင်ခဲ့တာ"
သူ၏ စကားဆုံးသွားသည်နှင့် လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားကြသည်။
သူ စပြောပြီးပြီ ဖြစ်သောကြောင့် ဆေးဆရာလင်းက ဆက်ပြောလိုက်သည်။
"ငါ သဘောတူခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ့အစ်မက ငါ့ကို စေ့စပ်ကြောင်းလမ်းတဲ့ လက်ဆောင်တွေ ပေးဖို့ ခေါ်သွားတဲ့အချိန်ကျမှ ငါ လူမှားသွားမှန်း သိပြီး ငါ့အစ်မကို အတင်းပြန်ဆွဲခေါ်ခဲ့တာ။ မင်းဆီကို ဘာစေ့စပ်လက်ဆောင်မှလည်း မပေးခဲ့ဘူးလေ၊ ဒါကြောင့် ဒီကိစ္စက အလိုလို ပျက်ပြယ်သွားခဲ့ပြီ။ အခုကျမှ မင်းက ဘာလို့ ငါ့ကို လာပြီး လာရှုပ်နေရလဲကွ"
"ရှင့်အစ်မက ရှင် သဘောတူတယ်လို့ ပြောခဲ့တာပဲ။ တစ်ရွာလုံးကလည်း ကျွန်မ ရှင့်နဲ့ နောက်အိမ်ထောင် ပြုရမယ်ဆိုတာ သိနေပြီးကြပြီ၊ အဲ့ဒါကိုမှ ရှင်က စေ့စပ်လက်ဆောင်တွေကို ပြန်ယူသွားတယ်ပေါ့လေ။ ရှင် ကျွန်မကို သေအောင် တွန်းပို့နေတာလား"
"အဲ့ဒါကို နောက်ပိုင်း ငါ့အစ်မကို သေသေချာချာ ပြန်ရှင်းပြခိုင်းခဲ့တယ်၊ မင်းတို့အိမ်အထိ သွားပြီး ရှင်းပြခိုင်းခဲ့တာ။ ငါ့ဘက်က အားနာတဲ့အနေနဲ့ ဆေးလုံးတွေအများကြီးတောင် လျော်ကြေးအနေနဲ့ ပေးခဲ့သေးတယ်"
ဆေးဆရာလင်းက ထပ်ပြောနေသေးသည်။
"ငါက ဒီနှစ်ထဲမှာ အသက်သုံးဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ၊ မင်းက အသက်လေးဆယ့်ငါးနှစ်လေ။ ငါ့အစ်မ ပြောနေတဲ့လူက မင်းဖြစ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး"
"ဆေးဆရာလင်းက ပါးနပ်လို့ တော်သေးတာပေါ့၊ ဒီလို လျှာကြမ်းတဲ့ မိန်းမကြီးကို လက်မခံခဲ့ဘူး"
ကျန်းကျောက်တိက ဆံပင်များကို သပ်တင်ရင်း ကျေနပ်နေဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ကြည့်စမ်း... တကယ်လို့ ဆေးဆရာလင်းက နင့်ကိုသာ လက်ထပ်လိုက်ရင် ဘယ်လူနာမှ သူ့အိမ်ကို ဆေးလာကုရဲတော့မှာ မဟုတ်ဘူး။ ငါနဲ့ ဆေးဆရာလင်းက တံခါးကြီး အကျယ်ကြီး ဖွင့်ပြီး ခြံထဲမှာ စကားပြောနေတာတောင် နင်က ရုတ်တရက် ပြေးဝင်လာပြီး ငါ့ကို လာရိုက်တယ်။ နင်က တကယ့်ကို စိတ်မမှန်တဲ့ မိန်းမကြီးပဲ"
ဆေးဆရာလင်းက ကျန်းကျောက်တိကို ဦးညွှတ်ကာ တောင်းပန်နေရှာသည်။
"ငါ တောင်းပန်ပါတယ် ယောင်ကွမ်းအမေရယ်၊ သူ ဒီလို လုပ်လိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားမိဘူး။ နောက်မှ မင်း အိမ်ပြန်ရင် ဆေးတစ်ဘူး ယူသွားလိုက်ပါ၊ ပိုက်ဆံပေးစရာ မလိုဘူး"
"ဒါက ဆေးဆရာလင်းရဲ့ အပြစ်မှ မဟုတ်တာ"
ကျန်းကျောက်တိက သူမ၏ နှုတ်ခမ်းပေါ်မှ ဒဏ်ရာကို လက်ဖြင့် ထိကြည့်နေရင်း လှမ်းပြောလိုက်သည်။
"ဒါ ဦးလေးလင်းရဲ့ အပြစ်မဟုတ်ဘူး၊ ဒီမိန်းမကြီးရဲ့ အပြစ်ပဲ"
စူးယောင်ကွမ်းကလည်း ဝင်ပြောလိုက်သည်။
"ကျွန်မအမေက ဒီအတိုင်း အလကားနေရင်း ဒဏ်ရာရသွားလို့ မဖြစ်ဘူး။ သူက ဆေးဖိုးဝါးခ ပေးရမယ့်အပြင် ကျွန်မအမေ ကျန်းမာရေး ပြန်ကောင်းလာဖို့အတွက်လည်း လျော်ကြေးပေးရမယ်"
"အိမ်မက်မက်နေလိုက်! သူသာ ငါ့ယောကျာ်းကို အရှက်မရှိ လာပြီး စကားမပြောရင် ငါ သူ့ကို ရိုက်ပါ့မလား"
ဟူရှီက ဒေါသတကြီး ပြန်ချေပလိုက်သည်။
"အရှက်မရှိတာက ဘယ်သူလဲ၊ အခုထိ သူ့ကို နင့်ယောကျာ်းလို့ ပြောနေတုန်းပဲလား။ ဆေးဆရာလင်းက နင့်ကို အသိအမှတ်ပြုလို့လား။ ဆေးဆရာလင်းက သူ လူမှားသွားလို့ ခေါင်းငြိမ့်မိတာလို့ ပြောနေတယ်လေ။ စေ့စပ်ထားတာလည်း မဟုတ်ဘဲနဲ့ နင်တို့နှစ်ယောက်ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး။ တကယ့်ကို လင်နာရူးမကြီး၊ တစ်ဖက်လူက သဘောမတူတာကို အတင်း လိုက်ကပ်နေတာ"
ရန်ဖြစ်ဆဲဆိုခြင်း အပိုင်းတွင်တော့ ကျန်းကျောက်တိက မည်သူ့ကိုမျှ မကြောက်ချေ။
အကယ်၍ သူမသာ ထိုမျှမကြမ်းတမ်းခဲ့လျှင် သူမနှင့် စူးယောင်ကွမ်းတို့ သားအမိနှစ်ယောက် ရွာသားများ၏ အနိုင်ကျင့်မှုကို ခံရပြီး သေဆုံးသွားခဲ့သည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။
"အမေ... သမီးတို့ အဲ့ဒါတွေကို ထည့်မပြောတော့ဘူး၊ သူက အမေ့ကို အကြောင်းပြချက်မရှိဘဲ လာရိုက်တဲ့ ကိစ္စကိုပဲ အာရုံစိုက်ကြမယ်"
စူးယောင်ကွမ်းက မိခင်ဖြစ်သူကို သတိပေးလိုက်သည်။
သူမ ပြောစရာရှိသည်များကို အကုန်ပြောပြီးပြီဖြစ်သလို တရားမျှတမှုအတွက်လည်း ရပ်တည်ပေးခဲ့ချေပြီ။ အကယ်၍ သူမတို့ ဆေးဆရာလင်းဘက်မှ ဆက်ပြီး ဝင်ပါပေးနေပါက ကောလာဟလများက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ပြီး အမှန်တရားကပင် အမှားအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
"လျော်ကြေးပေးစမ်း"
ကျန်းကျောက်တိက သူမ၏ အင်္ကျီလက်မောင်းများကို ပင့်တင်ကာ ရှေ့သို့ တိုးသွားခဲ့သည်။
သူမ၏ဘေးတွင် သမီးဖြစ်သူ ရှိနေသဖြင့် သူမ ရဲတင်းနေခြင်း ဖြစ်သည်။
‘ဘာပဲဖြစ်ဖြစ် ဟူရှီရဲ့ သားငါးယောက်လုံး လာရင်တောင် ငါ့သမီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အတိတ်က လင်းမိသားစုရဲ့အရေးက အကောင်းဆုံး သာဓကပဲ။’
ဟူရှီက မလျှော့သော လေသံဖြင့် ပြန်ပက်လိုက်သည်။
"ငါ့မှာ ပိုက်ဆံမရှိဘူး။ နင်လည်း ဘာမှ နစ်နာသွားတာ မဟုတ်ဘူး၊ ဒီဒဏ်ရာတွေကလည်း နင် ပြန်လုပ်လို့ ရထားတာတွေပဲလေ၊ ဒါကြောင့် ညီမျှသွားပြီ မဟုတ်လား"
"နင်က ငါ့ကို အကြောင်းပြချက်မရှိဘဲ လာရိုက်တာကို ငါက ဒီအတိုင်း မကျေမနပ်နဲ့ မျိုသိပ်ထားရမယ်... ဟုတ်လား။ အိမ်မက်မက်နေလိုက်၊ နင် ဒီနေ့ ငါ့ကို လျော်ကြေးမပေးရင် နင့်အိမ်အထိ လိုက်လာပြီး နင့်သားငါးယောက်လုံးကို လိုက်ရိုက်ပစ်မယ်"
ကျန်းကျောက်တိက ရက်စက်ဟန်အပြည့်ဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်သည်။
ရွာသားများ : “....”
‘ကျန်းကျောက်တိနဲ့ စူးယောင်ကွမ်းဆိုတဲ့ ဒီအမေနဲ့ သမီးအတွဲကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ရဲတင်းလာကြပြီ။ သူတို့ကို ပြသနာရှာမိတဲ့သူတိုင်းက တကယ်ကို ကံဆိုးတာပဲ။’
ဟူရှီက သူမဘက်မှ မှားနေကြောင်းနှင့် ဤသားအမိနှစ်ယောက်က အနိုင်ကျင့်၍ရမည့်သူများ မဟုတ်မှန်း သိလိုက်သဖြင့် နောက်ဆုံးတွင် သူမ၏ ပြိုင်ဘက်အစစ်နှင့် တွေ့ပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သူမ မတတ်သာသည့်အဆုံး အိတ်ထဲသို့ လက်နှိုက်ကာ ကြေးပြားအချို့ကို ထုတ်ပေးလိုက်သည်။
"ငါ့မှာ ဒါပဲ ရှိတော့တယ်။ ဒါ အကုန်ပဲ"
ကျန်းကျောက်တိက ထိုမျှနှင့် အလွယ်တကူ လက်မလျှော့ဘဲ ဟူရှီ၏ အိတ်ထဲသို့ တိုက်ရိုက် လက်နှိုက်ကာ လိုက်ရှာနေသေးသည်။
"နင် ဘာလုပ်တာလဲ။ ငါ့ကို ဓားပြတိုက်နေတာလား။ ဓားပြတိုက်နေတာလားဟဲ့"
ဟူရှီက ကျန်းကျောက်တိ၏ လုပ်ရပ်ကို တားဆီးရန် အတင်းရုန်းကန်နေသော်လည်း စူးယောင်ကွမ်းက သူမ၏လက်များကို ချုပ်ကိုင်ထားသဖြင့် လှုပ်ပင် မလှုပ်နိုင်ရှာတော့ချေ။
ကျန်းကျောက်တိက ကြေးပြားသုံးတွဲကို ဆွဲထုတ်လိုက်ပြီး တစ်တွဲကို ဆေးဆရာလင်းအား ပေးလိုက်ကာ ကျန်နှစ်တွဲကိုတော့ သူမ၏ရင်ခွင်ထဲသို့ ထိုးထည့်လိုက်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါက လျော်ကြေးပဲ လိုချင်တာ၊ ဓားပြတိုက်တာ မဟုတ်ဘူး။ ဒီကြေးပြားနှစ်ရာကို ငါ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့နဲ့ အာဟာရဖြည့်ဖို့ လျော်ကြေးအဖြစ် သတ်မှတ်လိုက်မယ်။ ဆေးဆရာလင်းအတွက် ကြေးပြားတစ်ရာကတော့ သူ့ရဲ့ စမ်းသပ်ခအတွက်ပဲ၊ ဘာပဲဖြစ်ဖြစ် ငါ့ဒဏ်ရာကတော့ ဆေးကုဖို့ လိုတာ အသေအချာပဲ"
ထို့နောက် သူမက ဆေးဆရာလင်းဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"ဆေးဆရာလင်း... ကျွန်မ ခုနက ပြောခဲ့တဲ့အရာတွေကို စိတ်ထဲ ထည့်ထားပေးပါဦးနော်။ မနက်ဖြန်ကျရင် ရှင့်ဆီက သတင်းကောင်း ကြားရဖို့ မျှော်လင့်နေပါတယ်"
ဆေးဆရာလင်းက ခေါင်းညိတ်ပြလိုက်သည်။
"ယောင်ကွမ်းအမေ... မင်း စိတ်မပူပါနဲ့။ ငါ ကတိပေးပြီးသားဆိုတော့ သေချာပေါက်ဖြစ်အောင် လုပ်ပေးပါ့မယ်"