← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄ စိတ်ပိုင်းဖြတ်ထားခြင်း

ကျုံးလန်ဟွာက ညည်းညူမြည်တမ်းရင်း အခန်းထဲသို့ ဝင်လာခဲ့သည်။ ခြံဝင်းထဲတွင် ထင်းတစ်ချောင်းမှ မရှိသည်ကို မြင်လိုက်ရချိန်တွင် သူမ ဒေါသတကြီးဖြင့် ကျန်းရိဟွမ်းကို ရှာရန် အခန်းထဲသို့ ဝုန်းဒိုင်းကြဲဝင်သွားတော့သည်။

ကျန်းရိဟွမ်းကတော့ ဆံပင်ဖီးနေချေ၏။

သူမ ဆံပင်လျှော်ထားသဖြင့် ဆံပင်မှ သင်းပျံ့သော ကွေ့ဟွားပန်းရနံ့လေး ထွက်ပေါ်နေစေရန် အရည်အသွေးမြင့် ကွေ့ဟွားအဆီကို လိမ်းကျံရန် လိုအပ်နေသေးသည်။

ကျုံးလန်ဟွာ တံခါးတွန်းဖွင့်ဝင်လာချိန်တွင် သူမက နားမလည်နိုင်သော မျက်နှာအမူအရာဖြင့် လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

"အမေ... ဘာဖြစ်လို့လဲ"

"ဟိုဘက်အိမ်က ကျန်းတာ့ချွမ်းက ငါတို့ဆီ ထင်းမပို့ပေးပြန်ဘူး။ နင် ဒီအတိုင်းပဲ ကြည့်နေတော့မလို့လား။ ထင်းမရှိဘဲ ငါတို့ ဘယ်လို ထမင်းဟင်းချက်ရမလဲ"

ကျုံးလန်ဟွာက မကျေမနပ် ပြောလိုက်သည်။

"သူ မပို့ပေးရင် နင် ထင်းသွားခုတ်ရမယ်။ နင် သူ့ကို ချော့မော့ဖို့ ကောင်းတဲ့စကားတွေ ပြောမလား၊ နင်ကိုယ်တိုင် ထင်းသွားခုတ်မလားဆိုတာကတော့ နင့်အပေါ်ပဲ မူတည်တယ်"

"အမေ စိတ်မပူပါနဲ့၊ ကျန်းတာ့ချွမ်း မပို့လည်း တခြားလူ ပို့ပေးမှာပေါ့"

ကျန်းရိဟွမ်းက သူမ၏ဆံပင်များကို သပ်တင်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ခဏနေရင် ရောက်လာပါလိမ့်မယ်"

ထိုစကားကို ကြားလိုက်ရမှ ကျုံးလန်ဟွာ၏ မျက်နှာက ကျေနပ် အားရမှုတို့ဖြင့် ပြေလျော့သွားခဲ့သည်။

"နင်က ပါးနပ်သားပဲ။ ဒီယောက်ျားက အားကိုးမရရင် နောက်တစ်ယောက် ရှိသေးတယ်ဆိုတာ သိနေတာပေါ့"

"စောစောက အမေ့မျက်နှာ သိပ်မကောင်းတာကို သမီး သတိထားမိတယ်။ ထင်းကိစ္စအပြင် တခြားကိစ္စ ရှိသေးလို့လား"

ကျန်းရိဟွမ်းက ဘီးကို ချလိုက်ရင်း မေးလိုက်သည်။

"ဘာဖြစ်ခဲ့လို့လဲ"

"အဲ့ဒီမိန်းမ ကျန်းကျောက်တိက နွားလှည်းတစ်စီးကို တကယ်ကြီး ဝယ်လိုက်တယ်ဟဲ့။ နင်နဲ့ ငါ ပန်းထိုးတဲ့အလုပ်လုပ်လို့ တစ်လကို ငွေတစ်လျန် ရနေတာတောင် နွားလှည်းဝယ်ဖို့ဆိုတာ စိတ်ကူးတောင် မယဉ်ရဲသေးဘူး"

ကျုံးလန်ဟွာက မကျေမနပ်ဖြင့် ဆက်ပြောနေသည်။

"ငါ့ဘဝမှာ ဘယ်သူ့ကိုပဲ ရှုံးရှုံး... ကျန်းကျောက်တိကိုတော့ အရှုံးမပေးနိုင်ဘူး။ ကျန်းကျောက်တိက ငါ့လောက်လည်း ရုပ်မချောဘူး၊ နှုတ်လည်း မသွက်ဘူး၊ ငါ့လောက် နူးညံ့တာလည်း မဟုတ်ဘူး၊ ငါ့လောက်လည်း သားသမီး မထွန်းကားဘူး၊ အဲ့ဒါကို သူက ငါ့ထက် ပိုကောင်းတဲ့ ဘဝကို ဖြတ်သန်းနေရတယ်တဲ့... ဟုတ်လား။ ငါတို့ ငယ်ငယ်တုန်းက ပန်းထိုးအလုပ်ရုံက ငါ့ကို ကျော်ပြီး သူ့ကိုပဲ ရွေးခဲ့တယ်၊ ဘာဖြစ်လို့လဲ။ ပြီးတော့ စူးတာ့လန်ကရော ဘာလို့ ငါ့ကို ထားခဲ့ပြီး ကျန်းကျောက်တိကိုပဲ ရွေးခဲ့ရတာလဲ"

ကျန်းရိဟွမ်းကတော့ မိခင်ဖြစ်သူ၏ စကားများကြောင့် အံ့ဩနေခြင်းမရှိချေ။ ထိုသို့ပြောသည်ကို သူမ တစ်ကြိမ်မက ကြားဖူးနေပြီ ဖြစ်မှန်း သိသာနေသည်။

ကျုံးလန်ဟွာက သူမ စူးတာ့လန်ကို မြင်မြင်ချင်း ချစ်မိခဲ့သော်လည်း သူက ကျန်းမိသားစုထံသို့သာ သွားရောက် စေ့စပ်ကြောင်းလမ်းခဲ့သည်ဟု အမြဲပြောလေ့ရှိသည်။ သူမဘက်က ထိုအရာကို လက်မခံနိုင်သဖြင့် စူးတာ့လန်၏ အာရုံစိုက်မှုကို ရနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း မင်္ဂလာရက်ရွှေ့ဆိုင်းအောင် မတတ်နိုင်ခဲ့ချေ။ ထို့ကြောင့် ကျုံးလန်ဟွာတစ်ယောက် မကျေမနပ်ဖြစ်ခဲ့ရသည်။ အကယ်၍ သူမသာ ကျန်းကျောက်တိ၏ ပန်းထိုးအလုပ်ရုံ နေရာကို လုယူနိုင်ခဲ့လျှင် ထိုယောက်ျားကိုပါ လုယူနိုင်မည်ဟု သူမ ထင်ခဲ့မိသည်။ နောက်ဆုံးတွင် သူမ ကြံရာမရစွာဖြင့် စူးတာ့လန်နှင့် တစ်ရွာထဲမှ မိသားစုတစ်ခုကိုသာ ရွေးချယ်ခဲ့သည်။

မူလက သူမ ကျန်းကျောက်တိနှင့် တစ်ရက်တည်း မင်္ဂလာဆောင်ရန် စီစဉ်ခဲ့သော်လည်း မင်္ဂလာပွဲမတိုင်မီတွင် ကျန်းကျောက်တိ၏ အဖွားဖြစ်သူ ဆုံးပါးသွားခဲ့သဖြင့် ကျန်းကျောက်တိက အိမ်တွင် သုံးနှစ်ခန့် ထပ်မံ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် ကျုံးလန်ဟွာက အရင် မင်္ဂလာဆောင်ဖြစ်သွားခဲ့သည်။ သူမ ရွေးချယ်ခဲ့သည်က ကျန်းမိသားစု၏ အကြီးဆုံးသား ဖြစ်ပြီး သူက စူးမိသားစု၏ အကြီးဆုံးသားလောက် ရုပ်မချောသော်လည်း သူမ၏စကားကိုတော့ မြေဝယ်မကျ နားထောင်ရှာသည်။ သူမက ကျန်းကျောက်တိထက် ပိုပျော်ရွှင်ရကြောင်း သက်သေပြချင်နေပြီး စူးမိသားစု၏ အကြီးဆုံးသားကိုလည်း သူမကဲ့သို့ ကောင်းမွန်သော အမျိုးသမီးတစ်ဦးအား လက်လွှတ်ခဲ့သည့်အတွက် နောင်တရစေချင်ခဲ့သည်။

မင်္ဂလာဆောင်ပြီးနောက်တွင်လည်း သူမက စူးမိသားစု၏ အကြီးဆုံးသားကို မြှူဆွယ်ရန် ကြိုးစားခဲ့သေးသည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ထိုယောက်ျားက သစ်တုံးတစ်တုံးကဲ့သို့ ဖြစ်နေပြီး အလှအပကြောင့် လုံးဝ တုန်လှုပ်ခြင်း မရှိခဲ့ချေ။ ကျန်းကျောက်တိ၏ သုံးနှစ်တာ ဝမ်းနည်းပူဆွေးမှုကာလ ကုန်ဆုံးသွားသည်နှင့် တပြိုင်နက် သူမက စူးမိသားစု၏ အကြီးဆုံးသားနှင့် ချက်ချင်း လက်ထပ်ခဲ့သည်။ သို့သော်လည်း သူတို့၏ ပျော်ရွှင်မှုက ရေရှည်မခံခဲ့ချေ။ မင်္ဂလာဆောင်ပြီး နှစ်လအကြာမှာပင် နန်းတွင်းက စစ်သားစုဆောင်းခဲ့သဖြင့် စူးမိသားစုက သူ့ကို စစ်တပ်ထဲသို့ အတင်းအကျပ် ဝင်ခိုင်းခဲ့ရာ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ချေ။

ကျန်းမိသားစု၏ အကြီးဆုံးသားကတော့ စစ်တပ်ထဲတွင် သေဆုံးခဲ့ခြင်း မဟုတ်ဘဲ ရုတ်တရက် ပြင်းထန်သော အအေးမိဝေဒနာကို ခံစားရချိန်၌ သမားတော်နှင့် အချိန်မီ မကုသနိုင်ခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

"ဒါပဲလား... သမီးက အမေ့ကို ဒေါသထွက်စေတဲ့ ကြီးမားတဲ့ အကြောင်းအရင်းလို့ ထင်နေတာ"

ကျန်းရိဟွမ်းက ဆက်ပြောနေသေးသည်။

"သမီးတို့ ရထားလုံးတစ်စီး ဝယ်လိုက်ရုံနဲ့တင် သူတို့ထက် သာသွားမှာ မဟုတ်ဘူးလား"

ကျုံးလန်ဟွာ၏ မျက်ဝန်းများက တောက်ပသွားခဲ့သော်လည်း ထိုတောက်ပမှုက ခဏချင်း ပြန်မှေးမှိန်သွားကာ သူမ စိတ်ငြိမ်သွားပုံရသည်။

"ဈေးအသက်သာဆုံး ရထားလုံးတစ်စီးတောင် ငွေလျန်နှစ်ဆယ် ကုန်တာဟဲ့။ ငါတို့က အဲ့ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကနေ ရနိုင်မှာလဲ"

သူမတို့ နှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းထားသမျှ ပိုက်ဆံအားလုံးကို ကျန်းယီဟွေ့အတွက် သုံးစွဲခဲ့ပြီး ဖြစ်သည်။

"လီသခင်မက ပျိုနီပန်းတွေကို သဘောကျတယ်လေ။ သမီး ပျိုနီပန်းပုံ ပန်းချီကားတစ်ချပ် ပန်းထိုးထားပြီးပြီ၊ မနက်ဖြန်ကျရင် အဲ့ဒါကို လီမိသားစုဆီ ယူသွားလိုက်မယ်၊ ဈေးကောင်းရမှာ သေချာသလောက်ပဲ"

ကျုံးလန်ဟွာက မလှမ်းမကမ်းရှိ ပန်းထိုးဘောင်ပေါ်တွင် ရှိနေသည့် ပျိုနီပန်းပုံ ပန်းချီကားကို လှမ်းကြည့်လိုက်သည်။ ထိုပျိုနီပန်းပုံ ပန်းချီကားကို မြင်လိုက်ရချိန်တွင် ကျုံးလန်ဟွာတစ်ယောက် မင်သက်သွားရသည်။

သမီးဖြစ်သူက သူမထက် ပိုရုပ်ချောသလို ပန်းထိုးသည့် ပါရမီကလည်း ပိုကောင်းမွန်နေသည်။ သူမက သူမ တတ်ထားသမျှကိုသာ သင်ပေးခဲ့ခြင်း ဖြစ်သော်လည်း သမီးဖြစ်သူ၏ ပန်းထိုးအတတ်ပညာက သူမထက် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

"ဒါဆိုရင်တောင် ငွေလျန်နှစ်ဆယ် ရဖို့ မလောက်သေးဘူးလေ"

ကျုံးလန်ဟွာက ထပ်ပြောလိုက်ပြန်သည်။

"သမီး မြင်းဈေးက တာဝန်ခံရဲ့ သားကို သိတယ်၊ သမီးတို့အတွက် အသက်သာဆုံးဈေး ရအောင် ပြောပေးဖို့ သူ့ကို အကူအညီတောင်းလိုက်မယ်။ တကယ်လို့ အဆင်မပြေရင်လည်း အဲ့ဒီပိုက်ဆံကို သမီးတို့အတွက် သူ့ကိုပဲ စိုက်ထုတ်ပေးခိုင်းလိုက်မယ်လေ"

ကျုံးလန်ဟွာက သဘောပေါက်သွားပြီး ကျန်းရိဟွမ်းကို ကြည့်သည့် မျက်ဝန်းထဲတွင် ပိုစိတ်သက်သာရာရမှုများ ယှက်သန်းလာခဲ့သည်။

ပိုက်ဆံ စိုက်ထုတ်ပေးသည်ဟု ဆိုသော်လည်း မိန်းကလေးတစ်ယောက်အတွက် ပိုက်ဆံအကုန်ခံဝံ့သည့် ယောက်ျားတစ်ယောက်က သူမအား ပြန်ဆပ်ခိုင်းရန် မည်သို့ မျှော်လင့်နေမည် မဟုတ်ချေ။ ဤစိုက်ထုတ်ပေးမှုက လက်ဆောင်ပေးသည်နှင့် အတူတူနီးပါးဖြစ်ပြီး ပိုက်ဆံကို ဒီအတိုင်း ပုံအောပေးလိုက်ခြင်းသာ ဖြစ်သည်။

"အဲ့ဒီတာဝန်ခံရဲ့ သားမှာ ပိုက်ဆံရှိမှာ အမှန်ပဲမလား"

ကျုံးလန်ဟွာက စိတ်လှုပ်ရှားသွားပုံရသည်။

"နင်လည်း အခု အသက်ဆယ့်ငါးနှစ် ရှိပြီဆိုတော့... ဘယ်လိုလဲ..."

"အမေရယ်... ဘာလို့ အဲ့လောက်လောနေရတာလဲ"

ကျန်းရိဟွမ်းက ပြန်ပြောလိုက်သည်။

"သမီးက ငယ်သေးတော့ စောင့်နိုင်ပါသေးတယ်။ အမေ စဉ်းစားကြည့်ပါဦး... အခု မိသားစုထဲမှာ စာသင်နေတဲ့ ပညာသင်သားနှစ်ယောက်တောင် ရှိနေတာလေ။ တကယ်လို့ အစ်ကိုကြီးသာ နန်းတွင်းစာမေးပွဲ အောင်သွားရင် သမီးက အရာရှိအိမ်က သမီးပျိုလေး ဖြစ်သွားမှာလေ၊ အဲ့ကျရင် ပိုကောင်းတဲ့ မိသားစုဆီ လက်ထပ်လို့ ရနိုင်တာပေါ့။ ပြီးတော့ အဲ့ဒီရှောင်းယန်ချီဆိုရင်လည်း ဆရာကတောင် သူ့ရဲ့ စာပေအရည်အချင်းကို ချီးမွမ်းထားတာ၊ သူက စာမေးပွဲအောင်ဖို့ ရာခိုင်နှုန်း တော်တော်များသလို အလားအလာလည်း အများကြီး ရှိနေတယ်"

ကျုံးလန်ဟွာလည်း နားလည်သွားခဲ့သည်။ ကျန်းရိဟွမ်းက ဂုဏ်သရေရှိ လူကုံထံအသိုင်းအဝိုင်းထဲသို့ တက်လှမ်းချင်နေခြင်း ဖြစ်သည်။ ယခု သူမပတ်ဝန်းကျင်တွင် အချမ်းသာဆုံးလူဆိုသည်က ကုန်သည်အသေးလေးမျှသာ ဖြစ်ပြီး အနာဂတ် အလားအလာကောင်းမွန်သည့် အရာရှိလောင်းတစ်ဦးနှင့်တော့ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။ အကယ်၍ ကျန်းယီဟွေ့သာ တော်ဝင်စာမေးပွဲ အောင်မြင်သွားပါက သူ၏ ယောက်ဖ မိသားစုဘက်မှ အကူအညီများကို လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ကျန်းရိဟွမ်းအနေဖြင့် မည်သူ့ကိုမဆို စည်းကမ်းမဲ့ လက်ထပ်၍ မရဘဲ အဆင့်အတန်းမြင့်မြင့် လက်ထပ်နိုင်မှ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် အပြင်ဘက်မှ လူသံအချို့ ထွက်ပေါ်လာပြီး ယောက်ျားတစ်ဦး၏ အသံနှင့် ဆင်တူနေသည်။

"ထင်းပို့မယ့်သူ ရောက်လာပြီ ထင်တယ်"

ကျန်းရိဟွမ်းက ခန့်မှန်းလိုက်ပြီး မိခင်ဖြစ်သူကို ဆက်ပြောလိုက်သည်။

"အမေ သွားပြီး ဖြေရှင်းပေးပါဦး၊ အဲ့ဒီယောက်ျားတွေက ထင်းနည်းနည်း ကူခုတ်ပေးတာ၊ ရေခတ်ပေးတာလောက်နဲ့ သမီးရဲ့ မျက်နှာသာကို ရနိုင်မယ်လို့ ထင်နေကြတယ်။ သမီးက လမ်းဘေးက တောရိုင်းဟင်းသီးဟင်းရွက် မဟုတ်ဘူး၊ အဲ့ဒီလောက်နဲ့ အလွယ်တကူ သိမ်းသွင်းလို့ ရပါ့မလား"

ကျုံးလန်ဟွာက ကျေနပ်အားရစွာဖြင့် ပြန်ပြောလိုက်သည်။

"နင် ပြောတာ မှန်တယ်။ နင့်မှာ နင့်အမေရဲ့ ဦးနှောက်မျိုး အနည်းငယ် ရှိနေသားပဲ"

ထင်းထမ်းလာသည့် လူငယ်က ထင်းများကို သေချာစီရီထားရှိပြီးနောက် ချွေးများကို သုတ်ရင်း ကျန်းရိဟွမ်း၏ အခန်းရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

အခန်းထဲမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျန်းရိဟွမ်း၏ နုညံ့ချိုသာသော စကားသံလေး ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုဟူ... ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မတို့ အမေနဲ့သမီး နှစ်ယောက်လုံးက အားနွဲ့တဲ့ မိန်းမသားတွေမို့ ဒီလို အလုပ်ကြမ်းတွေ လုပ်ပြီးရင် ရက်အတော်ကြာအောင် ခါးမဆန့်နိုင်အောင် ဖြစ်ရတာပါ။ ကံကောင်းလို့ အစ်ကိုဟူလို စိတ်ကောင်းရှိတဲ့လူတွေ ရှိနေလို့သာပေါ့၊ မဟုတ်ရင် ကျွန်မတို့ အမေနဲ့သမီး ဒီရွာထဲမှာ တစ်ရက်လေးတောင် အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်တော့ပါဘူးရှင်"

"ဟွမ်းအာ... နင် အအေးမိပြန်ပြီလား"

ရန်ဟူက စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ အခုပဲ သွားပြီး ဆေးဆရာလင်းကို သွားခေါ်ပေးမယ်"

"မသွားနဲ့တော့၊ သူ ဆေးသောက်ပြီးပြီ"

ကျုံးလန်ဟွာက ဝင်တားမြစ်လိုက်သည်။

"ငါ့သမီးက စိတ်ထား နူးညံ့လွန်းလို့ပါ။ သူက သူ့ခန္ဓာကိုယ်အခြေအနေကို ထည့်မတွက်ဘဲ ငါ့အတွက် အလုပ်တွေ ပိုလုပ်ပေးဖို့ပဲ အမြဲတွေးနေတာ။ ဒါကလည်း ငါ့အမှားပါပဲ၊ ငါကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းဘဲ ဒီနားကနာ ဟိုနားကနာ ဖြစ်နေတော့ သူက ငါ့ကို သနားလို့ အတင်းအကြပ် ဝင်လုပ်ပေးနေရှာတာ"

"အဒေါ်... အခုကစပြီး ရေခပ်တာနဲ့ ထင်းခုတ်တဲ့ အလုပ်တွေကို ကျွန်တော့်ကိုပဲ ခိုင်းပါ။ ဟွမ်းအာကို ပေးမလုပ်ပါနဲ့"

ရန်ဟူက လှမ်းပြောလိုက်သည်။

"ဟွမ်းအာက ပန်းလည်း ထိုးရသေးတာဆိုတော့ သူ့အတွက် အရမ်းပင်ပန်းလွန်းပါတယ်"

"ကောင်းပါပြီကွယ်... ဒါဆိုရင်တော့ နင်ပဲ ပင်ပန်းခံပေးပါဦး"

ကျုံးလန်ဟွာက ပြန်ပြောလိုက်သည်။

"သူ နေ နည်းနည်း ပြန်ကောင်းလာတဲ့အထိ ခဏတော့ စောင့်ပေးဦးနော်"

ရန်ဟူက ကျုံးလန်ဟွာ၏ ချီးမွမ်းစကားများကြောင့် ကျေနပ်သွားပြီး တက်ကြွသော စိတ်လှုပ်ရှားမှုများဖြင့် ပြန်ထွက်ခွာသွားခဲ့သည်။

သူ အပြင်သို့ ထွက်လာချိန်တွင် လယ်ကွင်းထဲမှ ပြန်လာသည့် ဘေးအိမ်မှ ကျန်းတာ့ချွမ်းနှင့် တည့်တည့် တိုးမိသွားသည်။ သူက ကျန်းတာ့ချွမ်း၏ ဘေးမှ မောက်မာ ဝံကြွားစွာ ဖြတ်လျှောက်သွားပြီး သူ့ပုံစံ ရှုံးနိမ့်သွားသော ကြက်ဖတစ်ကောင်ကို အနိုင်ရလိုက်သည့်အတိုင်း ဖြစ်နေလေသည်။

All Chapters