အခန်း ၆၅
Vol. 7 Ch. 65
အခန်း ၆၅ လူငှားခြင်း
ကျန်းကျောက်တိက အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် အော်ခေါ်လိုက်သည်။
"ကျင့်အာ... မြန်မြန်ထွက်ခဲ့ဦး"
ကျင့်အာက စာအုပ်များကို ကိုင်လျက် ပြေးထွက်လာရာ ကျန်းကျောက်တိ၏ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများနှင့် ဒဏ်ရာရထားသည့် မျက်နှာကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"မွေးစားအမေ... ဘာဖြစ်လာတာလဲဟင်"
ကျန်းကျောက်တိက ကျင့်အာ၏ လက်ထဲသို့ ကြေးပြားနှစ်ရာ တန်ဖိုးရှိသော ကြေးပြားနှစ်တွဲကို ထည့်ပေးလိုက်ပြီး ဂုဏ်ယူဝံကြွားစွာ ပြန်ဖြေလိုက်သည်။
"ငါ အပြင်ထွက်ပြီး ကြေးပြားနှစ်ရာ ရှာလာတာလေ၊ ပန်းပွင့် အတောင်းနှစ်ဆယ် ဝယ်ဖို့ လုံလောက်သွားပြီ"
ကျင့်အာက စူးယောင်ကွမ်းကို သံသယမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
စူးယောင်ကွမ်းက အပြုံးဖြင့် ရှင်းပြလိုက်သည်။
"အမေက ဦးလေးလင်းဆီ သွားခဲ့တာလေ၊ ဒါပေမဲ့ ကံမကောင်းချင်တော့ ဦးလေးလင်းကို သဘောကျနေတဲ့ မိန်းမကြမ်းတစ်ယောက်နဲ့ သွားတိုးတာပဲ။ အဲ့ဒီမိန်းမကြမ်းက အမေနဲ့ ဦးလေးလင်း ခြံထဲမှာ စကားပြောနေတာကို မြင်တာနဲ့ ဘာမပြောညာမပြော ပြဿနာရှာဖို့ ပြေးဝင်လာတာလေ။ ဒါပေမဲ့ အမေလည်း မရှုံးခဲ့ပါဘူး၊ ဟိုဘက်ကမိန်းမက ပိုပြီး ဒဏ်ရာရသွားတာ"
"ငါ အဲ့ဒီမိန်းမရဲ့ ဆံပင်တွေကို အများကြီး ဆွဲနှုတ်ပစ်လိုက်တာ၊ သူ့ခေါင်းက ဒီနေရာလေးဆို ကွက်ပြီး ပြောင်သွားပြီ"
ကျန်းကျောက်တိက သူမ၏ ခေါင်းပေါ်မှ နေရာတစ်ခုကို ညွှန်ပြရင်း အားရပါးရ ပြောနေပြန်သည်။
"ဒါပေမဲ့ ဒါတွေအားလုံးက ယောင်ကွမ်းကြောင့်ပဲ။ ငါတို့ ယောင်ကွမ်းက ယောက်ျားတစ်ယောက်ထက်တောင် အားကိုးရသေးတယ်။ အဲ့ဒီမိန်းမက ယောင်ကွမ်း ဘယ်လောက်သန်မာလဲဆိုတာ မြင်သွားတော့မှ ငြိမ်ငြိမ်လေး ပိုက်ဆံလျော်ပြီး ပြဿနာ ဆက်မရှာတော့တာလေ"
"ငါတို့ ပြန်လာခဲ့ကြပြီဆိုတော့ ဦးလေးလင်း အဲ့ဒီမိန်းမကို ဘယ်လိုဆက်ရှင်းမလဲ မသိတော့ဘူး။ ဒါပေမဲ့ ဦးလေးလင်းက ဒီရွာရဲ့ တစ်ဦးတည်းသော ဆေးဆရာဆိုတော့ ရွာထဲကလူအများစုက သူ့အကြွေးမကင်းကြဘူးလေ၊ ဒါကြောင့် ရွာသားတွေက အဲ့ဒီမိန်းမကြမ်းကို မောင်းထုတ်ဖို့ သူ့ကို သေချာပေါက် ကူညီကြမှာပဲ။ ငါတို့ စိတ်ပူနေစရာ မလိုတော့ဘူး"
သူမ၏စကား ဆုံးသည်နှင့် စူးယောင်ကွမ်းက ကျင့်အာ၏ လက်ထဲမှ စာအုပ်များကို လှမ်းကြည့်လိုက်သည်။
"ဒါတွေက ငါ ပြီးခဲ့တဲ့အကြိမ်က ဝယ်လာပေးတဲ့ ဆေးကျမ်းတွေမလား။ စာအုပ်ဆိုင်တစ်ဆိုင်လုံးမှာ ဆေးကျမ်းက အနည်းအကျဥ်းပဲ ရှိတယ်၊ နည်းနည်း ဟောင်းနေပေမယ့် ငါ အကုန်ဝယ်လာခဲ့တာ။ အရင်ကတော့ မျက်နှာချေနဲ့ ပါးနီမှုန့်တွေ လုပ်တဲ့အခါ ပိုအဆင်ပြေအောင် ဆေးဖက်ဝင် အပင်တွေအကြောင်း လေ့လာချင်ရုံပဲ၊ အခုကြည့်ရတာ ကံတရားက ဒီဆေးကျမ်းတွေကို နင့်အတွက် ပြင်ဆင်ပေးထားတာ ထင်တယ်"
"ဒီဆေးကျမ်းတွေက တကယ်ကို ကောင်းလွန်းတယ်။ အပြင်ကို ဘာလို့ ရောက်နေမှန်း မသိပေမယ့် ဒါတွေရဲ့ မူလပိုင်ရှင်က အရမ်းကို ထူးချွန်တဲ့ သမားတော်ကြီးတစ်ဦး ဖြစ်နိုင်တယ်၊ မဟုတ်ရင် ဒီလောက် ထူးခြားကောင်းမွန်တဲ့ ဆေးကျမ်းတွေကို ပြုစုနိုင်မှာ မဟုတ်ဘူး။ နှမြောဖို့ကောင်းတာက လူတွေက တန်ဖိုးမထားကြတော့ သေသေချာချာ ထိန်းသိမ်းထားဖို့ နားမလည်ကြဘူး၊ တော်တော်များများ ပျက်စီးနေပြီ။ ကျွန်မ အားတဲ့အချိန်ကျရင် ဒါတွေကို အကုန်လုံး ကူးရေးထားလိုက်မယ်၊ နောက်ပိုင်း ပြဲသွားပြီး သုံးလို့မရမှာကို စိုးရိမ်မိတယ်"
ကျန်းကျင့်က ပြန်ရှင်းပြနေသည်။
မှောင်ရီပျိုးစ မပြုသေးခင် အချိန်မှာပင် ကျန်းကျောက်တိနှင့် သူမ၏သမီးနှစ်ယောက်စလုံးက ခြံဝင်းကို သိမ်းဆည်းပြီး အခန်းများကို သန့်ရှင်းရေး လုပ်လိုက်ကြသည်။ အလုပ်ပြီးသွားသောအခါ ထိုင်ခုံများကို ခြံဝင်းထဲသို့ ရွှေ့လိုက်ကြပြီး မျက်နှာပေါင်းတင်ခြင်း၊ အသားအရေ ထိန်းသိမ်းခြင်းနှင့် ဆံကေသာ အလှပြင်ခြင်းတို့ကို လုပ်ဆောင်ကြကာ လက်သည်းများကို သန့်စင်ရန်လည်း မေ့လျော့မထားကြချေ။
"စောစောက အဲ့ဒီမိန်းမကြမ်းနဲ့ ရန်ဖြစ်နေတုန်းမှာ သူတို့ ပြောနေတဲ့အသံကို ကြားလိုက်မိသေးတယ်။ ငါ မကြာသေးခင်ကမှ ပိုပြီး ဖြူဝင်းလာတယ်၊ အရေးအကြောင်းတွေလည်း လျော့သွားပြီး ဆံပင်တွေတောင် ပြန်နက်လာတယ်တဲ့။ ယောင်ကွမ်း လုပ်ပေးတဲ့ အရာတွေက တကယ်ကို ကောင်းတာပဲ၊ ရွာက လူတွေ ငါ့သမီး ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ မြင်နိုင်ဖို့ ငါ ဒါတွေကို နေ့တိုင်း သုံးရမယ်"
ကျန်းကျောက်တိက သူမ၏ ပါးပြင်ကို ပုတ်ရင်း ပြန်ပြောနေသည်။
"နင်တို့ နှစ်ယောက်လည်း ပျင်းနေလို့ မရဘူးနော်၊ အရင်ကတော့ ငါတို့အတွက် အခြေအနေ မပေးခဲ့ပေမယ့် အခု အခွင့်အရေး ရှိနေပြီဆိုမှတော့ နင်တို့ရဲ့ ရုပ်ရည်ကို သေသေချာချာ ဂရုစိုက်ရမယ်"
"စိတ်ချပါ အမေရဲ့၊ သမီးတို့ သေချာပေါက် ဂရုစိုက်မှာပါ။ သမီးတို့ အပြင်ကို အတူတူ ထွက်သွားရင် လူတွေက ညီအစ်မ သုံးယောက်လို့တောင် ထင်ကြဦးမယ်"
"နင်ကတော့ တကယ့်ကို အရှက်ကင်းမဲ့တဲ့ ကောင်မလေးပဲ။ နင့်အမေကို အဲ့လိုမျိုး နောက်ပြောင်ရဲတယ်ပေါ့လေ"
ကျန်းကျောက်တိက နှာခေါင်းရှုံ့လိုက်သည်။
နောက်တစ်နေ့တွင် ကျန်းကျောက်တိက ဘေးအိမ်မှ အဒေါ်လီကို အနည်းငယ် မှာကြားခဲ့ပြီးနောက် သူမ၏ ဒုတိယညီမ ဖြစ်သူ ကျန်းဖန့်တိ နှင့် တူမဖြစ်သူ ချွန်းနီတို့ကို သွားရောက်ရှာဖွေခဲ့သည်။
စူးယောင်ကွမ်းက နွားလှည်းကို မောင်းနှင်ကာ ကျန်းကျောက်တိအား ကျန်းဖန့်တိတို့ ရွာအနီးအနားသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရွာထဲကိုတော့ လိုက်ဝင်မသွားခဲ့ချေ။
သူမတို့က ကြိုတင်တိုင်ပင်ထားပြီး ဖြစ်သည်။ ကျန်းဖန့်တိ၏ ခင်ပွန်းသည်က လောဘကြီးပြီး ရောင့်ရဲမှုမရှိသူ ဖြစ်သောကြောင့် အကယ်၍ သူမတို့ နွားလှည်းဝယ်ထားသည်ကို မြင်သွားပါက အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ကျန်းဖန့်တိတို့ကို သွားခွင့်ပြုခဲ့လျှင်ပင် နောက်ပိုင်း၌ အမြတ်ထုတ်ရန် အိမ်အထိ လိုက်လာပြီး ပြဿနာရှာနိုင်ချေ ရှိသည်။
ထို့ကြောင့် ကျန်းကျောက်တိက ကျန်းဖန့်တိနှင့် သမီးဖြစ်သူကို သွားတွေ့ပြီး သူမ အလုပ်အချို့ ရရှိထားကာ အလုပ်များလွန်းသဖြင့် အားလုံးကို မလုပ်ကိုင်နိုင်သောကြောင့် မိခင်နှင့် သမီးနှစ်ယောက် လာရောက်ကူညီရန်သာ ပြောဆိုမည် ဖြစ်သည်။ နေ့တွက်ခကိုတော့ တစ်ယောက်လျှင် ကြေးပြားနှစ်ဆယ်၊ နှစ်ယောက်အတွက် ကြေးပြားလေးဆယ်ဟု ကြိုတင်သတ်မှတ်ထားခဲ့ကြသည်။
ဤငွေပမာဏက နည်းပါးသည်ဟု ထင်ရသော်လည်း အမြတ်ထုတ်ရသည်ကို ကြိုက်နှစ်သက်သော ထိုမိသားစုအတွက်တော့ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ မည်သို့ပင်ဖြစ်စေ ကျန်းဖန့်တိနှင့် သူမ၏သမီးဖြစ်သူက အိမ်တွင် အသေးအဖွဲ အလုပ်များကိုသာ လုပ်ကိုင်နေကြရသဖြင့် ငွေအမြောက်အမြား မရှာဖွေနိုင်ကြချေ။ ယခုကဲ့သို့ ငွေရှာနိုင်မည့် အခွင့်အရေးရှိလာချိန်တွင် သူတို့မိသားစု၌ လယ်လုပ်သား အင်အား မပြတ်လပ်သဖြင့် သူမတို့အား သေချာပေါက် ငွေရှာရန် လွှတ်လိုက်မည်သာ ဖြစ်သည်။
"ဒုတိယညီမ... ချွန်းနီ၊ နင်တို့ အိမ်မှာ ရှိကြလား"
ကျန်းကျောက်တိက အိမ်တံခါးဝမှ နေပြီး လှမ်းခေါ်လိုက်သည်။
အိမ်ထဲမှ အိုမင်းရင့်ရော်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဘယ်သူလဲ"
ထိုလူက တံခါးကို ဖွင့်လိုက်ပြီး ကျန်းကျောက်တိကို မြင်သည်နှင့် သစ်ခေါက်ကဲ့သို့ တွန့်ရှုံ့နေသော မျက်ခွံများကို ပင့်ကြည့်ကာ သရော်ဟန်ဖြင့် လှမ်းပြောလိုက်သည်။
"ဘယ်သူများလဲလို့... ကြည့်လိုက်တော့ အကြီးဆုံးသားအိမ်က မရီးကြီး ဖြစ်နေတာကိုး။ ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ၊ ငါ ကြိုပြောထားရမယ်နော်... ငါတို့မိသားစုက ဆင်းရဲတယ်၊ နင်တို့ကို ချေးဖို့ ပိုက်ဆံလည်းမရှိဘူး၊ ကောက်နှံလည်း မရှိဘူး"
"ကျွန်မက ဒုတိယညီမကို လာတွေ့တာပါ"
ကျန်းကျောက်တိက တည်ငြိမ်ဟန်ဖြင့် ထပ်ပြောလိုက်သေးသည်။
"ရှင်တို့ဆီက ပိုက်ဆံရော ကောက်နှံရော ချေးဖို့ မဟုတ်ဘူး"
"နင်က လက်ဗလာနဲ့ လာတာလား"
အဘွားကြီးရွှီက ကျန်းကျောက်တိ၏ ဗလာဖြစ်နေသော လက်များကို ကြည့်ကာ အထင်သေးဟန်ဖြင့် ထပ်ပြောလာပြန်သည်။
"ဘယ်သူက ဆွေမျိုးအိမ်ကို လက်ဗလာနဲ့ လာလည်လို့လဲ"
"ကျွန်မ ရှင်တို့အိမ်မှာ ထမင်းလာစားတာ မဟုတ်ဘူးလေ၊ စကားနည်းနည်းပြောပြီးရင် ပြန်မှာ။ ဒုတိယညီမ ဘယ်မှာလဲ၊ သူ့ကို ခေါ်ပေးဦး၊ ကျွန်မက သူ့ကို ပိုက်ဆံရှာဖို့ အခွင့်အရေး လာပေးတာ၊ သူ လုပ်ချင်သလားလို့ လာမေးတာ"
"ပိုက်ဆံရှာရမယ် ဟုတ်လား"
အဘွားကြီးရွှီ၏ မျက်လုံးများက အရောင်တောက်သွားပြီး အထဲသို့ လှမ်းအော်လိုက်သည်။
"ဒုတိယချွေးမ... နင့်ယောင်းမကြီး ဘယ်ရောက်သွားလဲ"
ပိန်ပိန်ပါးပါး အမျိုးသမီးငယ်တစ်ဦး ထွက်လာပြီး အပြုံးလေးဖြင့် ပြောလာခဲ့သည်။
"အမေ...ယောင်းမကြီးက လယ်ကွင်းထဲကို အလုပ်သွားလုပ်နေပါတယ်"
"သူ့ကို ပြန်ခေါ်လိုက်၊ ချွန်းနီကိုလည်း အတူတူ ခေါ်ခဲ့ဦး"
အဘွားကြီးရွှီက ထပ်မှာလိုက်သေးသည်။
"သူ့ကို မြန်မြန်ပြန်လာဖို့ ပြောလိုက်၊ သူ့အစ်မကြီး ရောက်နေတယ်လို့ ပြောလိုက်ဦး"
ခဏအကြာတွင် ကျန်းဖန့်တိနှင့် ချွန်းနီတို့ တစ်ယောက်ပြီး တစ်ယောက် ခပ်သွက်သွက် ပြေးဝင်လာကြသည်။
ကျန်းဖန့်တိ၏ တစ်ကိုယ်လုံးတွင် ရွှံ့များ ပေပွနေပြီး ချွန်းနီကတော့ သူမနှင့် မတော်ဘဲ တိုနံ့နံ့ဖြစ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် လက်ကောက်ဝတ်များပင် ပေါ်လွင်နေသည်။
သူမတို့နှစ်ယောက်က ကျန်းကျောက်တိ၏ ရှေ့၌ ရပ်လိုက်ကြသည်။
ကျန်းဖန့်တိက ကျန်းကျောက်တိ၏ လက်ကို လှမ်းကိုင်ရင်း စိုးရိမ်တကြီး မေးမြန်းနေရှာသည်။
"အကြီးဆုံးအစ်မ... ဘာဖြစ်လို့လဲဟင်၊ တစ်ခုခု ဖြစ်လို့လား"
"အေး... ကိစ္စတစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့ သတင်းကောင်းပါ၊ ငါနဲ့ ယောင်ကွမ်း အပြင်မှာ အလုပ်တချို့ လက်ခံထားတတယ်၊ အခု အလုပ်တွေ သိပ်များနေလို့ မနိုင်မနင်း ဖြစ်နေတာနဲ့ နင်တို့ သားအမိ ပိုက်ဆံရှာချင်သလားလို့ လာမေးတာ။ ဒါပေမဲ့ လုပ်အားခကတော့ သိပ်မများဘူး၊ တစ်ယောက်ကို တစ်ရက် ကြေးပြားနှစ်ဆယ်ပဲ ရမယ်၊ ထမင်းသုံးနပ်တော့ ကျွေးမယ်၊ အလုပ်က ရက်ပေါင်းနှစ်ဆယ်လောက်တော့ ကြာမှာ"
ကျန်းကျောက်တိက ရှင်းပြလိုက်သည်။
အဘွားကြီးရွှီက ကြားဖြတ် ဝင်မေးလိုက်သည်။
"ဒါနဲ့... အဲ့ဒါက ဘာအလုပ်မျိုးလဲ၊ နင်တို့ လူအင်အားရော လောက်ရဲ့လား၊ ငါတို့ရော လုပ်နိုင်လား"
"လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ အလုပ်က နည်းနည်း ပင်ပန်းပြီး ညစ်ပတ်တယ်၊ မနက်ကနေ ညမိုးချုပ်တဲ့အထိ လုပ်ရမှာ၊ ရှင်တို့ တောင့်ခံနိုင်ပါ့မလား"
ကျန်းကျောက်တိက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
"မနက်ကနေ ညအထိ လုပ်ရမှာလား၊ ပြီးတော့ ပင်ပန်းပြီး ညစ်ပတ်တဲ့အလုပ်လား၊ ကျွန်မတော့ မလုပ်နိုင်ဘူး"
ဒုတိယချွေးမဖြစ်သည့် ဟွာရှီက အထင်သေးသော လေသံဖြင့် နှုတ်ခမ်းမဲ့ကာ ဝင်ပြောလိုက်သည်။
အဘွားကြီးရွှီလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူမက ပိုက်ဆံကို လိုချင်သော်လည်း မနက်မှ ညအထိ အလုပ် လုပ်မှ ကြေးပြားနှစ်ဆယ် ရမည်ကိုတော့ သိပ်မတန်သလို ခံစားနေရသည်။
"ကျွန်မမှာလည်း အိမ်က အလုပ်တွေ ရှိသေးတော့ ဒီငွေကို ရှာနိုင်ပါ့မလား မသိဘူး"
ကျန်းဖန့်တိက တွန့်ဆုတ်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"အခုက လယ်ကွင်းထဲမှာ အလုပ်များတဲ့ ရာသီလည်း မဟုတ်ဘဲနဲ့၊ နင်က ဘာအလုပ်တွေ ရှိနေလို့လဲ။ နင့်အမေဘက်က အကြီးဆုံးအစ်မက ပိုက်ဆံ ရှာဖို့ ပြောနေတာလေ၊ သွားရှာလိုက်ပေါ့။ နင်တို့ ရှာနိုင်မှာက...."
အဘွားကြီးရွှီက သူမ၏လက်ချောင်းများကို ချိုးကာ တွက်ချက်နေသော်လည်း အဖြေကို အဆုံးသတ်အောင် မတွက်နိုင်ဘဲ ဖြစ်နေပြန်သည်။
ကျားချွန်းနီက တိုးညှင်းသော လေသံဖြင့် ဝင်ပြောလိုက်၏။
"တစ်ယောက်ကို ကြေးပြားလေးရာ ရပြီး နှစ်ယောက်ဆိုရင်တော့ ကြေးပြားရှစ်ရာ ရမှာပါ အဖွား"
ထိုငွေပမာဏကို ကြားသည်နှင့် တွေဝေနေသော အဘွားကြီးရွှီတစ်ယောက် ချက်ချင်း လေသံပြောင်းသွားခဲ့သည်။
"ဒါဆိုလည်း သွားလုပ်ကြပေါ့။ နင်တို့ အထုပ်အပိုးတွေ အမြန် ပြင်ပြီး အခုချက်ချင်း အဲ့ဒီကို လိုက်သွားကြတော့"
သူမကိုယ်တိုင် ဤမျှ ပင်ပန်းသောအလုပ်ကို မလုပ်နိုင်သော်လည်း ပိုက်ဆံဖြုန်းတီးရုံသာ သိသည့် ဤမိန်းမယုတ်နှစ်ယောက်ကို လွှတ်ပြီး ပိုက်ဆံရှာခိုင်းခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ဟု သူမ သတ်မှတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့က မိသားစု ခွဲမနေကြသေးသဖြင့် နောက်ဆုံးတွင် ထိုပိုက်ဆံအားလုံးက သူမ၏ လက်ထဲသို့သာ ရောက်ရှိလာမည် ဖြစ်သည်။
"ဒီအလုပ်က တကယ်ကို ပင်ပန်းတာနော်၊ နင်က ချွန်းနီကိုပါ ငါတို့နဲ့အတူ တကယ် လိုက်ခိုင်းမှာလား"
ကျန်းကျောက်တိက တမင်သက်သက် ထပ်ပြောလိုက်သည်။
"ဒါမှမဟုတ်လည်း ထားလိုက်ပါတော့၊ ချွန်းနီကို အိမ်မှာပဲ ထားခဲ့ပြီး ဒုတိယညီမ တစ်ယောက်တည်းပဲ ငါနဲ့ လိုက်ခဲ့တော့"
"ချွန်းနီက အရမ်း အလုပ်ကြိုးစားတဲ့ မိန်းခလေးပါ၊ အိမ်တွင်းအိမ်ပြင် အလုပ်မှန်သမျှ အကုန်လုပ်နိုင်တယ်။ ချွန်းနီကိုပါ ခေါ်သွားလိုက်ပါ။ ကဲပါ... အဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီ၊ အထုပ်အပိုးတွေ သွားပြင်ကြတော့"