အခန်း ၆၆
Vol. 7 Ch. 66
အခန်း ၆၆ စုဝေးခြင်း
ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့တွင် အထုပ်အပိုး အများအပြား မရှိချေ။ သူမတို့က အဝတ်အစား အပိုနှစ်စုံကိုသာ အဝတ်စုတ်တစ်ခုဖြင့် ထုပ်ပိုးပြီး ထွက်ခွာလာခဲ့ကြသည်။
ကျန်းကျောက်တိက ထိုမိခင်နှင့် သမီးနှစ်ဦးကို ရွာဝင်ပေါက်သို့ ခေါ်ဆောင်လာခဲ့ပြီး ထိုင်စရာနေရာတစ်ခု ရှာဖွေကာ ထိုင်လိုက်ကြသည်။
"အကြီးဆုံးအစ်မ... ဘာလို့ ဆက်မသွားတာလဲ"
ကျန်းဖန့်တိက မေးမြန်းလိုက်သည်။
"ယောင်ကွမ်း လာကြိုတာကို စောင့်နေတာပါ"
ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။
"ယောင်ကွမ်းက ငါတို့ရဲ့ ညီမလေးကို သွားခေါ်တာလေ။ သူ အပြန်ကျရင် ဒီလမ်းကနေ ဖြတ်သွားမှာဆိုတော့ အားလုံးအတူတူ ပြန်ကြတာပေါ့"
"အကြီးဆုံးအစ်မက ညီမလေးကိုပါ အတူတူ အလုပ်လုပ်ခိုင်းမလို့လား။ သူက သူ့ခင်ပွန်းကို ပြုစုပေးရဦးမှာလေ၊ သူ့ယောကျာ်းကို တစ်ယောက်တည်း ပစ်ထားလို့မှ မရတာ၊ သူ ဘယ်လိုလုပ် အလုပ်လုပ်နိုင်မှာလဲ"
"သူ လုပ်နိုင်လောက်ပါတယ်"
ကျန်းကျောက်တိက ပြန်ရှင်းပြလိုက်သည်။
"ငါ နင့်ယောက္ခမနဲ့ နင့်ယောင်းမကို တမင်သက်သက် လိမ်ပြောခဲ့တာ။ ငါတို့အလုပ်က ပေါ့ပေါ့ပါးပါးလေးပါ၊ သူ ပင်ပန်းမှာ မဟုတ်ပါဘူး"
"အကြီးဆုံးဒေါ်လေး... ဒါနဲ့ အဲ့ဒါက ဘာအလုပ်မျိုးလဲဟင်"
ကျားချွန်းနီက ဝင်မေးလိုက်သည်။
"အဒေါ်က ပင်ပန်းပြီး ညစ်ပတ်တယ်လို့ ပြောတော့ ကျွန်မက သူများအိမ်မှာ အဝတ်အစား သွားလျှော်ပေးရတဲ့ အလုပ်လို့ ထင်နေတာ"
"အဝတ်လျှော်တဲ့ အလုပ် မဟုတ်ပါဘူး၊ အိမ်ရောက်ရင် နင်တို့ သိရမှာပါ"
ကျန်းကျောက်တိက သူမ၏ ရင်ဘတ်ထဲမှ ဆီစက္ကူဖြင့် ထုပ်ထားသော အထုပ်လေးကို ထုတ်ယူကာ ဖွင့်လိုက်ပြီးနောက် ကျန်းဖန့်တိနှင့် သူမ၏သမီးတို့ကို ကြက်သွန်မြိတ်မုန့်ပြားတစ်ခုစီ ကမ်းပေးလိုက်သည်။
ကျန်းဖန့်တိက တံတွေးကို အနိုင်နိုင် မျိုချရင်း လှမ်းယူလိုက်၏။
"အကြီးဆုံးအစ်မ... ဒါက ဂျုံဖြူတွေနဲ့ လုပ်ထားတာပဲ။ နင်တို့တွေ ဒီလောက်တောင် ကောင်းကောင်းစားနိုင်နေတာလား"
"ကျွန်မ တကယ်ပဲ ဒီမုန့်ပြားတစ်ခုလုံးကို စားရမှာလားဟင်"
ကျားချွန်းနီသည် မုန့်ကို ကိုင်ထားရင်း ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေရှာသည်။
"ကျွန်မ ဒါမျိုးတွေ တစ်ခါမှ မစားဖူးဘူး၊ ဒုတိယဦးလေးရဲ့ မိသားစုက မောင်လေး စားတာကိုပဲ မြင်ဖူးခဲ့တာ။ ဒါပေမဲ့ သူ့မုန့်တွေက ဒီလောက်တောင် ဆီမပါသလို ဒီလောက်လည်း မမွှေးဘူး"
"နင့်အဒေါ်က ပေးတာပဲ... စားလိုက်စမ်းပါ"
ကျန်းဖန့်တိက ကျားချွန်းနီကို ပြောလိုက်ပြီးနောက် ကျန်းကျောက်တိဘက်သို့ လှည့်ကာ ထပ်ပြောလိုက်ပြန်သည်။
"အကြီးဆုံးအစ်မ... ကျွန်မ မဆာသေးဘူး၊ ဒါကို ယောင်ကွမ်းအတွက် ချန်ထားပေးလိုက်မယ်"
"နင် စားစရာရှိတာသာ စားစမ်းပါ၊ ယောင်ကွမ်းအတွက်လည်း ရှိပါတယ်၊ လူတိုင်းအတွက် စားစရာ ရှိတယ်"
ကျန်းကျောက်တိက သူမ၏မုန့်ပြားကို စားရင်း ပြောလိုက်သည်။
ကျားချွန်းနီက သူမ၏ ကြက်သွန်မြိတ်မုန့်ပြားကို ဖြည်းဖြည်းချင်း ကိုက်စားနေပြီး သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာကာ မျက်နှာတစ်ခုလုံးတွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။
ဤမိန်းကလေးက အရေပြားနှင့် အရိုးသာ ကျန်တော့သည်အထိ ပိန်လှီလွန်းနေပြီး မျက်နှာကလည်း ရောဂါတစ်ခုခု စွဲကပ်နေသလို ဝါကြင်ကြင် ဖြစ်နေချေသည်။
ကျန်းဖန့်တိ၏ အခြေအနေကလည်း ထိုထက်မထူးလှပေ။
မိခင်နှင့် သမီးနှစ်ယောက်လုံးက မုန့်ကို မစားရက်မသောက်ရက် ဖြစ်နေကြပြီး အလွန် ဖြည်းညှင်းစွာ စားနေကြသည်။ တစ်ဝက်လောက် စားပြီးနောက်တွင် သူမတို့က ကျန်ရှိနေသော ကြက်သွန်မြိတ်မုန့်ပေါင်းကို ဆီစက္ကူဖြင့် ပြန်ထုပ်ပိုးလိုက်ကြပြီး နောက်တစ်ကြိမ် ဗိုက်ဆာလာမှသာ ဆက်စားရန် သိမ်းဆည်းထားလိုက်ကြသည်။
ကျန်းကျောက်တိကတော့ ထိုနေရာတွင် မှီထိုင်ရင်း တရေးတမော အိပ်ပျော်လုနီးပါး ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် လှည်းသံကဲ့သို့သော အသံ ခပ်သဲ့သဲ့ ကြားလိုက်ရသဖြင့် သူမ ချက်ချင်း မျက်လုံးဖွင့်ကာ မတ်တတ်ထရပ်လိုက်သည်။ သူမ လှမ်းကြည့်လိုက်ချိန်တွင် စူးယောင်ကွမ်းတစ်ယောက် နွားလှည်း မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။
"သူတို့ ရောက်လာကြပြီ"
ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့ကလည်း သူမတို့၏ လည်ပင်းကို ဆန့်ထုတ်ပြီး အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။ စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့ နွားလှည်းမောင်းလာသည်ကို မြင်လိုက်ရပြီး လှည်းထဲတွင်တော့ ကျန်းယင်းတိနှင့် ဝမ်ရှို့ချိုင်တို့ ထိုင်နေကြသည်။
"တက်လေ၊ ဘာရပ် လုပ်နေတာလဲ"
ကျန်းကျောက်တိက မိခင်နှင့် သမီးကို လှမ်းခေါ်လိုက်ပြီး နွားလှည်းဆီသို့ လျှောက်သွားလိုက်သည်။
"ဒုတိယဒေါ်လေး၊ ဝမ်းကွဲညီမလေး"
စူးယောင်ကွမ်းက အရင်ဦးဆုံး နှုတ်ဆက်လိုက်ပြီး ကျန်းကျင့်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက ကျွန်မရဲ့ မွေးစားအစ်မ ကျန်းကျင့်ပါ"
ကျန်းကျင့်ကလည်း စူးယောင်ကွမ်းနည်းတူ ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့ကို နှုတ်ဆက်လိုက်သည်။
"ဒုတိယဒေါ်လေး၊ ဝမ်းကွဲညီမလေး"
"အေး... အေး..."
ကျန်းဖန့်တိက ကြောင်အအဖြင့် ပြန်ဖြေလိုက်သည်။
ကျားချွန်းနီက ကျန်းဖန့်တိ နွားလှည်းပေါ်သို့ တက်နိုင်အောင် ကူညီပေးလိုက်ပြီးမှ ကျန်းယင်းတိနှင့် ဝမ်ရှို့ချိုင်တို့ကို နှုတ်ဆက်လိုက်သည်။
"ဒေါ်လေးငယ်၊ ဦးလေးငယ်”
ထို့နောက်မှ စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့ဘက်သို့ လှည့်ပြောလိုက်သည်။
“အစ်မနှစ်ယောက်"
ကျန်းယင်းတိက အသက်သုံးဆယ်ကျော်အရွယ်သာ ရှိသေးပြီး ရုပ်ရည်လှပသူဖြစ်သော်လည်း သူမ၏ မျက်ခုံးများကြားတွင်တော့ စိုးရိမ်ပူပန်မှုများ နစ်မြုပ်နေလေသည်။ အမှန်စင်စစ်တွင် ကျန်းညီအစ်မသုံးယောက်စလုံး၏ မျက်လုံးများတွင် ထိုဝမ်းနည်းရိပ်များ အမြဲတမ်း စွဲထင်နေတတ်ကြသည်။
ဝမ်ရှို့ချိုင်က နာတာရှည်ရောဂါသည်ဖြစ်ပြီး ကျန်းမာရေး မကောင်းသောကြောင့် အားနည်းသူ ဖြစ်သည်။ သူက ချောင်းဆိုးလိုက်ပြီး ကျားချွန်းနီကို ခေါင်းညိတ်ပြကာ ကျန်းဖန့်တိကို လှမ်းခေါ်လိုက်သည်။
"ဒုတိယမရီး"
နှစ်ပေါင်းများစွာကြာမှ ပြန်ဆုံကြသောကြောင့် ကျန်းညီအစ်မများအားလုံး စိတ်လှုပ်ရှားနေကြသည်။ သို့သော် ယခုက စကားပြောရန် နေရာမဟုတ်သေးသောကြောင့် အိမ်သို့ မြန်မြန်ပြန်ရန် လိုအပ်နေသေးသည်။
စူးယောင်ကွမ်းက လှည်းမောင်းနေပြီး ကျန်းကျင့်က ဘေးတွင် ထိုင်နေကာ ကျန်သူများကတော့ လှည်းနောက်တွင် ထိုင်နေကြသည်။
ကျန်းဖန့်တိက တစ်ခုခုကို စိုးရိမ်ဟန်ဖြင့် မေးမြန်းလိုက်သည်။
"အကြီးဆုံးအစ်မ... လူတွေ ဒီလောက်များတာကို အစ်မအိမ်မှာ နေရာလောက်ပါ့မလား"
"ငါတို့ အရင်ကတည်းက တိုင်ပင်ထားပြီးသားပါ။ ထင်းတဲကို ရှင်းလိုက်မယ်။ ပြီးတော့ ငါ့ညီမလေးနဲ့ မတ်လေးကတော့ ခဏတော့ သည်းခံနေကြရမှာပေါ့။ ယောင်ကွမ်းနဲ့ ကျန်းကျင့်က အရင်က အခန်းတစ်ခန်းထဲ နေတာ။ နောက်ထပ် တစ်ယောက် တိုးလာရင်တောင် ချွန်းနီကို သူတို့နဲ့အတူ အတင်းတိုးပြီး နေခိုင်းလိုက်ရမှာပဲ။ ဒီနေ့တစ်ရက်တော့ သည်းခံကြဦး။ နောက်မှ လက်သမားဆီသွားပြီး ခုတင်အကြီးတွေ ထပ်လုပ်ခိုင်းပေးမယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။
"အမေ... ခုတင်ကြီးတွေ မှာရင်းနဲ့ ဗီရိုတွေပါ တစ်ခါတည်း မှာလိုက်ပါလား။ သမီးတို့ဆီက ပစ္စည်းတွေက အရမ်းဟောင်းနေပြီဆိုတော့ အစားထိုးဖို့ လိုနေပြီ"
ကျန်းကျောက်တိကလည်း ခေါင်းညိတ် သဘောတူလိုက်သည်။
ကျန်းဖန့်တိက သူမ၏ အစ်မကြီးကို သတိထားမိနေသည်။
‘အချိန်တိုလေးအတွင်းမှာ အကြီးဆုံးအစ်မက လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ။ အရင်ကဆိုရင် အကြီးဆုံးအစ်မက အရမ်းကို စုဆောင်းတတ်ပြီး ပစ္စည်းတစ်ခုခုက နည်းနည်းလေး သုံးရရင်တောင် သုံးနေဦးမှာ၊ ဘယ်တော့မှ အသစ်မလဲတတ်တဲ့သူမျိုး မဟုတ်ဘူးလေ။’
‘ဒါတင်မကသေးဘူး၊ မကြာသေးခင်ကမှ ရွာက လူဆိုးတစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ခံရပြီး အသက်လုပြီး ထွက်ပြေးသွားခဲ့ရတာ မဟုတ်ဘူးလား၊ ဒီလောက်အချိန်တိုလေးအတွင်းမှာ သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ၊ ဘာတွေများ ဖြစ်ပျက်သွားခဲ့တာလဲ’
မည်သို့ပင်ဖြစ်စေကာမူ ကျန်းဖန့်တိတစ်ယောက် လေထဲ၌ ပျံ့လွင့်နေသည့် အရင်က မရဖူးခဲ့သော လွတ်လပ်မှုရနံ့ကို ရှူရှိုက်နေရပြီး သူမ၏ စိတ်ရောကိုယ်ပါ အလွန်တရာ ပေါ့ပါးလွတ်လပ်နေသလို ခံစားလိုက်ရသည်။
အစ်မကြီး၊ ညီမလေးတို့နှင့်အတူ ရှိနေနိုင်ရန် သူမအနေဖြင့် အကြိမ်ကြိမ် အရိုက်ခံရရန်၊ အဆူခံရရန် သို့မဟုတ် အငတ်ခံရရန် တွေးနေစရာ မလိုတော့ပေ။ တစ်ခုခုဆိုလျှင် တစ်ညလုံး အပြင်၌ အထားခံရပြီး နောက်နေ့ကျမှ ချမ်းတုန်အောင် အအေးမိနေလျက်နှင့် ထမင်းချက်၊ အဝတ်လျှော်၊ ထင်းခုတ်၊ ရေခပ်ရဦးမည့် ဒုက္ခမျိုးကိုလည်း ကြုံရတော့မည် မဟုတ်ချေ။
အနည်းဆုံးအနေဖြင့် ဤရက်နှစ်ဆယ်အတွင်း သူမ လူတစ်ယောက်လို နေထိုင်ခွင့် ရတော့မည် ဖြစ်သည်။
သူမ၏ ချွန်းနီလေးလည်း ယခုအချိန်လေးအတွင်း စိတ်လက်ပေါ့ပါးစွာ နားနေခွင့် ရလိမ့်မည်ဟု သူမ တွေးနေမိသည်။
"ညီမလေး... မတ်လေးရဲ့ ကျန်းမာရေးကရော ဘယ်လိုရှိလဲ"
ကျန်းဖန့်တိက လှမ်းမေးလိုက်သည်။
ကျန်းယင်းတိက ဝမ်ရှို့ချိုင်၏ လက်ကို ဆုပ်ကိုင်ထားရင်း နူးညံ့စွာ ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ ဆေးဆရာတွေနဲ့ အကြိမ်ကြိမ် ပြပြီးပါပြီ။ သူတို့အားလုံးကတော့ အနားယူဖို့ပဲ ပြောကြတယ်။ ဒါပေမဲ့ ခုနလေးတင်ပဲ အကြီးဆုံးအစ်မရဲ့ မွေးစားသမီးလေးက ကျွန်မယောက်ျားရဲ့ ရောဂါကို ကုသလို့ရတယ်လို့ ပြောခဲ့တယ်။ ကုသမှု ခံယူပြီးရင် သူက လူကောင်းတစ်ယောက်လိုပဲ ပြန်ဖြစ်လာမှာတဲ့။ တစ်နေ့လုံး ကုတင်ပေါ်မှာ လဲလျောင်းနေစရာ မလိုတော့ဘူးတဲ့"
"အဲဒီ ကျန်းမျိုးရိုးဆိုတဲ့ ကောင်မလေးက အဲဒီလို ပြောခဲ့တာလား၊ ဆေးဆရာတွေတောင် ဘာမှမတတ်နိုင်တဲ့ ရောဂါကို သူက ဘယ်လိုလုပ်ပြီး ကြွားရဲရတာလဲ"
ကျန်းဖန့်တိက ကျန်းကျောက်တိကို လှမ်းပြောလိုက်သည်။
"အကြီးဆုံးအစ်မ... ကလေးကို ဒီလို မပြောခိုင်းသင့်ဘူးလေ။ ညီမလေးက ဒါကို အဟုတ်မှတ်ပြီး စိတ်ကူးယဉ်နေရင် နောက်မှ ဒုက္ခရောက်ကုန်ပါ့မယ်"
"အဲဒီကလေးမက ဆေးပညာရှင်မျိုးရိုးက ဆင်းသက်လာတာပါ။ မိသားစုကံကြမ္မာ အလှည့်အပြောင်းကြောင့် ငါတို့ဆီကို ရောက်လာရတာပေါ့။ တခြားကလေးတွေ သုံးနှစ်မှာ စာစသင်ကြတဲ့အချိန် သူက ဆေးပညာကို စလေ့လာခဲ့တာ"
ကျန်းကျောက်တိက ပြန်ရှင်းပြလိုက်သည်။
"တခြား ဆေးဆရာတွေက ဘာမှ မတတ်နိုင်တော့ဘူးလေ၊ သူ့ကို စမ်းကြည့်ခိုင်းလိုက်တာပေါ့။ ဘာမှ မဖြစ်လာရင်တောင် အရှုံးမရှိဘူးလေ။ တစ်ခါလောက်တော့ အခွင့်အရေး ပေးကြည့်သင့်တယ်"
"စစချင်းတုန်းကတော့ ဒီလောက်ငယ်တဲ့ ကလေးမလေးကို ကျွန်မတို့လည်း မယုံရဲခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မယောက်ျားက ရောဂါသည် ဖြစ်နေတာ ကြာပြီဆိုတော့ ဆေးကျမ်းစာအုပ်တွေ အများကြီး ဖတ်ထားပြီး ဆေးပညာနဲ့ ပတ်သက်ရင် တော်တော်လေး နားလည်နေပြီလေ။ သူကိုယ်တိုင်ပဲ အဲဒီကောင်မလေးကို စမ်းသပ်ကြည့်ခဲ့တာ၊ တကယ်လည်း တတ်ကျွမ်းပုံရလို့ လိုက်လာဖို့ သဘောတူခဲ့တာပါ။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မက အကြီးဆုံးအစ်မကို အိမ်မှုကိစ္စတွေ ကူညီပေးနေသလို၊ ကျွန်မယောက်ျားကလည်း ဒီမှာပဲနေပြီး ဆေးပြန်ကုမှာ"
ကျန်းယင်းတိ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းဖန့်တိလည်း စိတ်အေးသွားရသည်။
ဝမ်ရှို့ချိုင်က အရည်အချင်းရှိသူ ဖြစ်ပြီး သူ ရောဂါမဖြစ်ခင်တုန်းက အလားအလာရှိသည့် ပညာသင်သားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူ ခရိုင်စာမေးပွဲအောင်တော့မည်ဟု လူတိုင်း ထင်မှတ်ထားကြသော်လည်း စာမေးပွဲ မဖြေရသေးခင် အပြင်းအထန် ဖျားနာပြီး ကုတင်ပေါ်မှ မထနိုင်တော့ခေချ။ သူ အဆင်ပြေအောင် စောင့်ရှောက်ပေးမည့်သူ လိုအပ်သောကြောင့် ဝမ်မိသားစုက ကျန်းယင်းတိကို ငွေအများကြီးပေးပြီး လက်ထပ်စေခဲ့ခြင်း ဖြစ်သည်။ နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် အားကိုးရင်း နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသောကြောင့် အလွန်ကို ရင်းနှီးကြသည်။
နွားလှည်းက ရွာထဲသို့ မောင်းဝင်သွားခဲ့သည်။
ကျန်းကျောက်တိနှင့် သူမ၏သမီးက လူအများကြီး ခေါ်လာသည်ကို မြင်လိုက်ရသောကြောင့် ရွာသားများက အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြသည်။
"ငါ ကြားတာတော့ အဒေါ်လီတို့မိသားစုက ဒီနေ့ ရွာသားတွေကို ပန်းပွင့်တွေ လိုက်ကောက်ခိုင်းတယ်တဲ့။ အမျိုးအစားအလိုက် ခွဲပြီး သန့်သန့်ရှင်းရှင်း ဖြစ်အောင် လုပ်ခိုင်းတာ၊ တစ်ခြင်းကို ကြေးပြားခြောက်ပြား ပေးတယ်တဲ့။ အဒေါ်လီက အကြောင်းမဲ့ ပန်းတွေ လိုက်မကောက်ဘူး။ ကျန်းကျောက်တိတို့ သားအမိအတွက်ပဲ ဖြစ်ရမယ်။ သူတို့ ပါးနီမှုန့်နဲ့ မျက်နှာချေမှုန့် လုပ်မယ်ဆိုရင် ပန်းပွင့်တွေက အရေးကြီးဆုံးလေ။ အခုလို ဆွေမျိုးတွေ အများကြီး ခေါ်လာတယ်ဆိုတော့ အမှာစာအကြီးကြီး တစ်ခုခု ရထားလို့ပဲ ဖြစ်ရမယ်"