အခန်း ၆၇
Vol. 7 Ch. 67
အခန်း ၆၇ အစီအစဉ်
ကျန်းကျောက်တိက ကျန်းဖန့်တိနှင့် သူမ၏ သမီး၊ ကျန်းယင်းတိနှင့် သူမ၏ ခင်ပွန်းတို့ကို နေရာချပေးရန် အိမ်တွင် ကျန်ရစ်နေခဲ့ကြသည်။ စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့ကတော့ ပန်းပွင့်များ စစ်ဆေးရန် ဘေးအိမ်ကို ကူးသွားလိုက်ကြသည်။
စူးယောင်ကွမ်းက အလွန်သေချာစွာ စစ်ဆေးနေသည်ကို မြင်လိုက်ရချိန်တွင် အဒေါ်လီက စိုးရိမ်တကြီး မေးလိုက်သည်။
"ယောင်ကွမ်း... အဆင်ပြေရဲ့လား"
စူးယောင်ကွမ်းက ပန်းခြင်းများကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အဒေါ်ရယ်... အမြဲတမ်း ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလောက်ပဲလား... နောက်ထပ် မရှိတော့ဘူးလား"
"ရှိသေးတယ်၊ ရှိသေးတယ်"
ဖန့်ရှီက ဘေးမှ ဝင်ပြောလိုက်သည်။
"ငါတို့အမေက ယောင်ကွမ်းရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီမှာ စိုးရိမ်လို့ နင့်ကို အရင်ပြပြီးမှ လက်ခံဖို့ ဆုံးဖြတ်ထားတာပါ။ ယောင်ကွမ်းက အဆင်ပြေတယ်လို့ ပြောရင် ကျန်တဲ့လူတွေကို အခုချက်ချင်း ခေါ်ပြီး ကျန်တဲ့ပန်းတွေကို သယ်ခိုင်းလိုက်မယ်လေ"
"ဒါဆို အဒေါ်တို့ အရင် လက်ခံထားလိုက်ပါဦး၊ ကျွန်မတို့ အိမ်ပြန်ပြီး သန့်ရှင်းရေး လုပ်ဦးမယ်၊ ပန်းပွင့်တွေ ထားဖို့ နေရာနည်းနည်း ရှင်းရဦးမယ်"
စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့ အိမ်ပြန်ရောက်ချိန်တွင် ပန်းပမာဏကို ပြောဖြစ်ကြသည်။ လူများ ပြည့်ကျပ်နေသည့် သူတို့၏ အိမ်ကျဥ်းလေးကို ပြန်ကြည့်ကာ မီးဖိုချောင်နှင့် အိမ်သာမှ လွဲပြီး မည်သည့်နေရာမှ မကျန်တော့ကြောင်း တွေ့ရကာ ပန်းပွင့်များထားရန် နေရာ လုံးဝ မရှိတော့ချေ။
"ငါ စိတ်ကူးတစ်ခု ရထားတယ်၊ ဒါပေမဲ့ အဆင်ပြေမပြေတော့ မသိဘူး"
ကျန်းကျောက်တိက စကား စလိုက်သည်။
"ငါတို့အိမ်က အရမ်းကျဉ်းတော့ လူတောင် မနည်းဝင်နေရတာ၊ အလုပ်လုပ်ဖို့ဆို ပိုဝေးသွားပြီ။ အခု ပိုက်ဆံ နည်းနည်းပါးပါး ရှိနေပြီဆိုတော့ ရွာသူကြီးဆီသွားပြီး မြစ်ဘေးက အိမ်ဟောင်းကို တစ်လလောက် ငှားကြည့်ရင် ကောင်းမလား၊ အဲ့အိမ်က နည်းနည်း ဟောင်းနေပေမယ့် ပြင်ဆင်ပြီး သုံးလို့ ရသေးတယ်။ အဲဒီမှာပဲ စား၊ အဲဒီမှာပဲ အိပ်ပြီး ပစ္စည်းလေးတွေ လုပ်လို့ ရတာပေါ့"
"အဲဒီအိမ်မှာ အိပ်ခန်းရှိလား"
ဝမ်ရှို့ချိုင်က မေးလိုက်သည်။
"အဲဒီအိမ်မှာ အရင်က မိသားစုဝင် ခုနစ်ယောက် နေခဲ့တာဆိုတော့ အခန်းသုံးခန်း ရှိတယ်။ နောက်တော့ အဲဒီမိသားစုက ကြီးပွားသွားပြီး အိမ်ကို ပစ်ထားခဲ့ကြတာ။ အိပ်ခန်းတော့ ရှိတယ်၊ ဒါပေမဲ့ ပရိဘောဂတွေက အကုန်ကျိုးပဲ့နေပြီး သုံးလို့ မရတော့ဘူး"
"ရပါတယ်... ကျွန်တော်တို့က ဒီမှာ ရက်နှစ်ဆယ်လောက်ပဲ နေမှာလေ၊ ကြာကြာနေမှာမှ မဟုတ်တာ။ နေစရာနေရာ ရှိရင် ရပြီ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အဲဒီမှာပဲ နေလိုက်မယ်။ အဲဒီမှာ အားသာချက် နှစ်ခု ရှိတယ်။ ပထမအချက်က မရီးတို့ ကျပ်ညှပ်နေအောင် နေဖို့ မလိုတော့ဘူး။ ဒုတိယအချက်က တစ်ယောက်ယောက်က အဲဒီမှာ စောင့်ကြည့်နေရင် ဘယ်သူမှ လာပြီး ချောင်းကြည့်လို့ မရတော့ဘူးပေါ့"
စကားအရှည်ကြီး ပြောလိုက်ရသောကြောင့် ဝမ်ရှို့ချိုင်က ချောင်းဆိုးပြီးမှ ထပ်ပြောနိုင်ရှာသည်။
"ပြီးတော့ အဲဒီအိမ်က မြစ်ကမ်းနဲ့ နီးတော့ အဝတ်လျှော်ရတာလည်း အဆင်ပြေတယ်။ ရက်နှစ်ဆယ်ပဲ နေမှာဆိုပေမဲ့ လူတွေ အကုန်လုံး ဒီလောက် ကျပ်ကျပ်ညပ်ညပ် နေနေတာက မကောင်းဘူးလေ။ အိမ်ငှားလိုက်ပြီဆိုမှတော့ အကျိုးရှိရှိပဲ သုံးလိုက်တာ ပိုကောင်းတာပေါ့"
"တတိယမောင်လေးက တကယ်ကို ဉာဏ်ကောင်းတာပဲ"
ကျန်းကျောက်တိက ချီးကျူးလိုက်သည်။
"ငါက စီးပွားရေးလုပ်ဖို့ပဲ တွေးမိတာ၊ နေစရာနေရာအဖြစ် သုံးဖို့ကျတော့ မစဉ်းစားမိဘူး။ အဲဒီလိုဆိုရင်တော့ ဒီအိမ်ထဲမှာ ကျပ်ကျပ်ညပ်ညပ် နေစရာ မလိုတော့ဘူးပေါ့။ သမီးလေး... ခနနေရင် အမေ ရွာသူကြီးဆီ သွားရှာလိုက်မယ်၊ သမီးက ရွာထဲက လူနည်းနည်းလောက် ခေါ်ပြီး သန့်ရှင်းရေးလုပ်လိုက်။ အမြန်ဆုံး အဆင်သင့်ဖြစ်အောင် လုပ်ရမယ်၊ ကြာသွားလို့ မဖြစ်ဘူး"
"ကျင့်အာ... ဆေးဆရာလင်းဆီ သွားပြီး ဆေးမြစ်တွေ စီစဉ်ထားတာ ဘယ်လိုရှိလဲ ဆိုတာ သွားမေးလိုက်။ သူ အဆက်အသွယ် ရထားပြီလို့ ပြောရင် သမီး လိုအပ်တဲ့ ဆေးပစ္စည်းစာရင်းတွေကို ပေးပြီး ဝယ်ခိုင်းလိုက်နော်။ ဆေးပင်တွေနဲ့ ဆေးမြစ်တွေ ဝယ်ပြီးရင် သူ ကူညီပေးတဲ့အတွက် အခကြေးငွေ နည်းနည်း ပေးလိုက်ပေါ့။ အဲဒီအချိန်ရောက်ရင် ဆေးမြစ်ကိစ္စကို တာဝန်ယူမယ့်သူ ရှိသွားပြီဆိုတော့ နောက်ထပ် စိတ်ပူစရာ မလိုတော့ဘူး"
“ငါတို့ကရော ဘာလုပ်ပေးရမှာလဲ”
ကျန်းဖန့်တိက ဝင်မေးလိုက်သည်။
“နင်တို့က ချက်ပြုတ်ဖို့ အရင်ပြင်ထားလိုက်။ ဒီညတော့ မိသားစုတွေ အကုန်စုံစုံလင်လင်နဲ့ ပျော်ပျော်ပါးပါး ညစာ စားကြတာပေါ့”
ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။
“ညီမလေးတို့ ဇနီးမောင်နှံကတော့ ခဏနားနေလိုက်ကြဦး”
ကျန်းဖန့်တိနှင့် သူမ၏ သမီး၊ ကျန်းယင်းတိနှင့် သူမ၏ ခင်ပွန်းတို့က ဘာမှကူညီခွင့်မရသည့်အတွက် အနည်းငယ် အားနာနေကြပုံ ပေါ်သည်။
စူးယောင်ကွမ်းက သူတို့၏ အမူအရာကို သတိထားမိသွားပြီး ထပ်ပြောလိုက်သည်။
“ဒုတိယဒေါ်လေး၊ ဒေါ်လေးငယ်နဲ့ ဦးလေးငယ်... အခုလို အားလပ်ချိန်လေးကိုပဲ တန်ဖိုးထားပြီး နားနေလိုက်ကြပါ။ မနက်ဖြန်ကျရင်တော့ အလုပ်တွေ အရမ်းရှုပ်ရတော့မှာ”
သူမ၏စကားကြောင့် လူအုပ်စုက ရယ်မောလိုက်ကြသည်။
ကျန်းကျောက်တိက ရွာသူကြီးဆီသို့ သွားပြီး အိမ်ငှားရန် စီစဉ်လိုက်သည်။ ရွာသူကြီးကလည်း ရက်ရောစွာဖြင့် ကြေးပြားငါးဆယ်သာ ကောက်ခံလိုက်သည်။
ရွာသူကြီးအိမ်မှ ထွက်လာပြီးနောက် ကျန်းကျောက်တိက လက်သမားလီဆီသို့ သွားခဲ့သည်။ သူမက လက်သမားလီကို ခိုင်ခံ့သော ခုတင်လေးလုံး၊ ရေချိုးကန်ကြီးတစ်လုံး၊ စားပွဲအကြီး တစ်လုံး၊ ထိုင်ခုံ အနည်းငယ်နှင့် ဗီရိုသုံးလုံး လုပ်ခိုင်းလိုက်သည်။ ထိုဗီရို သုံးလုံးက သူမကိုယ်တိုင်အတွက်အပြင် စူးယောင်ကွမ်း၊ ကျန်းကျင့်နှင့် ကျိုးဝမ်ရှူတို့အတွက်လည်း ပါဝင်သည်။
ကျန်းကျောက်တိဘက်မှ ကိစ္စများ အဆင်ပြေသွားသည်ကို မြင်လိုက်ရချိန်တွင် စူးယောင်ကွမ်းက ရွာထဲမှ ရိုးသားပြီး မခိုကပ်တတ်သော အမျိုးသမီးကြီးအချို့ကို ခေါ်ကာ အိမ်ဟောင်းကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်သည်။ ထို့နောက် အိမ်ပတ်ပတ်လည်တွင် မြင့်မားသော တံတိုင်းတစ်ခု ကာရန်အတွက် ရွာထဲမှ အားကောင်းမောင်းသန် အမျိုးသားအချို့ကိုလည်း ထပ်မံ ငှားရမ်းလိုက်သည်။
ကျန်းကျောက်တိက စိုးရိမ်တကြီး မေးလိုက်သည်။
“သမီးလေး... တံတိုင်းကာတာက ငွေကုန်ကြေးကျ များတယ်လေ။ ငါတို့က တစ်လပဲ နေမှာကို ဒီလောက်အထိ အကုန်အကျခံစရာ မလိုပါဘူး။ ခုတင်တွေက ပြန်ရွှေ့လို့ရပေမဲ့ တံတိုင်းကတော့ ရွှေ့လို့ မရဘူးလေ”
“ဦးလေးငယ်ရဲ့ စကားက သမီးကို သတိပေးလိုက်သလိုပါပဲ”
စူးယောင်ကွမ်းက ပြန်ရှင်းပြလိုက်သည်။
“သမီးတို့က အလုပ်လုပ်ဖို့ ရက် ၂၀ လောက်ပဲ နေမှာဆိုပေမယ့် ရွာသားတွေက စပ်စုကြမှာလေ။ သူတို့ကို အချိန်ကုန်ခံပြီး ရှင်းပြနေရတာထက်စာရင် ငွေနည်းနည်း အကုန်ခံပြီး တံတိုင်းမြင့်မြင့် ကာလိုက်တာက ပိုကောင်းတယ်။ သူတို့ အိမ်ထဲကို လာချောင်းလို့ မရတော့ဘူးပေါ့။ ရပါတယ် အမေရယ်... မကြာခင် လုပ်ရတော့မယ့် အလုပ်ကြီးနဲ့ ယှဉ်ရင် ဒီလောက် ငွေအနည်းငယ်က ဘာမှမဟုတ်ပါဘူး”
တံတိုင်းကာရန်အတွက် လူ ဆယ်ယောက် ငှားရမ်းလိုက်ပြီး ယနေ့ မပြီးနိုင်သဖြင့် နောက်တစ်ရက်တွင်မှ ဆက်လုပ်ရမည် ဖြစ်သည်။ စူးယောင်ကွမ်းက တစ်ယောက်လျှင် ကြေးပြားဆယ့်ငါးပြားနှုန်းဖြင့် တံတိုင်းပြီးမှသာ ငွေပေးချေရန် သူတို့နှင့် သဘောတူထားခဲ့သည်။
သန့်ရှင်းရေးလုပ်ရန် လူငါးယောက် ငှားရမ်းခဲ့ပြီး တစ်ယောက်လျှင် ကြေးပြားဆယ်ပြားနှုန်းဖြင့် ရှင်းပေးလိုက်ပြီ ဖြစ်သည်။ အမျိုးသမီးကြီးများက အလွန် ဝမ်းသာအားရ ဖြစ်နေခဲ့ကြပြီး အလုပ်ရှိလျှင် ထပ်ခေါ်ရန် စူးယောင်ကွမ်းကို ပြောခဲ့ကြသည်။ ရွာထဲတွင် နေရင်း ကြက်ဥရောင်းရသည်မှ လွဲ၍ ပိုက်ဆံရမည့် အလုပ်မျိုးက သိပ်မရှိပေ။ ယခုလို သန့်ရှင်းရေးလုပ်ရင်း ပိုက်ဆံရသည်က သူမတို့အတွက် အလွန် ပျော်ရွှင်စရာ ဖြစ်နေလေသည်။
ယနေ့တွင် ကုန်ပစ္စည်းများ ပို့ရန် အလုပ် မလုပ်နိုင်တော့ချေ။ အစောပိုင်း ပြင်ဆင်မှုများ လုပ်ရုံဖြင့် သူတို့ မောပန်းနွမ်းနယ်သွားကြသည်။ မနက်ကနေ ညအထိ အနားမယူဘဲ အလုပ်ရှုပ်ခဲ့ကြသော်လည်း လက်တွေ့ အလုပ်ပြီးမြောက်မှုက ဘာမှ မရှိသေးချေ။
သို့တိုင်အောင် နောက်ပိုင်းတွင် အတားအဆီးများ မဖြစ်လာစေရန်၊ ပန်းများနှင့် ဆေးဖက်ဝင်အပင်များ ပြင်ဆင်ထားရန်က ဦးစားပေး ဖြစ်နေသေးသည်။ ထို့အပြင် ယခင်က မှာထားသည့် ကြွေအိုးများ သွားယူရန်လည်း လိုအပ်နေသေးသည်။
ညနေဘက်ရောက်လာချိန်တွင် မိသားစု စုံစုံလင်လင် စားသောက်ရန် စားပွဲပေါ်၌ ဟင်းလျာရှစ်မျိုးနှင့် အရည်ဟင်းတစ်ခွက် တည်ခင်းလိုက်ကြသည်။ ထိုဟင်းများအားလုံးကို ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့ ချက်ပြုတ်ထားကြခြင်း ဖြစ်သည်။
"ဒီဟင်းတွေက အစ်မတို့ အကြိုက်နဲ့ ကိုက်ပါ့မလားတော့ မသိဘူး၊ မြည်းကြည့်ကြပါဦး။ တကယ်လို့ မကောင်းရင် နောက်တစ်ခါ အကောင်းဆုံးဖြစ်အောင် ပြင်ချက်ပေးပါမယ်"
ကျန်းဖန့်တိက စိုးရိမ်တကြီး ပြောလိုက်သည်။
"ဘာကို ပြင်ချက်ရမှာလဲ၊ စားစရာရှိနေတာနဲ့တင်ကို ကံကောင်းနေပြီ၊ ဝေဖန်ဖို့ ကြိုးစားတဲ့သူရှိရင် ငါ သူ့ကို အချက်နှစ်ဆယ်လောက် ရိုက်ပစ်မယ်"
ကျန်းကျောက်တိက စူးယောင်ကွမ်းကို ရည်ရွယ်ပြီး လက်ဝှေ့ပြကာ ခြိမ်းခြောက်လိုက်သည်။
စူးယောင်ကွမ်းအနေဖြင့် မိခင်ဖြစ်သူက သူမ၏ သဘောထားကို ပြသပြီး ကျန်းဖန့်တိတို့ သက်သောင့်သက်သာရှိစေရန်၊ စိတ်အေးအေး စားသောက်နိုင်ရန်အတွက် ဟန်ဆောင်ခြိမ်းခြောက်ခြင်းသာ ဖြစ်ကြောင်း သိနေခဲ့သည်။
ထို့ကြောင့် သူမက ချက်ချင်း အသနားခံလိုက်သည်။
"သမီးက ဘယ်သူ့ကို ဝေဖန်ရဲမှာလဲ၊ ဟင်းချက်ရတာ အရမ်းပင်ပန်းတာကို။ ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲညီမက ဟင်းတွေ ပြင်ပေးထားရုံနဲ့ သမီးက အများကြီး ကျေးဇူးတင်နေပါပြီ"
ကျန်းယင်းတိကလည်း ဝင်ပြောလိုက်သည်။
"တကယ်တော့ ကျွန်မကမှ ဟင်းချက်အညံ့ဆုံးပါ၊ ဒုတိယအစ်မက ကျွန်မထက် အများကြီး ပိုတော်တယ်"
ကျန်းဖန့်တိ၏ မျက်လုံးများ နီရဲလာသော်လည်း သူမက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
နင်တို့ စိတ်မရှိရင် ကိစ္စမရှိပါဘူး"
ထိုစကားများက ကျားချွန်းနီကိုလည်း စိတ်သက်သာရာ ရသွားစေခဲ့သည်။
သူမတို့ အိမ်တွင် အဘွားနှင့် ဒုတိယဦးလေး၊ ဒုတိယအဒေါ်တို့က သူမကို အမြဲတမ်း ရိုက်နှက်ဆဲဆိုတတ်ကြသော်လည်း ယခု ဒီနေရာတွင်တော့ အကြီးဆုံးဒေါ်လေးနှင့် ဝမ်းကွဲအစ်မက သူမအပေါ် ကြင်နာလွန်းကြသည်။ သို့သော်လည်း သူမက ထိုသူများ သူမအား မနှစ်သက်မည်ကို စိုးရိမ်နေဆဲပင်။ အကယ်၍ သူတို့ သူမကို မနှစ်သက်ဘဲ အိမ်ပြန်ပို့လိုက်ရင် သူမနှင့် သူမ၏အမေက ယခင်ကလိုမျိုး ကြမ်းတမ်းသည့် အလုပ်များနှင့် ရုန်းကန်ရသည့်ဘဝကို ချက်ချင်း ပြန်ရောက်သွားနိုင်သည်။
‘ဒီနေရာက အများကြီး ပိုကောင်းတယ်လေ။ စားစရာအသားတွေ ရှိတယ်၊ ပိုက်ဆံ ရှာလို့ ရတယ်၊ ပြီးတော့ ဆန်ဖြူတွေ၊ ဂျုံဖြူတွေကို စားနိုင်တယ်။ ငါ မွေးထဲက ဒီလိုဘဝမျိုး တစ်ခါမှ မကြုံဖူးခဲ့ဘူး’
ကျန်းဖန့်တိ၏ ဟင်းချက်လက်ရာက အလွန်ကောင်းမွန်သည်။ သူမက ချက်ပြုတ်မှု များစွာကို အချိန်အကြာကြီး လုပ်လာသူတစ်ယောက်ဖြစ်မှန်း သိသာနေသည်။ ညစာ စားပြီးနောက်တွင် နောက်တစ်နေ့အတွက် ဘာလုပ်ရမည်ကို စတင်ဆွေးနွေးကြသည်။
"ငါ အဲဒီစိတ်သဘောထားဆိုးတဲ့ အဘွားအိုကို ဒုတိယညီမနဲ့ ချွန်းနီကို တစ်နေ့ ကြေးပြားနှစ်ဆယ်ပေးမယ်လို့ ပြောခဲ့တာက လိမ်ပြောလိုက်တာပဲ။ နင်တို့တစ်ယောက်ချင်းစီကို တစ်နေ့ကို ကြေးပြားငါးဆယ်စီ ပေးမှာပါ"
ကျန်းကျောက်တိက ထပ်ပြောလိုက်သေးသည်။
"ဒါက သင့်တော်တယ်လို့ နင်တို့ ထင်လား၊ နင်တို့က နည်းတယ် ထင်ရင်လည်း ထပ်ညှိနှိုင်းကြတာပေါ့"