အခန်း ၆၈
Vol. 7 Ch. 68
အခန်း ၆၈ အလုပ်ပြီးမြောက်ရန် အလျင်စလို လုပ်ဆောင်ခြင်း
ဤစကားကို ကြားလိုက်ရချိန်တွင် ကျန်းဖန့်တိက လက်ကို မြန်မြန်ယမ်းရင်း ငြင်းဆန်လိုက်သည်။
"အကြီးဆုံးအစ်မ... ဒါက များလွန်းတယ်၊ ဒီလောက်ထိ မလိုပါဘူး။ ကြေးပြားနှစ်ဆယ်နဲ့ သဘောတူထားမှတော့ ကြေးပြားနှစ်ဆယ်ပဲ ယူမယ်"
အမေနှင့် သမီးနှစ်ယောက်လုံးအတွက် တစ်ရက်ကို ကြေးပြားနှစ်ဆယ်စီ ရလျှင်ပင် ရက်နှစ်ဆယ်အတွက် ကြေးပြားရှစ်ရာ ရနိုင်မည် ဖြစ်ကာ သူမတို့အတွက်တော့ အမှန်တကယ် ကြီးကျယ်သော ပမာဏတစ်ခု ဖြစ်သည်။
"ငါက ငါးဆယ်ပေးမယ်လို့ ပြောထားပြီးပြီဆိုရင် ငါးဆယ်ပဲ။ အခု နင်တို့က အိမ်ထောင်ကျသွားပြီဆိုတော့ အစ်မကြီးရဲ့ စကားကိုတောင် နားမထောင်တော့ဘူးလား"
ကျန်းကျောက်တိက ပြတ်သားစွာ ပြောလိုက်သည်။
"ငါတို့ညီအစ်မ သုံးယောက်က မိန်းကလေးတွေ ဖြစ်လို့ ကျန်းမျိုးရိုးကို ဆက်ခံမယ့်သူ မရှိဘူးဆိုပြီး ငယ်ငယ်ကတည်းက ဘယ်သူမှ အလေးမထားခဲ့ကြဘူး။ အကြမ်းတမ်းဆုံး အလုပ်တွေကို လုပ်ရပြီး မဝမလင် စားခဲ့ရတယ်။ ဒါကြောင့်လည်း ငါတို့ညီအစ်မတွေက အချင်းချင်း အချစ်ဆုံး ဖြစ်ခဲ့ရတာ။ ဒုတိယညီမကို ပထမဆုံး ထမင်းရည် ခွံ့ကျွေးခဲ့တာလည်း ငါပဲ၊ တတိယညီမ လမ်းလျှောက်တတ်အောင် သင်ပေးခဲ့တာလည်း ငါပဲ၊ နင်တို့နှစ်ယောက်လုံးကို ငါပဲ ပြုစုပျိုးထောင်လာခဲ့တာ။ အရင်တုန်းကတော့ ငါကိုယ်တိုင်လည်း အဆင်မပြေခဲ့လို့ နင်တို့ကို မကူညီနိုင်ခဲ့ဘူး။ အခုတော့ ငါ့သမီးလေး ကျေးဇူးနဲ့ ဘဝက အဆင်ပြေလာပြီ၊ နင်တို့ ဆင်းရဲဒုက္ခရောက်နေတာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး။ နင်တို့ကသာ အချိန်ကြာလာလို့ အစ်မကြီးရဲ့စကားကို နားမထောင်တော့တာမျိုး မလုပ်ကြနဲ့"
"အကြီးဆုံးအစ်မရယ်... ကျွန်မတို့ နားထောင်ပါ့မယ်"
ကျန်းယင်းတိက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
"ချွန်းနီနဲ့ ကျွန်မလည်း အစ်မကြီး ပြောသမျှ နားထောင်ပါ့မယ်"
ကျန်းဖန့်တိကလည်း မျက်ရည်စက်လက်ဖြင့် ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီ"
ကျန်းကျောက်တိက သူမ၏ အစီအစဉ်ကို ဆက်ပြောနေသည်။
"ငါ သူတို့ကို ကြေးပြားနှစ်ဆယ်ပဲ ပေးမယ်လို့ လိမ်ပြောခဲ့တာက နင်တို့အတွက် ပိုက်ဆံတချို့ ကိုယ်တိုင် စုမိအောင်လို့ သတိပေးချင်တာပါ"
သူမတို့ တစ်ယောက်ချင်းစီက ကြေးပြားသုံးဆယ်စီ စုထားနိုင်မည် ဖြစ်ပြီး နှစ်ယောက်ပေါင်းလျှင် တစ်နေ့အတွက် ကြေးပြားခြောက်ဆယ်စုမိမည် ဖြစ်သည်။ ရက်နှစ်ဆယ်ကြာလျှင် စုစုပေါင်း ကြေးပြားထောင့်နှစ်ရာ၊ တနည်းအားဖြင့် ငွေတစ်လျန်နှင့် ကြေးပြားနှစ်ရာအထိ စုနိုင်မည် ဖြစ်သည်။
ကျားမိသားစုတွင် နှစ်ပေါင်းများစွာ ကျေးကျွန်များလို ခိုင်းစေခံခဲ့ရပြီး ပိုက်ဆံ ကိုင်တွယ်ခွင့်မရခဲ့ဖူးသည့် အမေနှင့် သမီး အတွက်တော့ ၎င်းက အလွန်များပြားသော ပမာဏဖြစ်ပြီး သူမတို့၏ ယုံကြည်မှု တိုးတက်လာစေမည့် အရာ ဖြစ်သည်။
ငှားထားသည့် အိမ်အသစ်က ချက်ချင်း နေထိုင်ရန် မဖြစ်နိုင်သေးသောကြောင့် ခဏတာမျှ သည်းခံနေကြရဦးမည် ဖြစ်သည်။ ဘေးခန်းက အဒေါ်လီက ကျန်းကျောက်တိကို သူမ၏အိမ်၌ လာနေမလားဟု မေးလာခဲ့သည်။ ကျန်းကျောက်တိက အထူးတလည် ကျေးဇူးတင်စကား ဆိုလိုက်ပြီး အဒေါ်လီ၏ အိမ်၌ ဝင်နေလိုက်သည်။ ကျန်းဖန့်တိနှင့် ကျားချွန်းနီကိုတော့ သူမ၏အခန်းထဲ၌ နေခိုင်းလိုက်သည်။ စူးယောင်ကွမ်းနှင့် ကျန်းကျင့်ကတော့ သူမတို့၏အခန်းမှာပင် အိပ်မည် ဖြစ်ပြီး ကျန်းယင်းတိနှင့် သူမ၏ခင်ပွန်းကတော့ ထင်းတဲ ထဲ၌ ခဏတာမျှ နေထိုင်ကြရဦးမည် ဖြစ်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းကျင့်က နွားလှည်းကို မောင်းကာ ကျန်းကျောက်တိနှင့်အတူ ကြိုတင်မှာထားသည့် ကြွေအိုးများ သွားယူကြသည်။ သူမတို့ ပြန်ရောက်လာချိန်တွင် စူးယောင်ကွမ်းတို့က အလုပ်စလုပ်နေကြပြီ ဖြစ်သည်။
မနက်ပိုင်းတွင် နံရံပြီးသွားခဲ့ပြီး စူးယောင်ကွမ်းကလည်း လုပ်အားခများ ရှင်းပေးလိုက်သည်။ ယခုအချိန်တွင် ရွာသားများက ကျန်းကျောက်တိနှင့် သူမ၏သမီးကို ကြွယ်ဝခြင်းနတ်ဘုရားများကဲ့သို့ ကြည့်ကာ ကြင်ကြင်နာနာ ဆက်ဆံလာကြသည်။
နေ့လည်ဘက်တွင် လက်သမားဆရာလီ၏ တပည့်များက ကုတင်အသစ်များ လာပို့ပေးကြပြီး ငှားထားသည့်အခန်းထဲ၌ ထားလိုက်ကြသည်။ စူးယောင်ကွမ်းတို့ အိမ်တွင် အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရသောကြောင့် ရွာသားများက သူမတို့ ဘာလုပ်နေသည်ကို စူးစမ်းလာကြသည်။ စူးယောင်ကွမ်းကလည်း ဘာမှ ဖုံးကွယ်မထားဘဲ အလုပ်တစ်ခု ရထားကြောင်း၊ ထိုအလုပ်က အလုပ်များလွန်းသောကြောင့် ဆွေမျိုးများအား ခေါ်ပြီး ကူခိုင်းထားရကြောင်း ရှင်းပြလိုက်သည်။
"ယောင်ကွမ်း... ငါတို့လည်း အိမ်မှာ ဘာမှ မလုပ်ဘဲ ထိုင်နေကြတာလေ။ ငါ့ကို ကြည့်ဦး၊ ငါ ဘယ်လောက် လျင်မြန်လိုက်သလဲ၊ ငါ့ကိုလည်း လာကူဖို့ ပြောပါလား"
"အဒေါ်ရယ်... အဒေါ်က သိပ်သဘောကောင်းတာပဲ"
စူးယောင်ကွမ်းက ဟန်ပိုပို အမူအရာလေး လုပ်ပြကာ ဆက်ပြောလိုက်သည်။
"ကျွန်မလည်း ရွာထဲကလူတွေကို အကူအညီ တောင်းဖို့ တွေးကြည့်သေးတယ်၊ ဒါပေမဲ့ လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ် မအားကြဘူးလေ။ အလကားသက်သက် အကူအညီတောင်းရင် သူတို့ရဲ့ လယ်ကွင်းထဲက အလုပ်တွေ နောက်ကျကုန်မှာပေါ့။ ကျွန်မက အားနာလွန်းလို့ အဒေါ်တွေနဲ့ ဝမ်းကွဲဆီပဲ အကူအညီ တောင်းလိုက်ရတာ။ ဘယ်လိုပဲဖြစ်ဖြစ် သွေးသားတော်စပ်တဲ့ မိသားစုဝင်တွေပဲလေ၊ သူတို့က ကျွန်မတို့ဆီက ပိုက်ဆံတောင်းမှာ မဟုတ်ဘူးပေါ့"
"အလကား... အလကားလုပ်ပေးတာ ဟုတ်လား"
ထိုအဒေါ်ကြီးက ကြက်သေသေသွားပြီး တစ်ယောက်တည်း ညည်းညူနေသလို ခပ်တိုးတိုး မေးခွန်းထုတ်နေခဲ့သည်။
"ဆွေမျိုးချင်းဖြစ်ရင်တောင် အလကား လုပ်ပေးပါ့မလား"
"အဒေါ်ရယ်... ကျွန်မက လုပ်ငန်းသေးသေးလေး လုပ်နေတာလေ၊ ဘယ်က ပိုက်ဆံနဲ့ လုပ်ခတွေ ပေးနိုင်မှာလဲ။ သူတို့က ဆွေမျိုးတွေမို့လို့ ကူညီပေးတာပါ။ အိမ်မှာ ထမင်းကျွေး၊ နေစရာပေးထားတာကိုက ကျေးဇူးတင်မှုကို ပြတာပါပဲ၊ သူတို့ ဘယ်လိုလုပ်ပြီး ပိုက်ဆံ ယူပါ့တော့မလဲ"
စူးယောင်ကွမ်းက မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒါဆိုရင် နောက်ပိုင်း..."
"အိုက်ယား... ငါ့လယ်ကွင်းမှာ အလုပ်တွေ ကျန်နေသေးတာကို အခုမှ သတိရသွားတယ်။ ငါ သွားလိုက်ဦးမယ်၊ နင်တို့လည်း အလုပ်ဆက်လုပ်ကြဦး"
ထိုအဒေါ်ကြီးက ခွေးလိုက်ခံနေရသည့်အတိုင်း အမြန်ပြေးထွက်သွားတော့သည်။
ကျန်းကျောက်တိက ရယ်မောလိုက်ရင်း ချီးကျူးလိုက်သည်။
"နင် လူတွေရဲ့ တတွတ်တွတ် မေးခွန်းတွေကို ဘယ်လိုကိုင်တွယ်မလဲလို့ ငါ စိုးရိမ်နေတာ၊ အခုတော့ ငါ နင့်ကို အထင်သေးမိသွားတာပဲ"
"သူတို့က ပိုက်ဆံလိုချင်ပေမယ့် အလကားလုပ်ပေးရမယ်ဆိုတဲ့ စကားကို ကြားတာနဲ့ ဆက်မမေးရဲတော့ဘူး။ ဘယ်သူကမှ မရူးဘူးလေ၊ ဘယ်သူကများ အလကား လုပ်ပေးချင်မှာလဲ"
စူးယောင်ကွမ်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"သူတို့ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မနှစ်မြို့ဖွယ်တွေ ပြောနေစရာမလိုပါဘူး။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ဖို့ပဲ အရေးကြီးတာပါ"
စူးယောင်ကွမ်းက အလုပ်သမားများ မခေါ်သော်လည်း အဒေါ်လီကတော့ အလုပ်သမား ခေါ်ယူခဲ့သည်။ အဒေါ်လီက ပန်းပွင့်များ ဝယ်ယူစုဆောင်းသည့်အပိုင်းကို တာဝန်ယူထားပြီး ရွာသားများ၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ထိုအလုပ်တွင် ပါဝင်နေကြသည်။ ကျန်နေသည့် နှစ်ဆယ်ရာခိုင်နှုန်းကတော့ တောင်မတက်နိုင်သူများ သို့မဟုတ် စူးယောင်ကွမ်းတို့ အမေနှင့် သမီးကို မုန်းတီးနေသူများဖြစ်ပြီး သူမတို့ပေးသည့် ငွေကို မလိုချင်သောကြောင့် ရှောင်နေကြသူများ ဖြစ်သည်။
"အိုက်ယား... ဟိုမှာ.... အဲဒီရထားလုံးကြီးက ဘယ်က ရောက်လာတာလဲ"
ရွာထဲမှ အမျိုးသမီးတစ်ဦးက ချဉ်းကပ်လာသည့် ရထားလုံးကို ကြည့်ကာ အံ့ဩတကြီး အော်ပြောလိုက်သည်။
"အဲဒါ ရိဟွမ်းရဲ့ အမေ မဟုတ်ဘူးလား"
ကျုံးလန်ဟွာက ရထားလုံးအပြင်ဘက်တွင် ထိုင်နေပြီး လူငယ်လေးတစ်ယောက်က ရထားလုံးကို မောင်းနှင်လာသည်။ ရွာသားများ၏ အံ့ဩသံများကို ကြားလိုက်ရချိန်တွင် ကျုံးလန်ဟွာ၏ မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်လာခဲ့သည်။
"သူတို့က ကျန်းကျောက်တိနဲ့ သူ့သမီး နွားလှည်း ဝယ်တယ်လို့ ပြောနေကြတာ၊ ကြည့်စမ်း... ကျန်းမိသားစုကို ကြည့်ပါဦး၊ အဲဒါမှ တကယ့်ကို အရည်အချင်း ရှိတာပဲ၊ သူတို့က ရထားလုံးတောင် ဝယ်နိုင်တယ်၊ ဒီလို ရထားလုံးမျိုးတစ်စီးက နွားလှည်းဆယ်စီးလောက်နဲ့ ညီမျှတယ်"
ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့က ပန်းထိုးအလုပ်ကို လုပ်ကိုင်ကြပြီး သူမတို့၏လက်ရာများကို မြို့ထဲသို့ ယူသွားကာ ရောင်းချလေ့ရှိသည်။ မြို့ထဲမှ ပန်းထိုးဆိုင်များက သူမတို့၏ လက်ရာများကို အလွန်သဘောကျပြီး ဈေးကောင်းပေး ဝယ်ယူကြသည်။
စူးယောင်ကွမ်းနှင့် ကျန်းကျောက်တိတို့ ရှိနေသည်ကို မြင်လိုက်ရချိန်တွင် ကျုံးလန်ဟွာက ရထားလုံးမောင်းနေသည့် လူငယ်လေးကို အရှိန်လျှော့ခိုင်းလိုက်ပြီး ကျန်းကျောက်တိတို့ရှေ့၌ တမင်တကာ ဝင့်ကြွားပြနေသေးသည်။
"ဒီရထားလုံးလေးက တကယ်လှတာပဲ"
စူးယောင်ကွမ်းက ပြုံးစစဖြင့် မှတ်ချက်ပေးလိုက်သည်။
"ဒါပေမဲ့ ဒီရထားလုံးကို မောင်းဖို့အတွက် သီးသန့် အစေခံတစ်ယောက်တော့ လိုမယ်ထင်တယ်။ အဲဒီလိုမှမဟုတ်ရင် ဘယ်သူက မောင်းပေးမှာလဲ"
ကျုံးလန်ဟွာတစ်ယောက် စကားမပြောနိုင်အောင် အံ့အားသင့်သွားရသည်။
အမှန်တကယ်ပင် မည်သူက ဤရထားလုံးကို မောင်းမလဲဆိုသည့် ပြဿနာတစ်ခု ဖြစ်လာတော့သည်။
ရထားလုံးတစ်စီးအတွက်နှင့် အစေခံတစ်ယောက် ဝယ်ရန်က သူမအတွက် လုံးဝ မဖြစ်နိုင်တာ့ပေ။ အစေခံ ဝယ်ယူရန် ငွေကြေး တတ်နိုင်လျှင်ပင် နောက်ထပ် လူတစ်ယောက်ကို ကျွေးမွေးရန်က သူမတို့မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လွန်းလှသည်။
အဓိကအနေဖြင့် ဤရထားလုံးကို အလကား ဝယ်ထားရခြင်း မဟုတ်ချေ။ မြင်းဈေးတာဝန်ခံ၏ သားက သူမတို့အတွက် ပိုက်ဆံ အရင်ထုတ်ပေးထားခြင်း ဖြစ်ပြီး သူမတို့က ပြန်ဆပ်ရဦးမည် ဖြစ်သည်။ ကျုံးလန်ဟွာကတော့ ထိုလူငယ်က ကျန်းရိဟွမ်းကို သဘောကျနေသောကြောင့် အလကားဝယ်ပေးမည်ဟု ထင်ထားခဲ့သည်။ သို့သော် ထိုကောင်လေးက တော်တော်လေး ကောက်ကျစ်ပြီး သူက ပိုက်ဆံကို ကြိုထုတ်ပေးရုံပဲသာ တတ်နိုင်ပြီး လက်ဆောင်ပေးမည် မဟုတ်ကြောင်း ပြောခဲ့သည်။ နောက်ဆုံးတွင် သူက ကျန်းရိဟွမ်းကို အကြွေးစာချုပ် ရေးခိုင်းပြီး လက်ဗွေနှိပ်ခိုင်းခဲ့သည်။
"အမေ... အိမ်ပြန်ကြရအောင်"
ရထားလုံးထဲတွင် ထိုင်နေသည့် ကျန်းရိဟွမ်းက လှမ်းပြောလိုက်သည်။
ရထားလုံးမောင်းသူက ကျန်းရိဟွမ်းနှင့် ကျုံးလန်ဟွာကို အိမ်အရောက်ပို့ပေးပြီး လုပ်ခရပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားတော့သည်။
"သမီး... ရထားလုံး ဝယ်ပြီး ဘယ်သူမောင်းမလဲဆိုတာကို ငါတို့ ဘာလို့ မစဉ်းစားမိတာပါလိမ့်"
ကျုံးလန်ဟွာက ဆက်ညည်းညူနေသေးသည်။
"ဒီလောက်ကောင်းတဲ့ ရထားလုံးကို ဝယ်ထားပြီး အသုံးမချရရင် တကယ်ကို နှမြောဖို့ ကောင်းတာပဲ"
"ရပါတယ်အမေရယ်... သမီးတို့လည်း အပြင်ကိုမှ ခဏခဏ မထွက်တာ။ အပြင်သွားဖို့ လိုလာရင် ရွာထဲက ဦးလေးတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ငွေနည်းနည်းပါးပါး ပေးလိုက်ရင် ပြီးတာပဲကို"
‘ရထားလုံးကို ဝယ်ပြီးမှတော့ မောင်းမယ့်သူမရှိလို့ မဖြစ်ဘူးပေါ့။ သူမက အပျိုလေး ဆိုတော့ ရထားလုံးရှေ့မှာ ထိုင်ပြီး မောင်းလို့မှ မဖြစ်တာ။ အမေကတော့ ပိုတောင် မမောင်းနိုင်ဘူးလေ။ သူမက အမြဲတမ်း သက်သောင့်သက်သာ နေချင်ပြီး ကိုယ်တိုင် ဝင်လုပ်ရမှာကို ကြောက်တတ်သူဆိုတော့ ရထားလုံးမောင်းဖို့ အလုပ်သမားတစ်ယောက်လောက် ငှားလိုက်တာက ပိုအဆင်ပြေလိမ့်မယ်။’
"ဟွမ်းအာ... မြင်းကို အစာကျွေးဖို့ လိုသေးတယ်။ သွားပြီး ကောက်ရိုးနည်းနည်း သွားယူလိုက်ဦး"
ကျုံးလန်ဟွာက စိတ်မချသလို ဆက်ညွှန်ကြားနေသေးသည်။
"နင်ကိုယ်တိုင် မသွားချင်ရင်လည်း လုပ်ပေးမယ့်သူ တစ်ယောက်ယောက် ရှာလိုက်၊ နေဦး... ရွာထဲမှာ နင့်နောက်ကို ကပ်ပြီး ချော့မော့နေတဲ့ လူငယ်တွေ အများကြီးပဲ။ နောက်ဆိုရင် သူတို့ကိုပဲ ငါတို့အတွက် ရထားလုံး မောင်းခိုင်းလိုက်တော့မယ်"