အခန်း ၆၉
Vol. 7 Ch. 69
အခန်း ၆၉ ချမ်းသာကြွယ်ဝမှုဆီသို့ ဦးတည်သောလမ်းကြောင်း
စာသင်ကျောင်း...
ကျုံးချူရှန်းက ကျိုးဝမ်ရှူ၏ စားပွဲခုံကို ခေါက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဒီနေ့ မွန်းလွဲပိုင်းအတွက် စစ်တုရင်သင်ခန်းစာက တကယ်ကို ပျင်းစရာကောင်းတာပဲ။ ငါနဲ့အတူ အပြင်ထွက်ပြီး ကစားမလား"
ကျိုးဝမ်ရှူက သူ့လက်ထဲမှ စစ်တုရင်လက်စွဲစာအုပ်၏ စာမျက်နှာကို လှန်လှောရင်း ခေါင်းခါလိုက်သည်။
"ငါက မင်းနဲ့ မတူဘူး။ နန်းတွင်းစာမေးပွဲကို မအောင်မြင်နိုင်ရင်တောင်မှ ငါ ကြိုးစားပြီး စာကျက်ရဦးမယ်။ ယောင်ကွမ်းနဲ့ ငါ့ယောက္ခမရဲ့ မျှော်လင့်ချက်ကို ငါ မပျက်စီးစေချင်ဘူး"
"မင်းက ရှောင်းယန်ချီမှ မဟုတ်တာ။ မင်း ကျောင်းပျက်တာကို ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ပါဘူးကွာ။ မင်းယောက္ခမနဲ့ အဲဒီငယ်ရွယ်တဲ့ ဇနီးသည်က မင်းကို အချိန်တိုင်း စောင့်ကြည့်နေတာမှ မဟုတ်တာ။ ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ"
ကျုံးချူရှန်းက မကျေမနပ်ဖြင့် မေးခွန်းထုတ်နေပြန်သည်။
"ယောင်ကွမ်းနဲ့ ငါ့ယောက္ခမက ငါ့ကို အချိန်တိုင်း စောင့်ကြည့်နေမှာ မဟုတ်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ သူတို့ကို စိတ်ပျက်အောင် လုပ်မိ၊ မလုပ်မိ ဆိုတာကိုတော့ ငါ့နှလုံးသားက သိနေတာပေါ့။ ငါ တခြားလူတွေကို လှည့်စားနိုင်ပေမဲ့ ကိုယ့်နှလုံးသားကိုတော့ လှည့်စားလို့ မရဘူးလေ"
ဘေးစားပွဲမှ ကျန်းယီဟွေ့က လှောင်ပြောင်လိုက်သည်။
"သူက မင်းနဲ့ မတူဘူးလေ။ မင်းက စာမသင်နိုင်ရင်တောင် ဆက်ခံဖို့ မိသားစုလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝမှုတွေ ရှိသေးတယ်။ သူကတော့ စာဆက်မသင်နိုင်တော့ရင် မြေကြီးတူးတဲ့အလုပ်ကိုပဲ ပြန်လုပ်ရတော့မှာပေါ့"
"မင်းရော အတူတူပဲ မဟုတ်လား။ အော်... ဒါပေမဲ့လည်း မင်းကတော့ အတော်လေး ဖြစ်နိုင်ခြေ ရှိပါတယ်။ ဘာပဲပြောပြော မင်းရဲ့ ကျေးကျွန်လေးက ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာတွေရဲ့ အချစ်တော် ဖြစ်နေပြီလေ။ မင်း တော်ဝင်စာမေးပွဲ မအောင်မြင်ရင်တောင် မင်းရဲ့ ကျေးကျွန်လေးနောက် လိုက်ပြီး ကျောင်းဝင်းထဲ လျှောက်သွားလို့ ရနေတာပဲ။ ပြောရဦးမယ်၊ မင်း အခု ကျောင်းလခ မပေးရတာလည်း အဲဒီကျေးကျွန်လေးကြောင့် မဟုတ်လား။ မင်းရဲ့ ကျေးကျွန်လေးက မင်းကို ထောက်ပံ့ပေးထားတော့ မင်းက တကယ့်ကို ကံကောင်းတာပဲ"
ကျိုးဝမ်ရှူက ခေါင်းခါရင်း ဆက်ပြောလိုက်သည်။
"ငါနဲ့တော့ မတူဘူး၊ ငါကတော့ ငါ့ဇနီးသည်ကိုပဲ အားကိုးနေရတာ"
ကျန်းယီဟွေ့က စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး ကျိုးဝမ်ရှူကို အေးစက်စက် စိုက်ကြည့်နေသည်။
"မင်း သတ္တိရှိရင် နောက်တစ်ခါ ထပ်ပြောကြည့်စမ်း"
"ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။ သူ ပြောတာ အမှန်တရား မဟုတ်လို့လား"
ကျုံးချူရှန်းက ပြန်တုံ့ပြန်လိုက်သည်။
"မင်းက အမှန်တရားကိုတောင် ပြောခွင့်မပေးဘူးလား။ မင်းက ဘာတွေကို ဖုံးကွယ်ချင်နေတာလဲ"
ထိုအချိန်တွင် ရှောင်းယန်ချီက အပြင်ဘက်မှ လျှောက်ဝင်လာပြီး စာသင်ခန်းထဲမှ ထူးဆန်းနေသည့် လေထုကို သတိပြုမိသွားသည်။ သူ့အကြည့်များက ထရပ်နေသည့် ကျုံးချူရှန်းဆီ၌ ခဏတာ ရပ်တန့်သွားပြီး ကျုံးချူရှန်း၏ မျက်လုံးအကြည့်များမှ တစ်ဆင့် ကျန်းယီဟွေ့ကိုပါ မြင်သွားခဲ့သည်။
ကျန်းယီဟွေ့၏မျက်လုံးများက ဒေါသကြောင့် တောက်လောင်နေပြီး ရန်လိုမှုများ ပြည့်နှက်နေသည်။
ရှောင်းယန်ချီက မျက်မှောင်ကြုတ်လိုက်သည်။
'ဒီလူ ဘာတွေ လုပ်ဖို့ ကြံစည်နေပြန်တာလဲ'
‘သူ ကျန်းယီဟွေ့ကို ဘာအပြစ်မှ မလုပ်ထားမိဘူးလေ’
"ရှောင်းချီ... ဒီကို လာပြီး ငါ့အတွက် မှင်သွေးပေး"
ကျန်းယီဟွေ့က အော်ခေါ်လိုက်သည်။
ရှောင်းယန်ချီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
‘ဒီလောက် နိမ့်ကျတဲ့လူက ဘယ်လိုလုပ်ပြီး...’
‘ဒါပေမယ့် အခုအချိန်မှာ ငါ့ရဲ့ အိမ်ထောင်စုစာရင်းက ငါတို့မိသားစုရဲ့ အမည်အောက်မှာ ရှိနေသေးတယ်။ ငါက လွတ်လပ်တဲ့သူ ဖြစ်လာရင်တောင်မှ သူတို့မိသားစုက တစ်ခုခု ကြံစည်လိုက်ရင် ငါအနေနဲ့ ကျေးကျွန်တစ်ယောက် ပြန်ဖြစ်သွားနိုင်သေးတယ်’
ရှောင်းယန်ချီက အံကြိတ်ကာ သူ့ဒေါသကို ထိန်းချုပ်လိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားကာ မှင်ကို နာနာခံခံ သွေးပေးလိုက်သည်။
ကျန်းယီဟွေ့က သူ့ခေါင်းကို ဂုဏ်ယူစွာ မော့လိုက်ပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။
'သူက ဘယ်လိုမှ ငါ့ကို မလွန်ဆန်ရဲပါဘူးကွာ'
တခြား အတန်းဖော်များကတော့ ရှောင်းယန်ချီကို အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
‘ဆရာရဲ့ အချစ်ဆုံး ဖြစ်နေရင်ရော ဘာဖြစ်လဲ။ သူက တခြားသူတစ်ယောက်ရဲ့ ကျေးကျွန် ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးလေ။ ဆရာက ဝင်ကူညီပေးရင်တောင်မှ ကျောင်းသားကောင်း အဆင့်အတန်းကို ရထားပြီးသားဖြစ်တဲ့ ရှောင်းယန်ချီကတော့ တခြားသူတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေဦးမှာပဲ။’
ထိုအချိန်တွင် ဆရာတစ်ယောက်က အခန်းထဲသို့ ဝင်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အတွက် မကျေမနပ် လှမ်းပြောလိုက်သည်။
"ရှောင်းယန်ချီ... မင်း ဘာရပ်လုပ်နေတာလဲ။ မင်းနေရာကို မင်း သွားထိုင်လိုက်စမ်း"
ရှောင်းယန်ချီက အရှေ့ဆုံးစားပွဲခုံဆီသို့ ပြန်သွားကာ ဆရာ့ကို ဂါရဝပြုပြီးမှ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
"ကျန်းယီဟွေ့... ရှောင်းယန်ချီက အခု မင်းရဲ့ အတန်းဖော်ပဲ။ မင်း သူ့ကို ဒီလိုမျိုး ခိုင်းစားနေဦးမယ်ဆိုရင် မင်းတို့မိသားစုကို ခေါ်ပြီး ငါတို့ကျောင်းတော်အပေါ်မှာ ဘာများ မကျေနပ်စရာတွေ ရှိနေလို့ အပြင်မှာ တစ်မျိုး၊ အတွင်းမှာ တစ်မျိုးနဲ့ အတန်းဖော်ကို ဒီလိုမျိုး ဖိနှိပ်ခိုင်းစေနေရတာလဲဆိုတာကို မေးမြန်းရလိမ့်မယ်"
ကျန်းယီဟွေ့က နှုတ်ခမ်းမဲ့ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူက အစကတည်းက ကျွန်တော့်အစေခံပဲ။ သူ့ကို ကျောင်းသားကောင်း အဆင့်အတန်း ပေးထားတာတောင် ကျွန်တော်တို့ရဲ့ စေတနာတဲ့ သက်ညှာမှုသက်သက်ပဲ။ ကျွန်တော့်အတွက် မှင်သွေးပေးတာ ဘာဖြစ်လို့လဲ"
"မင်း ဘာပြောလိုက်တယ်"
ဆရာက စင်မြင့်ကို လက်ဖြင့် ရိုက်ချကာ အော်ပြောလိုက်သည်။
"ဆရာ... ကျွန်တော် သိပါပြီ။ သူ့ကို နောက်တစ်ခါ ထပ်မခိုင်းတော့ပါဘူး"
ကျန်းယီဟွေ့က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ပြီ.. ဒါမှပေါ့။ အတန်းဖော်တွေလေ... အချင်းချင်း သဟဇာတရှိရှိ နေကြရမယ်"
ကျုံးချူရှန်းက ဘေးမှ လှောင်ပြောင်လိုက်သည်။
"သူကတော့ အဆင့်အတန်းကို ကြည့်ပြီး လူကို ခွဲခြားဆက်ဆံနေတာပဲ။ ဟိုတစ်နေ့က ကျောင်းရဲ့ ထမင်းစားဆောင်မှာ မင်း အနိုင်ကျင့်ခံရတုန်းကလည်း သူက မင်းအတွက် ရပ်တည်မပေးခဲ့ဘူး"
"ဆရာဆိုတာ ဆရာပါပဲ။ သူက ငါ့ရဲ့ အရည်အချင်း ပိုတိုးတက်လာအောင် လေ့ကျင့်ပေးချင်တာ ဖြစ်မှာပါ။ ဆရာ့အပေါ် မငြူဆူနဲ့"
ကျိုးဝမ်ရှူက စိတ်ရှည်လက်ရှည်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ဒီလို ပျင်းစရာကောင်းတဲ့ အတန်းက ဘာကောင်းနေလို့လဲ။ ငါ ဘာမှလည်း နားမလည်ဘူး။ ငါ့မိသားစု ဘာလို့ ဒီကျောင်းကိုပဲ တကူးတက လွှတ်နေလဲ မသိဘူး"
ကျုံးချူရှန်းက သမ်းဝေလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်... ငါက နောင်တစ်ချိန်မှာ လောင်းကစားဝိုင်းကို ဦးဆောင်ဖို့ ကံကြမ္မာရှိပြီးသားပဲ။ လောင်းကစားအိမ်ကို ဦးစီးတဲ့လူက တခြားသူတွေနဲ့ ယဉ်ယဉ်ကျေးကျေး စကားပြောနေတာ မြင်ဖူးလို့လား"
"အစ်ကို ပုယွိကရော ဘာလို့ ဒီရက်ပိုင်း ကျောင်းမတက်တာလဲ"
ကျိုးဝမ်ရှူက မေးလိုက်ပြန်သည်။
"သူ မိန်းကလေးတစ်ယောက်ကို လွှတ်ပေးလိုက်မိလို့ သူ့မိသားစုဆီမှာ အရိုက်ခံထားရတာလေ။ အနည်းဆုံးတော့ လတစ်ဝက်လောက် အိပ်ရာထဲ လဲနေရဦးမှာပဲ"
"သူ့မိသားစုက ကပွဲခန်းမပိုင်တာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ။ သူတို့က အနုပညာကိုပဲ ရောင်းတာ၊ ခန္ဓာကိုယ်ကို မရောင်းဘူးဆိုပေမဲ့ မိန်းကလေးတွေကို အမြဲတမ်း အနိုင်ကျင့်ချင်တဲ့ သူဌေးတွေကတော့ ရှိနေတာပဲ။ ဒါကြောင့်လည်း အဲဒီနေရာက သန့်ရှင်းတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ မိသားစုက ရောင်းလိုက်လို့ ရောက်လာတဲ့ မိန်းကလေးတချို့ဆိုရင် အဲဒီလို ဘဝမျိုးနဲ့ မနေချင်လို့ ထွက်ပြေးဖို့ပဲ ကြိုးစားနေကြတယ်လေ။ အဲဒီကောင်လေးကလည်း ငယ်ငယ်ကတည်းက အဲဒါတွေကို မြင်လာခဲ့တာပဲ၊ ဒါပေမယ့် သူက စိတ်ကောင်းရှိတော့ တိတ်တိတ်လေး လွှတ်ပေးလိုက်မိတာပေါ့"
"ဒါဆိုရင် ဒီနေ့ည သူ့ဆီ သွားလည်ကြရအောင်"
ကျိုးဝမ်ရှူက ထပ်ရှင်းပြလိုက်သည်။
"ငါ ကျောင်းတော်ကို ရောက်တာ ကြာပြီ၊ မင်းတို့ နှစ်ယောက်ကပဲ ငါ့ရဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာကြတာ"
ထိုစကားလုံးများကို ကြားလိုက်ရချိန်တွင် ကျုံးချူရှန်းက ချက်ချင်းဆိုသလို စိတ်ဝင်စားသွားပြီး ချန်းပုယွိကို သွားတွေ့ပြီးနောက် ဆက်သွားရမည့်နေရာကို စဉ်းစားနေလေသည်။ ကျုံးချူရှန်း၏ အမြင်တွင် သူတို့ထဲမှ မည်သူကမျှ စာမေးပွဲအတွက် အာရုံစိုက်နိုင်မည် မဟုတ်သည့်အတွက် သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး နေလိုက်သည်ကမှ ပိုကောင်းဦးမည်ဟု ယူဆနေသည်။ သူ့မိသားစုကသာ သူ့အပေါ် စိတ်ပျက်သွားပြီး လက်လျှော့လိုက်မည်ဆိုရင် သူ့ကို ဤစိတ်ညစ်စရာ စာအုပ်များ ထပ်လေ့လာခိုင်းတော့မည် မဟုတ်ပေ။
စစ်တုရင်အတန်းက နှစ်ယောက်တစ်တွဲ ကစားကြရပြီး ကျုံးချူရှန်းနှင့် ကျိုးဝမ်ရှူတို့က အချင်းချင်းတွဲဖက်အဖြစ် ကစားပေးနေကြသည်။ အစပိုင်းတွင် ကမောက်ကမဖြစ်နေသော ကစားပွဲက သူတို့ ကစားလိုက်သည့်အခါမှ ရုတ်တရက် အသက်ဝင်လာခဲ့သည်။
ဆရာက အခန်းအတွင်း လှည့်လည်ကြည့်ရှုနေပြီး သူတို့၏ စစ်တုရင်ခုံဘေးမှ ဖြတ်သွားချိန်တွင် သူ့မုတ်ဆိတ်ကို ပွတ်သပ်ကာ ကျေနပ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့ တိုးတက်လာတာပဲ၊ မဆိုးဘူး"
ကျုံးချူရှန်းကတော့ လုံးဝ ကြောင်အနေရှာသည်။
'ငါ့ရဲ့ စစ်တုရင်ကစားနိုင်စွမ်းက တိုးတက်လာတယ်တဲ့လား၊ အဲ့ဒါက ဘာကို ပြောတာလဲ'
'ငါ့မှာ ဖုံးကွယ်ထားတဲ့ စစ်တုရင်စွမ်းရည်မျိုး ရှိနေခဲ့တာလား'
ထိုညတွင် ကျိုးဝမ်ရှူနှင့် ကျုံးချူရှန်းတို့က ချန်ပုယွိကို သွားတွေ့ရန်အတွက် မြို့ထဲမှ တစ်ခုတည်းသော ကပွဲခန်းမဆီသို့ သွားခဲ့ကြသည်။
ကပွဲခန်းမ၏ တာဝန်ခံက ကျုံးချူရှန်းကို မှတ်မိနေသဖြင့် သူတို့ကို ယဥ်ယဉ်ကျေးကျေး နှုတ်ဆက်လာခဲ့သည်။ သူ ကျိုးဝမ်ရှူကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
"သခင်လေးကျုံး... ဒီတစ်ယောက်ကလည်း သခင်လေးရဲ့ အတန်းဖော်ပဲလား"
ကပွဲခန်းမ၏ တာဝန်ခံက မေးလာခဲ့သည်။
"ဟုတ်တာပေါ့"
ကျုံးချူရှန်းက ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြောလိုက်သည်။
"ပြီးတော့ သူက မင်းတို့ရဲ့သခင်လေးနဲ့ တခန်းတည်းအတူတူ နေတာလေ"
"ကျောင်းတော်က ကျောင်းသားတစ်ယောက်ဆိုတော့ ဂီတပညာမှာ ထူးချွန်မှာပေါ့နော်"
ကပွဲခန်းမ၏ တာဝန်ခံက ကျိုးဝမ်ရှူကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ပြောလာပြန်သည်။
“ကျွန်တော်တို့ရဲ့ ဂီတပညာရှင်က ဒီနေ့ နေမကောင်းဖြစ်နေလို့ တီးခတ်ပေးမယ့်သူမရှိမှာကို ပူပန်နေတာပါ။ ဒီသခင်လေးကို ကူညီ တီးခတ်ပေးဖို့ တောင်းဆိုလို့ ရမလား"
ကျုံးချူရှန်းက အံ့ဩတကြီး ပြန်မေးလိုက်သည်။
"ဘာလို့ ငါ့ကို မမေးတာလဲ"
"သခင်လေးကျုံးကတော့ နောက်နေပြန်ပါပြီ။ သခင်လေးက ကျွန်တော်တို့ သခင်လေးလိုပဲ အမြဲတမ်း ပျော်ပါးဖို့ပဲ သိပြီး တခြား ဘာမှ မလုပ်တတ်တဲ့သူဆိုတာ ဘယ်သူမသိဘဲ ရှိလို့လဲ"
တာဝန်ခံက ပြုံးနေသော မျက်နှာဖြင့် ပြင်းထန်သော စကားလုံးများကို ပြောချလိုက်သည်။
"ဒါဆို ဘာလို့ သူ့ကို မေးရတာလဲ။ သူက ဂီတပညာမှာ ကျွမ်းကျင်တဲ့ပုံ ပေါက်နေလို့လား"
ကျုံးချူရှန်းက ပိုကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ရိုးရိုးသားသား ပြောရရင်တော့ ဒီသခင်လေးက ပညာတတ်တစ်ယောက်လို ပုံစံမျိုး ပေါက်နေလို့ပါ။ ကျွန်တော် ဒီနေရာမှာ အလုပ်လုပ်တာ အနှစ်လေးဆယ်လောက် ရှိပြီ၊ လူမျိုးစုံကို မြင်ဖူးတယ်။ လူတစ်ယောက်ရဲ့ အမူအရာက ဘယ်တော့မှ မလိမ်ညာဘူး"
"ဟဲ ဟဲ... မင်း သူ့ကို ရုပ်ချောပြီး အရမ်းနာခံတတ်တဲ့ပုံပေါက်တယ်လို့ ပြောလိုက်တာကမှ ပိုကောင်းဦးမယ်။ ဒါပေမဲ့ မင်း ဒီလောက်မြန်မြန် ဆုံးဖြတ်လိုက်တာက နှမြောစရာပဲ..."
ကျုံးချူရှန်း၏ စကားမဆုံးခင်မှာပင် ကျိုးဝမ်ရှူက သူ့စကားကို ဖြတ်ပြောလိုက်သည်။
ကျိုးဝမ်ရှူက အလွန်ယဉ်ကျေးသော အမူအရာဖြင့် နူးညံ့စွာ ပြောလိုက်ခြင်း ဖြစ်သည်။
"ခင်ဗျားတို့ရဲ့ ဂီတပညာရှင်ဆိုတော့ အခကြေးငွေ ရမှာပေါ့၊ တစ်ပုဒ်တီးခတ်ပေးရင် ဘယ်လောက် ပေးမှာလဲဆိုတာ သိပါရစေ"