← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂ ကျွမ်းကျင်မှု

ရက်ပေါင်းနှစ်ဆယ် ကြာပြီးနောက် စူးယောင်ကွမ်းတစ်ယောက် မိသားစုတစ်စုလုံးကို ခေါ်ဆောင်ကာ ကုန်ပစ္စည်းများ ပို့ဆောင်ရန် မြို့ထဲသို့ ထွက်လာခဲ့သည်။

ကုန်ပစ္စည်းအတွက် ကျန်ရှိသော ငွေများကို ရယူပြီးသည်နှင့် မိသားစုဝင်များအားလုံးကို စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး ဧည့်ခံရန် သူမ စီစဉ်ထားခဲ့သည်။

ထို့အပြင် ကျိုးဝမ်ရှူကိုလည်း ဖိတ်ခေါ်ပြီး သူမ၏ မိသားစုဝင်များနှင့် မိတ်ဆက်ပေးရန်လည်း ရည်ရွယ်ထားခဲ့သည်။

စူးယောင်ကွမ်းနှင့် ကျန်းကျင့်တို့က နွားလှည်းကို မောင်းနှင်လာကြပြီး ကျန်းကျောက်တိနှင့် ကျန်သူများကတော့ အနောက်တွင် ပါလာသည့် အဝတ်အိတ်များကို သတိကြီးစွာဖြင့် ဖက်တွယ်ထားကြသည်။

အိုးအားလုံးက ကြွေထည်များဖြစ်သဖြင့် တစ်စုံတစ်ခုနှင့် ထိခိုက်မိပြီး ကွဲသွားပါက ပို့ဆောင်ရမည့် ပစ္စည်းများအားလုံး အလဟဿဖြစ်သွားပေလိမ့်မည်။

ကျန်းကျင့်က စူးယောင်ကွမ်းကို သတိပေးလိုက်သည်။

"ယောင်ကွမ်း... မြင်းခွာသံ ကြားလိုက်သလိုပဲ။ လမ်းဖယ်ပေးရမလား"

စူးယောင်ကွမ်းက ကျဉ်းမြောင်းသော လမ်းကလေးကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"ဒါက တရားဝင်လမ်းမကြီးမှ မဟုတ်တာ။ မြင်းတွေက ဘယ်က ရောက်လာမှာလဲ... ကျန်းမိသားစုရဲ့ ရထားလုံးပဲ ဖြစ်ရမယ်"

"ဒီလမ်းက တော်တော်ကျဉ်းတယ်။ သတိထားမှ ဖြစ်မယ်၊ မြင်းတွေနဲ့ ဝေးဝေးမှာနေမှ ဖြစ်မယ်"

ကျန်းကျင့်က စိုးရိမ်တကြီး သတိပေးလိုက်သည်။

စူးယောင်ကွမ်းက နွားလှည်းကို ရပ်တန့်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျန်းကျောက်တိက လှမ်းမေးလိုက်သည်။

"ရထားလုံးတစ်စီး လာနေလို့၊ သူတို့ကို အရင်သွားခိုင်းလိုက်မယ်"

စူးယောင်ကွမ်းက နွားချည်ကြိုးကို ကျန်းကျင့်ဆီ ပေးလိုက်ပြီး ကျန်းကျင့်ကို သူမ၏နေရာ၌ အစားထိုးထိုင်ခိုင်းလိုက်သည်။ သူမကတော့ လမ်းဘေးတွင် ရပ်နေကာ ဘေးနားမှ မြက်များကို ဆွဲနှုတ်ပြီး နွားအား အစာကျွေး‌နေခဲ့သည်။

ကျန်းကျောက်တိက လှည်းနံရံကို မှီထိုင်ရင်း တိုးတိုးလေး ညည်းတွားလိုက်သည်။

"ငါတို့ ရွာမှာ ရထးလုံးက တစ်စီးတည်းရှိတာ။ ဟွန်း... သူများတွေကို ဂရုမစိုက်ဘဲ ဘယ်လောက် မောက်မာပြနေလဲဆိုတာ ကြည့်စမ်းပါဦး"

လှည်းက ပိုမိုနီးကပ်လာချေပြီ။

ထိုအချိန်တွင် ကျုံးကျန်းဟဲက ရထားလုံးကို မောင်းနှင်လာခြင်း ဖြစ်သည်။

ကျုံးကျန်းဟဲဆိုသည်က ကျုံးလန်ဟွာ၏ တူဖြစ်ပြီး ကျန်းရိဟွမ်း၏ ဝမ်းကွဲတော်စပ်သူ ဖြစ်သည်။

လှည်းပေါ်တွင် ထိုင်နေသော ကျုံးလန်ဟွာက ကျုံးကျန်းဟဲအား လှမ်းပြောနေသည်။

"ဟဲအာ... မြန်မြန်မောင်း၊ ငါတို့ အရေးတကြီး သွားစရာရှိတယ်"

ကျုံးကျန်းဟဲက နွားလှည်းကို မြင်သွားပြီး မောက်မာစွာ ပြုံးလိုက်သည်။

"စိတ်ချပါ ဒေါ်လေး၊ ကျွန်တော် နားလည်ပါတယ်"

ရထားလုံးက နွားလှည်းဆီသို့ အရှိန်ပြင်းစွာဖြင့် ပြေးဝင်လာခဲ့သည်။ နွားလှည်းကို ဖြတ်ကျော်တော့မည့်ဆဲဆဲတွင် သူ၏ ကြိမ်လုံးက နွားဆီသို့ ရုတ်တရက် ရိုက်ချလိုက်သည်။

သို့သော်လည်း ကြိမ်လုံးက နွားကို မထိမိခင်မှာပင် သန်မာသော လက်တစ်ဖက်က ကြိမ်လုံးကို ဖမ်းဆုပ်ကာ အားဖြင့် ဆွဲယူလိုက်သည်။ ထိုအရှိန်ကြောင့် ကျုံးကျန်းဟဲလည်း လှည်းပေါ်မှ လွင့်စဉ်ပြုတ်ကျသွားသည်။

"အား... ကျုံးကျန်းဟဲ၊ မင်း ဘာလုပ်တာလဲ"

ကျုံးကျန်းဟဲ လွင့်စဉ်သွားသည်ကို မြင်လိုက်ရချိန်တွင် ကျန်းရိဟွမ်းက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ လှည်းရှေ့တွင်လည်း ထိန်းမည့်သူ မရှိတော့ပေ။

လွင့်စဉ်သွားသည့် ကျုံးကျန်းဟဲက အနီးနားရှိ မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဒုန်းခနဲ အသံနှင့်အတူ သူ ခပ်မြင့်မြင့် ပြန်လွင့်တက်သွားပြီးမှ ပြင်းပြင်းထန်ထန် ပြန်ပြုတ်ကျသွားခဲ့သည်။ ရလဒ်အနေဖြင့် မြေပြင်ကို ထိသည်နှင့် တစ်ပြိုင်နက် သူ သတိလစ်သွားတော့သည်။

ရထားလုံးဘက်တွင်လည်း မြင်းက ထိန်းချုပ်မရတော့ဘဲ ရူးသွပ်နေသည့်အတိုင်း အရှေ့သို့ ပြေးထွက်သွားတော့သည်။

"ကယ်ကြပါ... ကယ်ကြပါ"

ကျန်းရိဟွမ်းနှင့် ကျုံးလန်ဟွာတို့လည်း အော်ဟစ်အကူအညီတောင်းနေကြသည်။

ကျန်းကျောက်တိနှင့် ကျန်သူများကတော့ နွားလှည်းပေါ်တွင် ထိုင်ရင်း ရထားလုံးကြီး သူမတို့ဆီသို့ အရှိန်ပြင်းစွာ ပြေးလာသည်ကို ကြည့်နေကြသည်။ ကျုံးကျန်းဟဲက သူမတို့၏ နွားအား ကြိမ်လုံးနှင့် ရိုက်ရန် ကြိုးစားခဲ့သည်ကိုလည်း သူမတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ စူးယောင်ကွမ်း၏ သွက်လက်မြန်ဆန်သော လှုပ်ရှားမှုကိုလည်း သူမတို့ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။

ကျုံးကျန်းဟဲ နွားကို ကြိမ်လုံးဖြင့် ရိုက်ရန် ကြိုးစားနေစဥ် သူတို့ ချွေးပြန်နေခဲ့ကြသော်လည်း ကြိမ်လုံးက နွားကို မထိမီမှာပင် ရန်စသူကိုယ်တိုင် ပြန်ပြီး ဒုက္ခရောက်သွားခဲ့ရသည်။

"ကျွန်မတို့ရဲ့ ခဲအိုက အရမ်း အားသန်တယ်လို့ ကြားဖူးတာ ကြာလှပြီ။ ယောင်ကွမ်းကရော သူ့ဆီက အစွမ်းတွေကို အမွေဆက်ခံထားတာလား"

ဝမ်ရှို့ချိုင်ကလည်း ဝင်ပြောလိုက်သည်။

"ယောင်ကွမ်းကတော့ တကယ်ကို ယောကျာ်းလေးတွေနဲ့ တန်းတူ စွမ်းဆောင်နိုင်တဲ့ မိန်းခလေးပဲ"

ကျန်းကျောက်တိက ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ဝင်ပြောလိုက်သည်။

"သူ့ကို အဲ့လောက်လည်း မချီးကျူးပါနဲ့။ ဒီလောက် အားသန်တဲ့ မိန်းကလေးတစ်ယောက်လေ၊ ကံကောင်းလို့သာ အခု အိမ်ထောင်ပြုပြီးသား ဖြစ်နေတာပေါ့၊ မဟုတ်ရင် အိမ်ထောင်ကျဖို့ ခက်ခဲလိမ့်မယ်"

"ဝမ်းကွဲ... သူတို့ တစ်ခုခု ဆိုးဝါးတာ လုပ်လိမ့်မယ်လို့ ဘယ်လိုလုပ် သိတာလဲ"

ကျားချွန်းနီက မေးလိုက်သည်။

"ငါလည်း မသိဘူးလေ"

စူးယောင်ကွမ်းက နွားလှည်းပေါ်သို့ ပြန်တက်လိုက်ပြီး ရှေ့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ် အခြေအနေကို မတ်မတ်ရပ်ကာ ကြည့်နေခဲ့သည်။

"ငါက ကြိုတင်ကာကွယ်ထားရုံပါ။ သူတို့မှာ မကောင်းတဲ့ အကြံအစည် မရှိဘူးဆိုရင် ငါတို့လည်း အေးဆေးပဲ။ ဒါပေမဲ့ သူတို့က တမင်သက်သက် ဒုက္ခပေးလာရင်လည်း ငါ အချိန်မီ ရင်ဆိုင်နိုင်အောင်လို့ပါ။ ဒီလမ်းက လမ်းမကျယ်ကြီးမှ မဟုတ်တာ၊ လှည်းတွေလည်း သိပ်မရှိဘူး။ ငါတို့ရွာမှာ ရထားလုံးက တစ်စီးတည်းရှိတာ။ သူတို့က ငါတို့ကို မုန်းတီးနေတာ ကြာပြီ၊ အခုလို အခွင့်အရေးကို အသုံးချပြီး လုပ်တာကတော့ သိပ်မဆန်းပါဘူး"

"လူတွေကို ဒီလောက်ထိ မကောင်းမြင်တာမျိုး မဖြစ်စေချင်ပေမယ့် အဲ့ဒီအမေနဲ့ သမီး... မဟုတ်သေးဘူး၊ သူတို့ မိသားစုလေးယောက်လုံးက တစ်ယောက်မှ မကောင်းကြဘူး။ ကျုံးလန်ဟွာနဲ့ သူ့သမီး ကျန်းရိဟွမ်း၊ ဒါမှမဟုတ် သူတို့ ငွေပေးပြီး ဝယ်ထားတဲ့ လူနဲ့ တွေ့ရင် ဘယ်တော့မှ သူတို့ရဲ့ စကားတွေကို မယုံပါနဲ့။ သူတို့နဲ့ တတ်နိုင်သလောက် ဝေးဝေးမှာပဲ နေ"

စူးယောင်ကွမ်းက နွားလှည်းကို ရှေ့သို့ မောင်းနှင်သွားရင်း သတိပေးနေသေးသည်။

ခဏအကြာတွင် ရပ်တန့်နေသော ရထားလုံးတစ်စီးကို သူတို့ တွေ့လိုက်ရသည်။

အမှန်တကယ်တွင် ရထားလုံးဟု ခေါ်ဆိုရန်ပင် မသင့်တော်တော့ချေ။ မြင်းက ပျောက်ဆုံးသွားပြီး ရထားလုံးကိုယ်ထည်သာ ကျန်ရှိတော့သည်။ ၎င်းကလည်း တောင်စောင်းကို ဝင်တိုက်မိကာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေချေပြီ။

ကျုံးလန်ဟွာက လှည်းထဲမှ ရုန်းကန်ထွက်လာပြီး လှည်းအတွင်းပိုင်းကို ရှာဖွေကာ ကျန်းရိဟွမ်းကို ဆွဲထုတ်လိုက်သည်။

"ဟွမ်းအာ... သမီး အဆင်ပြေရဲ့လား"

"သမီး မပြောခဲ့ဘူးလား မလုပ်ပါနဲ့လို့၊ အခုတော့ ကြည့်လေ"

ကျန်းရိဟွမ်းက သူမ၏ နဖူးပေါ်ရှိ ဒဏ်ရာကို ကိုင်ရင်း ဒေါသတကြီး ပြောလိုက်သည်။

"အမေ.... သမီးတို့ကို သတ်တော့မလိုပဲ"

ကျုံးလန်ဟွာ၏ မျက်နှာက ညိုမည်းသွားပြီး မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"ငါက အမေလား၊ နင်က အမေလား။ ဘယ်လိုလေသံမျိုးနဲ့ နင့်အမေကို ပြောလိုက်တာလဲ။ ဒါက ငါ ဖြစ်စေချင်လို့ ဖြစ်တာ မဟုတ်ဘူး၊ အကုန်လုံးက... သူတို့ကြောင့်"

ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့က လှည်းအတွင်းတွင်သာ ရှိနေခဲ့ပြီး ဘာမှမသိသလို ဟန်ဆောင်နေခဲ့ကြသဖြင့် အပြင်ဘက်တွင် ဘာဖြစ်ပျက်နေသည်ကို အတိအကျ မသိခဲ့ကြပေ။

သူတို့က ဤမတော်တဆမှုကို ကျုံးကျန်းဟဲ အရည်အချင်းမရှိ၍ ဖြစ်ခဲ့သည်ဟု ယူဆလိုက်ကြသည်။ သူမတို့ မထွက်ခွာမီကပင် ကျုံးလန်ဟွာက ယနေ့တွင် စူးမိသားစု ကုန်ပစ္စည်းများ ပို့ဆောင်မည်ကို သိရှိထားပြီး သူတို့၏ ကြိုးပမ်းအားထုတ်မှုများ အလဟဿဖြစ်သွားစေရန် အကွက်ချစီစဉ်ထားခဲ့သည်။ သူမက ယနေ့အတွက် မကောင်းသည့် အကြံအစည်များ ရှိနေသည့်အတွက်ကြောင့်သာ မိခင်ဘက်မှ တူဖြစ်သူကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ မည်သို့ဆိုစေကာမူ ဤကိစ္စရပ်များကို အပြင်လူများ သိရှိသွားမည်ကိုတော့ သူမ မလိုလားချေ။

ကျုံးလန်ဟွာ၏ အကူအညီဖြင့် ကျုံးမိသားစု အသက်ဆက်နိုင်ခဲ့ခြင်း ဖြစ်သောကြောင့် ကျုံးကျန်းဟဲက ကျုံးလန်ဟွာ၏ စကားကို အမြဲတမ်း နာခံခဲ့သည်။

ကျုံးလန်ဟွာက သူမ၏ ရည်ရွယ်ချက်ကို ကျုံးကျန်းဟဲအား ရှင်းရှင်းလင်းလင်း ပြောပြထားသဖြင့် ကျုံးကျန်းဟဲက ရထားလုံးကို အရှိန်တင်မောင်းကာ နွားလှည်းကို တိုက်မိစေရန် တမင်တကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤလမ်းကျဉ်းလေးတွင် မြင်းလှည်းနှင့် နွားလှည်း တိုက်မိသွားပါက ၎င်းကို မတော်တဆမှုဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း ထိုအရည်အချင်းမရှိသည့်လူက နွားလှည်းကို မတိုက်နိုင်ခဲ့ရုံသာမက သူကိုယ်တိုင်ပါ ရထားလုံးပေါ်မှ ပြုတ်ကျသွားပြီး မိခင်နှင့်သမီးကိုပါ ထိတ်လန့်သွားစေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"မြင်းက ဘယ်ရောက်သွားတာလဲ၊ အဲ့ဒီမြင်းက လျန်ဒါဇင်နဲ့ချီ တန်တယ်။ အမြန်ရှာကြစမ်း"

ကျန်းရိဟွမ်းက ဒေါသထွက်ပြီး အော်ဟစ်နေသည်။ သူမက ရွာတွင် နူးညံ့သိမ်မွေ့ပြီး သဘောကောင်းသူအဖြစ် နာမည်ကြီးသည်။ သူမ၏ နောက်လိုက်လေးများသာ သူမ၏ ယခုပုံစံမျိုးကို မြင်လိုက်ရလျှင် နှလုံးသားများ ကွဲကြေသွားပေလိမ့်မည်။

သူမတို့၏ နွားလှည်း မိခင်နှင့်သမီးရှေ့မှ ဖြတ်သွားချိန်တွင် စူးယောင်ကွမ်းက ထိုနှစ်ယောက်က လက်ပြနှုတ်ဆက်လိုက်သည်။

"ကျွန်မတို့ အရင်သွားနှင့်တော့မယ်နော်။ ရှင်တို့ မြင်းကို ဖြည်းဖြည်းချင်း ရှာလိုက်ကြပါဦး"

"အမြန်သွားကြမယ်၊ အဲ့ဒီသူဌေးကြီးက စိတ်မရှည်ဖြစ်နေလောက်ပြီ"

ကျန်းကျောက်တိက တိုက်တွန်းလိုက်သည်။

"ဟုတ်တယ်၊ အချိန်မရှိတော့ဘူး၊ သွားကြစို့"

စူးယောင်ကွမ်းက နွားရိုက်တံကို မြှောက်လိုက်ပြီး နွားကို အရှိန်မြှင့်ခိုင်းလိုက်သည်။

"နွားလေးရေ... ဖြည်းဖြည်းချင်း သွား၊ မျက်စိကန်းနေတဲ့ လူတွေလို ဟိုတိုက်ဒီတိုက် မလုပ်နဲ့"

ကျန်းရိဟွမ်းက စူးယောင်ကွမ်းတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဒေါသတကြီး ခြေဆောင့်နေပြန်သည်။

"ဟွမ်းအာ... သမီး နဖူးက ဒဏ်ရာက"

ကျုံးလန်ဟွာက သူမ၏ နဖူးကို ညွှန်ပြလိုက်သည်။

"အမာရွတ် ဖြစ်မသွားဘူးလား"

ကျန်းရိဟွမ်း၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ပိုဒေါသထွက်လာသည်။

"အကုန်လုံး အမေကြောင့်ပဲ။ သမီးတော့ ဂရုမစိုက်တော့ဘူး၊ အမေနဲ့ ကျုံးကျန်းဟဲပဲ မြင်းကို ရှာလိုက်တော့။ သမီးတော့ ဆေးသွားကုလိုက်ဦးမယ်။ သမီးမျက်နှာမှာ အမာရွတ် ဖြစ်လို့ မရဘူး၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူဌေးမိသားစုထဲ လက်ထပ်ဝင်နိုင်တော့မှာလဲ"

"ဟုတ်ပါပြီ၊ သမီး အရင် ဆေးသွားကုလိုက်ပါ။ ကျန်းဟဲနဲ့ အမေပဲ မြင်းကို ရှာလိုက်မယ်။ ကျန်းဟဲက ဘယ်ရောက်သွားတာလဲ"

ကျုံးလန်ဟွာက ကျုံးကျန်းဟဲကို စတင်ရှာဖွေလိုက်ရာ ခပ်လှမ်းလှမ်းရှိ ချုံပုတ်ထဲတွင် ရှိနေသည့် သူ့ကို တွေ့လိုက်ရသည်။

All Chapters