အခန်း ၇၃
Vol. 8 Ch. 73
အခန်း ၇၃ ကုန်ပစ္စည်း ပို့ဆောင်ခြင်း
စူးယောင်ကွမ်းတို့ လူစုက သူတို့ မြို့ထဲသို့ ရောက်သည်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရန် တည်းခိုခန်းသို့ ချက်ချင်း သွားလိုက်ကြသည်။
သူတို့ ပစ္စည်းပို့ရန် ရက်ပေါင်းနှစ်ဆယ်အချိန် သတ်မှတ်ထားခဲ့ကြပြီး သူဌေးလီကလည်း ပြောသည့်အတိုင်း တည်းခိုခန်းတွင် သူတို့ကို စောင့်ဆိုင်းနေခဲ့သည်။
သူဌေးလီနှင့် သူ့လူများက ကုန်ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေကြပြီး အားလုံး အဆင်ပြေကြောင်း အတည်ပြုကာ ကျန်ရှိသော ငွေများကို ရှင်းပေးလိုက်သည်။
"သူဌေးလီက တကယ့်ကို ကုန်သည်ကြီးတစ်ယောက်ပဲ၊ ဆုံးဖြတ်ချက်ချတာ အရမ်း ပြတ်သားတယ်"
ကျန်းကျောက်တိက ပြုံးရွှင်စွာ ပြောလိုက်သည်။
"နောက်တစ်ခါ ဒီဘက်ကို ဖြတ်သွားလို့ အမှာစာထပ်မှာမယ်ဆိုရင် ကျွန်မတို့ဘက်က လျှော့ဈေးပေးပါ့မယ်"
"ဒါဆိုရင် နောက်တစ်ခါလည်း ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်"
သူဌေးလီကလည်း အပြုံးကြီးကြီးဖြင့် ပြန်ပြောလိုက်သည်။
"သူဌေးလီက ဒီလောက် ပြတ်သားတာ၊ ကျွန်မတို့လည်း ခင်မင်ရင်းနှီးချင်မိပါတယ်ရှင့်။ နေ့လယ်စာ အတူစားကြမလား"
စူးယောင်ကွမ်းက ဖိတ်ခေါ်လိုက်သည်။
"မစားတော့ပါဘူး၊ ကျွန်တော် အမြန် ပြန်သွားရမယ်။ တကယ်ဆိုရင် ကျွန်တော်တို့ ပိုစောစောကတည်းက ထွက်သွားနှင့်သင့်တာပါ။ သူဌေးစူးရဲ့ ကုန်ပစ္စည်းကို စောင့်ပေးရင်းနဲ့ ဒီမှာ ရက်နှစ်ဆယ်လောက် ပိုနေလိုက်ရပြီ။ နောက်တစ်ခါဆိုရင် အခွင့်အရေး ရှိမှာပါ"
စူးယောင်ကွမ်းနှင့် သူမ၏အမေတို့ ကုန်ပစ္စည်းများကို ကိုယ်တိုင် ပို့ဆောင်ပေးနေချိန်တွင် ကျန်သူများကတော့ တည်းခိုခန်း၏ ဧည့်ခန်းတွင် ခေတ္တနားနေရင်း သူတို့၏ အရောင်းအဝယ် ကိစ္စပြီးဆုံးသည်ကို စောင့်ဆိုင်းနေကြသည်။
ငွေပေးချေပြီးနောက် စူးယောင်ကွမ်းနှင့် ကျန်းကျောက်တိတို့က ဧည့်ခန်းဆီသို့ ပြန်ရောက်လာခဲ့ကြသည်။
သူတို့ ရောက်လာသည်ကို မြင်သောအခါ ကျန်သူများက မျှော်လင့်တကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။
"ပြီးသွားပြီ"
ကျန်းကျောက်တိက တောက်ပသော အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ကျန်တဲ့ငွေတွေလည်း အကုန်ရပြီ။ အဲ့ဒီသူဌေးလီက တကယ့်ကို ရက်ရောတာပဲ"
ဝမ်ဟွမ်ကျစ်က စူးယောင်ကွမ်းအား လှည့်ကြည့်ကာ အကူအညီတောင်းလိုက်သည်။
(T/N : ဝမ်ဟွမ်ကျစ် ဆိုတာက သူ့ရဲ့ နာမည်အရင်းပါ၊ အရှေ့မှာ ဝမ်ရှို့ချိုင်လို့ သုံးနေတာတွေက သူက မြို့နယ်/ခရိုင် စာမေးပွဲ အောင်ပြီးပြီ ဆိုတော့ ရှို့ချိုင်ဘွဲ့နဲ့ မျိုးရိုးနာမည်ကို ပေါင်းခေါ်တာမျိုးပါ)
"ယောင်ကွမ်း... ဦးလေးရဲ့ ပုတီးစေ့လေး ပျောက်သွားတယ်။ ဦးလေးနဲ့အတူ လိုက်ရှာပေးနိုင်မလား"
ကျန်းယင်းတိက ဝင်ပြောလိုက်သည်။
"ကျွန်မ လိုက်ရှာပေးမယ်လေ"
"ယောင်ကွမ်းက ဒီမှာရှိတဲ့ ပိုင်ရှင်တွေနဲ့ ပိုရင်းနှီးကျွမ်းဝင်တယ်။ တစ်ခုခု မေးစရာရှိရင်လည်း သူက စကားပြောရ ပိုအဆင်ပြေတယ်။ မင်းက ရှက်တတ်တော့ သူများကို အားနာနေမှာ စိုးရိမ်လို့ပါ"
ကျန်းယင်းတိတစ်ယောက် ဘာမှ မပြောနိုင်တော့ချေ။
သို့သော် စူးယောင်ကွမ်းက ဝမ်ဟွမ်ကျစ် တစ်ခုခု ပြောချင်နေသည်ကို ရိပ်မိလိုက်ပြီး ကျန်းယင်းတိအား လှမ်းပြောလိုက်သည်။
"ဦးလေးက ဒေါ်လေးအတွက် စိုးရိမ်နေတာပါ။ ဒေါ်လေးက တစ်နေကုန် ဦးလေးကို ပြုစုပေးနေရတော့ ပင်ပန်းမှာ စိုးလို့ပါ။ ဒီနေ့ ကျွန်မလည်း အလုပ်မရှိတာနဲ့ အတော်ပဲ။ ကျွန်မ ဦးလေးကို ဂရုစိုက်ပေးပါ့မယ်။ လာပါ ဦးလေး၊ ကျွန်မ တွဲပေးမယ်"
"ယောင်ကွမ်း ပြောတာ မှန်တယ်။ နင်က တစ်နေကုန် အလုပ်ရှုပ်နေရတာ၊ ဒီနေ့တော့ ယောင်ကွမ်းကို လုပ်ခွင့်ပေးလိုက်။ နင်ကတော့ ဒီမှာ ခဏလောက် နားနေလိုက်"
ကျန်းကျောက်တိက ညီမဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။
စူးယောင်ကွမ်းက ဝမ်ဟွမ်ကျစ်အား တွဲပြီး ဧည့်ခန်း၏အပြင်ဘက် အနောက်ဘက်သို့ ခေါ်ထုတ်သွားလိုက်သည်။
"ယောင်ကွမ်း... မင်း ပြောဖူးတယ်နော်၊ သူဌေးလီက ပြဇာတ်ရုံပိုင်ရှင်ဖြစ်ပြီးတော့ မြို့ပြင်က လူတစ်ယောက်လို လေယူလေသိမ်း ရှိတယ်လို့ပေါ့၊ ဟုတ်တယ်မလား"
"ဟုတ်တယ် ဦးလေး၊ ဘာများ ဖြစ်လို့လဲ"
စူးယောင်ကွမ်းက ပြန်မေးလိုက်သည်။
"တစ်ခုခုတော့ လွဲနေတယ်။ အခုနက ဧည့်ခန်းမှာ နားနေတုန်းက သူဌေးလီရဲ့ အစေခံတွေကို သတိထားမိလိုက်တယ်။ သူတို့အားလုံးက ဒီဒေသခံတွေရဲ့ လေသံတွေနဲ့ပဲ ပြောနေကြတာ။ တကယ်လို့ သူက မြို့ပြင်က ပြဇာတ်ရုံပိုင်ရှင်ဆိုရင် သူ့အနားကလူတွေကလည်း မြို့ပြင်က လူတွေ ဖြစ်သင့်တာပေါ့။ ဘာလို့ ဒေသခံတွေ ဒီလောက်များနေရတာလဲ"
"ဦးလေး ပြောတာလည်း ဟုတ်တာပါပဲ၊ ဒါပေမယ့် သူ ဒီဒေသခံတွေကို အလုပ်ခန့်ထားတာလည်း ဖြစ်နိုင်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမီး အကဲခတ်ကြည့်လိုက်ပါ့မယ် ဦးလေး"
"သတိထားပါကွယ်"
ဝမ်ဟွမ်ကျစ်က ချောင်းဆိုးလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"ငါ အလကားနေရင်း သံသယများနေတာလည်း ဖြစ်နိုင်ပါတယ်"
"ဦးလေး... ဦးလေးရဲ့ ပုတီးစေ့က တကယ်ပဲ ပျောက်သွားတာလား"
ဝမ်ဟွမ်ကျစ်က ခေါင်းခါယမ်းကာ ငြင်းဆန်လိုက်သည်။
"ငါ့စိတ်ထဲမှာ မေးခွန်းတစ်ခု ရှိနေလို့ပါ။ မင်း သတိမထားမိမှာစိုးလို့ သတိပေးချင်တာ။ စိတ်မပူပါနဲ့၊ ပုတီးစေ့က ငါ့အနားမှာ အမြဲရှိပါတယ်"
စူးယောင်ကွမ်းက ဝမ်ဟွမ်ကျစ်အား ဧည့်ခန်းဆီသို့ ပြန်ပို့ပေးပြီးနောက် ကျန်းကျင့်ကို နွားလှည်းမောင်းခိုင်းကာ ကျိုးဝမ်ရှူကို သွားခေါ်ခိုင်းလိုက်သည်။ သူမကတော့ အခြားလုပ်စရာ ကိစ္စများ ကျန်ရှိနေသေးသည်။
ကျန်သူများ ထွက်ခွာသွားပြီးနောက် စူးယောင်ကွမ်းက တည်းခိုခန်းတစ်ဖက်တွင် ရှိနေသော သူတောင်းစားကလေးငယ်အချို့ကို လှမ်းကြည့်လိုက်သည်။ သူမက ကြေးပြား ဆယ်ပြားပေးကာ သူတို့ကို သူမ၏ သတင်းပေးများအဖြစ် ငှားရမ်းလိုက်သည်။
"ခနနေလို့ လူဝဝကြီးတစ်ယောက် ထွက်လာတာနဲ့ သူနဲ့ သူ့လူတွေနောက်ကို တိတ်တိတ်လေး လိုက်ကြည့်ပေး။ သူတို့ မြို့ပြင်ကို ထွက်သွားတာလား၊ ဒါမှမဟုတ် တခြားနေရာကို သွားတာလားဆိုတာ ငါ သိချင်တယ်"
စူးယောင်ကွမ်းက ထိုကလေးငယ်များ သူဌေးလီအား မမှတ်မိမည်ကို စိုးရိမ်သောကြောင့် သူ့၏ ထူးခြားချက်အချို့ကို ဖော်ပြပေးလိုက်သည်။
"စိတ်ချပါ အစ်မကြီးရယ်၊ အစ်မကြီးက ပိုက်ဆံပေးထားတာပဲ၊ ကျွန်တော်တို့ သေချာပေါက် လုပ်ပေးပါ့မယ်"
သူတောင်းစားကလေးများထဲမှ အကြီးဆုံးကောင်လေးက အခြေအနေကို အလျင်အမြန် နားလည်သွားပြီး ပြန်ပြောလိုက်သည်။
"သတင်းတစ်စုံတစ်ရာ ရပြီဆိုရင် အထည်ဆိုင်ကို သွားပြီး ပိုင်ရှင်အစ်မ ချွမ်းအော်ကို ရှာလိုက်ပါ၊ ငါ လိုအပ်တဲ့ သတင်းရှိတယ်လို့ ပြောပြီးတော့ မင်းတို့နေတဲ့ နေရာကို ချန်ထားခဲ့လိုက်။ ငါ မင်းတို့ကို လာရှာမယ်၊ အဲ့ဒီကျရင် ကျန်တဲ့ ပိုက်ဆံကို ရှင်းပေးမယ်"
"ကျန်သေးတဲ့ ပိုက်ဆံတွေ ရှိသေးတာလား"
သူတောင်းစားလေးက မျှော်လင့်တကြီး မေးလိုက်သည်။
"ရှိတာပေါ့၊ အခုပေးလိုက်တဲ့ ကြေးပြားဆယ်ပြားက စရန်ငွေပဲ။ အချက်အလက်တွေ ပိုသိရရင် ကျန်တာတွေကို ထပ်ပေးမယ်"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"မင်းနာမည်က ဘာလဲ"
"ကျွန်တော့်မှာ နာမည်မရှိပါဘူး။ ကျွန်တော်က ကံကြမ္မာဆိုးနဲ့ မွေးလာတာဆိုပြီး မိဘတွေက 'အပိုကောင်' လို့ ခေါ်ကြတယ်။ နောက်တော့ အိမ်မှာ စားစရာ မရှိတော့ ကျွန်တော့်ကို တခြားကလေးနဲ့ လဲပြီး စားဖို့ လုပ်ကြတယ်။ အဲ့ဒါနဲ့ ကျွန်တော် ထွက်ပြေးလာခဲ့တာပါ"
စူးယောင်ကွမ်းက ထိုကလေးကို သနားသွားကာ သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"သူတို့က နာမည်တောင် မပေးချင်ကြဘူးဆိုတော့ ကိုယ့်ဘာသာပဲ ပြန်ပေးလိုက်ပေါ့။ မင်း ကြိုက်တဲ့နာမည်လေး ရွေးလေ၊ ဒီနေ့ကစပြီး အဲ့ဒီနာမည်နဲ့ပဲ ခေါ်ပေးမယ်"
သူတောင်းစားကောင်လေးက မျက်နှာငယ်လေးဖြင့် ပြန်ပြောလာခဲ့သည်။
"ကျွန်တော် နာမည် မရွေးတတ်ဘူး၊ စာလည်း မတတ်ဘူး။ ကျွန်တော် ရွေးတတ်တာဆိုလို့ ထျဲရှစ်တို့၊ ရွှေ့ရှန့်တို့၊ ဟန်တုန်းတို့လောက်ပါပဲ"
(T/N: ထျဲရှစ် (သံကျောက်တုံး)၊ ရွှေ့ရှန့် (ရေနေသတ္တဝါ) ၊ ဟန်တုန်း (အရှေ့ဘက်ကဆောင်း))
"ဒါဆိုရင် မင်းကို 'ချောင်ယန်' လို့ ခေါ်မယ်၊ ဒီနေ့ကစပြီး နင်ရဲ့ နေ့ရက်တွေက နေရောင်ခြည်လို တောက်ပစေလိမ့်မယ်။ ကံဆိုးတဲ့ နာမည်မျိုးတွေ မရွေးနဲ့တော့"
(ချောင်ယန်- နေထွက်ခြင်း)
"ကျေးဇူးတင်ပါတယ် အစ်မကြီး။ ဒါဆို ကျွန်တော့်နာမည်က ဖုန်းချောင်ယန် ဖြစ်ပြီပေါ့"
သူတောင်းစားကလေးက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
"အစ်မကြီး... ကျွန်တော့်ဆီက သတင်းကိုပဲ စောင့်နေပါ၊ ကျွန်တော် သေချာပေါက် စုံစမ်းပေးပါ့မယ်"
ဖုန်းချောင်ယန်ကို လိုအပ်သော ညွှန်ကြားချက်များ ပေးပြီးနောက် စူးယောင်ကွမ်းက ကျန်သူများနှင့် ပြန်ဆုံရန်အတွက် စာသင်ကျောင်းဆီသို့ ထွက်ခွာလာခဲ့သည်။ ကျောင်းတံခါးဝသို့ ရောက်သွားချိန်တွင် ကျန်းကျင့်နှင့် အခြားသူများက စောင့်ဆိုင်းနေကြသော်လည်း ကျိုးဝမ်ရှူကိုတော့ မတွေ့ရသေးပေ။
စူးယောင်ကွမ်းက တံခါးဝဆီသို့ လျှောက်သွားလိုက်ပြီး တံခါးစောင့် အဘိုးအိုကို လှမ်းပြောလိုက်သည်။
"အဖိုး... အခုက နေ့လယ်စာစားချိန် မဟုတ်ဘူးလားရှင့်။ ကျွန်မရဲ့ မောင်လေးကို အပြင်ခေါ်ထုတ်ပြီး ထမင်းကျွေးချင်လို့ပါ၊ အဖိုး ကူညီပေးလို့ ရမလားဟင်"
အဘိုးအိုက ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်သည်။
"ငါက တံခါးစောင့်ပါ၊ ဘယ်လိုလုပ် ဆုံးဖြတ်ချက်ချနိုင်ပါ့မလဲ။ မကြာသေးခင်ကမှ ကျောင်းသားတချို့ စည်းကမ်းဖောက်လို့ အခု ဆရာတွေက ဘယ်သူ့ကိုမှ အပြင်မထွက်ခိုင်းတော့တာပါ"
"ဒါဆိုရင်... ကျွန်မ ဆရာ့ဆီသွားပြီး ခွင့်တောင်းကြည့်ရင်ရော အဆင်ပြေမလားဟင်"
စူးယောင်ကွမ်းက စကားပြောနေရင်း ကြေးပြားအချို့ကို အဘိုးအိုလက်ထဲ မသိမသာ ထည့်ပေးလိုက်သည်။
အဘိုးအို၏ မျက်နှာထား ပျော့ပျောင်းသွားပြီး ပြန်ပြောလာခဲ့သည်။
"ခဏစောင့်နေဦး၊ ငါ အထဲဝင်ပြီး အကြောင်းကြားပေးမယ်"
အဘိုးအို အထဲသို့ ဝင်သွားသည်နှင့် ကျန်းကျောက်တိက စိတ်ပျက်လက်ပျက်ဖြင့် တံတွေးထွေးလိုက်သည်။
"ငါတို့ တောင်းပန်နေတာတောင် ခေါင်းခါပြနေခဲ့တာ။ ပိုက်ဆံပေးတော့မှပဲ အလုပ် ဖြစ်တော့တယ်"
"အဘိုးအိုက သူ့အလုပ်သူ လုပ်နေတာပါ၊ သူ အခက်အခဲ ဖြစ်အောင် မလုပ်ပါနဲ့"
စူးယောင်ကွမ်းက မိခင်ဖြစ်သူကို တားလိုက်သည်။
"သူက လူတွေကို အပြင်ထွက်ခွင့် မပေးနိုင်ဘူးလေ၊ ဒါပေမဲ့ ဆရာ့ဆီကို သွားတွေ့ဖို့ အထဲကိုတော့ ဝင်ခွင့်ပေးနိုင်လိမ့်မယ်"
မကြာမီ အဘိုးအို ပြန်ထွက်လာပြီး စူးယောင်ကွမ်းကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ စူးယောင်ကွမ်းကလည်း ဆရာဖြစ်သူနှင့်တွေ့ကာ သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။ ဆရာဖြစ်သူက မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြခဲ့သည်။
"အရင်တုန်းကတော့ နေ့လယ်စာစားချိန်ဆို အပြင်ထွက်ခွင့် ပြုထားပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျောင်းသားတချို့ ညဘက်မှာ ခိုးထွက်ပြီး ကျောင်းစည်းကမ်း ဖောက်ဖျက်ခဲ့ကြတယ်။ စည်းကမ်းအသစ်အရ သူတို့ကို တစ်လလုံး အိမ်သာဆေးတဲ့ ပြစ်ဒဏ်ပေးလိုက်ရတယ်။ လူတိုင်းက ပြစ်ဒဏ် မတရားဘူးလို့ ကန့်ကွက်ကြတော့ ငါတို့လည်း ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ရတယ်။ ဒါပေမဲ့ အခုတော့ ပိုပြီး တင်းကျပ်ရတော့မှာပေါ့။ နေ့လယ်ဘက် အပြင်ထွက်ခွင့် မပေးတော့ဘူး။ နောက်ပိုင်းဆိုရင် အားလပ်ရက်တွေကလွဲပြီး ကျောင်းကနေ ဘယ်သူမှ အပြင်မထွက်ရတော့ဘူး။ ထမင်းသုံးနပ်စလုံးကို ကျောင်းရဲ့ ထမင်းစားဆောင်မှာပဲ စားရတယ်"
"ဒါဆိုရင်... ကျွန်မတို့ဘက်က ပစ္စည်းတွေ အထဲကို ပို့ပေးလို့ ရမလားရှင့်"
စူးယောင်ကွမ်းက ထပ်မေးလိုက်သည်။
"အဲ့ဒါကတော့ ရပါတယ်"
စူးယောင်ကွမ်း ယူလာသည့် လက်ဆောင်ထုပ်များကို မြင်နေရသဖြင့် ဆရာကလည်း သူမ ခက်ခဲအောင် မလုပ်တော့ပေ။
"ဒါဆိုရင် နောက်ပိုင်း ကျိုးဝမ်ရှူဆီကို ပစ္စည်းတွေ လာပို့ပေးဖို့ လူလွှတ်လိုက်ပါ့မယ်ရှင့်။ ဆရာ ကူညီပေးပါဦးနော်"
"ကောင်းပါပြီ"
ဆရာက ခေါင်းညိတ် သဘောတူလိုက်သည်။