အခန်း ၇၄
Vol. 8 Ch. 74
အခန်း ၇၄ လူ့သဘာဝ
စာသင်ကျောင်း၏ ထမင်းစားဆောင်......
ကျုံးချူရှန်းက အနည်းငယ်သာပါရှိသည့် အရသာမရှိသော ဟင်းလျာများကို ဆွနေရင်း မကျေမနပ် ညည်းညူနေသည်။
"ဝမ်ရှူ... ငါတို့လုပ်နေတာက ရန်သူကို ဒုက္ခပေးတာထက် ကိုယ့်ကိုယ်ကိုယ် ပြန်ဒုက္ခပေးနေသလို မဖြစ်နေဘူးလား"
ကျိုးဝမ်ရှူက ပြုတ်ထားသော ဂေါ်ဖီထုပ်ကို စားရင်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်း နောင်တရနေပြီဆိုရင် ဆရာ့ဆီသွားပြီး ပြစ်ဒဏ်ကာလ မကုန်မချင်း အိမ်သာတွေ ဆက်ဆေးပေးပါ့မယ်လို့ သွားပြောလိုက်လေ"
"တော်ပါပြီကွာ၊ အဲ့ဒီလို ညစ်ပတ်တဲ့ အိမ်သာတွေကို နေ့တိုင်း ဆေးနေရရင်.... ဝမ်ရှူ... မင်း ငါ့ရှေ့ကို အကောင်းဆုံး အစားအစာတွေ လာချပေးရင်တောင် ငါ စားနိုင်မှာ မဟုတ်ဘူး"
"ဘာကို အလျင်စလို ဖြစ်နေရတာလဲ။ အလျင်စလိုဖြစ်ရမယ့်သူက ငါတို့ မဟုတ်ဘူး၊ တခြားတစ်ယောက်ပဲ"
ကျိုးဝမ်ရှူက ထောင့်တွင် ထိုင်နေသည့် ရှောင်းယန်ချီကို မော့ကြည့်ရင်း ပြောလိုက်သည်။
ကျုံးချူရှန်းကလည်း ကျိုးဝမ်ရှူ ကြည့်နေသည့်နေရာကို လိုက်ကြည့်နေသည်။ အဖွဲ့ထဲမှ သီးခြားဖယ်ထုတ်ခံထားရပြီး အထီးကျန်နေရသည့် ရှောင်းယန်ချီကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများထဲ၌ အနိုင်ရလိုက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ရှောင်းယန်ချီဆိုသည်က ဆရာ့၏ အချစ်ဆုံးတပည့် ဖြစ်သည်။ မကြာသေးမီက လူအများက သူ့ကို ဝိုင်းဝန်းမျက်နှာသာပေးခဲ့ကြသည်။ သို့သော် ယခုအချိန်တွင်တော့ သူ ချမှတ်လိုက်သော စည်းကမ်းသစ်များကြောင့် ကျောင်းသားအများစု အတော်လေး ဒုက္ခရောက်ခဲ့ကြရသည်။ သူတို့က ရှောင်းယန်ချီကို လူသိရှင်ကြား ဒုက္ခမပေးရဲကြသော်လည်း ကျိုးဝမ်ရှူအပေါ် အသုံးပြုခဲ့သည့် နည်းလမ်းမျိုးစုံဖြင့် ရှောင်းယန်ချီကို ပြန်လည် တိုက်ခိုက်နေကြသည်။ ဒုက္ခမျိုးစုံ ကြုံနေရသည့် ရှောင်းယန်ချီကလည်း ဘယ်သူလုပ်မှန်း ရှာမတွေ့သည့်အတွက် ဘယ်သူ့ကိုမှ မစွပ်စွဲနိုင် ဖြစ်နေရသည်။
ရှောင်းယန်ချီကို အမုန်းဆုံးသူက ကျန်းယီဟွေ့ ဖြစ်နိုင်ချေရှိသည်။ ကျန်းယီဟွေ့ကလည်း မကြာသေးမီက အပြင်ထွက်ကာ ပျော်ပါးခဲ့ကြသည့် လူစုထဲတွင် ပါဝင်နေခဲ့သည်။ ကျောင်းသားများက ကျန်းယီဟွေ့အနေဖြင့် ရှောင်းယန်ချီကို ထိန်းချုပ်နိုင်မည်ဟု ထင်မှတ်ကြသောကြောင့် သူ့ကို အကာအကွယ်အဖြစ် အတင်းခေါ်ထုတ်သွားခဲ့ကြခြင်း ဖြစ်သည်။ သူတို့ကို မိသွားသည့်တိုင် ရှောင်းယန်ချီက ကျန်းယီဟွေ့ကို အရေးယူရဲမည်မဟုတ်ဟု သူတို့ တွက်ဆထားခဲ့ကြသည်။ သို့သော် ရလဒ်ကတော့ သူတို့ အမိခံလိုက်ရသည်။ ရှောင်းယန်ချီက ကျန်းယီဟွေ့ကို မျက်နှာသာ မပေးခဲ့သည့်အပြင် သူတို့ကို တစ်လလုံး အိမ်သာဆေးစေသည့် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
ထိုနေ့က အပြင်ထွက်သူ အတော်လေးများပြီး အဖွဲ့နှစ်ဖွဲ့ ဖြစ်ကာ စုစုပေါင်း ဆယ့်သုံးယောက် ရှိသည်။ လူဆယ့်သုံးယောက်လုံး အိမ်သာဆေးရသည့် ပြစ်ဒဏ်ကျခံရပြီး နောက်နေ့မှစကာ ကျောင်းထဲ၌ ဆူပူမှုများ စတင်ခဲ့သည်။
လူတစ်ယောက်နှစ်ယောက်ဆိုလျှင် ဆရာများဘက်မှ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ သို့သော် ဆယ့်သုံးယောက် ဖြစ်လာပြီး အများစုက ချမ်းသာသည့်မိသားစုမှ ဆင်းသက်လာသူများဖြစ်သောကြောင့် ဆရာများလည်း အခြေအနေကို မထိန်းနိုင်တော့ဘဲ စည်းကမ်းသစ်ကို ပယ်ဖျက်ပေးလိုက်ရသည်။ သို့သော် သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ကျောင်း၏ စီမံခန့်ခွဲမှုကို ပိုမိုတင်းကျပ်လိုက်ကြပြီး ကျောင်းသားများ လွတ်လွတ်လပ်လပ် အပြင်မထွက်နိုင်အောင် တားမြစ်လိုက်ကြသည်။
"အစ်ကိုကျန်း... မင်းရဲ့ အစေခံလေးက တော်တော်လေး စကားနားမထောင်ပါလား"
ကျန်းယီဟွေ့ ဘေးမှ ကျောင်းသားတစ်ယောက်က လှုံ့ဆော်လိုက်သည်။
"ကျွန်တော့်အမြင်အရဆိုရင်တော့ သူ့ကို လွတ်လပ်တဲ့သူအဖြစ် အိမ်ထောင်စုစာရင်း ပြောင်းပေးစရာ မလိုဘူး။ အရင်အတိုင်း ကျွန်ဘဝမှာပဲ ထားခဲ့သင့်တာ။ အခုကြည့်လေ... သူက အစ်ကိုကျန်းရဲ့ ခေါင်းပေါ်ကိုတောင် တက်နင်းနေပြီ"
ကျန်းယီဟွေ့က ရှောင်းယန်ချီ ရှိရာဘက်ကို ဒေါသတကြီး လှမ်းကြည့်လိုက်သည်။
"သခင်ကို ပြန်ကိုက်တဲ့ ခွေးတစ်ကောင်ပါ။ သူ တကယ်ပဲ စာမေးပွဲ အောင်နိုင်မယ်လို့ ထင်နေတာလား။ စာမေးပွဲကျသွားတဲ့နေ့ကျရင် သူက အရင်အတိုင်း ကျွန်ဘဝကိုပဲ ပြန်ရောက်သွားမှာလေ"
"ခွင့်ပြုပါဦး၊ ဒီထဲမှာ လူငယ်လေးကျိုးဝမ်ရှူဆိုတာ ဘယ်သူများလဲ"
ထမင်းစားဆောင်ထဲသို့ လူတစ်ယောက် ဝင်လာပြီး အော်မေးလိုက်သည်။
ကျုံးချူရှန်းက ကျိုးဝမ်ရှူကို တံတောင်ဖြင့် တွန်းလိုက်သည်။
"မင်းကို ရှာနေတာ ထင်တယ်"
ကျိုးဝမ်ရှူက တူကို ချလိုက်ပြီး တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သည်။
"ကျွန်တော်ပါ"
"ဂါရဝပြုပါတယ်... လူငယ်လေးကျိုးဝမ်ရှူ"
ထိုလူက အရင်ဦးညွှတ်လိုက်ပြီးမှ ဆက်ပြောလာခဲ့သည်။
"မင်းရဲ့ မိသားစုက အစားအစာတွေ ပို့ခိုင်းလိုက်လို့ပါ။ ဆရာလည်း ခွင့်ပြုပြီးသားမို့လို့ ကျွန်တော် အထဲကို လာပို့ပေးတာပါ။ လူငယ်လေး ကျိုးဝမ်ရှူ ရှိနေဆိုတော့ တစ်ခါတည်း အထဲကို သယ်လာခိုင်းလိုက်ပါ့မယ်"
ကျိုးဝမ်ရှူက အံ့အားသင့်သွားပြီး ခဏအတွင်း ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ကျုံးချူရှန်းက သူ့တူကို ချလိုက်ပြီး စိတ်လှုပ်ရှားစွာ လှမ်းမေးလိုက်သည်။
"သူတို့က ဘာတွေ ပို့လိုက်တာလဲ"
ထိုလူ၏ အော်ခေါ်သံနှင့်အတူ စားပွဲထိုးများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကာ သူတို့တစ်ယောက်ချင်းစီက ခြင်းတောင်းများကို ကိုင်ဆောင်လာကြသည်။ ခြင်းတောင်းများကို ဖွင့်လိုက်သည်နှင့် အရသာရှိလှသော ဟင်းလျာများ တစ်ပွဲပြီး တစ်ပွဲ ထွက်ပေါ်လာကာ စားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။
"ဒီအစားအစာတွေကို အကုန်မစားနိုင်ဘူးဆိုရင် သူငယ်ချင်းတွေနဲ့ ဝေမျှစားဖို့ သခင်မလေးစူးက မှာလိုက်ပါတယ်"
စားပွဲအပြည့် တင်ထားသည့် အသားဟင်းနှင့် ငါးဟင်းများကို ကြည့်ရင်း ကျုံးချူရှန်းတစ်ယောက် အံ့အားသင့်နေလေသည်။ သူက ကျိုးဝမ်ရှူကို တံတောင်ဖြင့် တွန်းလိုက်ရင်း ပြောနေပြန်သည်။
"ဟေ့... မင်းရဲ့ ဇနီးလေး... မဟုတ်ဘူး၊ အစ်မက တကယ်ကို ရက်ရောတာပဲ"
ကျိုးဝမ်ရှူ၏ ရှေ့မှ တောင်လိုပုံနေသည့် အစားအစာများကို မြင်လိုက်ရချိန်တွင် လူတိုင်း၏ မျက်လုံးများက မနာလိုမှုကြောင့် အရောင်လက်သွားကြသည်။
ကျိုးဝမ်ရှူတစ်ယောက်တည်းအတွက် ဖြစ်သော်လည်း စူးယောင်ကွမ်းက ဟင်းပွဲပေါင်း နှစ်ဆယ်ကျော်ကို ပို့ပေးလိုက်သည့်အတွက် အနီးနားက စားပွဲအလွတ်များပါ ပြည့်သွားခဲ့သည်။
ကျိုးဝမ်ရှူက စားပွဲထိုးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ကျုံးချူရှန်းဘက်သို့ လှည့်ကာ ဖိတ်ခေါ်လိုက်သည်။
"အတူတူ စားကြရအောင်"
ကျုံးချူရှန်းက လက်မောင်းနှစ်ဖက်ကို ပင့်တင်လိုက်ပြီး သွားဖြဲကာ ရယ်ပြနေသည်။
"မင်းကို ငါ အားနာမနေတော့ဘူး"
ထို့နောက် ကျိုးဝမ်ရှူက သူ့ကို တစ်ခါမျှ မနှောင့်ယှက်ခဲ့ဖူးသည့် အခြားကျောင်းသား နှစ်ဆယ်ကျော်ကိုလည်း ဖိတ်ခေါ်လိုက်သည်။
သူတို့အားလုံးက ဆင်းရဲသည့် မိသားစုများမှ ဆင်းသက်လာပြီး ကျောင်းတက်ရန် ရောက်ရှိလာကြသူများဖြစ်ရာ ဘယ်တုန်းကမှ ပြဿနာမရှာခဲ့ကြသူများ ဖြစ်သည်။
ထိုဆင်းရဲနွမ်းပါးသည့် ကျောင်းသားများက ယခင်က ဤမျှကောင်းမွန်သော အစားအစာများကို စားဖူးခြင်း မရှိခဲ့ကြပေ။ ကျိုးဝမ်ရှူ၏ ဖိတ်ခေါ်မှုကြောင့် စိတ်လှုပ်ရှားနေကြသော်လည်း စိတ်ထဲတွင်တော့ သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေဆဲဖြစ်သည်။
သူတို့၏ တွန့်ဆုတ်နေပုံကို မြင်နေရသည့် ကျုံးချူရှန်းကတော့ ကြက်ကင်ကို ဆွဲယူကာ အပိုင်းပိုင်း ဆွဲဖဲ့ပြီး သူတို့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"စားစမ်းပါ၊ ဘာတွေ အားနာနေတာလဲ"
ဖိတ်ခေါ်ခြင်း မခံရသူများကတော့ မနှစ်မြို့သည့် အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။
ထိုကျောင်းသားများက အနည်းငယ် ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသူများဖြစ်ပြီး အမြဲလိုလို ကျောင်းရှိ ကျောင်းသားတိုင်းကို အထင်သေးကြသည်။ အမြဲတမ်းလည်း ပြဿနာ ရှာတတ်ကြသည်။
ပုံမှန်အားဖြင့် သူတို့ထံတွင် အစားအသောက်နှင့် အဝတ်အစားများ မချို့တဲ့သော်လည်း ရက်ပေါင်းများစွာ အပြင်မထွက်ရဘဲ ကျောင်းထဲတွင် အကျဉ်းချခံထားရသည့်အတွက် ပါးစပ်ထဲတွင် အရသာခံချင်စိတ်များ ဖြစ်နေကာ တံတွေးယိုနေကြပြီ ဖြစ်သည်။
ရှောင်းယန်ချီက ကျိုးဝမ်ရှူဘက်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အကြည့်များ ရပ်တန့်သွားခဲ့သည်။
'ဒီကောင်လေးက အဲ့ဒီရွာသူလေးကို ဘယ်လို နည်းလမ်းတွေ သုံးပြီး စွဲဆောင်ထားတာလဲ။ ရုပ်ရည်ချင်းယှဉ်ရင်လည်း သူက ငါ့ထက် ဘာမှမသာပါဘူး။ သူတို့နှစ်ယောက် ကြားထဲမှာ တစ်ခုခုများ ဖြစ်ပြီးသွားပြီလား'
သူက ကျန်းရိဟွမ်းကိုလည်း စဉ်းစားနေသေးသည်။
‘ကျန်းရိဟွမ်းက အဲ့ဒီရွာသူလေးထက် အဆပေါင်းအများကြီး ပိုသာတယ်။ ငါ စာမေးပွဲအောင်သွားတဲ့နေ့ကျရင် ကျုံးလန်ဟွာ ဆီသို့ သွားပြီး ကျန်းရိဟွမ်းကို လက်ထပ်ဖို့ တောင်းဆိုမယ်။
ကျန်းယွီဟွေ့ကတော့ ငါ့လမ်းကြောင်းပေါ်က အနှောင့်အယှက်ပဲ။’
ကျုံးချူရှန်းက ကြက်ပေါင်ကို ဝါးရင်း ကျိုးဝမ်ရှူကို လှမ်းပြောနေပြန်သည်။
"ဒီနေ့ကစပြီး ယောင်ကွမ်းက ငါ့ရဲ့ ညီမအရင်းပဲ။ ဒီရက်ပိုင်းတွေအတွင်း အသားဆိုတာ အခုမှပဲ စားရတော့တယ်၊ တကယ်ကို ကြာလှနေပြီကွာ"
ကျိုးဝမ်ရှူက အစားအစာများကို ဖြည်းဖြည်းချင်း စားနေခဲ့သည်။
"ဒီည ကပွဲခန်းမကို သွားကြရအောင်"
ထိုစကားက ကျုံးချူရှန်းကို သီးလုနီးပါး ဖြစ်သွားစေသည်။
"ညီလေးရာ... အခုနောက်ပိုင်း စစ်ဆေးတာတွေက တော်တော်တင်းကျပ်နေတာနော်"
"သာမန်ဆိုရင်တော့ အန္တရာယ်များတယ်လို့ ထင်စရာရှိပေမဲ့ ဒီစားပွဲအပြီးမှာ ငါတို့အတွက် အကူအညီတွေ အများကြီး ရှိသွားပြီ။ ရှောင်းယန်ချီကို ထိန်းထားပေးဖို့ သူတို့ကို အကူအညီတောင်းလို့ ရတယ်"
ကျုံးချူရှန်းက လက်မထောင်ပြလိုက်သည်။
စူးယောင်ကွမ်းက သူ ကျောင်းတွင် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်နှင့် နေထိုင်ရ ပိုမိုချောမွေ့စေရန်အတွက် အစားအစာများကို ပို့ပေးခြင်းဖြစ်သည်။
‘ဒီကောင်လေးကတော့ လူတွေကို အသုံးချတတ်လွန်းတယ်။ စားစရာတွေ စရောက်လာတာနဲ့ စားတဲ့သူတွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို တွေးပြီးနေပြီ။ အရင်က သူ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ သိုးငယ်လေးတစ်ကောင်လို့ ထင်ခဲ့မိတာ၊ အခုကြည့်ရတာတော့ သူက သိုးရေခြုံထားတဲ့ ဝံပုလွေပဲ’
"သေချာတာပေါ့၊ သူတို့ကိုလည်း အလကား ခိုင်းမှာ မဟုတ်ပါဘူး။ ရှောင်းယန်ချီကို ထိန်းထားပေးရင် တစ်ယောက်ကို ကြေးပြားဆယ်ပြားစီ ပေးမှာပါ"
"ဒါက အကောင်းဆုံးပဲ။ သူတို့အားလုံးက ဆင်းရဲတဲ့ ကျောင်းသားတွေချည်းပဲ၊ မိသားစုတွေကလည်း သူတို့ ပညာတတ်ဖို့အတွက် ရှိသအမျှ သုံးထားကြတာ"
ကျုံးချူရှန်းက ထောက်ခံလိုက်သည်။
"ငါ သူတို့ကို နောက်မှ ပြောပြလိုက်မယ်"
"အပြင်မှာ ငါတို့ ဘာလုပ်နေလဲလို့ မေးလာရင် ငါ အလုပ်တစ်ခု ရှာထားတယ်၊ မိသားစုဝင်ငွေကို ဖြည့်ဖို့ ပိုက်ဆံရှာချင်လို့ပဲ ပြောလိုက်"
သူတို့အားလုံးက ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ ဖြစ်ကြသည့်အတွက် သူ့ကို အခက်အခဲ မဖြစ်စေရုံသာမက နားလည်ပေးကြမည် ဖြစ်သည်။
မည်သို့ဆိုစေကာမူ သူက စူးယောင်ကွမ်း ဝယ်ယူထားသည့် သားမက်တစ်ယောက် ဖြစ်နေသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ စူးယောင်ကွမ်းက ရက်ရောသယောင် ရှိသော်လည်း သူမ၏ ငွေကြေးက သူ့ပိုင်ဆိုင်မှု မဟုတ်ချေ။ သူ့အနေဖြင့် ပညာသင်စရိတ်အတွက် ကိုယ်ပိုင်လုပ်အားဖြင့် ငွေရှာချင်သည်ပုံမှန် ဖြစ်ပြီး လူတိုင်း နားလည်ပေးနိုင်မည့်အချက် ဖြစ်သည်။ သူ့ကိုယ်သူ အားကိုးပြီး ကြိုးစားတတ်သည့် ပုံရိပ်ကို တည်ဆောက်ခြင်းအားဖြင့် သူတို့ကြားထဲတွင် ပိုမိုလွယ်ကူစွာ ရောနှောဝင်ဆံ့နိုင်မည်ကို ကျိုးဝမ်ရှူ အတပ်သိနေခဲ့သည်။