← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆ လေကို ငှားရမ်း အသုံးချခြင်း

ကျင်းလဲ့ဖန့်ရှိ ဖောက်သည်များက ငွေကြေးမချို့တဲ့သူများ ဖြစ်ကြသော်လည်း သူတစ်ပါးထံမှ အလိမ်ခံရခြင်းကိုတော့ မနှစ်မြို့ကြချေ။ ဈေးသက်သာသော အခြားရွေးချယ်စရာ ပစ္စည်းမျိုးရှိနေသည်ကို သိလိုက်ရချိန်တွင် အရည်အသွေးတူ ပစ္စည်းကို ဈေးသက်သက်သာသာဖြင့် ဝယ်ယူလိုကြသည်က လူ့သဘာဝပင်။

"မမလေး၊ ရှင် ပြောတဲ့ 'ထောင်ယောင်ဖန့်'က ဘယ်နားမှာလဲ"

စူးယောင်ကွမ်းက နှုတ်ခမ်းလေးကို တွန့်ကွေးကာ အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"ထောင်ယောင်ဖန့်က ဆိုင်မဖွင့်သေးပါဘူး၊ ဒါပေမဲ့ လက်ရှိမှာ သူတို့ပစ္စည်းတွေကို 'ပျင့်ရှို့' အဝတ်အထည်ဆိုင်မှာ ရောင်းပေးနေတာပါ။ ဝယ်ချင်တယ်ဆိုရင်တော့ အမြန်သွားမှ ဖြစ်မယ်၊ လက်ကျန်ပစ္စည်းက သိပ်မကျန်တော့ဘူး"

"ငါ အခုချက်ချင်း သွားတော့မယ်"

"ကျွန်မလည်း လိုက်မယ်"

"ငါတို့ ဒီပစ္စည်းတွေ မယူတော့ဘူး။ ဘာလို့ တစ်ထပ်တည်းတူနေတဲ့ ပစ္စည်းကို ဈေးနှစ်ဆပေးပြီး ဝယ်ရမှာလဲ၊ ငါတို့က အရူးတွေမှ မဟုတ်တာ"

ဖောက်သည်များက တစ်ယောက်ပြီး တစ်ယောက် ပစ္စည်းများကို ချထားခဲ့ပြီး ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။

"မသွားကြနဲ့... မသွားကြပါနဲ့"

ဆိုင်ဝန်ထမ်းများက စူးယောင်ကွမ်းကို ရန်လိုသော အကြည့်များဖြင့် ကြည့်လိုက်ပြီး မာမာထန်ထန် မေးမြန်းနေကြသည်။

"မင်းက ဘယ်သူမို့လို့လဲ၊ ဘာလို့ ငါတို့လုပ်ငန်းကို ဖျက်ဆီးနေတာလဲ"

စူးယောင်ကွမ်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"ကျွန်မက အမှန်အတိုင်း ပြောလိုက်တာပါ။ ရှင်တို့လုပ်ငန်း ပျက်သွားတာက ရှင်တို့ရဲ့ ကိုယ်တိုင်အမှားကြောင့်ပဲ။ ချွန်းနီ... သွားကြမယ်"

"ငါတို့လုပ်ငန်းကို ဖျက်ဆီးပြီးတော့ ဒီအတိုင်း ထွက်သွားမလို့လား"

ဆိုင်ဝန်ထမ်းများက တံခါးကို ပိတ်ကာ သူမတို့နှစ်ယောက်၏ လမ်းကို ပိတ်ဆို့လိုက်ကြသည်။

ဒုန်း... ဒုန်း...

တံခါးကို အတင်းအကျပ် ပိတ်လိုက်သံကြောင့် ကျားချွန်းနီက စူးယောင်ကွမ်း၏ လက်မောင်းကို ကြောက်လန့်တကြား ဆွဲကိုင်လိုက်သည်။

"ဝမ်းကွဲအစ်မ၊ ဘယ်လိုလုပ်ကြမလဲ"

စူးယောင်ကွမ်းက သူမကို အသာပုတ်ကာ ပြန်ပြောလိုက်သည်။

"ခနနေလို့ တိုက်ခိုက်ကြရင် ဘေးကို ရှောင်နေ။ ကျန်တာကို ငါ့တာဝန်ထားလိုက်"

"ဘာဖြစ်တာလဲ"

အတွင်းပိုင်းမှ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။

"တာဝန်ခံ၊ ဒီကောင်မလေးနှစ်ယောက်က ကျွန်မတို့လုပ်ငန်းကို ဖျက်ဆီးနေလို့ပါ"

ဆိုင်အကူတစ်ဦးက တာဝန်ခံ၏ အနားသို့ ကပ်သွားကာ ဖြစ်ကြောင်းကုန်စင်ကို တိုးတိုးလေး တိုင်ကြားလိုက်သည်။

တာဝန်ခံက စူးယောင်ကွမ်းကို အကဲခတ်ကြည့်ပြီး တည်ငြိမ်စွာ စပြောလိုက်သည်။

"မင်းတို့က ထောင်ယောင်ဖန့်က မဟုတ်လား"

စူးယောင်ကွမ်းက မထီတရီ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မတို့က မတရားတာကို မခံနိုင်လို့ ဝင်ပြောရုံပါ။ တာဝန်ခံ၊ ကျင်းလဲ့ဖန့်လို ဆိုင်ကြီးက ဖောက်သည်တွေကို ဒီလို လှည့်ဖြားနေလို့ ဖြစ်ပါ့မလား၊ ဒါတွေက တကယ်ပဲ ကျင်းလဲ့ဖန့်က ထုတ်တဲ့ ပစ္စည်းတွေ ဟုတ်လို့လား"

သူမက ခပ်ပြတ်ပြတ် ဆက်ပြောလိုက်သည်။

"ရှင်တို့ အာဏာနဲ့ လူအင်အားသုံးပြီး ဒီနေ့ ကျွန်မတို့ကို ဖိအားပေးမယ်ဆိုရင်တော့ ဒီကိစ္စ ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး။ ကျွန်မတို့ ဒီထဲကို မဝင်ခင်ကတည်းက အပြင်မှာ လူတွေကို စောင့်ကြည့်ခိုင်းထားတာ။ ကျွန်မတို့ ဒီကနေ ဘေးမသီရန်မခ ထွက်မသွားနိုင်ရင် ဒီကိစ္စက တရားရုံးအထိ ရောက်သွားနိုင်တယ်နော်"

"တံခါး ဖွင့်ပြီး သူတို့ကို လွှတ်ပေးလိုက်"

တာဝန်ခံက လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

ဝန်ထမ်းများကလည်း သူ့အမိန့်ကို မလွန်ဆန်ရဲသဖြင့် တံခါးကို ဖွင့်ပေးလိုက်ရသည်။ စူးယောင်ကွမ်းက ကျားချွန်းနီကို ဆွဲခေါ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

လမ်းမပေါ်သို့ ရောက်မှသာ ကျားချွန်းနီတစ်ယောက် သတိဝင်လာပြီး စူးယောင်ကွမ်း၏ လက်မောင်းကို လှုပ်ခါကာ တလေးတစား ပြောနေရှာသည်။

"ဝမ်းကွဲအစ်မ၊ အစ်မက အရမ်းတော်တာပဲ၊ အစ်မက သူတို့ကို ခြိမ်းခြောက်လိုက်တာနဲ့ သူတို့က ချက်ချင်း လွှတ်ပေးလိုက်တာပဲ"

"ငါ သူတို့ကို ခြိမ်းခြောက်လိုက်ရုံသက်သက်နဲ့ လွှတ်ပေးလိုက်တော့ မဟုတ်ပါဘူး။ ကျင်းလဲ့ဖန့်က သူတို့ရဲ့ ဂုဏ်သိက္ခာကို အရင်းအနှီး ပြုပြီး လောင်းကြေးထပ်ဖို့ မဝံ့မရဲ ဖြစ်နေတာပါ။ ကျင်းလဲ့ဖန့်ဆိုတာက ဒီနေရာရဲ့ နာမည်ကြီးဆိုင်တစ်ဆိုင်လေ၊ ဂုဏ်သိက္ခာက အသက်နဲ့ တူတယ်။ ဒီနေ့ဖြစ်ရပ်ကြောင့် သူတို့ဆိုင် နာမည်ပျက်သွားခဲ့ရင် တာဝန်ရှိသူတွေ အများကြီးရဲ့ ဂုဏ်သိက္ခာတွေပါ တစ်ပါတည်း ပျက်စီးသွားနိုင်တယ်လေ"

စူးယောင်ကွမ်းက ကျင်းလဲ့ဖန့်ဘက်ကို လှည့်ကြည့်ရင်း ရှင်းပြလိုက်သည်။

"သွားကြစို့"

......။.....။.....

ကျင်းလဲ့ဖန့်ဆိုင်၏ အနောက်ဘက်မှ ခြံဝင်းထဲတွင်...

ဘုန်း!

ထုန်ဖူက ထုန်လု၏ မျက်နှာကို အားပါးတရ ရိုက်ချလိုက်သည်။ ထုန်လုကတော့ အပြစ်လုပ်မိထားသည့် ကလေးတစ်ယောက်လို ဖြစ်နေကာ သူ့မျက်နှာကို လက်ဖြင့် အုပ်ထားပြီး တုပ်တုပ်မျှ မလှုပ်ရဲဘဲ ခေါင်းငုံ့နေရှာသည်။

"ဒီနောက်ပိုင်း မင်းမှာ အရည်အချင်းရှိလာပါလားလို့ ငါက အထင်ကြီးနေတာ။ တကယ်တမ်းကျတော့ တခြားနေရာက ပစ္စည်းတွေ ဝယ်ပြီး တံဆိပ်တွေကို ခွာ၊ ပြန်ကပ်၊ နာမည်အတုတွေ တပ်ပြီး ပြန်ရောင်းနေတာကိုး။ မင်းက ကျင်းလဲ့ဖန့်ကို ဖျက်ဆီးပစ်ချင်နေတာလား၊ သခင်သာ သိသွားရင်.... မင်းမှာ ခေါင်းဘယ်နှစ်လုံးရှိလို့ ဒီလိုလုပ်ရဲတာလဲ"

"အစ်ကိုကြီး... ကျွန်တော်လည်း မတတ်သာလို့ပါဗျာ။ သခင်က ကျွန်တော့်ကို ဖိအားပေးနေတာလေ၊ ဆိုင်က လက်မှုပညာရှင်တွေကလည်း ပစ္စည်းအသစ်တွေ မထုတ်နိုင်ကြဘူး။ ကျွန်တော်က အဲ့ဒီကျေးလက်က မိန်းကလေးတွေ ထုတ်တဲ့ပစ္စည်းတွေကို စမ်းသပ်ကြည့်ဖို့ ရည်ရွယ်ခဲ့တာပါ၊ ဒါပေမဲ့ အဲ့ဒီလူတွေက သူတို့ရဲ့ ဖော်စပ်နည်းအတိုင်း မတုပနိုင်ကြဘူး။ အဲ့ဒါနဲ့ ကျွန်တော် တွေးလိုက်တာက... ကျင်းလဲ့ဖန့်ရဲ့ ပစ္စည်းတွေကို အဲ့ဒီတောသားတွေ ဝယ်နိုင်မှာမှ မဟုတ်တာ၊ အဲ့ဒီအစား သူတို့ဆီကနေ တိုက်ရိုက်ဝယ်ပြီး အမြတ်တင်ရောင်းတာက ပိုမလွယ်ဘူးလား၊ ဒါဆိုရင် အမြတ်က အဆပေါင်းများစွာ ရမှာလေ"

"အခုတော့ မင်း အမြတ်လည်း မရဘူး၊ ရှိတဲ့ ဖောက်သည်တွေပါ အကုန်ဆုံးရှုံးသွားပြီ။ ဒါကို ဘာလို့ခေါ်လဲ သိလား၊ 'ကြက်ကို ခိုးဖို့ ကြိုးစားရင်း ဆန်ပါ ဆုံးရှုံးသွားတယ်' ဆိုတာ ဒါမျိုးပဲ"

ထုန်ဖူက မဲ့ပြုံး ပြုံးရင်း ဆက်ပြောနေသည်။

"မင်း ဘယ်နည်းပဲသုံးသုံး နောက်တစ်လအတွင်း ပစ္စည်းအသစ်တွေ ထပ်ထုတ်ပြီး ဖောက်သည်တွေကို ပြန်ဆွဲဆောင်ရမယ်"

ထုန်ဖူ ထွက်သွားပြီးနောက် ထုန်လု၏ ရိုးအသော မျက်နှာပေါ်တွင် ရက်စက်သော အငွေ့အသက်များ ပေါ်လာခဲ့သည်။

သူက ယုံကြည်စိတ်ချရသည့် လူယုံတော်ကို လက်ယက်ခေါ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

" မင်း 'ကျင်းရှို့' အဝတ်အထည်ဆိုင်ကို သွားပြီး အခြေအနေကို စုံစမ်းလိုက်"

.....။.....။...

ကျင်းရှို့ အဝတ်အထည်ဆိုင်...

နောက်ဆုံး ဝယ်သူကို လိုက်ပို့ပေးပြီးနောက်တွင် ချွမ်းအော်က သစ်သားသေတ္တာတစ်လုံးကို ကိုင်ကာ အနောက်ဘက်သို့ ထွက်လာခဲ့သည်။ သူမက ဝတ်စုံလှလှလေး ပြောင်းဝတ်ထားသည့် စူးယောင်ကွမ်းကို ကြည့်ကာ ဝမ်းသာအားရ လှမ်းပြောလိုက်သည်။

"ညီမယောင်ကွမ်း... နင်က တကယ်ကို တော်တာပဲ၊ ဒီနေ့ပို့ထားတဲ့ ပစ္စည်းတွေ အကုန်ရောင်းကုန်ရုံတင်မကဘူး၊ အစုံလိုက်ဝယ်မယ့် အမှာစာ အကြီးစား သုံးဆယ်တောင် ထပ်ရလိုက်သေးတယ်"

ကျားချွန်းနီကလည်း ပျော်ရွှင်စွာ ဝင်ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မတို့လည်း အလုပ်တွေ ထပ်လုပ်ရဦးမှာပေါ့နော်"

သူမ၏ ဝမ်းကွဲစူးယောင်ကွမ်းက စွမ်းဆောင်နိုင်လေ၊ သူမတို့အတွက် အကျိုးရှိလေလေ ဖြစ်မှန်း သူမ နားလည်နေသည်။ ကျားချွန်းနီက သူမအနေဖြင့် သူမ၏ဝမ်းကွဲအစ်မလောက် မတော်မှန်း သူမကိုယ်တိုင် နားလည်ထားသည်။ သူမ ပိုက်ဆံများများ မရှာနိုင်သည့်တိုင် သူမ၏ အစ်မဝမ်းကွဲနောက်သို့ လိုက်ကာ အလုပ်လုပ်ရင်း လုပ်ခရသည့်ဘဝကို သူမက အိမ်မက်တစ်ခုလို သဘောထားနေရှာသည်။

စူးယောင်ကွမ်းကတော့ အမှာစာ စာရင်းကို စိုက်ကြည့်ရင်း တစ်ခုခုကို တွေးနေခဲ့သည်။

'ကျင်းလဲ့ဖန့်ကတော့ ဒီအတိုင်း ငြိမ်နေတော့မှာ မဟုတ်ဘူး... နောက်တစ်ဆင့်က ဘာဖြစ်မလဲ'

"ကျေးဇူးတင်ပါတယ်၊ အစ်မချွမ်းအော်"

စူးယောင်ကွမ်းက သစ်သားသေတ္တာကို ဖွင့်ကာ ငွေတစ်လျန်ကို ထုတ်ပေးလိုက်သည်။

ချွမ်းအော်ကလည်း ငြင်းဆန်ခြင်းမရှိဘဲ ငွေကို ချက်ချင်း လက်ခံလိုက်သည်။

"ဒါပေမဲ့ နင် ခုနက ပြောလိုက်တဲ့အတိုင်းဆိုရင် ကျင်းလဲ့ဖန့်ကို စော်ကားသလို ဖြစ်သွားပြီ။ နောက်ပိုင်း သူတို့ဘက်က အနှောင့်အယှက်ပေးလာရင် ဘယ်လိုလုပ်မလဲ"

စူးယောင်ကွမ်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

"သူတို့သာ အလွန်အကျူး မလုပ်ခဲ့ရင် ကျွန်မလည်း ဒီနည်းလမ်းကို သုံးမှာ မဟုတ်ပါဘူး။ သူတို့ကို စော်ကားမိသလို ဖြစ်သွားတာ သိပေမဲ့ ဒီအရှက်ရမှုကို ကျွန်မတို့ ဒီအတိုင်း ခေါင်းငုံ့ခံနေမယ်ဆိုရင် ကိုယ့်အမှတ်တံဆိပ်ကို ဘယ်လို တည်ဆောက်နိုင်တော့မှာလဲ။ ဖြစ်ပြီးသွားပြီဆိုတော့ သူတို့နဲ့ အငြင်းအခုံလုပ်နေမယ့်အစား သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို အခွင့်ကောင်းယူပြီး ကျွန်မတို့အမှတ်တံဆိပ်ကို ကြော်ငြာလိုက်တာက ပိုမကောင်းဘူးလား"

"နင့်က တကယ်ကို ရက်စက်တဲ့ နည်းဗျူဟာကို သုံးခဲ့တာပဲ"

ချွမ်းအော်က ရယ်မောရင်း ဆက်ပြောနေသေးသည်။

"ဒီကိစ္စကို ထားလိုက်ပါတော့။ နင်လည်း မြို့ထဲမှာ အရောင်းအဝယ်တွေ ပိုလုပ်ပြီး ငွေရှာဦးမှာပဲ။ ကျင်းလဲ့ဖန့်က ဘယ်လောက်ပဲ မာန်တက်နေပါစေ၊ တရားသူကြီးရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာတော့ သူတို့လည်း အလွန်အကျူး လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒီမြို့ရဲ့ တရားဥပဒေက အရမ်းတင်းကျပ်ပါတယ်"

"အရောင်းအဝယ်လုပ်ဖို့ကတော့ လိုတာပေါ့၊ ဒါပေမဲ့ ဆိုင်ခန်းဖွင့်ဖို့ကိုလည်း နောက်ဆုတ်လို့ မဖြစ်ဘူး။ ကျွန်မ ဒီနေ့ပဲ မြို့ထဲမှာ ညအိပ်ပြီး မနက်ဖြန်ကျရင် ပွဲစားဆီသွားပြီး ငှားဖို့ ဆိုင်ခန်းရှိမလားဆိုတာ စုံစမ်းကြည့်မယ်"

စူးယောင်ကွမ်းက ထပ်ရှင်းပြလိုက်သည်။

"ကျွန်မ အမေနဲ့ တခြားသူတွေကိုတော့ အိမ်ပြန်လွှတ်လိုက်ပြီ။ ချွန်းနီနဲ့ ကျွန်မပဲ မြို့ထဲမှာ ကျန်ခဲ့မှာ"

"မြို့ထဲမှာ ညအိပ်မှာဆိုရင် ဒီည အစ်မအိမ်မှာ လာတည်းပါလား။ အစ်မရဲ့သားက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆုံးသွားတော့ အခန်းလွတ်လေး ရှိတယ်။ ညီမတို့ စိတ်မရှိဘူးဆိုရင်ပေါ့..."

"အစ်မချွမ်းအော်... ဘာစကားတွေ ပြောနေတာလဲ"

စူးယောင်ကွမ်းက သူမ၏လက်ကို ဆွဲကိုင်ရင်း ထပ်ပြောလိုက်သည်။

"ကျွန်မတို့က ကျေးဇူးတင်ရမှာပါ။ တည်းခိုခန်းမှာ တည်းရင် ငွေကုန်တာပေါ့"

"ဒါဆို ဒီည ဆိုင်ကို စောစောပိတ်ပြီး အစ်မချက်တဲ့ ဟင်းကောင်းတွေ လာစားကြ”

ချွမ်းအော်ကလည်း ဝမ်းသာအားရ ဖိတ်ခေါ်လိုက်သည်။

ကျားချွန်းနီအတွက် မြို့ပေါ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သလို မြို့ပေါ်တွင် ညအိပ်ရမည်ကလည်း ပထမဆုံးပင်။ သူမနှင့် စူးယောင်ကွမ်းတို့က ချွမ်းအော်နောက်သို့ လိုက်ကာ ချွမ်းအော်၏ အိမ်သို့ ရောက်လာခဲ့ကြသည်။

ချွမ်းအော်၏ 'ကျင်းရှို့' အဝတ်အထည်ဆိုင်က သူမကိုယ်ပိုင်မဟုတ်ဘဲ ငှားရမ်းထားခြင်း ဖြစ်သည်။ သူမတွင်လည်း မြို့ငယ်လေး၌ ကိုယ်ပိုင်အိမ် ရှိသော်လည်း မြို့စွန်နေရာတွင်သာ ဖြစ်သဖြင့် အလုပ်သမားလူတန်းစားများ နေထိုင်ရာ နေရာဟု သတ်မှတ်နိုင်သည်။

အိမ်က မကြီးမားလှသဖြင့် လမ်းကြားထဲမှ အသံများအားလုံးကို ကြားနေရသည်။ ကလေးတစ်ယောက်ကို ရိုက်နေသည့်အသံ၊ ခွေးဟောင်သံ၊ ယောက္ခမနှင့် ချွေးမတို့ ငြင်းခုံနေသည့်အသံများကို အတိုင်းသား ကြားနေရသည်။

ချွမ်းအော်က သူမတို့ကို သတိပေးလိုက်သည်။

"အဲ့ဒီလူတွေကို ဂရုမစိုက်ပါနဲ့။ တံခါးပိတ်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပေါ့။ သူတို့ဘာသာ သူတို့ ငြင်းခုန်ကြလိမ့်မယ်၊ ငါတို့ ဝင်ပါဖို့ မလိုဘူး"

All Chapters