← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇ ကပွဲခန်းမ

ကျားချွန်းနီက ဟင်းချက်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ချွမ်းအော် ဟင်းချက်ရာ၌ ကူညီပေးလိုက်ရာ ချွမ်းအော်၏ ချီးကျူးစကားများစွာကို ရရှိခဲ့သည်။

နောက်ဆုံးတွင် ချွမ်းအော်က ကျားချွန်းနီကို အဓိကစားဖိုမှူးနေရာ ပေးအပ်လိုက်ပြီး သူမနှင့် စူးယောင်ကွမ်းကတော့ လက်ထောက်များအဖြစ် ကူညီပေးနေကြသည်။

"အစ်မချွမ်းအော်... ဒီည အစ်မယောက်ျား အိမ်ပြန်မလာဘူးလား"

"သူက သက်တော်စောင့်လေ၊ တာဝန်တစ်ခုနဲ့ အပြင်ထွက်သွားတယ်၊ လအနည်းငယ်ကြာမှ ပြန်လာမှာ"

ချွမ်းအော်က ဆက်ရှင်းပြနေသည်။

"ငါလည်း တစ်ယောက်တည်းနေတာ အကျင့်ဖြစ်နေပါပြီ။ သူ ရှိရှိ၊ မရှိရှိ ငါ့ဘာသာ နေနိုင်ပါတယ်"

စူးယောင်ကွမ်းက ချွမ်းအော်၏ ထူးဆန်းသော အမူအရာကို သတိထားမိလိုက်သော်လည်း ဆက်မေးမနေတော့ပေ။ ထို့နောက် သူမတို့က လုပ်ငန်းကိစ္စများအကြောင်းနှင့် အဝတ်အထည်ဆိုင်ရှိ အဝတ်အစားများအကြောင်း ဆွေးနွေးခဲ့ကြသည်။

"ဒီအဝတ်အစားတွေက ပုံစံနည်းနည်း ခေတ်နောက်ကျနေပေမဲ့ အထည်အသားနဲ့ လက်ရာကတော့ တကယ်ကို ကောင်းပါတယ်။ ကျွန်မ နောက်မှ ပုံစံအသစ်တွေ ထပ်ဆွဲပေးမယ်၊ အစ်မက အဲဒီအတိုင်း ပြန်ချုပ်ပေါ့။ ပြီးရင် အရောင်းအဝယ် သိပ်မကောင်းတဲ့ ပုံစံတွေကို 'နှစ်ခုဝယ် တစ်ခုလက်ဆောင်' လုပ်ပေးပြီး လက်ကျန်တွေကို အကုန်ရှင်းလိုက်။ ပြီးမှ ပိုကောင်းတဲ့ အထည်အလိပ်တွေနဲ့ ဒီထက်ပိုလှတဲ့ အဝတ်အစားတွေ ချုပ်ပြီး ရောင်းကြမယ်၊ ဒီနေရာမှာ အရောင်းရဆုံး ဆိုင်ဖြစ်အောင် လုပ်ကြတာပေါ့"

"ညီမယောင်ကွမ်းနဲ့ တွေ့ပြီးကတည်းကပဲ ငါက ဒီလုပ်ငန်းနဲ့ မကိုက်ညီဘူးဆိုတာ သဘောပေါက်သွားတယ်"

"ဘာလို့ မကိုက်ညီရမှာလဲ အစ်မချွမ်းအော်ရဲ့"

"ငါက လှပတဲ့အရာတွေကို အကဲဖြတ်တဲ့နေရာမှာ မကျွမ်းကျင်လို့လေ။ နင့်လိုမျိုး အလှအပနဲ့ ပတ်သတ်တဲ့ အမြင်သာရှိရင် ငါ ဒီဆိုင်ကို ဒီလိုပုံစံမျိုး ဖြစ်အောင် လုပ်မိမှာ မဟုတ်ဘူး။ ဒါကြောင့် နင်က ငါ့ရဲ့ ကံကောင်းခြင်း နတ်သမီးလေးလို့ ပြောတာပေါ့"

"အစ်မရယ်... ကိုယ့်ကိုယ်ကိုယ် အဲ့လောက် မနှိမ့်ချပါနဲ့။ အစ်မလည်း ဒီလုပ်ငန်းမှာ နှစ်ပေါင်းများစွာ ရပ်တည်လာနိုင်ခဲ့တာပဲ၊ မကိုက်ညီဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ဘာပဲလုပ်လုပ် စိတ်ပါလက်ပါ လုပ်မယ်ဆိုရင် အမြဲတမ်း အောင်မြင်နိုင်ပါတယ်။ ဒီလောကမှာ ပညာရှင်တွေဆိုတာ နည်းနည်းလေးပါ၊ လူအများစုကတော့ ကြိုးစားမှုနဲ့ပဲ ကိုယ့်ရဲ့အားနည်းချက်တွေကို ဖုံးကွယ်ကြတာပါ။ အစ်မက ကျွန်မ အင်္ကျီပုံစံတွေ ဆွဲနိုင်တာကိုပဲ မြင်နေရပေမဲ့ အဲဒီအတွက် ကျွန်မ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲဆိုတာ မသိသေးပါဘူး"

စူးယောင်ကွမ်းက သူမကို အားပေးနှစ်သိမ့်နေမှန်း ချွမ်းအော် နားလည်သွားပြီး သူမ၏ စေတနာကို လက်ခံလိုက်သည်။

အမျိုးသမီး သုံးဦးတို့က ရိုးရှင်းသော အခန်းလေးထဲတွင် ဟင်းပွဲသုံးပွဲနှင့် ဟင်းရည်တစ်ခွက် ချက်ပြုတ်ကာ ပျော်ပျော်ရွှင်ရွှင် ညစာစားခဲ့ကြသည်။

ညစာစားပြီးနောက် စူးယောင်ကွမ်းက ညဈေးတန်းသို့ လျှောက်လည်ချင်စိတ် ပေါ်လာခဲ့သည်။ ချွမ်းအော်က ဤကဲ့သို့ ညဈေးများကို မကြာခဏ မြင်ဖူးပြီး ဖြစ်သဖြင့် စျေးဝယ်ရသည်ကို စိတ်မဝင်စားတော့ဘဲ သူမတို့ဘာသာ လျှောက်လည်ခိုင်းလိုက်သည်။ ထို့ကြောင့် စူးယောင်ကွမ်းက ကျားချွန်းနီကို ခေါ်ကာ ဈေးတန်းသို့ ထွက်လာခဲ့သည်။

"ဝမ်းကွဲအစ်မ... မြို့ထဲမှာ ညဘက် ဒီလောက်တောင် စည်ကားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ လူတွေလည်း အများကြီး၊ စားစရာတွေကလည်း အစုံပဲ၊ ကျွန်မ ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး"

"ဆိုင်ရှင်... နှစ်ယောက်စာ ပြင်ပေးပါဦး"

"မလိုပါဘူး ဝမ်းကွဲအစ်မရယ်၊ ခုနကပဲ ညစာ စားထားတာ၊ ကျွန်မ ဗိုက်မဆာတော့ဘူး"

"ဝယ်ပြီးသွားပြီပဲ စားလိုက်ပါ၊ ငါလည်း တစ်ခါမှ မစားဖူးဘူး၊ ငါ တကယ် စမ်းစားကြည့်ချင်လို့ပါ"

ကျားချွန်းနီ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဒါဆိုလည်း ကျွန်မ ဝမ်းကွဲအစ်မနဲ့အတူ စားပါ့မယ်"

ကျားချွန်းနီက အသက်ဆယ့်သုံးနှစ်အရွယ်သာ ရှိသေးပြီး ပိန်လွန်းသောကြောင့် ဆယ်နှစ်အရွယ် မိန်းကလေးတစ်ယောက်နှင့်ပင် တူနေသေးသည်။ သူမ စရောက်ခါစက ကြောက်လန့်နေသော ယုန်ပေါက်စလေးနှင့် တူနေခဲ့သည်။ လူတစ်ယောက်က အသံနည်းနည်း ကျယ်ကျယ်ပြောလိုက်သည်နှင့် သူမ လန့်သွားတတ်ပြီး အိမ်မှ မောင်းထုတ်ခံရမည်ကို စိုးရိမ်နေတတ်သည်။ ထိုကြောင့်ပင် စူးယောင်ကွမ်းလည်း မည်မျှ အလျင်စလို ဖြစ်ပြီး အလုပ်များနေပါစေ၊ သူမ မလန့်သွားစေရန် အသံနေအသံထားကို ဂရုစိုက်ခဲ့ရသည်။

ယခုအချိန်တွင်တော့ သူမ၏ မျက်နှာပေါ်တွင် ကလေးတစ်ယောက်၏ ရိုးသားဖြူစင်သော အပြုံးလေးများ ပေါ်လာခဲ့ချေပြီ။ စူးယောင်ကွမ်းက တစ်ခုခုပေးလျှင်လည်း ယခင်ကဲ့သို့ တုန်လှုပ်ခြောက်ခြားမနေတော့ဘဲ စူးယောင်ကွမ်းကို အကဲခတ်ရုံသာ ပြုလုပ်တော့သည်။

"ကပွဲခန်းမ"

စူးယောင်ကွမ်းက ဆိုင်းဘုတ်တစ်ခုရှေ့တွင် ရပ်ကာ ရေရွတ်လိုက်သည်။

"ဝမ်းကွဲအစ်မ... ဒီနေရာက အရမ်းဈေးကြီးပုံရတယ်"

ကျားချွန်းနီက အဝင်အထွက်ရှိနေသော လူများကို ကြည့်ကာ မျက်နှာရဲရဲလေးဖြင့် ထပ်ပြောလိုက်သေးသည်။

"ပြီးတော့ ဒီနေရာကို လာတဲ့သူတွေက အများစုကလည်း ယောက်ျားလေးတွေချည်းပဲ"

"ဒါက ကပွဲခန်းမပါ၊ ပြည့်တန်ဆာအိမ် မဟုတ်ဘူးလေ။ ဒီလောက်ထိ စိုးရိမ်နေစရာ မလိုပါဘူး"

စူးယောင်ကွမ်းက လမ်းတစ်ဖက်တွင် ရောင်းချနေသော မျက်နှာဖုံးပဝါများကို မြင်သွားပြီး နှစ်ခုဝယ်ယူလိုက်သည်။ ထို့နောက် ကျားချွန်းနီ၏မျက်နှာနှင့် သူမ၏ မျက်နှာကို ဖုံးကွယ်လိုက်ပြီး ကပွဲခန်းမထဲသို့ ဝင်လာခဲ့သည်။

အထဲသို့ ရောက်လာချိန်တွင် အများစုက အမျိုးသားများ ဖြစ်နေပြီး ရှိနေသည့် အမျိုးသမီးအနည်းငယ်ကလည်း အလွန်အမင်း ရဲတင်းကာ မော်ကြွားနေကြသဖြင့် သူမတို့က ပေါ့ပေါ့တန်တန် ပြုမူတတ်ကြပြီး ယဉ်ကျေးသိမ်မွေ့မှု မရှိမှန်း သိသာထင်ရှားနေသည်။

စူးယောင်ကွမ်းနှင့် ကျားချွန်းနီတို့ ထိုင်လိုက်သည်နှင့် ယောက်ျားတစ်ယောက်က သူမတို့ဆီသို့ ချက်ချင်းဆိုသလို ရောက်လာပြီး စနောက်နေလေသည်။

"ညီမလေးတို့... ဒီလိုနေရာကို ရောက်လာမှတော့ ဘာလို့ မျက်နှာဖုံးပုဝါတွေ အုပ်ထားတာလဲ၊ အဲဒါတွေကို ဖယ်လိုက်စမ်းပါ၊ ဒီအစ်ကိုကြီးကို မျက်နှာလေး ပြပါဦး။ ဒီနေ့ သောက်သမျှ အကုန်လုံးကို ဒီအစ်ကိုကြီး ရှင်းပေးမယ်လေ"

ထိုလူ သူ့လက်ကို ဆန့်ထုတ်လိုက်ချိန်တွင် စူးယောင်ကွမ်းက သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ "ဂျွတ်" ဆိုသည့် အသံနှင့်အတူ ထိုလူ၏ အော်ဟစ်သံကိုပါ ကြားလိုက်ရသည်။

"မမလေး... ကျေးဇူးပြုပြီး လွှတ်ပေးပါ"

အသံကြားသဖြင့် တာဝန်ခံက ပြေးလာပြီး ဝင်ရောက်တားဆီးပေးနေသည်။

"ကျွန်တော်တို့ရဲ့ အပေါ်ထပ်မှာ သီးသန့်အခန်းတွေ ရှိပါတယ်။ မမလေးတို့ နှစ်ယောက် အပေါ်ထပ်သွားပြီး သီချင်းနားထောင်ရင်း အကအလှလေးတွေ ကြည့်တာက ပိုကောင်းမယ် မထင်ဘူးလား"

စူးယောင်ကွမ်းက ထိုလူ၏လက်ကို လွှတ်ပေးလိုက်သည်။

ထိုလူက ကြမ်းပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားပြီး နာကျင်လွန်းသဖြင့် ညည်းညူနေလေသည်။

စူးယောင်ကွမ်းက တည်တည်ငြိမ်ငြိမ် လှမ်းပြောလိုက်သည်။

"ဒါက ကပွဲခန်းမလေ။ ယောက်ျားရော၊ မိန်းမပါ ဒီမှာ ပျော်ရွှင်ခွင့် ရှိကြတာပဲ။ ကျွန်မ မိန်းကလေး ဖြစ်နေတာက ဘာဖြစ်လဲ၊ မိန်းကလေးတွေမှာ သီချင်းနားထောင်ခွင့်၊ အက ကြည့်ခွင့် မရှိဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ"

ထိုသို့ ပြောပြီးနောက် သူမက ကျားချွန်းနီကို ခေါ်ကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။

သူမ အပေါ်ထပ်သို့ တက်လာစဉ်တွင် မျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်နှင့် တိုးမိပြန်သည်။

စူးယောင်ကွမ်းက အပေါ်သို့ တက်လာပြီး ထိုလူက ရေအိမ်သို့ သွားရန် အောက်သို့ ဆင်းလာခြင်းဖြစ်သည်။ သူမတို့ ဝင်တိုးမိသွားသည့်အချိန်တွင် စူးယောင်ကွမ်းတစ်ယောက် ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားရသည်။ ထိုလူက သူမ၏ လက်ကောက်ဝတ်ကို အမှတ်တမဲ့ လှမ်းဖမ်းလိုက်သည်။ အစပိုင်းတွင် ထိုလူက ရွှံ့ရှာဟန်ဖြင့် သူမ၏ လက်ကို ချက်ချင်း ပြန်လွှတ်ပေးရန် ကြံရွယ်ခဲ့သော်လည်း မျက်နှာဖုံး လွင့်ပျံသွားသည့်အချိန်တွင် သူမ၏ မျက်နှာကို မြင်သွားခဲ့သည်။

သူက သူမ၏လက်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အပေါ်သို့ ဆွဲတင်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

စူးယောင်ကွမ်းက ကျေးဇူးတင်စကား ပြောလိုက်ပြီး အရှက်ပြေ ထပ်ပြောလိုက်သည်။

"ဒီလှေကားက အရမ်းကျဉ်းနေတာပဲ"

ထိုလူက ခေါင်းညိတ်ပြပြီး အောက်ထပ်သို့ ဆက်ဆင်းသွားသည်။

စူးယောင်ကွမ်းနှင့် ကျားချွန်းနီတို့ အပေါ်ထပ်သို့ ရောက်သွားပြီးနောက် ထိုလူက ထောင့်တစ်နေရာမှ ထွက်လာကာ ခန်းမတာဝန်ခံကို လှမ်းမေးလိုက်သည်။

"ဟိုအမျိုးသမီးနှစ်ယောက်က ဘယ်အခန်းကို သွားမှာလဲ"

"ပျိုနီပန်းအဆောင်ကိုပါ"

တစ်ဖက်မှ ကျုံးချူရှန်းကလည်း အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ရေအိမ်မှ ထွက်လာသော ကျိုးဝမ်ရှူကို ရှာတွေ့သွားခဲ့သည်။

"ညီအစ်ကို... ငါတို့ ကျောင်းကို အမြန်ပြန်မှ ဖြစ်တော့မယ်။ ဒီနေ့ တီးရမယ့် အပိုင်းကို မြန်မြန် သွားတီးတော့"

"ယောင်ကွမ်း ရောက်နေတယ်"

ကျိုးဝမ်ရှူက မျက်မှောင်ကြုတ်ရင်း ဆက်ပြောလိုက်သည်။

"ငါ နည်းနည်း စိုးရိမ်မိတယ်"

"မင်းရဲ့ ဇနီးငယ်လေးလား၊ မင်း တူရိယာ တီးတတ်မှန်း သူ သိလို့လား"

ကျိုးဝမ်ရှူက ခေါင်းခါလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ သူက မင်း တီးတတ်မှန်း မသိသလို၊ မင်းကလည်း မျက်နှာဖုံးစွပ်ထားတော့ မင်း တီးနေမှန်း သူ ဘယ်လိုလုပ် သိနိုင်မှာလဲ"

ကျုံးချူရှန်းက ဆက်ပြောလိုက်သည်။

"မြန်မြန်လုပ်၊ အချိန်မဖြုန်းနဲ့တော့"

ကျိုးဝမ်ရှူက ပျိုနီပန်းအဆောင်ကို ဖြတ်လျှောက်သွားရင်း အတွင်းမှ စကားသံများကို ကြားလိုက်သေးသည်။

"ချွန်းနီ၊ မြန်မြန် လာခဲ့! ဒီကပွဲခန်းမထဲက အကသမားတွေထဲမှာ ယောက်ျားလေးတွေတောင် ပါသေးတယ်၊ ပြီးတော့ သူတို့က အရမ်းကို ချောမောကြတယ်"

ကျိုးဝမ်ရှူ: "..."

‘ဟား... ပိုက်ဆံလေး နည်းနည်း ရလာတော့ ပျော်ပါးဖို့ စတင်ကြတာပေါ့လေ။ မိန်းမတွေဆိုတာလည်း ယောက်ျားတွေနဲ့ အတူတူပါပဲ၊ အခြေခံလိုအပ်ချက်တွေ ပြည့်စုံသွားတာနဲ့ တခြားအတွေးတွေ ရလာကြတော့တာပဲ’

ကျိုးဝမ်ရှူက ဘေးခန်းသို့ ဝင်သွားပြီး ဇီသာရှေ့တွင် ထိုင်ကာ စတင် တီးခတ်လိုက်သည်။ ကျိုးဝမ်ရှူ စတင် တီးခတ်လိုက်သည်နှင့် တစ်ပြိုင်နက် သီချင်းဆိုသံများနှင့် အကများ ရပ်တန့်သွားပြီး အကသမားများက နေရာဖယ်ပေးလိုက်ကြသည်။

ထိုတူရိယာသံကို နားထောင်ရင်း စူးယောင်ကွမ်းတစ်ယောက် တစ်နေ့တာ ပင်ပန်းမှုများ ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ သူမက ထိုင်ခုံပေါ်တွင် မှီထိုင်ရင်း မုန့်များကို စားသုံးနေကာ အတွေးများက ဝေးလံသော အရပ်ဆီသို့ လွင့်မျောသွားခဲ့သည်။

ကျားချွန်းနီက တူရိယာသံကို နားမလည်သော်လည်း အကောင်းအဆိုးကိုတော့ ခွဲခြားနိုင်သည်။

လက်ရှိအချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်နေလေသည်။

စားပွဲထိုးတစ်ယောက်က စူးယောင်ကွမ်း၏ လက်ဖက်ရည်ကို လာဖြည့်ပေးသည်။

စူးယောင်ကွမ်းက သူ့ကို တားပြီး မေးမြန်းလိုက်သည်။

"ဒီတူရိယာသမားရဲ့ နာမည်က ဘယ်သူလဲ၊ သူ့သံစဉ်က တော်တော်ကောင်းတာပဲ"

"ဒီတူရိယာသမားကို သခင်လေးဇီကျန့်လို့ ခေါ်ပါတယ်"

စားပွဲထိုးက အမည်ကို ပြောပြရုံသာမက ထပ်ရှင်းပြနေသေးသည်။

"သူက ကျွန်တော်တို့ အခကြေးငွေ အများကြီးနဲ့ ငှားထားတဲ့ ပညာရှင်ပါ"

"သခင်လေးဇီကျန့်က မကြာခဏ တီးခတ်ပေးတာလား"

"မကြာခဏတော့ မဟုတ်ပါဘူး။ မမလေးတို့ ဒီနေ့ ရောက်လာတာက ကံကောင်းတာပါ။ သူက တစ်ခါတလေမှ လာတာ၊ သူ လာတဲ့အချိန်က အရမ်း ရှားတယ်။ အောက်ထပ်က ဧည့်သည်တွေကို ကြည့်လိုက်လေ၊ အများစုက သူ့အတွက် ရောက်လာကြတာပါ။ သူ ဘယ်တော့ ပေါ်လာမလဲဆိုတာ ဘယ်သူမှ မသိကြပေမယ့် သူ ရောက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လောင်းကြေးထပ်နေကြတာလေ"

ထိုအချိန်တွင် အောက်ထပ်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

"သခင်လေးဇီကျန့်... ကျွန်တော် ခင်ဗျားရဲ့ သံစဉ်တွေကို သဘောကျလို့ ကျွန်တော့်အမေရဲ့ မွေးနေ့ပွဲမှာ လာတီးခတ်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဈေးနှုန်းကို ခင်ဗျားပဲ ပြောလိုက်ပါ"

"စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ရဲ့ သခင်လေးဇီကျန့်က ဘယ်သူ့အိမ်မှာမှ တီးခတ်ပေးမှာ မဟုတ်ပါဘူး"

အခြား တက်ကြွသော ယောက်ျားလေးအသံတစ်ခုကလည်း ဝင်ပြောလိုက်ပြန်သည်။

"ခင်ဗျား တခြားလူပဲ ရှာလိုက်ပါတော့"

All Chapters