အခန်း ၇၈
Vol. 8 Ch. 78
အခန်း ၇၈ သခင်လေးဇီကျန့်
စကားစပြောခဲ့သူက ငွေကြေးချမ်းသာပုံပေါက်ပြီး အသက်အရွယ်ရနေပြီဖြစ်သည့် ဝဝတုတ်တုတ်လူကြီးတစ်ယောက် ဖြစ်သည်။ သူ ဝတ်ဆင်ထားသော တန်ဖိုးကြီးလက်ဝတ်ရတနာများကို ကြည့်ခြင်းအားဖြင့် သူက ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားနေသည်။ ယခု တူရိယာသမားတစ်ယောက်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် သူ၏ ဂုဏ်သိက္ခာ အတော်လေး ထိခိုက်သွားပုံရပြီး သူ့မျက်နှာကြီးပျက်ယွင်းနေလေသည်။
ထိူလူဝကြီး၏ စကားဆုံးသွားသည်နှင့် သူ့ဘေးရှိ အသက်အရွယ်ရနေသော အမျိုးသားအချို့က သူ့ကိုလှောင်ပြောင်သည့် အမူအရာများဖြင့် နှစ်မြို့ဖွယ် စကားများ ပြောဆိုနေကြသည်။ ထိုလူဝကြီးက ပိုရှက်ရွံ့သွားပုံရပြီး စားပွဲကို လက်ဖြင့် ရိုက်ကာ အော်ဟစ်လိုက်သည်။
"မင်းသာ သီချင်းတစ်ပုဒ် တီးခတ်ပေးမယ်ဆိုရင် ငါ ငွေလျန်တစ်ရာ ပေးမယ်"
ကျိုးဝမ်ရှူဘက်မှ ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် ပျိုနီပန်းအဆောင်မှ စူးယောင်ကွမ်းက မနာလိုသည့် လေသံဖြင့် စုတ်သပ်ကာ ရေရွတ်လိုက်သည်။
"သီချင်းတစ်ပုဒ်တီးရင် ငွေလျန်တစ်ရာရမှာလား၊ အဲ့တုန်းက ငါ ဘာလို့ အဲ့ဒီပညာကို မသင်ခဲ့မိပါလိမ့်"
သူမ စာပေပညာရှင်တစ်ယောက်၏ ဇနီးအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရစဉ်က အလှပြင်ခြင်းနှင့် ခင်ပွန်းဖြစ်သူ၏ အကြိုက်ကို ဖြည့်ဆည်းပေးရန်သာ အချိန်ကုန်ခဲ့ပြီး သူမကိုယ်သူမ ရပ်တည်နိုင်မည့် ပညာရပ်မျိုး မသင်ယူခဲ့မိပေ။
‘တကယ့်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ၊ ဒီပညာရပ်တွေက ငွေကြေးအမြတ်အစွန်း အများကြီး ရတာပဲ။’
ကျိုးဝမ်ရှူက စူးယောင်ကွမ်း၏ စကားသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ လောဘကြီးသော သဘောသဘာဝကို မှန်းဆကြည့်ရန် မခဲယဉ်းပေ။
အကယ်၍ သူသာ သူ့အထောက်အထား ပေါ်သွားမည်ကို မကြောက်ခဲ့လျှင် ထိုငွေလျန်တစ်ရာကို သွားယူခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ငွေကြေးက မည်မျှအရေးကြီးကြောင်း သူအသိဆုံးဖြစ်သည်။ ကံမကောင်းစွာဖြင့် တစ်ခါဖြစ်ပြီးလျှင် နောက်ထပ်လည်း ဖြစ်လာတတ်သည်။ အကယ်၍ လူတိုင်းက သူ့ကို ငွေကြေးများဖြင့် လာရောက် ခေါ်ဆောင်မည်ဆိုပါက သူ၏ အထောက်အထားလည်း တစ်နေ့မဟုတ်တစ်နေ့ ပေါ်ပေါက်သွားပေလိမ့်မည်။ ယခုအချိန်တွင် သူ ငွေကို သတိထားရှာဖွေရမည် ဖြစ်ပြီး၊ ထိုကဲ့သို့ အန္တရာယ်များသည့် အလုပ်မျိုးကို သူ လက်မခံနိုင်ပေ။
"လေးစားရတဲ့ ဧည့်သည်တော်ကြီး... ကျွန်တော်က ခင်ဗျားရဲ့မိခင် မွေးနေ့ပွဲကို ဂုဏ်ပြုဖို့ ငြင်းပယ်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်က ကြိုတင် ကတိပေးထားတဲ့ စကားကို ပြန်မရုပ်သိမ်းနိုင်ပါဘူး။ ဒီလိုလုပ်ရင်ကော... ဒီနေ့အတွက်တော့ ခင်ဗျားရဲ့မိခင်အတွက် ကြိုတင်မွေးနေ့လက်ဆောင်အဖြစ် သီချင်းတစ်ပုဒ် တီးခတ်ပေးပါ့မယ်။ ခင်ဗျားကလည်း သားလိမ္မာဖြစ်နေတော့ ဘုန်းတော်ကြီး 'ဝူယန်' စပ်ဆိုထားတဲ့ 'ဗောဓိနှလုံးသားကျမ်း' ကို ခင်ဗျားရဲ့မိခင် ဘေးရန်ကင်းရှင်းပြီး အသက်ရှည်စေဖို့အတွက် လက်ဆောင်အဖြစ် ပေးအပ်ပါ့မယ်"
နူးညံ့သိမ်မွေ့သော အသံပိုင်ရှင်၏ စကားဆုံးသွားသည်နှင့် လူတိုင်း၏ နှလုံးသားထဲသို့ စီးဝင်သွားစေသည့် တည်ငြိမ်အေးချမ်းသော ဗုဒ္ဓဘာသာ ဂီတသံစဉ်များ ထွက်ပေါ်လာသည်။ လူဝကြီးက ပြန်ထိုင်ချလိုက်ပြီး သူ၏ ဒေါသထွက်နေသော မျက်နှာထားကလည်း တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။
စူးယောင်ကွမ်းလည်း သီချင်းသံနှင့်အတူ မျောပါသွားခဲ့ပြီး သူမ သေဆုံးပြီးနောက်ပိုင်း နာကြည်းမှုများ ပြည့်နေသော သူမကိုယ်သူမ ပြန်မြင်ယောင်မိသလို ဖြစ်နေလေသည်။ ဤသီချင်းသံက သူမ၏ အတိတ်ဘဝမှ အဖြစ်အပျက်များစွာကို ပြန်အမှတ်ရစေခဲ့သည်။
"ဝမ်းကွဲအစ်မ... ဘာဖြစ်လို့လဲ"
ကျားချွန်းနီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ထိုအချိန်မှသာ စူးယောင်ကွမ်းလည်း သူမ မျက်ရည် ကျနေမိမှန်း သတိပြုမိသွားခဲ့သည်။
သူမက မျက်ရည်များကို သုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... ငါ အရမ်းကို စိတ်လှုပ်ရှားသွားလို့ပါ"
ကျားချွန်းနီကတော့ ဝမ်းနည်းစွာဖြင့် ပြောပြနေရှာသည်။
"ကျွန်မလည်း အဲ့ဒီအချိန်တုန်းက ဆာလောင်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်တွေးမိသွားတယ်။ အဖွား၊ အဖေနဲ့ ဒုတိယအဒေါ်တို့က ကျွန်မကို ရိုက်နှက်ပြီး ဆဲဆိုခဲ့တဲ့ အချိန်တွေကိုပေါ့။ ဒါပေမဲ့ ထူးဆန်းတာက နောက်ပိုင်းမှာ အဲ့ဒီအမှတ်တရတွေက အရေးမပါတော့သလို ခံစားရတယ်။ အဲ့ဒီလူတွေက ကျွန်မရဲ့ နှလုံးသားထဲမှာ သိမ်းထားဖို့ မထိုက်တန်တဲ့ သူစိမ်းတွေ ဖြစ်သွားသလိုမျိုးပါပဲ"
"ဒီတေးသွားက စိတ်နှလုံးကို ငြိမ်းအေးစေနိုင်စွမ်းရှိတယ်။ မြင့်မြတ်သန့်စင်တဲ့ ရဟန်းတော်တစ်ပါး စပ်ဆိုခဲ့တဲ့ တေးသွားဆိုတော့လည်း ဒါက မဆန်းပါဘူးလေ"
တေးသွား ပြီးဆုံးသွားပြီးနောက် လူတိုင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ငေးမောတွေဝေနေကြသည်။ ခန်းမတာဝန်ခံ စကားစတင်ပြောဆိုလိုက်မှသာ ထူးဆန်းသော တိတ်ဆိတ်မှုကြီး ပျက်ပြယ်သွားခဲ့သည်။
"လေးစားရတဲ့ ဧည့်သည်တော်ကြီးများခင်ဗျာ... အခုဆိုရင် သခင်လေးဇီကျန့်ရဲ့ ဖျော်ဖြေမှုက ပြီးဆုံးသွားပါပြီ။ ကျန်ရှိနေတဲ့ တေးဂီတနဲ့ အကအလှတွေကို ဆက်လက်ခံစားပေးကြပါဦးခင်ဗျာ"
"ဆိုင်ရှင်... ငါ့ဆီမှာ ငွေလျန်ငါးဆယ် ပါလာတယ်။ ဒါလေးကို သခင်လေးဇီကျန့်ဆီ ပို့ပေးပါဦး။ သူ တီးခတ်သွားတဲ့ တေးသွားက ငါ့မိခင်အတွက် ရည်ရွယ်တာ၊ ပြီးတော့ အရမ်းကောင်းတယ်။ ငါ့အမေ ကြားလိုက်ရမှာ မဟုတ်ပေမဲ့ ဒီကံကောင်းမှုကိုတော့ ငါတို့ လက်ခံပေးရမှာပေါ့"
တာဝန်ခံက အပြုံးဖြင့် ခေါင်းညိတ်လက်ခံလိုက်ပြီး စေတနာကောင်းဖြင့် ထပ်ပြောလိုက်သည်။
"ဒီနေ့အတွက်တော့ လူကြီးမင်းတို့ရဲ့ သောက်စရာတွေ အားလုံးကို ထက်ဝက်ဈေးပဲ ယူပါ့မယ်။ ဒါကို ကျွန်တော်တို့ ခန်းမဆောင်ကနေ သခင်မကြီးအတွက် ကြိုတင် ဂုဏ်ပြုပေးတာလို့ပဲ သတ်မှတ်ပေးပါ"
ဤသို့ဖြင့် ဧည့်သည်နှင့် ပြဿနာဖြစ်ပွားမှုက ဆိုင်၏စီးပွားရေးကို မထိခိုက်စေဘဲ အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပြီးစီးသွားခဲ့သည်။
စူးယောင်ကွမ်းက တံခါးဝတွင် ရပ်နေခဲ့ပြီး တာဝန်ခံက လူဝကြီး၏ ငွေများအား နောက်တစ်ခန်းသို့ သွားရောက်ပေးအပ်သည်ကို ကြည့်နေခဲ့သည်။ ဆိုင်တာဝန်ခံ အပြင်ဘက်သို့ ပြန်ထွက်လာချိန်တွင် သူမက သူ့ကို လက်ယပ်ခေါ်လိုက်သည်။
"တာဝန်ခံကြီး..."
ခန်းမတာဝန်ခံက အပြုံးဖြင့် လျှောက်လာပြီး ဖော်ဖော်ရွေရွေ မေးမြန်းလိုက်သည်။
"ဘာများ ကူညီပေးရမလဲ ခင်ဗျာ"
"ကျွန်မ တာဝန်ခဲကြီးနဲ့ စီးပွားရေးကိစ္စလေးတစ်ခု တိုင်ပင်ချင်လို့ပါ"
စူးယောင်ကွမ်းက စကားစလိုက်သည်။
"ကျွန်မ ခုနကပဲ ဆိုင်ထဲက မိန်းကလေးတွေကို ကြည့်လိုက်မိတယ်။ သူတို့အားလုံးက နတ်သမီးလေးတွေလို လှပကြပေမဲ့ တခြားဖျော်ဖြေရေးခန်းမတွေနဲ့ ယှဉ်လိုက်ရင်တော့ နည်းနည်းလေး လိုအပ်နေသေးတယ်လို့ ထင်နေမိတယ်"
"ဒါ... ဘာကို ဆိုလိုတာလဲ ခင်ဗျာ..."
စူးယောင်ကွမ်းက သူမ၏ မျက်နှာဖုံးပုဝါကို ဖယ်ရှားလိုက်ရာ သူမ၏ အလွန်လှပသော မျက်နှာချေလိမ်းခြယ်မှု ပေါ်ထွက်လာခဲ့သည်။
ထို့နောက် သူမက ကျားချွန်းနီ၏ မျက်နှာဖုံးပုဝါကိုလည်း ဖယ်ရှားပေးလိုက်သည်။
ကျားချွန်းနီတွင်လည်း မျက်နှာချေများ လိမ်းခြယ်ထားသော်လည်း စူးယောင်ကွမ်းနှင့် လုံးဝမတူညီသော ပုံစံမျိုး ဖြစ်နေသည်။
"ကျွန်မတို့ လိမ်းခြယ်ထားတဲ့ပုံစံကို ဘယ်လိုမြင်လဲ"
ဆိုင်ရှင်က အမျိုးသမီးနှစ်ယောက်ကို အပေါ်အောက် အကဲခတ်ကြည့်ရှုရင်း ပြန်ဖြေလိုက်သည်။
"လိမ်းခြယ်ထားတဲ့ပုံက တကယ့်ကို ထူးခြားတာပဲ၊ ရင်သပ်ရှုမောစရာကောင်းတယ်လို့တောင် ပြောလို့ရတယ်။ ဒီလိုပုံစံမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
"ကျွန်မမှာ တခြားဖျော်ဖြေရေးခန်းမတွေနဲ့မတူဘဲ ဒီက မိန်းကလေးတွေကို ပိုထူးထူးခြားခြား လှပသွားစေမယ့် မျက်နှာချေလိမ်းခြယ်နည်းတွေ ရှိတယ်။ ဒီလိမ်းခြယ်နည်းတွေကို ကျွန်မ သင်ပေးနိုင်တယ်၊ ပုံစံတစ်ခုစီကို ငွေနှစ်လျန်နဲ့ဆိုရင် ဘယ်လိုလဲ၊ စိတ်ဝင်စားလား"
ကျားချွန်းနီက စူးယောင်ကွမ်းကို အားကျသည့်အကြည့်ဖြင့် ကြည့်နေလေသည်။
'ဝမ်းကွဲအစ်မက တကယ့်ကို ထူးချွန်တာပဲ'
သူမက စူးယောင်ကွမ်း ဤနေရာသို့ အလည်အပတ်သက်သက် လာသည်ဟု ထင်ခဲ့မိပြီး မုန့်ဖိုး ကြေးပြားသုံးရာနှင့် လက်ဖက်ရည်ဖိုး ကြေးပြားတစ်ရာ ကုန်ကျခဲ့သည်ကိုပင် နှမြောနေခဲ့သေးသည်။ ယခုတော့ သူမ၏ ထင်မြင်ချက် မှားနေခဲ့ပြီး သူမ၏ ဝမ်းကွဲအစ်မက ငွေရှာစက်ကြီး ဖြစ်နေမှန်း နားလည်လိုက်သည်။
တာဝန်ခံက စူးယောင်ကွမ်းကို ကြည့်ရင်း တုံ့ဆိုင်းနေလေသည်။ ထိုအချိန်တွင် နောက်ထပ်အခန်းတစ်ခန်းထဲမှ ချန်ပုယွိ၏ အသံထွက်ပေါ်လာခဲ့သည်။
"သဘောတူလိုက်ပါ"
"သခင်လေး... တစ်ယောက်ကို မျက်နှာချေလိမ်းခြယ်ခ နှစ်လျန်စီပေးရမှာပါ။ ဒီမိန်းကလေးရဲ့ စကားအရဆိုရင် အနည်းဆုံး ငါးယောက်ရှိရမှာဆိုတော့ ဆယ်လျန်ကျော်လောက် ကုန်ကျလိမ့်မယ်"
တာဝန်ခံက ချန်ပုယွိအား ပြန်ပြောလိုက်သည်။
ချန်ပုယွိက မထီမဲ့မြင် ရယ်မောလိုက်ရင်း ပြန်ပြောလိုက်သည်။
"ဒီလောက်ကြီးမားတဲ့ ငါတို့ဖျော်ဖြေရေးခန်းမကြီးက ငွေဆယ်လျန်ကျော်လောက်တောင် မပေးနိုင်တော့ဘူးလား။ ငါ လိုချင်တာက ထူးခြားမှုပဲ။ အခုလို ထူးခြားတဲ့အရာမျိုးကို ရမှာဆိုတော့ ဘာလို့ သဘောမတူရမှာလဲ"
"သခင်လေးက တကယ်ကို ရက်ရောတာပါပဲ။ သခင်လေးလို အရှင်သခင်မျိုးရှိနေမှတော့ ဒီဖျော်ဖြေရေးခန်းမကလည်း နာမည်ကြီးပြီး ဒီနယ်မှာ အကျော်ကြားဆုံး ဖြစ်လာမှာ အသေအချာပါပဲ"
စူးယောင်ကွမ်းက တာဝန်ခံနောက်မှ လိုက်သွားပြီး အနောက်ဘက်အခန်းသို့ ဝင်သွားခဲ့သည်။ သူမ ထွက်သွားသည်နှင့်တပြိုင်နက် ချန်ပုယွိက ထပ်ပြောလိုက်ပြန်သည်။
"အစ်ကိုဝမ်ရှူ... မင်းရဲ့ ဇနီးလေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"
"ငါတို့ ပြန်ဖို့ လိုနေပြီ"
ကျုံးချူရှန်းက ကျိုးဝမ်ရှူကို သတိပေးလိုက်သည်။
ကျိုးဝမ်ရှူက အလျင်မလိုဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ခဏလောက် စောင့်ပါဦး"
"မင်း... မင်းရဲ့ ချစ်ဇနီးလေးကို တွေ့ချင်နေတာမလား"
ကျုံးချူရှန်းက စနောက်ဟန်ဖြင့် ထပ်မေးလိုက်သည်။
"ဒါဆိုလည်း ထပ်ပြီး ပုန်းမနေနဲ့တော့၊ တိုက်ရိုက် သွားတွေ့လိုက်လေ။ စောစောတွေ့ပြီးမှ ကျောင်းကို ပြန်ကြတာပေါ့"
"မဖြစ်ဘူး"
ကျိုးဝမ်ရှူက ခေါင်းခါရင်း ရှင်းပြလိုက်သည်။
"မျက်နှာချေလိမ်းခြယ်နည်းကို ရောင်းတာက ဒုတိယပါ။ သူ့ရဲ့ အဓိကရည်ရွယ်ချက်က အလှကုန်ပစ္စည်းတွေကို ရောင်းချင်တာ ဖြစ်လိမ့်မယ်။ ငါ ရှာထားတဲ့ ပိုက်ဆံတွေကို သူ့ဆီမှာပဲ အကုန်သုံးပြီး သူ့ရဲ့ အလှကုန်တွေ ဝယ်လိုက်ပါ။ ဒါဆို ငါ့ပိုက်ဆံတွေအားလုံးကို သူ့ဆီ ပေးလိုက်တယ်လို့ သဘောထားလို့ရပြီ"
ထိုအချိန်တွင် တာဝန်ခံက အနားသို့ ရောက်လာပြီး စူးယောင်ကွမ်းက အကသမားများအား မျက်နှာချေလိမ်းခြယ်ပေးပြီးနောက် ကချေသည်များက သူမ၏ အလှကုန်ပစ္စည်းများကို အလွန်စိတ်ဝင်စားနေကြောင်း၊ ကချေသည်ရှစ်ယောက်က သူမ၏ ပစ္စည်းများကို မှာယူလိုက်ပြီဖြစ်ကြောင်း သတင်းပေးလာခဲ့သည်။
ချန်ပုယွိက ထပ်ညွှန်ကြားလိုက်သည်။
"ဒါဆို ကပွဲခန်းမနာမည်နဲ့ စင်ပေါ်မှာ ဖျော်ဖြေရမယ့်သူတွေအတွက် သုံးစုံထပ်မှာ ပေးလိုက်။ နောက်ပြီး ငါ့နာမည်နဲ့ နှစ်စုံမှာပြီး အမေနဲ့ ညီမလေးအတွက် ပို့ပေးလိုက်ပါ"
ကျုံးချူရှန်းကလည်း ဝင်ပြောလိုက်သည်။
"ငါ့အတွက်လည်း တစ်စုံ မှာပေးဦး"
ကျိုးဝမ်ရှူက ချက်ချင်းမထွက်ခွာဘဲ စူးယောင်ကွမ်းနှင့် သူမ၏ညီမလေးတို့ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးမှ ပြန်ထွက်ခွာရန် ပြင်ဆင်ထားခဲ့သည်။
သူက ပြတင်းပေါက်နားတွင် ရပ်နေရင်း စူးယောင်ကွမ်း၏ တက်ကြွနေသော ပုံရိပ်ကို ငေးကြည့်နေသည်။
'သူမက တကယ်ကို ရဲရင့်တာပဲ။ ပိုက်ဆံရဖို့ဆိုရင် ဘယ်နေရာမဆိုသွားပြီး ဘယ်နည်းနဲ့မဆို ကြိုးစားဖို့ ဝန်မလေးဘူး'
‘ဒါပေမယ့် သူမမှာသာ အဲ့လိုစိတ်သဘောထားမရှိရင် သေလုမျောပါးဖြစ်နေတဲ့ ငါ့ကို ကယ်တင်ပေးခဲ့မှာ မဟုတ်ဘူးလေ။ ငါ သူ့မအပေါ် အသက်ကြွေး တင်နေပြီးပြီ၊ တစ်နေ့နေ့တော့ သူမကို ပြန်ပေးဆပ်ရမယ်။ လက်ရှိမှာတော့ သူမရဲ့ နေရာလေးကို အသုံးချပြီး ပြဿနာတွေကနေ ခဏလောက် ပုန်းခိုနေရဦးမှာပဲ’
‘အစ်မလား၊ တကယ်လို့ သူမက ဒါကိုပဲ လိုချင်တယ်ဆိုရင်လည်း မဖြစ်နိုင်စရာ မရှိဘူး။ တစ်နေ့နေ့ ငါ့ရဲ့ ရန်ငြိုးတွေကို ပြန်ပေးဆပ်ပြီး အသက်ရှင်လျက်နဲ့ ကျန်နေခဲ့မယ်ဆိုရင် သူမကို အစ်မတစ်ယောက်အဖြစ် အသိအမှတ်ပြုပေးလိုက်မယ်၊ ပြီးရင် သူမကို စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံအောင် ထားပေးလိုက်ရုံပဲ’