← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉ လျှို့ဝှက်ဖုံးကွယ်ပေးထားခြင်း

ကျုံးချူရှန်းက နံရံဘေးရှိ မြက်ခြောက်ပုံတစ်ခုကို ဘေးသို့ တွန်းဖယ်လိုက်ရာ အပေါက်ငယ်တစ်ခု ထွက်ပေါ်လာသည်။

ထိုအပေါက်က မူလက ခွေးတိုးပေါက်မျှသာ ဖြစ်သော်လည်း မည်သူမျှသတိမပြုမိချိန်တွင် ချဲ့ထားခဲ့သဖြင့် ကိုယ်ကို ကိုင်းညွတ်ပြီး ဝင်ရုံဖြင့် လူတစ်ယောက် အလွယ်တကူ ဝင်နိုင်နေပြီ ဖြစ်သည်။

ကျုံးချူရှန်းက ဦးစွာဝင်သွားပြီး တကျွီကျွီအသံတစ်ခု ပြုလုပ်လိုက်သည်။ ထို့နောက် ချန်ပုယွိ ဝင်သွားပြီး ကျိုးဝမ်ရှူက နောက်ဆုံးမှ ဝင်လာခဲ့သည်။ သူတို့ သုံးယောက်စလုံး အထဲသို့ ရောက်သွားသည်နှင့် ကျုံးချူရှန်းက ထိုအပေါက်ကို ပြန်ဖုံးအုပ်လိုက်သည်။ သူတို့သုံးယောက် အဆောင်သို့ ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ကြသော်လည်း သူတို့ အဆောင်သို့ မရောက်မီမှာပင် လူသံများ ကြားလိုက်ရသည်။ အသံရှင်များက ရှောင်းယန်ချီနှင့် သူ၏ နောက်လိုက်များ ဖြစ်ကြသည်။ ကျန်းယီဟွေ့ကတော့ မကြာသေးမီက ရှောင်းယန်ချီကို နှောင့်ယှက်ခြင်း မရှိတော့ဘဲ ရုတ်တရက် အသိဝင်လာသကဲ့သို့ သူနှင့် အေးချမ်းစွာ နေထိုင်လိုဟန် ရှိသည်။

ကျန်းယီဟွေ့က ရှောင်းယန်ချီကို တိုက်ခိုက်ရန် အထိရောက်ဆုံး လက်နက်တစ်ခု ဖြစ်ခဲ့သည်။ ယခုအခါ ထိုလက်နက်က အသုံးမဝင်တော့သဖြင့် ရှောင်းယန်ချီတစ်ယောက် သူတို့ကို ပြဿနာရှာရန် အခွင့်အရေး ပိုများလာခဲ့သည်။ ဥပမာအားဖြင့် ယခုအချိန်တွင် သူ အဆောင်များကို စစ်ဆေးရန် ရောက်ရှိလာခြင်းပင်။

"နောက်ဘက်ကို ပတ်သွားပြီး ပြတင်းပေါက်ကနေ အခန်းထဲ ခိုးဝင်ကြမယ်"

ချန်ပုယွိက တိုးတိုးလေး ပြောလိုက်သည်။

"မြန်မြန်လုပ်၊ သူတို့ မသိသွားစေနဲ့"

ယခုလို ခိုးထွက်ခြင်းအတွက် အိမ်သာဆေးရသည့် အပြစ်ဒဏ်ကို မခံရတော့သော်လည်း စာကူးရသည့် အပြစ်ဒဏ်ကလည်း ပင်ပန်းဆင်းလွန်းလှသည်။ အထူးသဖြင့် ရှောင်းယန်ချီက ကျိုးဝမ်ရှူကို ပစ်မှတ်ထားနေသဖြင့် သူ့အတွက် အပြစ်ဒဏ်က ပိုမိုပြင်းထန်ပေလိမ့်မည်။

"တံခါးဖွင့်စမ်း၊ အခန်းစစ်မယ်"

ရှောင်းယန်ချီ၏ နောက်လိုက်တစ်ဦးဖြစ်သော ဝမ်ယွင်ဖုန်းက ချန်ပုယွိနှင့် ကျိုးဝမ်ရှူ၏ အခန်းတံခါးကို ထုရင်း အော်ဟစ်လိုက်သည်။

သို့ရာတွင် မည်သည့်အသံမျှ ပြန်မထွက်လာချေ။

ဝမ်ယွင်ဖုန်းက ရှောင်းယန်ချီဘက်သို့ လှည့်ကြည့်ကာ မေးလိုက်ပြန်သည်။

"အစ်ကိုရှောင်း... သူတို့ ဘာမှ မတုံ့ပြန်ဘူး၊ အခန်းထဲ တိုက်ရိုက်ဝင်လိုက်ရမလား"

ဘေးခန်းမှ ခေါင်းပြူထွက်လာသည့် လူတစ်ယောက်က လှမ်းပြောလိုက်သည်။

"သူတို့ အိပ်တာ စောတယ်၊ မနှောင့်ယှက်ကြပါနဲ့တော့၊ သူတို့ အထဲမှာ အနားယူနေတာကို ကျွန်တော် အာမခံနိုင်ပါတယ်"

ရှောင်းယန်ချီ၏ နောက်ထပ်နောက်လိုက်တစ်ဦးဖြစ်သော ကျန်းပုဖန်က မဲ့ပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည်။

"မင်းရဲ့စကားတွေက ယုံကြည်စိတ်ချလို့ မရဘူး၊ ကိုယ်တိုင်မြင်မှ ယုံနိုင်မယ်။ အစ်ကိုရှောင်း... ကျွန်တော် ဒီတံခါးကို ဖွင့်လိုက်တော့မယ်၊ သူတို့ မကျေနပ်ရင် ကျွန်တော့်ဆီ လာခဲ့ခိုင်းလိုက်"

ရှောင်းယန်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ကျောင်းရဲ့ အတွင်းရေးကိစ္စတွေကို စီမံခန့်ခွဲဖို့ ဆရာက ငါ့ကို အပ်နှံထားတယ်၊ ငါ ဂရုတစိုက် လုပ်ရမှာပေါ့။ ဖွင့်လိုက်ပါ၊ ဘာပဲဖြစ်လာဖြစ်လာ ငါ တာဝန်ယူမယ်"

ခွင့်ပြုချက်ရသည်နှင့် ဝမ်ယွင်ဖုန်းက တံခါးကို အားကုန်သုံးကာ တွန်းဖွင့်လိုက်သည်။ သို့သော် တံခါးက အတွင်းဘက်မှ သော့ခတ်ထားသဖြင့် အကြိမ်အနည်းငယ် တွန်းသော်လည်း ပွင့်မလာခဲ့ပေ။ ဝမ်ယွင်ဖုန်းက သူတို့ အထဲမှာရှိနေသည်ဟု ယုံကြည်သွားတော့သည်။ အဆုံး၌ လူတစ်ယောက် အခန်းထဲတွင် ရှိ၊ မရှိဆိုသည်က အတွင်းမှ သော့ခတ်ထားခြင်းအပေါ် မူတည်နေသေးသည်။ သို့သော်လည်း ကျိုးဝမ်ရှူနှင့် ချန်ပုယွိ အခန်းထဲတွင် မရှိဟု သတင်းရထားသဖြင့် သူတို့အဖွဲ့က ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် ဆုံးဖြတ်ထားကြသည်။

ဝမ်ယွင်ဖုန်းတစ်ယောက် ပြတင်းပေါက်မှတစ်ဆင့် ခုန်ဝင်ရန် ပြင်ဆင်နေစဉ်မှာပင် တံခါးက အတွင်းဘက်မှ ပွင့်လာခဲ့သည်။ သူ ဟန်ချက်ပျက်သွားကာ အခန်းထဲသို့ လဲကျသွားသည်။

ချန်ပုယွိက သမ်းဝေနေရင်း ဟိုယိုင်ဒီယိုင် အိပ်ချင်မူးတူးဖြင့် လှမ်းမေးလိုက်သည်။

"ဘာလုပ်တာလဲ၊ ကျွန်တော်တို့ ခုမှ အိပ်ပျော်ခါစပဲ ရှိသေးတယ်၊ ခင်ဗျားတို့က ဘာလို့ ဒီလောက် အသံတွေ ဆူညံနေရတာလဲ"

"မင်းတို့ အထဲမှာရှိနေတာကို ဘာလို့ တံခါးဖွင့်ဖို့ ဒီလောက်ကြာနေရတာလဲ"

ဝမ်ယွင်ဖုန်းက ထိုင်လျက်သားဖြင့် မေးမြန်းနေသေးသည်။

"ကျိုးဝမ်ရှူကော ဘယ်မှာလဲ"

"အဲ့ဒီမှာလေ၊ ခုတင်ပေါ်မှာ ထိုင်နေတာ မမြင်ဘူးလား"

ချန်ပုယွိက ခုတင်ပေါ်တွင် ထိုင်နေသော ကျိုးဝမ်ရှူကို လက်ညှိုးထိုးပြလိုက်သည်။

ကျိုးဝမ်ရှူက မျက်နှာငယ်လေးဖြင့် မော့ကြည့်လိုက်ပြီး အပြစ်ကင်းစင်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။

"ဒီလို ညသန်းခေါင်ကြီးမှာ ခင်ဗျားတို့ အကုန်လုံးလည်း အိပ်စက်နေကြရမှာ မဟုတ်ဘူးလား၊ တခြားသူတွေကိုရော အိပ်ခွင့်မပေးတော့ဘူးလား"

ဝမ်ယွင်ဖုန်းက နောက်ပြန်လှည့်ထွက်သွားပြီး ရှောင်းယန်ချီထံသို့သွားကာ တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကိုရှောင်း... သူတို့က..."

ရှောင်းယန်ချီက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်သည်။

"ငါ ကြားတယ်။ ငါတို့ လှည့်စားခံလိုက်ရပုံပဲ"

"သူတို့က တကယ်ပဲ ကျွန်တော်တို့ကို လိမ်ရဲတယ်ပေါ့"

ဝမ်ယွင်ဖုန်းက ဒေါသတကြီး ထပ်ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကိုရှောင်း၊ ကျွန်တော် အဲ့ဒီကောင်လေးကို နောက်မှပဲ ကိုင်တွယ်လိုက်တော့မယ်။ နောက်တစ်ခါ ကျွန်တော်တို့ကို လှည့်စားဖို့ ကြံစည်ရဲသေးလားဆိုတာ ကြည့်လိုက်ပါဦး"

ချန်ပုယွိက ရှောင်းယန်ချီတို့ ထွက်ခွာသွားရာဘက်သို့ ကြည့်ကာ လှမ်းအော်လိုက်သည်။

"မင်းတို့ ရူးနေတွေလား၊ ညသန်းခေါင်ကြီးမှာ အိပ်ရေးပျက်အောင် လာလုပ်နေကြတယ်။ ဒီအတိုင်း စစ်ဆေးပြီး ထွက်သွားရုံနဲ့ ပြီးသွားမယ်မှတ်နေလား၊ ဒီကျောင်းကို မင်းတို့ ပိုင်တာလား၊ မနက်ဖြန်ကျရင် ဆရာ့ဆီ သွားတိုင်မယ်။ ဒီလိုသာ ဆက်လုပ်နေဦးမယ်ဆိုရင် ငါ တခြားကျောင်းကို ပြောင်းတက်မယ်၊ ဒီလောက်အထိ အနိုင်ကျင့်နေတာကို ညည်းမခံနိုင်တော့ဘူး"

"အစ်ကိုရှောင်း... ချန်ပုယွိက တကယ်ပဲ ဆရာ့ဆီ သွားတိုင်ရင် ဆရာ ဒေါသထွက်မှာနော်။ ချန်ပုယွိရဲ့ မိသားစုက ကျောင်းပြင်ဆင်ဖို့ နှစ်တိုင်း ငွေအမြောက်အမြား လှူထားတာလေ၊ ဆရာက သူ့ကို အပြစ်ပေးမှာ မဟုတ်ဘူး။"

"ကိစ္စမရှိဘူး၊ ဆရာ့ကို ငါ ရှင်းပြလိုက်မယ်"

"ဟုတ်ပါတယ်၊ အစ်ကိုရှောင်းက ဆရာ့အချစ်ဆုံးတပည့်ပဲ၊ ဆရာက အစ်ကို့ကို အပြစ်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အိပ်တော့မယ်"

ရှောင်းယန်ချီတို့ ပြန်သွားပြီးနောက် ချန်ပုယွိက တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်သည်။

ထိုအချိန်တွင် ကျိုးဝမ်ရှူက ခုတင်ပေါ်မှ ဆင်းလာခဲ့သည်။ အမှန်တွင် သူ့အဝတ်အစားများပင် မလဲရသေးချေ။ သူက သူ၏ကိုယ်ကို သူ ပြန်နမ်းကြည့်ပြီး ရွံရှာသည့်ပုံစံဖြင့် အ‌ပေါ်အင်္ကျီကို ချက်ချင်း ချွတ်လိုက်သည်။

သူတို့ အလောတကြီး ဖြစ်သွားသဖြင့် ခုတင်ပေါ်မတက်မီ အဝတ်လဲရန် အချိန်မရလိုက်ခြင်း ဖြစ်သည်။

ကျုံးချူရှန်းလည်း ချန်ပုယွိ၏ ခုတင်ပေါ်မှ ဆင်းလာခဲ့သည်။ သူလည်း မူရင်း အဝတ်အစားများ အတိုင်းဖြစ်နေသေးသည်။

သူက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ကာ သူတို့ ထွက်သွားပြီဖြစ်ကြောင်း သေချာမှ သက်ပြင်းချကာ ညည်းညူနေလေသည်။

"ကံကောင်းလို့ သူတို့ ငါ့အခန်းကို အရင်မစစ်တာ၊ မဟုတ်ရင် ငါ ဖမ်းမိခံရမှာ သေချာတယ်"

"သူတို့ စစ်ခဲ့ရင်လည်း မင်း အိမ်သာသွားတယ်လို့ ပြောလိုက်ရုံပေါ့။ မင်းရဲ့ အပြင်အင်္ကျီကို ချွတ်ပြီး အတွင်းခံနဲ့ အိမ်သာထဲကနေ ထွက်လာတာကို သူတို့ ဘာပြောနိုင်မှာလဲ"

ချန်ပုယွိက ဝင်ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့ပြောတဲ့စကားအရတော့ ငါတို့ အပြင်ထွက်သွားတယ်လို့ တစ်ယောက်ယောက်က သတင်းပေးလိုက်တာပဲ။ ငါတို့ ဒီလောက်တောင် သတိထားနေတာကိုမှ မြင်သွားသေးတယ်။ မနက်ဖြန်ကျရင် ဘယ်သူ ရိုက်နှက်ခံရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့၊ အဲ့ဒီလူက ငါတို့ကို သတင်းပေးတဲ့သူ ဖြစ်လိမ့်မယ်"

"အရမ်းနောက်ကျနေပြီ၊ သွားအိပ်တော့”

ညသန်းခေါင်ယံအချိန်တွင် ကျိုးဝမ်ရှူတစ်ယောက် လန့်နိုးလာခဲ့သည်။ သူ သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူ့မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ သို့သော် အခန်းတွင်းမှ အမှောင်ထုနှင့် ပြတင်းပေါက်အပြင်ဘက်မှ လရောင်အေးအေးကို မြင်လိုက်ရသည့်အခါ သူ ပြန်တည်ငြိမ်သွားခဲ့သည်။

သူ နောက်တစ်ကြိမ် အိပ်မက်ဆိုး မက်ခဲ့ခြင်းပင်။

သူ့အိပ်မက်ထဲတွင် ရုပ်အလောင်းများဖြင့် ပြည့်နှက်နေပြီး ထိုသူများက သူချစ်ခင်ရသူများ ဖြစ်နေကြသည်။

သူက ထိုရုပ်အလောင်းများကြားတွင် ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာရင်း သူတို့ကို မရပ်မနား ခေါ်နေခဲ့သည်။ သူက သူတို့ကို ထခိုင်းပြီး သူနှင့်အတူ ကစားရန်၊ မြင်းစီးပေးရန်၊ မြားပစ်ရန်၊ စစ်တုရင်ကစားနည်းနှင့် တူရိယာတီးခတ်နည်းများ သင်ပေးရန် ပြောနေခဲ့သည်။

"ကျွန်တော် အားလုံးအတွက် လက်စားချေပေးမယ်"

ကျိုးဝမ်ရှူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွန်တော် ကတိပေးတယ်၊ အားလုံးအတွက် သူတို့ကို အနိုင်ယူပေးမယ်"

နောက်တစ်နေ့တွင် ထိုနေ့အတွက် သင်ခန်းစာများကို ပြင်ဆင်ပြီးခါစ ဖြစ်နေသည့် ဆရာကလည်း ချန်ပုယွိနှင့် ကျုံးချူရှန်းတို့၏ အသံကို ကြားလိုက်ရသဖြင့် နားထင်ကြောများပင် တဆတ်ဆတ်တုန်သွားရသည်။ သူ ပုန်းစရာနေရာ ရှာချင်သော်လည်း ထွက်ပေါက်က တံခါးတစ်ခုတည်းသာ ရှိနေခဲ့သည်။

မကြာသေးမီက ကျောင်းတွင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ပြီး ကျောင်းသားများကြားတွင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေကာ ဤနှစ်ယောက်က အကြီးမားဆုံး ပြဿနာရှာသူများ ဖြစ်ကြသည်။ သို့သော် သူတို့၏ မိသားစုများက ချမ်းသာသဖြင့် သူတို့ကို ရိုးရိုးရှင်းရှင်း ထုတ်ပယ်၍ မရပေ။ ကျောင်းအနေဖြင့် ဆက်လည်ပတ်ရန် ငွေကြေး လိုအပ်နေသေးသည်။ စိတ်ညစ်စရာကောင်းလှသော်လည်း အချိန်ဖြုန်းရန်အတွက်သာ လာရောက်သည့် ဤသူဌေးသား အလကားလူများကို သူ ငြင်းပယ်၍ မရနိုင် ဖြစ်နေရသည်။

သို့သော် နောက်ပိုင်းတွင် သူတို့ ပြဿနာရှာပုံက အတော်ပင် ဆိုးရွားလာသဖြင့် သူ အနိုင်နိုင်ပင် ထိန်းကျောင်းနေရသည်။

ချန်ပုယွိနှင့် ကျုံးချူရှန်းတို့ ဝင်လာသည့်အခါ ဆရာ၏ စိတ်ညစ်နေသော မျက်နှာကြီးက ချက်ချင်း မေတ္တာအပြည့်နှင့် နူးညံ့သွားခဲ့သည်။

"ဘာကိစ္စနဲ့ ဒီလောက်တောင် စောစောစီးစီး ရောက်လာကြတာလဲ"

"ဆရာ၊ တကယ်လို့ ရှောင်းယန်ချီရဲ့ အနိုင်ကျင့်မှုတွေကို ဆရာ ဆက်ပြီး သည်းခံနေဦးမယ်ဆိုရင် ကျွန်တော်တို့ ကျောင်းကနေ ထွက်သွားတော့မယ်။ ကျွန်တော်တို့ နောက်ထပ် စာမသင်တော့ဘူး"

ချန်ပုယွိက ဒေါသတကြီးဖြင့် ဆက်ပြောနေသေးသည်။

"အဲ့ဒီ ရှောင်းယန်ချီက စာသင်ရတာ များလို့ စိတ်ဖောက်ပြန်သွားတာလား၊ သူက ညတိုင်း ကျွန်တော်တို့ကို စစ်ဆေးဖို့ လာနေတာ။ ကျွန်တော်တို့ ကောင်းကောင်းအိပ်ပျော်ခါနီးဆိုရင် သူက လာနှောင့်ယှက်ပြီး တစ်ညလုံး အိပ်မပျော်အောင် လုပ်နေတာ။ ကျွန်တော့်မျက်လုံးတွေကို ကြည့်ပါဦး၊ အကုန်လုံး ညိုမဲနေပြီမဟုတ်လား၊ ဒါက သူ့ကြောင့်ပဲ"

"ဆရာ နားလည်ပါတယ်။ ရှောင်းယန်ချီအကြောင်းကို နောက်မှပဲ ပြောကြတာပေါ့"

ဆရာက ထိုကိစ္စကို အပေါ်ယံအဖြသ် လျှောချလိုက်ရန် ကြိုးစားလိုက်သည်။

"ပြောရုံနဲ့ မပြီးဘူး၊ ရှောင်းယန်ချီက သူ့ကိုယ်သူ အာဏာရှင်လို့ သတ်မှတ်ပြီး ကျားရဲတစ်ကောင်လို ပြုမူနေတာ၊ ကျွန်တော်တို့လို သာမန်ကျောင်းသားတွေက သူ့နှိပ်စက်တာကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ ဆရာ၊ သူ ဒီလို လုပ်နေတာကို ဆရာ လွှတ်ပေးထားဦးမယ်ဆိုရင် ကျွန်တော်တို့ ထွက်သွားတော့မယ်"

ဆရာက သွားများကို တင်းတင်းစေ့လိုက်ပြီး အပြင်ဘက်သို့ အော်ဟစ်လိုက်သည်။

"တစ်ယောက်ယောက်ရှိလား၊ ရှောင်းယန်ချီကို သွားပြောလိုက်စမ်း။ ဒီနေ့ကစပြီး ကျောင်းရဲ့ အတွင်းရေးကိစ္စတွေကို တခြားသူဆီ လွှဲပြောင်းပေးရမယ်၊ ညဘက် စစ်ဆေးတာတွေလည်း ထပ်မလုပ်ရတော့ဘူး"

All Chapters