← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀ ဆိုင်နေရာ

နောက်တစ်နေ့တွင် စူးယောင်ကွမ်းနှင့် ကျားချွန်းနီတို့က ဆိုင်ခန်းများ ရှာဖွေရန် ပွဲစားလုပ်ငန်းတစ်ခုဆီသို့ သွားရောက်ခဲ့ကြသည်။

ပွဲစားခုနစ်ယောက်ထံမှ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပြီးနောက်တွင် သူမတို့က တည်နေရာကောင်းမွန်ပြီး ရှေ့မျက်နှာစာ ကျယ်ဝန်းကာ နောက်ဖေးတွင် လူနေနိုင်သည့် အိမ်ခန်းပါရှိသော ဆိုင်ခန်းတစ်ခုကို ရွေးချယ်လိုက်ကြသည်။

ထိုမျှလောက်ကောင်းသည့် ဆိုင်ခန်းမျိုးဆိုလျှင် ဈေးကြီးမည်မှာ အထူးပြောစရာပင် မလိုတော့ချေ။ စူးယောင်ကွမ်းက ဆိုင်ခန်းငှားရန်အတွက် အမှန်တကယ် အကုန်အကျခံခဲ့ခြင်း ဖြစ်သည်။

စူးယောင်ကွမ်းက မနက်ပိုင်းတွင် ဆိုင်ခန်းအတွက်နေရာ ရွေးချယ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် စာချုပ်ချုပ်ကာ တစ်နှစ်စာအတွက် ငှားရမ်းခငွေကို ပေးချေလိုက်သည်။

စူးယောင်ကွမ်း ငွေအမြောက်အမြား ထုတ်ပေးလိုက်သည်ကို မြင်လိုက်ရချိန်တွင် ကျားချွန်းနီက စိုးရိမ်တကြီး ပြောလာခဲ့သည်။

"ဝမ်းကွဲအစ်မ၊ တစ်နှစ်စာငှားရမ်းခက ငွေလျန်ခုနစ်ဆယ်တောင် ရှိတယ်နော်။ နောက်ပြီး ပြင်ဆင်စရာတွေလည်း ရှိသေးတယ်၊ ရိုးရိုးရှင်းရှင်း ပြင်မယ်ဆိုရင်တောင် အနည်းဆုံး ဆယ်လျန်လောက်တော့ ထပ်ကုန်ဦးမှာပဲ။ အစကတည်းက ဒီလောက် အရင်းအနှီးတွေ မြှုပ်နှံထားရတာ၊ အမြတ်မထွက်လာရင် ဘယ်လောက်တောင် ဆုံးရှုံးသွားမှာလဲ"

"ချွန်းနီ၊ မစတင်ခင်ကတည်းက လက်လျှော့ဖို့ တွေးနေရင်တော့ ဘာအောင်မြင်မှုမှ ရနိုင်မှာ မဟုတ်ဘူး။ ဒီငွေလောက်ကတော့ ငါ အကုန်ခံနိုင်ပါတယ်၊ အကြွေးလည်း မတင်ပါဘူး။ အဆိုးဆုံးဖြစ်လာရင်လည်း ဒီငွေတွေပဲ ရှုံးသွားမှာလေ။ တကယ်လို့ ငါ လမ်းချော်ခဲ့ရင်တောင် ငါ့ဘာသာ ပြန်ထူမတ်နိုင်ပါတယ်။ နောက်ပြီး မနေ့ကပဲ အမှာစာတွေ ထပ်ရထားသေးတယ်။ ဒါတွေကလည်း ပိုက်ဆံတွေပဲလေ၊ အဲ့ဒီလောက်ထိ လွန်လွန်ကဲကဲ စိုးရိမ်နေဖို့ ငါတို့မှာ အချိန်မရှိတော့ဘူး"

စူးယောင်ကွမ်းက ပြန်ရှင်းပြလိုက်သည်။

စကားပြောပြီးနောက် စူးယောင်ကွမ်းက ရေးဆွဲပြီးသား ပုံကြမ်းများကို ကျားချွန်းနီထံ လှမ်းပေးကာ မေးမြန်းလိုက်သည်။

"ဒီအခန်းကို နင်နဲ့ နင့်အမေအတွက် ချန်ထားပေးထားရင် ဘယ်လိုနေမလဲ"

ကျားချွန်းနီက အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် စူးယောင်ကွမ်းကို ကြည့်လိုက်သည်။

"ဝမ်းကွဲအစ်မ၊ အစ်မက ကျွန်မတို့ကို ဒီမှာ ဆက်ထားဦးမှာလား"

"နင်တို့က ကျားမိသားစုဆီ ပြန်သွားချင်လို့လား"

စူးယောင်ကွမ်းက မျက်မှောင်ကြုတ်ရင်း ဆက်ပြောလိုက်သည်။

"ကျားမိသားစုရဲ့ လက်ရှိအခြေအနေဆိုရင် နင်တို့ ပြန်သွားတာနဲ့ ဟိုအရင်ကလိုဘဝမျိုးဆီ ပြန်ရောက်သွားမှာနော်”

"ကျွန်မတို့က မပြန်ချင်ပါဘူး။ ဒါပေမဲ့ အစ်မက ဒီအလုပ်က ရက်နှစ်ဆယ်ပဲ ကြာမယ်လို့ ပြောထားတော့ အဲ့ဒီရက်ကျော်ရင် ကျွန်မတို့ အလုပ်မရှိတော့ဘူးလို့ ထင်နေတာပါ။ အဲ့ဒီတော့ ကျားမိသားစုဆီ ပြန်သွားပြီး ဒုက္ခခံဖို့ပဲ ပြင်ဆင်ထားတာပါ"

"ချွန်းနီ၊ နင်တို့ မိသားစုက... ငါ့စကားက နည်းနည်း ကြမ်းတမ်းကောင်း ကြမ်းတမ်းလိမ့်မယ်၊ ဒါပေမဲ့ နင် မကြိုက်ရင် မကြားခဲ့သလိုပဲ သဘောထားလိုက်ပါ။ နင်တို့မိသားစုထဲမှာ ဘယ်သူကမှ နင်တို့နှစ်ယောက်ကို ဂရုမစိုက်ကြဘူး၊ သူတို့က နင်တို့ကို အခမဲ့ ခိုင်းစားရမယ့် ကျွန်တွေလိုပဲ သဘောထားတာ။ နင်တို့ ငါတို့ဆီမှာ ဆက်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင်တော့ နင်တို့မိသားစုထဲက အဲ့ဒီဒုက္ခတွေကို အရင် ရင်ဆိုင်ဖြေရှင်းရလိမ့်မယ်။ ငါ့အစီအစဉ်ကတော့ နင့်အမေနဲ့ အဖေကို ကွာရှင်းစေချင်တာ။ ဒါပေမဲ့ နင့်အမေက ဘယ်လိုတွေးနေလဲဆိုတာ ငါ မသိဘူး။ သူသာ နင့်အဖေကို သံယောဇဉ်တွယ်နေသေးရင်တော့ အသက်ငယ်တဲ့ ငါက အဒေါ်ဖြစ်သူကို ကွာရှင်းဖို့ တိုက်တွန်းတာက မသင့်တော်သလို ဖြစ်နေမှာ စိုးရိမ်ရတယ်"

"ကျွန်မအမေက သူတို့ကို အပြီးတိုင် ဖယ်ခွာပစ်ချင်နေတာပါ။ အရင်ကဆိုရင်တော့ အဖေက အမေ့ကို ရိုက်နှက်မှာကြောက်လို့ မတွန်းလှန်ရဲခဲ့တာပါ။ နောက်ပြီး ကွာရှင်းတယ်ဆိုတာ ယောကျ်ားတွေကပဲ မိန်းမတွေကို ကွာရှင်းတာမျိုးပဲ ကြားဖူးတာလေ၊ မိန်းမက အရင်စပြီး တောင်းဆိုတာမျိုး မကြားဖူးဘူး။ အဖေက အမေ့ကို သားယောက်ျားလေး မမွေးပေးနိုင်တဲ့ အသုံးမကျတဲ့ဗိုက်လို့ ပြောပြီး အထင်သေးနေတာ။ အမေက ကလေးအကြိမ်ကြိမ် ပျက်ကျဖူးတော့ နောက်ထပ် ကိုယ်ဝန်ရဖို့က အရမ်းခက်ခဲသွားပြီ။ ဒါပေမဲ့ အဖေကတော့ သူ့ကို လွှတ်မပေးဘူး။ အိမ်မှုကိစ္စအားလုံးကို ကျွန်မတို့အမေသမီးနှစ်ယောက်ပဲ လုပ်နေရတာ၊ အဲ့ဒီလိုမျိုး အလကား ခိုင်းနိုင်တဲ့ မိန်းမကို ဘယ်သူက လွယ်လွယ်နဲ့ လွှတ်ပေးပါ့မလဲ"

"နင်တို့ မိသားစုကနေ အပြီးအပိုင် ထွက်လာနိုင်မယ်ဆိုရင်တော့ ကျန်တဲ့ကိစ္စတွေကို ပြန်ရောက်မှပဲ ဆွေးနွေးကြတာပေါ့။ အတိုချုပ်ပြောရရင်တော့ နင်တို့ ရှာသမျှ ငွေတွေ နင်တို့ လက်ထဲမှာပဲ ရှိနေစေချင်တယ်ဆိုရင် အဲ့ဒီငရဲတွင်းထဲကနေ အမြန်ဆုံး ထွက်လာခဲ့မှ ဖြစ်မယ်"

စူးယောင်ကွမ်းနှင့် ကျားချွန်းနီတို့ စကားပြောနေစဉ်တွင် ချွမ်းအော်က ကျန်းကျင့်ကို ခေါ်ဆောင်လာခဲ့သည်။

"ဒီကလေးမလေးက နွားလှည်းနဲ့ လာကြိုတာ။ သူက နင်တို့ ဘယ်ရောက်နေမှန်း မသိဖြစ်နေလို့ အတူခေါ်လာပေးခဲ့တယ်။ သူကလည်း နင် ငှားထားတဲ့ ဆိုင်ခန်းကို ကြည့်ချင်လို့တဲ့။ နောက်ဆိုရင် ဒီနေရာမှာပဲ အရောင်းအဝယ် လုပ်ရတော့မှာပေါ့လေ"

ချွမ်းအော်က စပြောလိုက်သည်။

ကျန်းကျင့်က ဆိုင်ခန်းကို တစ်ချက်လှည့်ပတ် ကြည့်ရှုပြီးနောက် စူးယောင်ကွမ်းကို နောက်ဖေးဘက်သို့ ဆွဲခေါ်သွားခဲ့သည်။ ကျယ်ဝန်းသော နောက်ဖေးခြံဝင်းနှင့် ရေတွင်းကို မြင်လိုက်ရချိန်တွင် သူမ အလွန် ဝမ်းသာသွားခဲ့သည်။

"ဒီနေရာလေးက တော်တော်လေး ကောင်းတာပဲ"

"အခန်းက စုစုပေါင်း ငါးခန်း ရှိတယ်။ ငါ့အမေက တစ်ခန်း၊ ငါနဲ့ နင်က တစ်ခန်း၊ ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲညီမက တစ်ခန်း၊ အငယ်ဆုံးဒေါ်လေးနဲ့ ဦးလေးက တစ်ခန်း၊ နောက်ဆုံးတစ်ခန်းကိုတော့ ဝမ်ရှူအတွက် ချန်ထားပေးမယ်"

စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။

"အခန်းတွေလည်း များသားပဲ၊ ကျွန်မတို့အားလုံးအတွက် လုံလောက်တယ်၊ အရမ်း ကောင်းတာပဲ။ ဒါပေမဲ့ ရွာထဲက အိမ်ကို ပြင်ဖို့ အရမ်းပင်ပန်းခဲ့ရတာလေ၊ နောက်ပြီး နံရံတွေဘာတွေ ဆောက်ဖို့ ငွေတွေလည်း အကုန်ခံထားရတော့ နည်းနည်း‌ေး နှမြောမိတယ်"

ကျန်းကျင့်တစ်ယောက် ညည်းတွားနေပြန်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ရွာမှာ ရေရှည်နေမှာမှ မဟုတ်တာ၊ နှမြောစရာ မလိုဘူး။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြမယ်၊ အခု ဟင်းချက်စရာတွေ သွားဝယ်ပြီး ရွာကို ပြန်ကြမယ်၊ မိသားစုဝင်တွေအားလုံး အတူတူ စားသောက်ကြတာပေါ့"

ရွာသို့ ပြန်ရောက်သည့်အချိန်တွင်တော့ အော်ဟစ်ငြင်းခုံသံများကို ကြားလိုက်ရသည်။ သူမတို့ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင်တော့ ကျုံးလန်ဟွာတစ်ယောက် မိန်းမကြီးတစ်ဦးနှင့် ပြင်းပြင်းထန်ထန် အချေအတင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ငါ ပြောပြီးပြီလေ၊ နင့်သားရဲ့ ဒဏ်ရာက ငါနဲ့ ဘာမှမဆိုင်ဘူး။ အဲ့ဒီ ကျန်းကျောက်တိဆိုတဲ့ မိန်းမနဲ့ သူ့မိသားစုသာ လမ်းပိတ်မထားရင် ငါတို့မြင်းလည်း လန့်သွားမှာ မဟုတ်ဘူး။ အခုတော့ ငါတို့ ရထားလုံးလည်း ကျိုးသွားပြီ၊ မြင်းလည်း ပြေးသွားပြီ။ ဆုံးရှုံးမှုအများဆုံးက ငါ ဖြစ်နေတာလေ၊ ငါက အော်ဟစ်ဆဲဆိုပြီး ရိုက်နှက်ရမှာဟဲ့။ နင်တို့ တွက်ချက်ချင်သေးတယ်ဆိုရင် ကျန်းကျောက်တိကို သွားရှာလိုက်လေ"

စူးယောင်ကွမ်းက ကျန်းကျင့်ကို နွားလှည်းမောင်းခိုင်းလိုက်ပြီး သူမကတော့ လမ်းမပေါ်သို့ ခုန်ဆင်းလိုက်သည်။

ကျန်းကျင့်က စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"ကျွန်မ လိုက်ခဲ့ရမလား"

"မလိုပါဘူး၊ နင် ရှိနေရင် ငါ လုပ်ရမယ့်အလုပ်တွေ နှောင့်နှေးသွားလိမ့်မယ်"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် သူမ၏ အင်္ကျီလက်မောင်းနှစ်ဖက်ကို ပင့်တင်လိုက်သည်။

"နင်နဲ့ ချွမ်းနီတို့ အရင်ပြန်နှင့်ကြ။ ချွမ်းနီက ကြောက်တတ်တော့ သူ့ကို မခြောက်လှန့်မိစေနဲ့ဦး"

ထို့နောက်တွင်တော့ စူးယောင်ကွမ်းက ကျုံးလန်ဟွာရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားနေသည်။

အန္တရာယ်ကို အာရုံခံမိလိုက်သည့် ကျုံးလန်ဟွာကလည်း ခေါင်းမော့ကြည့်လိုက်ပြီး စူးယောင်ကွမ်း၏ မနှစ်မြို့ဖွယ်ကောင်းသော မျက်နှာထားကို မြင်သွားခဲ့သည်။

စူးယောင်ကွမ်း၏ သာမန်လူတို့ထက် ထူးခြားသော ခွန်အားကို အမှတ်ရသွားသည့်အပြင် စူးယောင်ကွမ်းက လက်ဆစ်များကို အသံမြည်အောင် ချိုးနေသည်ကိုလည်း မြင်လိုက်ရသောကြောင့် ကျုံးလန်ဟွာက သတိကြီးစွာ လှမ်းမေးလိုက်သည်။

"နင် ဘာလုပ်မလို့လဲ"

"ကျွန်မက ကျိုးကြောင်းဆီလျော်တဲ့သူပါ။ ဘာအထောက်အထားမှမရှိဘဲ လေလုံးထွားပြီး တခြားသူတွေကို အပြစ်ဖို့တတ်တဲ့ လူတွေနဲ့တော့ မတူဘူး။ ဒီကအဒေါ်ကြီး ကျုံးလန်ဟွာက အဒေါ်ကြီးရဲ့သားကို ရထားလုံးပေါ်ကနေ တွန်းချလိုက်တာကို ကျွန်မ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပါ။ ရှင့်သား ဒဏ်ရာရတာက ဒီမိန်းမရဲ့လက်ချက်ပဲ။ အခု သူ တာဝန်ယူရမှာကို ရှောင်ပြေးချင်လို့ ရှင်တို့ကို တခြားသူတွေနဲ့ ရန်တိုက်ပေးနေတာ"

စူးယောင်ကွမ်းက ကျောက်စရစ်ခဲလေးတစ်လုံးကို ကောက်ယူလိုက်ပြီး တင်းတင်းကျပ်ကျပ် ညှစ်လိုက်ရာ ထိုကျောက်ခဲက ဖုန်မှုန့်အဖြစ် ပြိုကွဲသွားသည်။

"စဉ်းစားကြည့်ဦး၊ အဒေါ်ကြီး ဒီမိန်းမရဲ့ စကားကို ယုံပြီး ကျွန်မတို့မိသားစုကို လာအနှောင့်အယှက်ပေးနေရင် ရှင်ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်က ကျွန်မရဲ့ လက်သီးချက် ဘယ်နှစ်ချက်ကို ခံနိုင်မယ်ထင်လဲ။ ဒီမိန်းမက အယုတ်မာဆုံးနဲ့ အရှက်မဲ့ဆုံးပဲ၊ အဒေါ်ကြီး သူနဲ့ပဲ စာရင်းရှင်းသင့်တယ်"

စူးယောင်ကွမ်းက ကျောက်ခဲကို ဖုန်မှုန့်ဖြစ်အောင် ညှစ်နိုင်သည်အား မြင်လိုက်ရချိန်တွင် ထိုမိန်းမကြီးက ဤနတ်ဆိုးမလေးကို ရန်မစရဲတော့ပေ။ မည်သို့ပင်ဆိုစေ သူမ၏ ရည်ရွယ်ချက်က ငွေရရန်သာဖြစ်သည်။ ကျုံးလန်ဟွာကြောင့် သူမ၏သား ဒဏ်ရာရခဲ့သည်ဟု တစ်စုံတစ်ယောက်က 'သက်သေပြ' ပြီးသားဖြစ်နေသောကြောင့် ငွေမရမချင်း ကျုံးလန်ဟွာကို ဖက်တွယ်ထားတော့မည် ဖြစ်သည်။ သူမ၏သားက ဤယုတ်မာသော ယောင်းမဖြစ်သူ၏လက်ထဲ၌ ဒဏ်ရာရလာခဲ့ခြင်း ဖြစ်သည်။

"ကျုံးလန်ဟွာ၊ ကျုံးမိသားစုမှာ သားယောက်ျားလေးဆိုလို့ တစ်ယောက်ပဲ ရှိတာ။ နင် လုပ်လိုက်လို့ ငါ့သား ဒီလိုဖြစ်သွားပြီ၊ နင့်ရဲ့ မိဘတွေလည်း နေမကောင်းဖြစ်နေကြပြီ၊ နင့်ရဲ့အစ်ကိုဆိုရင်လည်း သူ့သားကို ကုသဖို့ သမားတော်တွေ လိုက်ရှာပြီး မိသားစုငွေတွေ အကုန် ကုန်သွားပြီ။ နင် တာဝန်ယူရမယ်၊ နင် အသေအချာ တာဝန်ယူရမယ်၊ မဟုတ်ရင်တော့ ဒီကိစ္စ ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး"

ကျုံးလန်ဟွာက စူးယောင်ကွမ်းကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။

"မိန်းမယုတ်လေး၊ ငါက ဘယ်တုန်းက သူ့ကို တွန်းချလိုက်လို့လဲ။ နင် လျှောက်ပြောမနေနဲ့။ ယောင်းမ၊ နင် ဒီကောင်မလေးရဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီ"

"တော်ကြပါတော့"

ကျန်းရိဟွမ်းက အထဲမှ ထွက်လာပြီး အော်ပြောလိုက်သည်။

"ကျွန်မတို့လည်း ဝမ်းကွဲအစ်ကို ထိခိုက်ဒဏ်ရာရသွားလို့ စိတ်မကောင်း ဖြစ်နေတာပါပဲ။ အဒေါ်၊ ကျွန်မရဲ့အမေက မုဆိုးမတစ်ယောက်အနေနဲ့ ကျွန်မတို့မောင်နှမနှစ်ယောက်ကို အရမ်းခက်ခက်ခဲခဲ ကျွေးမွေးစောင့်ရှောက်ခဲ့ရတာပါ၊ အခုဆိုရင်လည်း လက်ထဲမှာ ငွေသိပ်မကျန်တော့ဘူး။ ကျွန်မတို့ဆီမှာ ရှိသမျှငွေတွေကိုလည်း အဒေါ်တို့ အဆင်ပြေစေဖို့အတွက် မိဘတွေဆီကို ပို့ပေးလိုက်ရတာပါ။ ဒါကတော့ ကျွန်မတို့ဆီမှာ နောက်ဆုံးကျန်ရှိနေတဲ့ ငွေအနည်းငယ်ပါ။ အဲ့ဒီငွေနဲ့ ဝမ်းကွဲအစ်ကိုရဲ့ ဒဏ်ရာကို အရင်ကုသပေးလိုက်ပါ။ သူ ပြန်ကောင်းလာတဲ့အခါကျရငလည်း သူ့ဘာသာသူ ရပ်တည်နိုင်ဖို့အတွက် အလုပ်တစ်ခု ရှာပေးပါ့မယ်"

All Chapters