← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂ အိမ်ပြန်ခြင်း

နောက်တစ်နေ့တွင် စူးယောင်ကွမ်းက ကျန်းဖန့်တိနှင့် သူမ၏သမီးဖြစ်သူတို့အား ကျားမိသားစုထံ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

စူးယောင်ကွမ်းက ထုံးစံအတိုင်း နွားလှည်းကို ရွာအဝင်ဝတွင် ရပ်ထားခဲ့ပြီး ကျန်းကျင့်ကို ထိုနေရာ၌ စောင့်ခိုင်းထားခဲ့သည်။ ထို့နောက် သူမက အဒေါ်နှင့် ဝမ်းကွဲတို့ကို ခေါ်ဆောင်ကာ လက်ဗလာဖြင့် အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။

အိမ်ရှေ့တွင် အခြားသူများနှင့် အတင်းအဖျင်း ပြောဆိုနေသော အဘွားအိုရွှီက စူးယောင်ကွမ်းတို့ ရောက်လာသည်ကို ချက်ချင်း လှမ်းမြင်သွားခဲ့သည်။ သူမက ပါးစပ်ထဲမှ ဖရဲစေ့ခွံများကို ထွေးထုတ်လိုက်ပြီး လှောင်ပြောင်သံဖြင့် စကားစလိုက်သည်။

"အိုက်ယာ... နောက်ဆုံးတော့လည်း နင်တို့ အိမ်ကို ပြန်လာဖို့ ဆုံးဖြတ်လိုက်ကြပြီပေါ့၊ ရက်နှစ်ဆယ်လို့ ပြောသွားတာ မဟုတ်ဘူးလား၊ အခုတော့ နှစ်ဆယ့်နှစ်ရက်တောင် ရှိနေပြီ"

ထို့နောက် သူမက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး 'ပိုက်ဆံမပါဘဲနဲ့တော့ အထဲမဝင်လာနဲ့' ဟု ပြောနေသည့်ပုံစံကို အပြည့်အဝ ဖော်ပြနေသည်။

စူးယောင်ကွမ်းက အဝတ်အိတ်တစ်လုံးကို ထုတ်ပေးလိုက်ရင်း စိတ်မရှည်ဟန်ဖြင့် လှမ်းပြောလိုက်သည်။

"သူတို့အတွက် ပေးစရာရှိတာကို ပေးပါမယ်လို့ အဖွားရွှီကို ကတိပေးထားတယ်လေ။ ကျွန်မက သူတို့ကို ပေးချင်ပေမယ့် အဖွားရွှီက အိမ်ထောင်ဦးစီးမို့လို့ အဖွားလက်ထဲ တိုက်ရိုက်ထည့်ပေးရမယ်ဆိုပြီး သူတို့က တောင်းဆိုနေလို့။ အဖွား သေသေချာချာ ရေတွက်ကြည့်နော်။ ကျွန်မ ထွက်သွားပြီးမှ ဘာပြဿနာမှ လာမရှာနဲ့၊ ကျွန်မ လုံးဝ အသိအမှတ်ပြုမှာ မဟုတ်ဘူး"

အဘွားရွှီက အိတ်ကို ဖွင့်ကြည့်လိုက်ရာ ကြေးပြားတွဲများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏မျက်လုံးများ တောက်ပသွားသည်။

သူမက ကြေးပြားများကို တစ်ပြားချင်း ရေတွက်နေလိုက်သည်။ အိတ်ထဲတွင် ကြေးတစ်ရာစီကို ကြိုးဖြင့် တစ်တွဲစီ တွဲထားပြီး ကျန်ရှိ‌နေသည့် ကြေးပြား ရှစ်ဆယ့်ရှစ်ပြားကိုတော့ ဒီအတိုင်း ထည့်ထားသည်။ သူမက ကြေးပြားတွဲများကို အတွဲလိုက် ရေတွက်လိုက်ပြီးနောက် စည်းထားသည့်ကြိုးများကို ပြန်ဖြည်ကာ တစ်ပြားချင်း ထပ်မံရေတွက်နေပြန်သည်။ ကြေးပြားများက ရှစ်ရာ့ရှစ်ဆယ့်ရှစ်ပြား ဖြစ်နေသောကြောင့် သူမ အပြင်ဘက်ခြံဝင်းထဲတွင် ရှီးချန်တစ်ဝက်ခန့် စိတ်ရှည်လက်ရှည် ထိုင်ရေတွက်နေခဲ့သည်။ ကြေးပြားတစ်ပြားမျှ မလျော့ကြောင်း သေချာမှသာ အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

"အင်း... ဘာမှ မလျော့ဘူး"

"ဒါဆိုလည်း ပြီးတာပဲ။ အားလုံးလည်း အိမ်ပြန်ရောက်ပြီဆိုတော့ ကျွန်မလည်း ပြန်တော့မယ်"

စူးယောင်ကွမ်းက ပြောပြီးသည်နှင့် ပြန်လှည့်ထွက်သွားခဲ့သည်။

"ဟေ့... ဟိုဘက်မှာ လူလိုသေးလား။ သူတို့ အလုပ်ဆက်လုပ်နိုင်သေးတယ်"

အဘွားရွှီက စူးယောင်ကွမ်း ထွက်သွားသည့်ဘက်သို့ လှမ်းအော်လိုက်သည်။

စူးယောင်ကွမ်းက လက်ကို ဝေ့ယမ်းလိုက်ရင်း ပြန်ဖြေလိုက်သည်။

"အလုပ်တွေ အများကြီးကို ဘယ်ကနေ ရနိုင်မှာတုန်း၊ ကျွန်မတို့တောင် ပိုက်ဆံမရှာနိုင်သေးဘူး"

စူးယောင်ကွမ်း ထွက်သွားပြီးနောက် အဘွားကြီးရွှီက ကျန်းဖန့်တိကို ဒေါသတကြီး အော်ဟစ်တော့သည်။

"နင်က ဒီရက်အနည်းငယ် အလုပ်လုပ်လိုက်ရတာနဲ့ ရူးသွားတာလား။ သွား.... အထဲဝင်ပြီး ရေခပ်၊ ချက်ပြုတ်စမ်း"

သူမက ကျန်းဖန့်တိ၏ ဆုတ်ပြဲနေသော အဝတ်အစားများနှင့် လက်နှင့်မျက်နှာပေါ်ရှိ ဒဏ်ရာများကို ကြည့်ရင်း စက်ဆုပ်ရွံရှာစွာ ထပ်ပြောနေသေးသည်။

"ငါ့သားက တကယ့်ကို ကံဆိုးတာပဲ၊ နင့်လို ရုပ်ဆိုးပြီး ကလေးမမွေးနိုင်တဲ့ မိန်းမကို ပေါင်းနေရှာတယ်။ နင်က တကယ့်ကို အသုံးမကျတဲ့ ကောင်မပဲ။ နင် ဒီမိသားစုအတွက် ပိုပြီး အလုပ်မလုပ်ဘူးဆိုရင် ငါ့သားကို နင့်နဲ့ ကွာရှင်းခိုင်းလိုက်မယ်"

ကျန်းဖန့်တိက နီရဲနေသော မျက်လုံးများနှင့်အတူ ငိုယိုရင်း အိမ်ထဲသို့ ဝင်သွားခဲ့သည်။

"ပြီးတော့ နင်... နင် စုတ်ချာနေတဲ့ ကောင်မစုတ်လေး”

အဘွားကြီးရွှီက ကျားချွန်းနီ၏ လက်မောင်းကို ခပ်နာနာလေး ဆွဲလိမ်လိုက်သည်။

"အဖွား... နာတယ်"

ကျားချွန်းနီက ငိုယိုရင်း တောင်းပန်နေသည်။

"မဆွဲပါနဲ့တော့ အဖွားရယ်.... သမီး ထင်းသွားခုတ်ပါ့မယ်"

"မြန်မြန် သွားစမ်း... သောက်သုံးမကျတဲ့ ကောင်မ၊ နင့်မျက်နှာကို ကြည့်ရတာနဲ့တင် ငါ့မှာ စိတ်ဆင်းရဲနေရတယ်"

အဘွားကြီးရွှီက ဆက်ပြီး ကျိန်ဆဲနေသေးသည်။

"နင်က နင့်အမေအတိုင်းပဲ၊ အမြဲတမ်း မျက်နှာက ငိုမဲ့မဲ့နဲ့၊ တကယ့်ကို ကံဆိုးမှုတွေ ယူလာပေးနေတာပဲ"

ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့ အိမ်ထဲသို့ ဝင်သွားပြီး အလုပ် လုပ်နေကြသည့်အချိန်တွင် အဘွားကြီးရှုနှင့်အတူ အတင်းအဖျင်းပြောနေကျဖြစ်သော ဝမ်ရှီက စပြောလိုက်သည်။

"အဒေါ်ရယ်၊ သူတို့နှစ်ယောက်က ပိုက်ဆံအများကြီး ရှာနိုင်တာပဲ၊ သူတို့ကို အရမ်းကြီး မနှိပ်စက်ပါနဲ့။ သူတို့မိသားစုက သူတို့ကို ကူညီချင်စိတ်ရှိရင် သူတို့ ပိုက်ဆံပိုရှာနိုင်မှာ မဟုတ်ဘူးလား"

"စူးမိသားစုက အသုံးမဝင်တဲ့ကောင်မလေး ပြောသွားတာကို မကြားလိုက်ဘူးလား။ သူတို့ကိုယ်တိုင်တောင် အလုပ်မရှိဘူးတဲ့လေ၊ သူတို့မှာ လုပ်စရာအလုပ် နောက်ထပ် မရှိတော့ဘူး။ ဒီလိုကောင်းတဲ့အလုပ်မျိုး တစ်ကြိမ်လောက် ကြုံရတာကိုက သူတို့ ကံကောင်းနေလို့ပဲ၊ ဘယ်လိုလုပ်ပြီး ငါတို့မိသားစုအတွက် ပိုက်ဆံရှာပေးနိုင်မှာလဲ"

ကျန်းကျင့်က စူးယောင်ကွမ်း ပြန်ရောက်လာသည်ကို မြင်လိုက်ပြီး စိုးရိမ်နေဟန်ဖြင့် လှမ်းမေးလိုက်သည်။

"ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲညီမကို အဲ့ဒီအိမ်ဆီ ပြန်ပို့လိုက်တာ တကယ်ရော စိတ်ချရရဲ့လား။ အဲ့ဒီမိသားစုက ကျွန်မတို့ ထင်ထားတာထက် ပိုပြီး ရက်စက်နေရင်ရော... ဘယ်လိုလုပ်ကြမလဲ"

"ဒုတိယဒေါ်လေးနဲ့ ချွန်းနီက ဒီအဆင့်ကို မဖြစ်မနေ ကျော်ဖြတ်ရလိမ့်မယ်။ မဟုတ်ရင် အဲ့ဒီမိသားစုက သူတို့နောက်ကို တကောက်ကောက် လိုက်နှောင့်ယှက်ပြီး သွေးစုပ်နေဦးမှာပဲ၊ နောက်ရက်နည်းနည်းလောက်ပဲ သည်းခံရမှာပါ။ ဒီကာလကို ကျော်ဖြတ်နိုင်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်"

ကျန်းကျင့်နှင့် စူးယောင်ကွမ်းတို့က နွားလှည်းကို မောင်းကာ အိမ်သို့ ပြန်လာခဲ့ကြသည်။

အိမ်တွင် လုပ်စရာအလုပ်များစွာ ကျန်ရှိနေသေးပြီး သူမတို့အနေဖြင့် အမှာစာများ အချိန်မီပြီးအောင် လုပ်ရမည့်အပြင် ဆိုင်အတွက် ပြင်ဆင်မှုများကိုလည်း ဂရုစိုက်ရဦးမည် ဖြစ်သည်။

စူးယောင်ကွမ်းက အမှာစာများအား အပြီးသတ် လုပ်ပေးရန် ကျန်းကျင့်ကို တာဝန်ပေးလိုက်သည်။ ကျန်းကျင့်က သူမ ပေးထားသော ဖော်စပ်နည်းများကို ကျွမ်းကျင်နေပြီ ဖြစ်ကာ သူမကိုယ်တိုင် ဆေးပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ပိုကောင်းသော နည်းလမ်းများဖြစ်လာအောင်ပင် မွမ်းမံပေးနိုင်သည်။ ထို့ကြောင့် သူမကို ယုံကြည်စွာ အပ်ထားလိုက်ခြင်းက ပြဿနာ မရှိပေ။ စူးယောင်ကွမ်းကတော့ နံနက်တိုင်း မြို့ထဲသို့ သွားကာ ဆိုင်၏ ပြင်ဆင်မှု တိုးတက်နှုန်းကို စစ်ဆေးပြီး ထပ်တိုးတက်အောင် လုပ်ဆောင်မည့်အချက်များကို လက်သမားများနှင့် တိုင်ပင်ရသည်။

ရက်အနည်းငယ်အကြာ သူမ အိမ်သို့ ပြန်ရောက်လာချိန်တွင် အဘွားကြီးရွှီနှင့် ဟွာရှီတို့နှစ်ယောက် သူမတို့၏ အိမ်ရှေ့၌ ဆူညံပွက်လောရိုက်နေသည်ကို တွေ့လိုက်ရသည်။

"ကျွန်မအိမ်ရှေ့မှာ ဘာတွေလုပ်နေကြတာလဲ"

စူးယောင်ကွမ်းက နွားလှည်းပေါ်မှ ဆင်းကာ ကြိုးကို သစ်ငုတ်တိုတစ်ခုတွင် ချည်လိုက်ပြီး ထိုအမျိုးသမီးနှစ်ဦးရှိရာသို့ လျှောက်သွားလိုက်သည်။

ကျန်းကျောက်တိက ထိုနှစ်ယောက်ကို တားဆီးနေသော်လည်း စူးယောင်ကွမ်း ပြန်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်း အားတက်သွားပုံရသည်။

"သမီးလေး၊ ဒီမိန်းမပျက်နှစ်ယောက်က ငါတို့ဆီကနေ ငွေညှစ်ဖို့ လာကြိုးစားနေကြတယ်"

"ချွန်းနီရော... ချွန်းနီအမေရော ငါတို့ အိမ်မှာ ဘာမှ မဖြစ်ဘူး။ နင်တို့ဆီမှာ ရက်နှစ်ဆယ်လောက် အလုပ်လုပ်ပြီးတာနဲ့ သူတို့တွေ ဖျားနာကုန်တာတယ်။ ချွန်းနီက သွေးအန်နေတယ်၊ ချွန်နီ့အမေကလည်း ရူးသွပ်ပြီး ဓားတစ်ချောင်းနဲ့ ဟိုလျှောက်ခုတ် ဒီလျှောက်ခုတ် လုပ်နေလို့ ချွန်းနီအဖေတောင် ထိခိုက်မလို ဖြစ်ခဲ့ရတယ်။ ဒီနေ့တော့ နင်တို့ လျော်ကြေးပေးရမယ်၊ ပြီးတော့ ဆေးဆရာခေါ်ဖို့ ပိုက်ဆံပေး"

ဟွာရှီကလည်း ချက်ချင်း တုံ့ပြန်လိုက်သည်။

"သူတို့ကို ကျွန်မကိုယ်တိုင် အိမ်ပြန်ပို့ပေးခဲ့တာလေ။ ကျွန်မ ပို့ပေးတုန်းက သူတို့နှစ်ယောက်လုံး ကျန်းမာနေတာကို ရှင်တို့ ရွာက ရွာသားတွေအားလုံး သက်သေရှိတယ်။ အခု ငါးရက်လောက်ကြာပြီးမှ သူတို့ဖျားနေတယ်ဆိုပြီး လာပြောနေတာလား။ ရှင်တို့မိသားစုက သူတို့ကို တိရစ္ဆာန်လို ဆက်ဆံတယ်လို့ ကျွန်မ ကြားထားပြီးပြီ။ ရှင်တို့က သူတို့ လမ်းမှာ ပင်ပန်းပြီး ဖျားနာတာလို့ ပြောဖို့အတွက် သူတို့ကို ညှင်းပန်းနှိပ်စက်ပြီးမှ ကျွန်မတို့ဆီကနေ ပိုက်ဆံလာညှစ်နေတာ မဟုတ်ဘူးလား၊ လာခဲ့၊ အာဏာပိုင်တွေဆီ သွားကြမယ်။ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို အရာရှိတွေနဲ့ စစ်ဆေးခိုင်းမယ်"

စူးယောင်ကွမ်းက ဟွာရှီ၏လက်ကောက်ဝတ်ကို ဆွဲကာ နွားလှည်းရှိရာသို့ ဆွဲခေါ်နေလေသည်။

သူမက အားသန်လွန်းသဖြင့် ဟွာရှီတစ်ယောက် ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ဖြစ်နေရသည်။

"ဘယ်သူက နင့်နဲ့ အရာရှိဆီ လိုက်မှာလဲ၊ ငါတို့က ဘယ်လိုဖြေရှင်းရမလဲဆိုတာ လာဆွေးနွေးရုံလေးပါ"

ဟွာရှီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"သူတို့ဖျားနေတာကို နင်တို့က ဒီအတိုင်း လျစ်လျူရှုထားမလို့လား"

"အိမ်ထောင်ကျပြီးသွားတဲ့သမီးက ရေခွက်ထဲကဖိတ်စင်သွားတဲ့ ရေနဲ့အတူတူပဲ၊ ဘာလို့ ဂရုစိုက်ရမှာလဲ"

ကျန်းကျောက်တိက မဲ့ပြုံး ပြုံးပြီး ဝင်ပြောလိုက်သည်။

"သူတို့ကို မိသားစုက တာဝန်ယူပေးစေချင်ရင်လည်း ငါ့မိဘတွေကို သွားပြောလေ။ ငါက အစ်မကြီး ဖြစ်နေရုံနဲ့ ညီမရဲ့ မိသားစုကို ဘယ်လိုလုပ် ထောက်ပံ့နိုင်မှာလဲ"

"သူတို့နှစ်ယောက် သေခါနီးနေပြီလေ၊ နင်က ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား"

အဘွားကြီးရွှီက ဒေါသတကြီး စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။

"တစ်ယောက်က ရှင့်ရဲ့ချွေးမ၊ နောက်တစ်ယောက်က ရှင့်ရဲ့မြေး။ ရှင်တို့ ကျားမိသားစုကတောင် သူတို့ကို ဂရုမစိုက်တာ၊ ကျွန်မတို့က ဘာလို့ ဂရုစိုက်ရမှာလဲ၊ သွား... ရှေ့ကနေ ဖယ်ပေး၊ အေးအေးဆေးဆေး ပြန်ကြတော့"

"နင်... နင် တကယ်ကို ရက်စက်တဲ့ မိန်းမပဲ"

ကျန်းကျောက်တိက သူမကို တွန်းလိုက်သည့်အတွက် အဘွားကြီးးရွှီတစ်ယောက် မြေပြင်ပေါ် ထိုင်လျက်သား ကျသွားပြီး ဟစ်အော်ငိုယိုတော့သည်။

"အိုက်ယား... ကောင်းကင်ကြီးရေ... ငါ့ရဲ့ သနားစရာ ချွေးမလေးနဲ့ မြေးမလေး... သူတို့က ဒီလောက် ရက်စက်တဲ့ ဆွေမျိုးတွေနဲ့တော့ တွေ့နေရတာလား။ သူတို့အိမ်မှာ အသက်သေမတတ် အလုပ်လုပ်ပေးထားတာကို အခုတော့ အသက်ရှင်မလား၊ သေမလားဆိုတာတောင် ဂရုမစိုက်တော့ဘူး"

ရွာသားများကလည်း အသံများကို ကြားသွားပြီး စုရုံးရောက်ရှိလာကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျုံးလန်ဟွာက ဘေးမှ ပျော်ပျော်ရွှင်ရွှင် ဝင်ပြောလိုက်သည်။

"ကျန်းဖန့်တိနဲ့ ကျားချွန်းနီ... သူတို့အိမ်ကနေ ပြန်သွားကတည်းက ဖျားနေတာတဲ့။ ဒီနေရာမှာ ဖုန်းရွှေ မကောင်းတာများလား"

ဝှစ်!

ထင်းခုတ်ဓားတစ်လက်က လေကို ခွဲကာ ပျံလာပြီး ကျုံးလန်ဟွာဘေးမှ သစ်ပင်၏ ပင်စည်ထဲသို့ စိုက်ဝင်သွားသည်။

ဓားက သူမနှင့် လက်တစ်ဝါးစာလောက်သာ ဝေးကွာတော့သည်ကို မြင်လိုက်ရချိန်တွင် ကျုံးလန်ဟွာတစ်ယောက် လည်ပင်းများ တောင့်သွားသလို ခံစားလိုက်ရပြီး မျက်နှာကလည်း ဖြူဖျော့သွားသည်။

'တကယ်ကို အရူးမပဲ'

"အမေရယ်... သူတို့ ဘယ်လောက်သနားစရာကောင်းလိုက်လဲဆိုတာ ကြည့်စမ်းပါဦး။ ကျွန်မ သူတို့ကို ပြန်လိုက်ပို့ပေးလိုက်မယ်။ ဒါက ဆွေမျိုးတွေအနေနဲ့ အတတ်နိုင်ဆုံး လုပ်ပေးတာပဲ၊ ကျွန်မတို့ကို အခွင့်ကောင်းယူတာမျိုး ကျွန်မ လက်မခံနိုင်ဘူး"

စူးယောင်ကွမ်းက ပြောပြောဆိုဆိုဖြင့် လျှောက်လာပြီး ထင်းခုတ်ဓားကို ပြန်ဆွဲထုတ်လိုက်သည်။

အဘွားကြီးရွှီနှင့် ဟွာရှီတို့နှစ်ယောက်လည်း စူးယောင်ကွမ်း၏ ကြမ်းတမ်းသော လုပ်ရပ်ကြောင့် ထိတ်လန့်သွားကြသည်။

သူတို့က ငိုရန်နှင့် ဆူဆူညံညံ့လုပ်ရန် သက်သက် အဝေးကြီးမှ လာခဲ့ကြခြင်း မဟုတ်ဘဲ ယခု ဘာအကျိုးအမြတ်မှ မရလိုက်သောကြောင့် မကျေမနပ် ဖြစ်နေကြသည်။

All Chapters