← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃ ကွာရှင်းခြင်း

အဘွားကြီးရွှီနှင့် ဟွာရှီတို့ မည်မျှ ဆူညံဆူညံ လုပ်နေပါစေ စူးယောင်ကွမ်းနှင့် သူမ၏မိခင်တို့က ဘာမှ ထပ်မပြောခဲ့ကြသဖြင့် နောက်ဆုံးတွင် သူမတို့လည်း အရှက်တကွဲ ပြန်သွားရတော့မည် ဖြစ်သည်။

သို့သော်လည်း စူးယောင်ကွမ်းက သူမတို့ကို ပြန်ပို့ပေးမည်ဟု ပြောထားသောကြောင့် ကတိအတိုင်း ပြန်ပို့ပေးခဲ့သည်။

ကျန်းကျောက်တိကလည်း ကျန်းဖန့်တိ၏အခြေအနေကို ကြည့်ရှုရန်အတွက် နွားလှည်းပေါ်တွင် ထိုင်ကာ ကျားမိသားစုဆီသို့ လိုက်ပါလာခဲ့သည်။

သူမတို့ ကျားမိသားစုအိမ်ရှေ့သို့ ရောက်လာချိန်တွင် အိမ်ထဲမှ ထွက်ပေါ်လာသည့် အော်ဟစ်သံကျယ်ကျယ်တစ်ခုကို ကြားလိုက်ရည်။

အဘွားကြီးရွှီနှင့် ဟွာရှီတို့လည်း တစ်ခုခု မူမမှန်တော့သည်ကို ရိပ်မိသွားပြီး အိမ်ရှေ့တံခါးကို တွန်းဖွင့်ရန် ကြိုးစားနေကြသည်။ သို့သော် တံခါးက အတွင်းဘက်မှ ကန့်လန့်ပိတ်ထားခံရပြီး တွန်းမရဖြစ်နေလေသည်။

"ကျင်းရွှေ့... ကျင်းရွှေ့... ကျိကျုန်း... ကျိကျုန်းရေ... ကလေးအဖေရေ..."

အဘွားကြီးရွှီက တံခါးကို ထုရိုက်ရင်း အတွင်းဘက်သို့ လှမ်းအော်နေသည်။

"အထဲမှာ ဘာတွေဖြစ်နေကြတာလဲ၊ တံခါးအမြန်ဖွင့်စမ်း"

"ဖယ်ပေး"

စူးယောင်ကွမ်းက အဘွားကြီးရွှီကို လှမ်းအော်လိုက်သည်။

စူးယောင်ကွမ်းက ကျောက်တုံးကြီးတစ်တုံးကို ကောက်ကိုင်ပြီး တံခါးကို ထုခွဲရန် ပြင်နေသည်ကို မြင်လိုက်ရချိန်တွင် အဘွားကြီးရွှီက မျက်လုံးပြူးကြီးဖြင့် လှမ်းမေးလိုက်သည်။

"နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"ဖယ်မပေးဘူးဆိုရင် ရှင့်သားနဲ့ မြေး ဘာပဲဖြစ်ဖြစ် တခြားလူတွေကို အပြစ်မတင်နဲ့တော့"

စူးယောင်ကွမ်းက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

ဟွာရှီက အဘွားကြီးကို ဘေးသို့ ဆွဲဖယ်ပြီး ဝင်ပြောလိုက်သည်။

"အမေ... ဖယ်ပေးလိုက်ပါ၊ ကျိကျုန်းကို ထိခိုက်စေလို့ မဖြစ်ဘူး"

အဘွားကြီးရွှီတို့ ဘေးကို ဖယ်သွားသည်နှင့် စူးယောင်ကွမ်းက တံခါးကို သုံးချက်လောက် ပြင်းပြင်းထန်ထန် ထုရိုက်လိုက်ရာ အပေါက်တစ်ခု ဖြစ်သွားခဲ့သည်။ သူမက လက်ကို အထဲသို့ လျှိုပြီး ကန့်လန့်ခံထားသည့် သစ်သားတုတ်ကို ဆွဲဖယ်လိုက်ရာ တံခါးပွင့်သွားခဲ့သည်။

အိမ်ဝင်းထဲတွင်တော့ ကျားကျိကျုန်းက မြေပြင်ပေါ်တွင် ထိုင်နေပြီး ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေသည်။

ကျားကျင်းရွှေ့က အိမ်ထဲမှ ပြေးထွက်လာသည်။ သူ့အဝတ်အစားများက စုတ်ပြဲနေပြီး သူ့ကိုယ်ကိုပင် မနည်းဖုံးထားရသည့် အခြေအနေ ဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဟွာရှီက အော်ဟစ်လိုက်ပြီး မကြည့်ရဲသလို မျက်နှာလွှဲလိုက်သည်။

ကျားကျင်းရွှေ့ကတော့ သူ့၏ ရှက်စရာကောင်းသော အခြေအနေကို လုံးဝ သတိမပြုမိပုံရသည်။ အဘွားကြီးရွှီကို မြင်လိုက်ရသည့်အခါ သူက သူမ၏ခြေထောက်ကို ဖက်တွယ်ပြီး ငိုယိုနေသည်။

"အမေ... ကျန်းဖန့်တိက ရူးသွားပြီ၊ သူ လူသတ်တော့မယ်"

ကျန်းဖန့်တိက ဆံပင်ဖားလျားဖြစ်နေကာ ဖုန်များ ပေကျံနေသည့်ပုံစံဖြင့် ပြေးထွက်လာသည်။ သူမ၏ မျက်လုံးများက သွေးရောင်သန်းနေပြီး ငရဲမှ တတ်လာသည့် နတ်ဆိုးတစ်ကောင်လို ကြောက်စရာကောင်းနေခဲ့သည်။

သူမက ထင်းခုတ်ဓားတစ်လက်ကို ကိုင်ထားပြီး အဘွားကြီးရွှီကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူမက ရယ်ကျဲကျဲလုပ်ကာ အဘွားကြီးရွှီဆီကို ပြေးဝင်လာသည်။

"အိုက်ယား..."

အဘွားကြီးရွှီက ဟွာရှီ၏ နောက်သို့ ဝင်ပုန်းရင်း အော်ဟစ်လိုက်သည်။

ဟွာရှီကလည်း မျက်နှာပျက်သွားပြီး ကျားကျိကျုန်းကို ဆွဲထူကာ အပြင်ဘက်သို့ ပြေးထွက်သွားသည်။

"ဒီအရူးမ... နင် ဘာလုပ်နေတာလဲ"

ကျန်းဖန့်တိက ထင်းခုတ်ဓားဖြင့် သူမအား ဝှေ့ယမ်းနေသည်ကို မြင်လိုက်ရသောကြောင့် အဘွားကြီးရွှီတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။

"အမေ... အမေ..."

ကျားချွန်းနီက တံခါးကို မှီလျက်သား အနိုင်နိုင်ရပ်နေရင်း ကျန်းဖန့်တိကို စိုးရိမ်တကြီး လှမ်းပြောနေရှာသည်။

"အမေ.... စိတ်အေးအေး ထားပါနော်"

ကျန်းကျောက်တိက ထိုမြင်ကွင်းကို ကြည့်ပြီး ‘ကျစ်’ခနဲ စုတ်သပ်လိုက်သည်။

'သူ တကယ်ပဲ အရူးဖြစ်သွားတာလား'

စူးယောင်ကွမ်းက ကျန်းဖန့်တိ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး သူမ၏လက်ထဲမှ ထင်းခုတ်ဓားကို လုယူလိုက်သည်။

ထိုမြင်ကွင်းကို မြင်နေရသည့် အဘွားကြီးရွှီတစ်ယောက် ခြေလက်များ အားမရှိတော့သလို ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ထိုင်လျက်သား လဲကျသွားတော့သည်။

"သူ့ကို ချုပ်ထားလိုက်၊ နောက်ထပ် အရူးလို မလုပ်တော့အောင် ဖမ်းထားပေး"

"ကျွန်မတို့က ဒုတိယဒေါ်လေးကို လာကြည့်တာပါ၊ အခု ကြည့်ပြီးပြီဆိုတော့ ပြန်တော့မယ်"

စူးယောင်ကွမ်းက အေးအေးဆေးဆေး ဆက်ပြောနေသေးသည်။

"ပြီးတော့ ဒါက ရှင်တို့မိသားစုကိစ္စလေ၊ ကျွန်မတို့ ဝင်ပါဖို့ မသင့်တော်ဘူး"

"ဘာမိသားစုကိစ္စလဲ၊ ဒီအရူးမက လူသတ်တော့မှာလေ၊ ငါတို့ သူ့ကို ဘယ်လိုမှ မထားနိုင်တော့ဘူး။ ငါ ကွာရှင်းမယ်၊ မင်းတို့က သူ့မိသားစုဝင်တွေမလား၊ သူ့ကို အခုချက်ချင်း ခေါ်သွားကြ"

ကျားကျင်းရွှေ့က ကျန်းဖန့်တိကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

"ငါတို့ မိသားစုထဲမှာ ကွာရှင်းထားတဲ့ မိန်းမဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး"

ကျန်းကျောက်တိက မဲ့ပြုံးပြုံးရင်း ပြန်ပြောလိုက်သည်။

"နင် သူ့ကို ကွာရှင်းလိုက်ရင်တောင် ငါ သူ့ကို ပြန်ခေါ်သွားမှာ မဟုတ်ဘူး။ ဒီလိုအရူးတစ်ယောက်ကို ဘယ်သူက လိုက်စောင့်ရှောက်နိုင်မှာလဲ"

"ဘာပဲဖြစ်ဖြစ် ငါလည်း သူ့ကို လုံးဝ လက်မခံနိုင်တော့ဘူး"

ကျားကျင်းရွှေ့က ပြတ်ပြတ်သားသား အော်ပြောလိုက်သည်။

"သူက နင့်သမီးရဲ့ အမေလေ။ ပြီးတော့ နင့်သမီးလည်း ဒီမှာပဲ ရှိနေတာကို။ နင် ဒီလိုစကားမျိုးတွေ ပြောနေတာ မရှက်ဘူးလား၊ သူ စိတ်ထိခိုက်သွားမှာကို မကြောက်ဘူးလား"

ကျန်းကျောက်တိက ထပ်ပြောလိုက်ပြီး ကျားချွန်းနီကလည်း ကျားကျင်းရွှေ့ကို ဝမ်းနည်းစွာ ငေးကြည့်နေလေသည်။

"အဖေ... အမေက နေမကောင်း ဖြစ်နေလို့ပါ။ သမားတော်နဲ့ ကုသပေးလိုက်ရင် ပြန်ကောင်းသွားမှာပါ။ အဖေ... အမေ့ကို သမားတော်နဲ့ ပြပေးပါနော်၊ သမီးကတော့ ဘာပဲဖြစ်ဖြစ် သမီးရဲ့ ကံကြမ္မာလို့ပဲ သဘောထားလိုက်ပါ့မယ်။ အမေ့ရောဂါကိုပဲ ကုပေးပါနော်"

"တစ်ယောက်က အရူး၊ တစ်ယောက်ကလည်း ပန်းနာရောဂါကြောင့် သွေးအန်နေပြီ။ နတ်ဘုရား ဆင်းကုရင်တောင် နင်တို့ ရောဂါက မပျောက်နိုင်တော့ဘူး။ ငါ့သားပြောတာ မှန်တယ်၊ ဒီအသုံးမကျတဲ့နှစ်ယောက်ကို ချန်ထားပြီး ဘာလုပ်ရမှာလဲ။ နှစ်ယောက်လုံးကို နှင်ထုတ်ပစ်လိုက်"

"ငါရဲ့ ဒုတိယညီမက ဒီမိသားစုအတွက် နှစ်တွေ အကြာကြီး ကျွန်လိုမျိုး အလုပ်အကျွေးပြုခဲ့ရတာ။ နင့်တို့အတွက် သမီးတစ်ယောက်တောင် မွေးပေးထားသေးတယ်၊ အနည်းဆုံးတော့ အသိအမှတ်ပြုသင့်တယ်မလား၊ အခုတော့ သူ နည်းနည်းလေး ဖျားနာတာနဲ့တင် ဒီလိုမျိုး စွန့်ပစ်လိုက်ရအောင် သူက ဘာအပြစ်လုပ်မိလို့လဲ"

ထိုသို့ ပြောပြီးနောက်တွင် ကျန်းကျောက်တိက အိမ်ဝင်းတံခါးဆီ လျှောက်သွားပြီး ရွာဘက်ကို မျက်နှာမူကာ လှမ်းအော်လိုက်ပြန်သည်။

"အားလုံး လာကြည့်ကြပါဦး၊ ဒီမိသားစုက တကယ့်ကို အရှက် မရှိတာပဲ။ ကျွန်မ ညီမနဲ့ တူမလေး ဖျားနာနေတာကို သေမလား ရှင်မလားတောင် ဂရုမစိုက်ကြဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းကမှ သူတို့ရဲ့ လုပ်ခလစာတွေကို ယူသွားပြီးတော့ အခု သူတို့ဖျားနာနေတော့ ဆေးဆရာနဲ့တောင် ပြမပေးကြဘူး"

"နင် လျှောက်ပြောမနေနဲ့၊ ဒီအရူးမကိုသာ အိမ်ထဲမှာ ဆက်ထားရင် တစ်နေ့နေ့တော့ သူ ငါတို့ကို သတ်ပစ်လိမ့်မယ်။ ငါတို့က အသက်ရှင်ရတာကို မငြီးငွေ့သေးဘူး။ သူ့ကို အိမ်ထဲမှာ ဆက်ထားရဲပါ့မလား"

"အမေ... တွေလား... ဒီကို မလာသင့်ဘူးလို့ သမီး ပြောသားပဲ၊ ကြည့်စမ်းပါဦး၊ သူတို့က ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။ ဒီပြဿနာတွေကို ကျွန်မတို့ဆီ ပုံချဖို့ပဲ ကြံစည်နေတာ"

စူးယောင်ကွမ်းက ဒေါသတကြီး ဝင်ပြောလိုက်သည်။

"သွားကြမယ်"

"ဝမ်းကွဲအစ်မ... အကြီးဆုံးဒေါ်လေး... ကျွန်မကို ကူညီပေးကြပါဦး။ ကျွန်မအမေကို ကယ်ပေးကြပါ"

ကျားချွန်းနီက ဒူးထောက်လိုက်ပြီး သူမတို့ကို ဦးတိုက်တောင်းပြန်နေရှာသည်။

"အမေ့ကို ကယ်ပေးနိုင်ရင် ကျွန်မ တစ်ဘဝလုံး ဘာမဆိုလုပ်ပေးပါ့မယ်။ ကျွန်မ သေတဲ့အထိ ဝမ်းကွဲတို့အတွက်ပဲ အလုပ်အကျွေးပြုပါ့မယ်။ တောင်းပန်ပါတယ်"

"နင်တို့က ကျားမိသားစုဝင်တွေလေ..."

စူးယောင်ကွမ်းက တွန့်ဆုတ်ဟန်နေဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မအဖေက အမေ့ကို မလိုချင်တော့သလို ကျွန်မကိုလည်း မလိုချင်တော့ဘူး။ ကျွန်မတို့က ကျားမိသားစုဝင်တွေ မဟုတ်တော့ပါဘူး။ အခုတော့ ဝမ်းကွဲတို့ကလွဲရင် ကျွန်မတို့မှာ အားကိုးစရာ မရှိတော့ဘူး။ အဖိုးနဲ့ အဖွားကလည်း ကျွန်မတို့ သေမလား ရှင်မလားဆိုတာ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး"

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့က ကျားမိသားစုဝင်တွေ မဟုတ်တော့ဘူး"

ကျားကျင်းရွှေ့ကလည်း ဝင်ပြောလိုက်သည်။

"ငါ အခုချက်ချင်း ပြတ်ဆဲစာ ရေးခိုင်းလိုက်မယ်"

"ယောင်ကွမ်း... နင်ရဲ့ါ ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲက တကယ်ကို သနားစရာဖို့ ကောင်းပါတယ်။ ပြီးတော့ သူတို့က ငါ့ရဲ့ မိသားစုဝင်တွေလေ။ ဒီအတိုင်းသာ စွန့်ပစ်လိုက်ရင် သူတို့ သေဖို့ပဲ ရှိတော့မှာပေါ့"

ကျန်းကျောက်တိကလည်း စိတ်ပျော့သွားပြီး သနားလာသည့် လေသံဖြင့် ဝင်ပြောလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့ကိုသာ ဒီမှာ ဆက်ထားရင် ဒီနှစ်ယောက်က ဒီအိမ်မှာ သေဖို့ပဲ စောင့်နေကြတော့မှာပေါ့"

အဘွားကြီးရွှီကလည်း ရက်ရက်စက်စက် ထောက်ခံနေခဲ့သည်။

"တစ်ယောက်က ပန်းနာရောဂါသည်၊ နောက်တစ်ယောက်ကလည်း အရူးမ။ ငါတို့ကတော့ သူတို့ကို မောင်းထုတ်ရမှာပဲ။ သူတို့ကို ငါတို့အိမ်မှာ ခြေမချခိုင်းရုံတင်မကဘူး၊ ရွာထဲမှာလည်း ခြေမချခိုင်းဘူး။ ရွာသူရွာသားတို့ရေ... ရှင်တို့လည်း သူတို့ကို မြင်ချင်မှာ မဟုတ်ဘူးမလား"

"ကျားတွေတောင် သူတို့ရဲ့ သားပေါက်တွေကို ပြန်မစားဘူး၊ ရှင်တို့က တိရစ္ဆာန်တွေထက်တောင် ပိုဆိုးသေးတယ်"

စူးယောင်ကွမ်းက ဒေါသတကြီး ပြောလိုက်သည်။

"သူတို့ ဖြစ်နေတာက ဆေးဆရာနဲ့ ကုသရင် ပျောက်နိုင်တဲ့ ရောဂါတွေလေ။ ဘာလို့ ဆေးဆရာနဲ့ မပြပေးတာလဲ၊ ရှင်တို့က ဒီလောက်တောင် ရက်စက်နိုင်ကြတာလား၊ ကျွန်မကတော့ အဲ့လို မလုပ်နိုင်ဘူး။ ကျွန်မ သူတို့ကို ခေါ်သွားပေးမယ်၊ ဒါပေမဲ့ ပြတ်ဆဲစွန့်လွှတ်စာတော့ မလိုချင်ဘူး၊ ကွာရှင်းစာချုပ် ရေးပေးမယ်။ ပြီးတော့ အဲ့ဒီစာချုပ်ထဲမှာ ကျွန်မတို့ရဲ့ ဒုတိယဒေါ်လေးက သူ့သမီး ချွန်းနီကို ခေါ်သွားမယ်ဆိုတာနဲ့ အခုကစပြီး သူတို့နှစ်ယောက်က ကျားမိသားစုနဲ့ ဘာမှမသက်ဆိုင်တော့ဘူးဆိုတဲ့ အကြောင်း ထည့်ရေးပေးရမယ်။ ကျားမိသားစုအနေနဲ့လည်း သူတို့ဘဝကို လာပြီး မနှောင့်ယှက်ရဘူး"

(T/N: ပြတ်ဆဲစွန့်လွှတ်စာ ဆိုတာမျိုးက ဇနီးသည်မှာ အပြစ်ရှိလို့ တဖက်သတ် စွန့်ပစ်ခံရတာမျိုးပါ၊ ပြန်အိမ်ထောင်ပြုဖို့ လုံးဝ မလွယ်တော့ပါဘူး၊ ကွာရှင်းတာကတော့ နှစ်ဦးသဘောတူ တန်းတူညီမျှ ကွာရှင်းတာမျိုးပါ)

"ကောင်းပြီ၊ ငါ ခုချက်ချင်း စာရေးတတ်တဲ့လူဆီ သွားပြီး ရေးခိုင်းလိုက်မယ်"

ကျားကျင်းရွှေ့က ရွာထဲမှ စာရေးစာဖတ်တတ်သူကို ရှာရန် အမြန်ထွက်သွားခဲ့သည်။

ရွာသူကြီး၏သားက ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုတွင် နှစ်နှစ်ခန့် ပညာသင်ကြားဖူးသူ ဖြစ်သည်။ သူက အဆင့်မြင့်စာပေ အရေးအသားများကို မရေးနိုင်သော်လည်း ရွာသူရွာသားများအတွက် လိုအပ်သည့် စာရေးသားမှုမျိုးကိုတော့ လုပ်ဆောင်ပေးနိုင်သည်။

"ကွာရှင်းစာချုပ်အပြင် ကျွန်မရဲ့ ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲညီမကို ရသင့်တဲ့ လုပ်ခလစာတွေကိုလည်း ပြန်ပေးရမယ်"

စူးယောင်ကွမ်းက တောင်းဆိုလိုက်သည်။

"မဖြစ်နိုင်ဘူး။ အဲ့ဒါက ကျားမိသားစုရဲ့ ပိုင်ဆိုင်မှုပဲ။ သေခါနီး လူနှစ်ယောက်က ဒါကို ယူသွားခွင့် မရှိဘူး"

အဘွားကြီးရွှီက ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

"ဒါဆိုလည်း ထားလိုက်တော့၊ ကျွန်မတို့လည်း သူတို့ကို ခေါ်သွားချင်လွန်းလို့ မဟုတ်ဘူး"

စူးယောင်ကွမ်းက မဲ့ပြုံးပြုံးရင်း ခနဲ့လိုက်ပြန်သည်။

"ရှင်တို့ရဲ့ တွက်ချက်မှုက တော်တော်ကောင်းတာပဲနော်၊ ဘာတစ်ခုမှ မစိုက်ထုတ်ဘဲ ဒီပြဿနာတွေကို ကျွန်မတို့ကို ရှင်းခိုင်းဖို့ ကြံစည်နေကြတာပဲ"

"အများဆုံး တစ်ဝက်ပဲ ပေးနိုင်မယ်"

ကျားကျင်းရွှေ့က ဝင်ပြောလာခဲ့သည်။

အဘွားကြီးရွှီက နှမြောနေပြီး ငြင်းဆန်ချင်နေသေးသည်။ ကျားကျင်းရွှေ့က သူမနားသို့ ကပ်ကာ စကားအချို့ တိုးတိုးလေး ပြောလိုက်သည်။ အဘွားကြီးရွှီက ရက်စက်ကြမ်းတမ်းသော သားရဲတစ်ကောင်နှင့်တူနေသည့် ကျန်းဖန့်တိကို တစ်ချက်ကြည့်လိုက်ပြီးမှ အံ့ကြိတ်ကာ သဘောတူလိုက်သည်။

All Chapters