အခန်း ၈၆
Vol. 9 Ch. 86
အခန်း ၈၆ နောင်တ
သွေးအလိမ်းလိမ်းပေကျံနေသော ရေဇလုံများ အခန်းထဲမှ အဆက်မပြတ် ထွက်လာနေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝမ်ချန်း၏မိခင်က ဝမ်ချန်း၏ပါးကို အားရပါးရ ရိုက်ချလိုက်ပြီး ဆဲဆိုနေပြန်သည်။
"ဒီလောက် ကောင်းတဲ့ ဇနီးတစ်ယောက်ကို ဒီလိုဖြစ်အောင် ဖျက်ဆီးပစ်လိုက်တာ၊ အခု မင်း ကျေနပ်ပြီလား၊ တခြားသူတွေရဲ့ စကားအနည်းငယ်ကို ယုံပြီးတော့လေ၊ မင်းမှာ ဦးနှောက်ဆိုတာ ရှိသေးရဲ့လား၊ ဘာလို့ သေသွားတာက မင်း မဟုတ်ရတာလဲ၊ မင်း ဒီလိုကောင်းတဲ့ ဇနီးတစ်ယောက်နဲ့ လက်ထပ်ခွင့်ရှိတာက ငါ့ချွေးမလေးရဲ့အမေနဲ့ ငါနဲ့က သူငယ်ချင်းကောင်းတွေ ဖြစ်နေလို့သာ မင်းနဲ့ သူ့ကို လက်ထပ်ခွင့်ရခဲ့တာ။ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် သူ့ကို တောင်းရမ်းဖို့တောင် ငါ အားမထုတ်ခဲ့ပါဘူး၊ အခုတော့ ဒီလို ဒုက္ခမျိုးနဲ့ ကြုံနေရပြီ"
"ယင်းနျန်း... ငါ့ရဲ့ သနားစရာ ယင်းနျန်းရယ်... နင့်အမေ ဆုံးတုန်းက နင့်ကို သေချာ ဂရုစိုက်ပေးပါ့မယ်လို့ ငါ ကတိပေးခဲ့တာပါ။ ငါ အင်မတန် သတိထားပြီး စောင့်ရှောက်ခဲ့ပေမဲ့ ဒီလူမိုက်က နင့်ကို ဒီလိုဖြစ်အောင် လုပ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ ငါ တောင်းပန်ပါတယ်"
စူးယောင်ကွမ်းက ဝမ်ချန်း၏မိခင်ကို တွဲထားပေးရင်း နှစ်သိမ့်လိုက်သည်။
"အဒေါ်... အရမ်း စိတ်မကောင်း မဖြစ်ပါနဲ့။ ကံကောင်းထောက်မစွာနဲ့ ကျွန်မတို့ကို အချိန်မီ ခေါ်လိုက်နိုင်တယ်လေ။ အနည်းဆုံးတော့ လူကြီးရဲ့ အသက်ကို ကယ်လိုက်နိုင်ပြီလေ။ နောက်ကျသာသွားရင် လူကြီးပါ သေဆုံးသွားမှာကို စိုးရိမ်ရတယ်"
ဆေးဆရာလင်းက သူမ၏ဘေးတွင် ရပ်နေရင်း အပြစ်ရှိသလို ခံစားနေရသော မျက်နှာအမူအရာဖြင့် ငြိမ်သက်နေသည်။
‘သူရဲ့ နားလည်မှုလွဲမှားခြင်းကြောင့်သာ မဟုတ်ခဲ့ရင် အပြစ်မဲ့တဲ့ ကလေးငယ်တစ်ယောက် ထိခိုက်နစ်နာရမှာ မဟုတ်ဘူးလေ။ နောက်ဆုံးတော့ ဒီဘေးဆိုးအတွက် သူကိုယ်တိုင်လည်း တာဝန်ရှိနေတယ်လေ။’
ဝမ်ချန်းကတော့ နောင်တတရားများ ပြည့်နှက်နေသည့် အမူအရာဖြင့် မြေပြင်ပေါ်သို့ ထိုင်ချကာ ခေါင်းကို ဆုပ်ကိုင်ထားသည်။ သူက တစ်စုံတစ်ယောက်ထံမှ အနိုင်ကျင့်ခံထားရသော သားရဲလေးပမာ အသံတိတ် ငိုကြွေးနေလေသည်။
ကျန်းကျင့် အခန်းထဲမှ ထွက်လာချိန်တွင် စူးယောင်ကွမ်းက အထဲတွင် အခြေအနေကို လှမ်းမေးလိုက်ရာ ကျန်းကျင့်က ပြန်ဖြေလိုက်သည်။
"သူရဲ့ ခန္ဓာကိုယ်က အားအင်တွေ အရမ်းကုန်ခမ်းသွားပြီ။ နောက်သုံးနှစ်လောက်အထိ အထူး ဂရုစိုက်ပေးဖို့ လိုအပ်လိမ့်မယ်။ သေချာ ပြန်ကောင်းလာရင်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဘဲ ခန္ဓာကိုယ်က ပိုပြီး ဆုတ်ယုတ်သွားရင်တော့ နောက်ဆုံးမှာ ကလေးရနိုင်တော့မှာ မဟုတ်ဘူး"
"သူ့ကို ဘယ်လို ဂရုစိုက်ပေးရမှာလဲ"
ဝမ်ချန်း၏မိခင်က ဝင်မေးလိုက်သည်။
"ဆေးဆရာမလေး ပြောတဲ့အတိုင်း ကျွန်မ ဘာမဆို လုပ်ပေးပါ့မယ်။ သူ ပြန်ကောင်းလာအောင် ငါ သေချာပေါက် ကူညီပေးမှာပါ။ သူသာ မသက်သာလာရင် နောက်ဘဝမှာ ငါ့အစ်မကို မျက်နှာချင်းဆိုင်ဖို့ မျက်နှာတောင် ရှိတော့မှာ မဟုတ်ဘူး"
ကျန်းကျောက်တိလည်း နောက်မှ ထွက်လိုက်လာပြီး ဆေးဆရာလင်းကို လှမ်းပြောလိုက်သည်။
"ကျွန်မတို့ လုပ်ပေးနိုင်တာက ဒါပါပဲ။ ဆေးဆရာလင်းကပဲ ဆေးညွှန်း ရေးပေးလိုက်ပါဦး၊ ကျွန်မတို့ ပြန်တော့မယ်"
"ဟုတ်ပါတယ်.... ဆေးဆရာလင်း၊ ကျွန်မတို့ ဆေးဆရာလင်းရဲ့ ဆေးပညာကို ယုံကြည်ပါတယ်။ ဆေးဆရာလင်း ပြောတဲ့အတိုင်း ကျွန်မ အကုန်လုပ်ပါ့မယ်"
ဝမ်ချန်း၏မိခင်က မျက်ရည်များကို သုတ်ရင်း တောင်းပန်နေပြန်သည်။
"ကျွန်မရဲ့ သားမိုက် ပြောတဲ့စကားတွေကိုလည်း စိတ်ထဲ မထားပါနဲ့"
"ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်သေးတယ်ဆိုရင်တော့ ကျွန်တော် ဆေးညွှန်းပေးပါ့မယ်။ မယုံဘူးဆိုရင်တော့ မြို့ပေါ်သွားပြီး တခြားဆေးဆရာတစ်ယောက်ကို ပြသနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ချွေးမလေးရဲ့ အခြေအနေက တည်ငြိမ်သွားပြီ၊ အသက်အန္တရာယ်လည်း မရှိတော့ဘူး"
ဆေးဆရာလင်းက ထပ်ပြောလိုက်သည်။
"နောက်ဆုံးတော့ ဒါတွေအားလုံးက နားလည်မှုလွဲတာကြောင့်ပါ။ ဒီလို နားလည်မှုလွဲတာမျိုးကနေ ဒီလောက် ဘေးဒုက္ခမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့မိဘူး"
ကျန်းကျောက်တိက ကျန်းကျင့်နှင့် စူးယောင်ကွမ်းတို့ကို ခေါ်ပြီး အိမ်သို့ပြန်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယနေ့ညက လသာနေပြီး နွားလှည်းဖြင့် ပြန်လာရာလမ်းတွင် အခက်အခဲ မရှိခဲ့ပေ။ နွားလှည်းက သူတို့အိမ်နားသို့ ရောက်လာချိန်တွင် တံခါးပွင့်သွားပြီး ကျန်းယင်းတိက သူတို့ပြန်လာသည်ကို စောင့်ဆိုင်းနေသည်အား တွေ့လိုက်ရသည်။
"နောက်ဆုံးတော့ ပြန်ရောက်လာကြပြီပဲ"
"ငါတော့ ဗိုက်ဆာလွန်းလို့ သေတော့မယ်၊ ကြက်ဥပေါင်းလေး ဘာလေး လုပ်ကျွေးပါဦး"
ကျန်းကျောက်တိက ပင်ပန်းနွမ်းနယ်စွာဖြင့် လှမ်းပြောလိုက်သည်။
"ငါက ဝမ်းဆွဲသည် ဖြစ်ပေမဲ့ ဒီနေ့တော့ အမျိုးသမီးတွေကို ကုသတဲ့ ဆေးဆရာတစ်ယောက်လို အလုပ်လုပ်ပေးခဲ့ရတယ်။ အဲ့ဒီအထဲကနေလည်း အတွေ့အကြုံနည်းနည်း ရလိုက်သေးတယ်။ နောက်တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါ သိသွားပြီ။ အမျိုးသမီးရောဂါတွေအကြောင်း လေ့လာထားရတာ ဘယ်တော့မှ အကျိုးမယုတ်ဘူး။ ကျင့်အာ... သမီး အားတဲ့အချိန်ကျရင် အမေ့ကို ဆေးပညာဆိုင်ရာ အခြေခံသဘောတရားလေးတွေ သင်ပေးပါဦး။ အမေက အခုထိ ငယ်သေးတော့ သင်ယူနိုင်ပါသေးတယ်"
ကျန်းကျင့်က အပြုံးဖြင့် ပြန်ဖြေလာခဲ့သည်။
"မွေးစားအမေလည်း အရမ်းတော်တယ်။ သမီး အရင်က မိဘတွေနဲ့အတူ လူနာတွေ အများကြီး ကြည့်ဖူးပေမဲ့ ကလေးပျက်ကျတဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးရတာက ဒါ ပထမဆုံးအကြိမ်ပဲ။ မကြောက်ဘူးလို့ ပြောရင် လိမ်ရာရောက်ကျလိမ့်မယ်။ ကံကောင်းလို့ အမေ ကျွန်မနဲ့အတူ ရှိနေပေးလို့သာ သမီးလည်း စိတ်အေးလက်အေးနဲ့ မထိတ်မလန့် လုပ်နိုင်ခဲ့တာပါ"
စူးယောင်ကွမ်းက နှုတ်ခမ်းဆူကာ ဆူဆူဆောင့်ဆောင့် ဝင်ပြောလိုက်သည်။
"ဒီမှာ သမီးနဲ့ အမေက ချစ်မေတ္တာတွေ ဖလှယ်နေကြပြီ၊ ငါကတော့ မွေးစားသမီးလေးလို ဖြစ်နေပြီပေါ့နော်။ ထားလိုက်ပါတော့... ငါကတော့ ကြက်ဥပေါင်းလေးပဲ သွားလုပ်ပါတော့မယ်"
"နင်တော့လေ... ကောင်မစုတ်လေး ဘာတွေ ပြောနေတာလဲ"
ကျန်းကျောက်တိက စိတ်ရှုပ်သလိုနှင့် ပြောလာပြန်သည်။
"ငါ ခဏလောက် အိပ်လိုက်ဦးမယ်။ ကြက်ဥပေါင်းရရင် လာနှိုးလိုက်"
စူးယောင်ကွမ်းက မီးဖိုချောင်ထဲသို့ ဝင်ကာ ကြက်ဥပေါင်း ပြင်ဆင်လိုက်သည်။ ကျန်းကျင့်က ကူညီချင်သော်လည်း စူးယောင်ကွမ်းက သူမကို အနားယူရန် ပြောကာ နှင်လွှတ်လိုက်သည်။ ယနေ့တွင် ကျန်းကျင့်နှင့် ကျန်းကျောက်တိတို့နှစ်ယောက်က အထဲတွင် အလုပ်များခဲ့ကြရပြီး သူမကတော့ တံခါးစောင့်ပေးရုံသာ လုပ်ခဲ့ရခြင်းပင်။
ကျန်းယင်းတိကတော့ မီးဖိုဘေးတွင် ထိုင်ကာ ကူညီပေးနေသည်။
"ဦးလေးက အနားယူနေပြီလား"
"ဟုတ်တယ်၊ သူ အလုပ်ရုံမှာ အနားယူနေတယ်"
ကျန်းယင်းတိက တိုးတိုးလေး ထပ်ပြောလာခဲ့သည်။
"နင့်ရဲ့ ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲညီမကိုလည်း အနားယူဖို့ ပြောထားလိုက်တယ်။ ခုနက ရွာသားတွေ အများကြီး အိမ်ရှေ့မှာ ခိုးနားထောင်နေကြလို့ နင်ရဲ့ ဒုတိယဒေါ်လေးက သူတို့ကို ဆူပူပြရတာနဲ့တင် ပင်ပန်းနေပြီ။ နင့်ရဲ့ ဝမ်းကွဲညီမကလည်း ချောင်းဆိုးပြရတာ အရမ်း များနေပြီ၊ ဒီလိုသာ ဆက်ချောင်းဆိုးနေရင် လည်ချောင်းတွေ ထိခိုက်ကုန်တော့မယ်။ ဒီလူတွေကလည်း တကယ့်ကို ရူးနေကြတာပဲ၊ စပ်စုလိုက်ကြတာလည်း လွန်ရော။ တံခါးသာ ဖွင့်ထားမိရင် အိမ်ထဲအထိ တန်းဝင်လာကြမယ့်ပုံပဲ"
"ဒါက သဘာဝပါပဲ၊ သူတို့ကို ဂရုမစိုက်ပါနဲ့"
စူးယောင်ကွမ်းက ကြက်ဥတစ်လုံးကို ခွဲရင်း ထပ်ပြောလိုက်သည်။
"မနက်ဖြန်ကျရင် မှာထားတဲ့ အမှာစာတွေကို အပြီးသတ်ဖို့ အလုပ်ရှုပ်ရဦးမယ်။ နောက်ရက်နည်းနည်းကြာရင် သူတို့ကို အနားယူခွင့်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ပေါ်ကို ခေါ်သွားပြီး နေရာချထားပေးလိုက်မယ်။ အဲ့ဒါဆိုရင်တော့ ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲညီမလည်း မြို့ပေါ်က ဆိုင်အသစ်ပြင်ဆင်တာကို စောင့်ကြည့်ပေးနိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယဒေါ်လေးနဲ့ ဝမ်းကွဲညီမက ကျားမိသားစုနဲ့ လုံးဝကို ကင်းရှင်းသွားပြီ၊ သူတို့ဘာသာ ဖြည်းဖြည်းချင်း ပြန်ကြိုးစားနိုင်လိမ့်မယ်။ ကျားမိသားစုက တံခါးလာခေါက်ရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်တော့ဘူး"
စူးယောင်ကွမ်းနှင့် ကျန်းယင်းတိတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ကျန်းယင်းတိက သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။
"အချိန်တွေ ကုန်တာ မြန်လိုက်တာ၊ မျက်စိတစ်မှိတ်အတွင်းမှာ နင်တောင် ဒီလောက် ကြီးပြင်းလာပြီ။ နင့်ကို မွေးတုန်းက ငါနဲ့ နင်ရဲ့ ဒုတိယဒေါ်လေးတို့ နင့်ကို လာကြည့်ဖို့ အထူးတလည် လာခဲ့ကြသေးတယ်။ အဲ့တုန်းက နင်က ဒီလောက်လေးပဲ ရှိသေးတာကို၊ အရမ်းကို သေးလွန်းတယ်၊ အခုတော့ နင်က ငါတို့မိသားစုရဲ့ အားကိုးရာ ထောက်တိုင်ကြီး ဖြစ်လာခဲ့ပြီ"
"ကျွန်မတို့တွေ ပိုပြီး တိုးတက်လာကြမှာပါ"
စူးယောင်ကွမ်းက ပြန်ပြောလိုက်သည်။
"ကျွန်မတို့က မိန်းမသားတွေ ဖြစ်ပေမဲ့လည်း ကောင်းကင်တစ်ဝက်ကို ထမ်းထားနိုင်တာပါပဲ။ ကျွန်မတို့ အတူတူ အလုပ်ကြိုးစားနေသရွေ့ ဘဝက ပိုပိုပြီး ကောင်းလာမှာပါ"
စူးယောင်ကွမ်းနှင့် ကျန်းယင်းတိတို့က ကြက်ဥပေါင်းပန်းကန်များကို ကျန်းကျင့်နှင့် ကျန်းကျောက်တိတို့ဆီသို့ သယ်သွားပေးခဲ့ကြသည်။ သူမတို့နှစ်ယောက် အလွန် ပင်ပန်းနွမ်းနယ်နေသဖြင့် အကြိမ်ကြိမ် လှုပ်နှိုးမှသာ နိုးလာကြသည်။ စူးယောင်ကွမ်းက သူမကိုယ်တိုင် ကြက်ဥပေါင်းနှစ်ခု စားခဲ့ပြီး ကျန်နှစ်ခုကို ကျန်းယင်းတိအတွက် ပေးလိုက်သည်။ ကျန်းယင်းတိက အားနာနေကာ မစားရဲသော်လည်း စူးယောင်ကွမ်းက အတင်း တိုက်တွန်းလိုက်သည်။
“အငယ်ဆုံးဒေါ်လေးက ဒီလောက် ပိန်ကပ်နေတာ၊ တစ်နေ့ကျရင် မူးလဲသွားလိမ့်မယ်။ အဲ့ဒီကျရင် ဆေးဖိုးက ကြက်ဥဖိုးထက် ပိုကုန်မှာနော်"
စူးယောင်ကွမ်းက ခပ်တည်တည် ပြောလိုက်၏။
စူးယောင်ကွမ်း၏ အတင်းအကျပ် တိုက်တွန်းမှုကြောင့် ကျန်းယင်းတိတစ်ယောက် ရယ်ရမလို ငိုရမလို ဖြစ်နေရှာသည်။ သူမ မစားရဲရသည့် အကြောင်းအရင်းက ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့လည်း မစားရသေးသောကြောင့် ဖြစ်သည်။ အစ်မနှင့် တူမဆလးတို့ မစားရသေးချိန်တွင် သူမတစ်ယောက်တည်း စားရသည်က မသင့်တော်ဟု သူမ ထင်နေခြင်း ဖြစ်သည်။
ကျန်းယင်းတိ၏ အတွေးကို ရိပ်မိနေသည့် စူးယောင်ကွမ်းကတော့ စိတ်တိုတိုဖြင့် ရယ်မောလိုက်သည်။
ကျန်းယင်းတိ၏ အမြင်တွင် ကျန်းဖန့်တိနှင့် ကျားချွန်းနီတို့က ရက်အတော်ကြာ ဆင်းရဲဒုက္ခခံခဲ့ရသူများ ဖြစ်ပြီး နောက်ပိုင်းတွင် ပိုကောင်းသော အစားအစာများ စားရသင့်သည်ဟု ထင်နေခြင်းပင်။ ထို့အပြင် ဝမ်ဟွမ်ကျစ်က အမြဲတမ်း နာမကျန်းဖြစ်နေသဖြင့် သူ့၏ အစားအသောက်ကလည်း အထူးဂရုစိုက်ပေးခံထားရသည်။ ကျန်းယင်းတိတစ်ယောက်သာ သူမကိုယ်သူမအတွက် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးသူ ဖြစ်သည်။
ကျန်းယင်းတိ၏ မျက်လုံးထဲတွင် အားလုံးက ဗိုက်ဆာနေသူများ၊ အာဟာရ လိုအပ်နေသူများ ဖြစ်နေသော်လည်း ဝါးပင်ကဲ့သို့ ပိန်လှီနေသည့် သူမကိုယ်တိုင်လည်း အာဟာရ လိုအပ်နေသည်ကို မေ့လျော့နေလေသည်။
ကျန်းယင်းတိ၏ သူမကိုယ်သူမ မချစ်ခင်တတ်သည့် အပြုအမူကို ကြည့်ရင်း စူးယောင်ကွမ်းတစ်ယောက် အတိတ်ဘဝမှ သူမကိုယ်သူမ ပြန်မြင်ယောင်နေမိသည်။ အတိတ်ဘဝတွင် သူမလည်း သူတစ်ပါးကိုသာ ဂရုစိုက်ခဲ့ပြီး သူမကိုယ်သူမ ချစ်ရန် လိုအပ်သည်ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပေ။
ဤဘဝတွင်တော့ စူးယောင်ကွမ်းအနေဖြင့် သူမကိုယ်သူမ ဘယ်တော့မှ အနိုင်ကျင့်တော့မည် မဟုတ်ချေ။ သူမက သူမကိုယ်သူမ အခြားသူထက် ပိုချစ်သွားမည် ဖြစ်ပြီး သူမ၏ မိခင် အပါအဝင် သူမကို စစ်မှန်စွာ ဂရုစိုက်သူများကိုလည်း ပိုချစ်သွားမည်ဖြစ်သည်။ သူမအပေါ် ဂရုမစိုက်သူများအတွက်တော့ သူမက ဖုန်မှုန့်တစ်ခုလိုသာ သဘောထားလိုက်တော့မည်ပင်။
ကျန်းယင်းတိက ကြက်ဥပေါင်းကို စားရင်း ဖယောင်းတိုင်မီးရောင်အောက်တွင် ချိုမြိန်စွာ ပြုံးပြနေသော စူးယောင်ကွမ်းကို ကြည့်ပြီး ထပ်ပြောလာပြန်သည်။
"အဲ့တုန်းက လှည့်လည်သွားလာနေတဲ့ ဘုန်းကြီးအိုကြီးက ဘာလို့ နင့်ကို 'ယောင်ကွမ်း' လို့ နာမည်ပေးခဲ့လဲဆိုတာ အခုတော့ ငါ နားလည်သွားပြီ။ ယောင်ကွမ်း... ကျေးဇူးတင်ပါတယ်"
(T/N ; စူးယောင်ကွမ်းရဲ့ “ယောင်” က မြင့်မြတ်တဲ့ရတနာ/ ကျောက်စိမ်းဘုရင်/ မိခင်ပုလဲ ဆိုတဲ့ အဓိပ္ပာယ်မျိုးတွေ ရှိပါတယ်၊ ‘ကွမ်း’ ကတော့ အလင်းရောင်ပါ)