← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈ ငွေတောင်းခံခြင်း

စာသင်ကျောင်း၏ အဝင်ဝတွင်.....

ကျန်းရိဟွမ်းတစ်ယောက် တားဆီးခံထားရပြီး သူမ ယဉ်ကျေးစွာ ပြောဆိုနေသော်လည်း တံခါးစောင့် အဘိုးအိုက သူမကို လုံးဝ ဝင်ခွင့်မပြုခဲ့ပေ။

သူမက သူမ၏ အိတ်ကို တစ်ချက် ရှာဖွေလိုက်ပြီး ကြေးပြားနှစ်ပြားကို ထုတ်ယူကာ တံခါးစောင့်အား ထပ်ပြောလိုက်သည်။

"အဖိုးရယ်၊ ကျွန်မကို ကူညီပေးပါဦး။ ကျွန်မ ရှောင်းချီနဲ့ အရေးကြီးတဲ့ ကိစ္စရှိလို့ပါ။ ရှောင်းချီကို သိတယ်မလား။ သူက စာသင်ကျောင်းမှာ ကျောင်းလခတောင် ပေးစရာမလိုဘဲ တက်နေရတဲ့သူလေ။ အခု သူက အတွင်းထဲမှာ ရှိနေတာကို သူ့မိသားစုဝင်တွေ ဒီလိုဆက်ဆံခံရတာက တကယ်ရင်နာစရာပဲ"

တံခါးစောင့် အဘိုးအိုက ကျန်းရိဟွမ်း ပေးနေသည့် ငွေကို လက်မခံချေ။ ရှောင်းချီ၏ အမည်ကို ကြားလိုက်ရသည့်အခါ သူ၏ လေသံက ပိုမိုတင်းမာသွားခဲ့သည်။

"ဒါက ကျောင်းတော်ရဲ့ စည်းမျဉ်းအသစ်ပဲ။ ပြီးတော့ ဒါကို ကျောင်းတော်သား ရှောင်းယန်ချီ ကိုယ်တိုင် တောင်းဆိုထားတာ။ သူကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းကို သူ ချိုးဖောက်ဖို့ မဖြစ်နိုင်ဘူး"

ကျန်းရိဟွမ်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး မျက်ဝန်းထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့သော် သူမက နူးညံ့သိမ်မွေ့သော အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်ပြီးမှ ထပ်ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မအတွက် စကားလေးတစ်ခွန်းလောက် ပါးပေးပါဦး။ ကျွန်မ အတွင်းကို မဝင်တော့ပါဘူး။ ဒီနားမှာပဲ စောင့်နေပြီး သူ့ကို စကားအနည်းငယ်လောက်ပဲ ပြောချင်တာပါ"

တံခါးစောင့်အဘိုးအိုက ရှောင်းယန်ချီသည် ကျောင်းအုပ်ကြီးနှင့် ဆရာများ၏ အချစ်ဆုံးကျောင်းသား ဖြစ်သလို နောက်လာမည့် တော်ဝင်စာမေးပွဲအတွက် ကျောင်းတော်၏ အလားအလာရှိသော ကျောင်းတော်သားတစ်ဦးဖြစ်ကြောင်း တွေးမိလိုက်သည်။ ယခုက ထိုလူနှင့် ခင်မင်မှု တည်ဆောက်နိုင်မည့် အခွင့်အရေးကောင်းဟု မြင်သဖြင့် ခဏတာ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

အဘိုးအို အတွင်းသို့ ဝင်သွားပြီးနောက် ကျန်းရိဟွမ်း၏ မျက်နှာက မှောင်မိုက်သွားပြန်သည်။ ခြေသံများကို ကြားလိုက်ရမှသာ သူမ၏ အမူအရာ ပြောင်းလဲသွားပြီး အပြုံးလေးကို ပြန်ဆင်မြန်းကာ ခေါင်းမော့လိုက်သည်။ သို့သော် သူမရှေ့သို့ ရောက်လာသူက ကျန်းယီဟွေ့ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ အပြုံးများက မျက်နှာပေါ်တွင် တောင့်ခဲသွားတော့သည်။

ကျန်းရိဟွမ်းကို မြင်လိုက်ရသည်နှင့် ကျန်းယီဟွေ့က လှောင်ပြောင်သံဖြင့် လှမ်းပြောလိုက်သည်။

"တံခါးစောင့်က ရှောင်းချီရဲ့ မိသားစုဝင် လာရှာတယ်လို့ ပြောနေတာကို ကြားတော့ ငါက သူ့လို အစေခံတစ်ယောက်မှာ ဘယ်က မိသားစု ရှိနေပါ့လဲလို့ တွေးနေတာ။ ငါ့ရဲ့ ချစ်လှစွာသော ညီမလေး ဖြစ်နေတာလား၊ မြို့ထဲ ရောက်လာတာတောင် အစ်ကိုအရင်းကို လာမတွေ့ဘဲ အစေခံတစ်ယောက်ကို လာတွေ့နေရတာတဲ့လား။ မင်း တကယ်ပဲ သူ့ကို သဘောကျနေတာလား"

"အစ်ကို၊ အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောပါနဲ့။ အဲ့ဒီလိုမျိုးကိစ္စတွေ မရှိပါဘူး"

ကျန်းရိဟွမ်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။ သို့သော် ရင်းနှီးနေသည့် အရိပ်တစ်ခု နီးကပ်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူမ၏ ဒေါသများက အားငယ်စိတ်ပျက်မှုများဆီသို့ ပြောင်းလဲသွားခဲ့သည်။

“ကျွန်မလို မိန်းကလေးမျိုးက အစ်ကိုရှောင်းလိုလူမျိုးနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလား”

ကျန်းယီဟွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းရိဟွမ်းကို ရွံရှာသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

"မင်းက ဘာဖြစ်နေလို့လဲ။ မင်းက အနည်းဆုံးတော့ သင့်တော်တဲ့ မျိုးရိုးက ဆင်းသက်လာတာပဲ၊ သူနဲ့ ယှဉ်ရင် အများကြီး သာတယ်။ သူ့ရဲ့ ရုပ်ရည်ကလွဲရင် သူ့မှာ မင်းနဲ့ ထိုက်တန်တာ ဘာရှိလို့လဲ"

"အစ်ကို... မပြောပါနဲ့တော့"

ကျန်းရိဟွမ်းက ရှက်ရွံ့ဟန်ဖြင့် ခြေစောင့်လိုက်ပြီး မြေကြီးထဲသို့ပင် တွင်းတူးဝင်သွားတော့မယောင် ခေါင်းငုံနေခဲ့သည်။

"အစ်ကိုရှောင်းက အရမ်းကောင်းတဲ့သူပါ၊ သူက ရာထူးကြီးကြီး ရမယ့်သူလေ။ ကျွန်မကတော့ စာပေသိပ်မတတ်တဲ့ ရွာသူလေးပါ။ သူ့နဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ။ ကျေးဇူးပြုပြီး ဒီလို ရူးမိုက်တဲ့ စကားတွေ မပြောပါနဲ့တော့။ အစ်ကိုက ကျွန်မ ယူလာတဲ့ အစားအစာတွေကို အစ်ကို့ကို မပေးဘဲ အစ်ကိုရှောင်းဆီ ပေးလိုက်မှာကို စိုးရိမ်နေတာ မဟုတ်လား။ အကုန်လုံး အစ်ကို့ကိုပဲ ပေးလိုက်ပါ့မယ်"

ကျန်းရိဟွမ်းက မြေပြင်ပေါ်တွင် ချထားသော ခြင်းတောင်းကို ကောက်ယူလိုက်ပြီး ကျန်းယီဟွေ့၏ လက်ထဲသို့ အတင်းထိုးပေးလိုက်သည်။

ကျန်းယီဟွေ့တစ်ယောက် လှောင်ပြောင်သည့် စကားလုံးတစ်ခုခု ထပ်ပြောရန် ပြင်လိုက်ချိန်တွင် ရှောင်းယန်ချီ နီးကပ်လာသည်ကို မြင်လိုက်ရသည်။ ရှောင်းယန်ချီက သူ့ကို အရင် လှမ်းပြောလိုက်သည်။

"ဆရာက မင်းရဲ့ အိမ်စာတွေကို စစ်ဆေးတော့မယ်၊ မကြာခင် မင်းအလှည့် ရောက်တော့မှာပါ"

ကျန်းယီဟွေ့က ရှောင်းယန်ချီကို စူးစူးရဲရဲ စိုက်ကြည့်ရင်း သတိပေးလိုက်သည်။

"ငါ ပြောမယ်၊ ဒီမိုက်မဲတဲ့ ကောင်မလေးက ငါ့ညီမပဲ၊ မင်းရဲ့ စိတ်ကူးတွေကို လုံးဝ ဖယ်ရှားလိုက်၊ မင်းလိုလူမျိုးက နန်းတွင်းစာမေးပွဲကိုတောင် အောင်မြင်နိုင်ပါ့မလား၊ အခု ဘာမှ မသေချာသေးဘူး။ တကယ်လို့ မင်း စာမေးပွဲ မအောင်ခဲ့ရင် မင်းက ကျန်းအိမ်ရဲ့ အစေခံပဲ ဆက်ဖြစ်နေလိမ့်မယ်၊ ငါတို့အိမ်ရဲ့ လက်အောက်ကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး"

ကျုံးလန်ဟွာက ရှောင်းယန်ချီအား အိမ်ထောင်စုစာရင်း ပြောင်းလဲပေးရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ကြိုတင်ချုပ်ဆိုထားသော စာချုပ်တစ်ခု ရှိနေခဲ့သည်။ ထိုစာချုပ်တွင် ရှောင်းယန်ချီအနေဖြင့် တော်ဝင်စာမေးပွဲကို မဖြစ်မနေ အောင်မြင်ရမည်ဟု ရေးသားထားခဲ့သည်။ အကယ်၍ သူ စာ‌မေးပွဲ ကျရှုံးခဲ့ပါက မူလအဆင့်အတန်းသို့ ပြန်သွားရမည်ဖြစ်ပြီး၊ စာမေးပွဲ အောင်မြင်ခဲ့ပါက ကျန်းအိမ်တော်အား ရွှေလျန်တစ်သောင်း ပြန်ပေးဆပ်ရမည် ဖြစ်သည်။ ဤစာချုပ်ကြောင့် ရှောင်းယန်ချီ စာမေးပွဲအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ ကျန်းအိမ်တော်အတွက် အရှုံးမရှိသည့်အတွက် သူတို့က အိမ်ထောင်စုစာရင်းပြောင်းပေးရာတွင် အလွယ်တကူ သဘောတူခဲ့ခြင်း ဖြစ်သည်။

"ငါ့ကိစ္စတွေကို မင်း စိတ်ပူပေးစရာ မလိုဘူး။ မင်းကိစ္စကိုသာ ဂရုစိုက်။ ဒီတစ်ခါ ထပ်မအောင်ရင် ဆရာက မင်းကို ကောင်းကင်အတန်းကနေ လူသားအတန်းကို အဆင့်လျှော့ချပစ်တော့မှာနော်"

ကျန်းယီဟွေ့က တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား မျက်နှာပျက်သွားကာ ချက်ချင်း လှည့်ထွက်သွားတော့သည်။

"ကောင်းကင်အတန်းဆိုတာ ဘာလဲ၊ လူသားအတန်းဆိုတာရော ဘာလဲဟင်"

ကျန်းရိဟွမ်းက ဝင်မေးလိုက်သည်။

"နားထောင်ရတာ တမျိုးပဲနော်"

"လူသားအတန်းဆိုတာက အသက်ငါးနှစ်ကနေ ဆယ်နှစ်ကြား ကျောင်းသားသစ်တွေအတွက်ပါ။ သူတို့ရဲ့ ပညာသင်ယူမှု အခြေအနေပေါ်မူတည်ပြီး ပုံမှန် စစ်ဆေးမှုတွေ လုပ်တယ်။ အောင်မြင်တဲ့သူတွေပဲ မြေကမ္ဘာအတန်းကို တက်ခွင့်ရတယ်။ မြေကမ္ဘာအတန်းက ကျောင်းသားတွေကတော့ သုံးနှစ်ကနေ ငါးနှစ်လောက် ပညာသင်ကြားပြီး အခြေခံကောင်းသူတွေပေါ့၊ ဒါပေမဲ့ စာမေးပွဲဖြေဆိုဖို့ အရည်အချင်းပြည့်မီတဲ့ အဆင့်ထိတော့ မရောက်သေးဘူး။ ဆရာတွေက သူတို့ စာမေးပွဲ ဖြေဆိုဖို့ အဆင်သင့်ဖြစ်ပြီလို့ သတ်မှတ်တဲ့အခါ ကောင်းကင်အတန်းဆီ ရောက်လာကြတာပဲ"

"ဒါဆို ကောင်းကင်အတန်းက ကျောင်းသားတွေက တော်ဝင်စာမေးပွဲ ဖြေဆိုပြီး အရာရှိတွေ ဖြစ်လာနိုင်တာပေါ့နော်"

ကျန်းရိဟွမ်းက ရှောင်းယန်ချီကို အားကျသည့် မျက်လုံးများဖြင့် ကြည့်နေလေသည်။

ရှောင်းယန်ချီက ကျန်းရိဟွမ်း၏ အကြည့်ကို အလွန်နှစ်သက်သွားခဲ့သည်။ မကြာသေးမီက သူ ကြုံတွေ့ခဲ့ရသည့် စိတ်ညစ်စရာများနှင့် အခက်အခဲများအတွက် ထိုအကြည့်လေးက သူ့ကို နှစ်သိမ့်မှု ပေးလိုက်သလို ဖြစ်နေလေသည်။

"မဟုတ်ပါဘူး။ ကိုယ်တို့ စာသင်ကျောင်းက သေးသေးလေးပါ။ ထူးချွန်တဲ့ကျောင်းသားလည်း သိပ်မရှိဘူး။ အခုချိန်ထိ ကောင်းကင်အတန်းမှာတောင် စာမေးပွဲ ဖြေဆိုနိုင်တဲ့သူက နည်းနည်းလေးပဲ ရှိတယ်။ ကိုယ်တို့က 'လူသားအတန်း' နဲ့ 'မြေကမ္ဘာအတန်း' ထက် နည်းနည်းပဲ ပိုသာတာပါ"

"တခြားသူတွေ ဘာပဲဖြစ်ဖြစ်၊ အစ်ကိုရှောင်းကတော့ နန်းတွင်းစာမေးပွဲ ဖြေဆိုနိုင်စွမ်း ရှိမယ်လို့ ကျွန်မ ယုံကြည်တယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာတွေ ကိုယ်တိုင် အစ်ကို့ဆီ ရောက်လာပြီး အစ်ကို့ကို စာသင်ခိုင်းတာလေ"

သူမ ထိုသို့ ပြောနေသော်လည်း ကျန်းရိဟွမ်းက ဤကဲ့သို့ အသေးအဖွဲ ကိစ္စများကို နားထောင်ရန် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ ဤယောက်ျားက မိန်းကလေးတစ်ယောက် နားမလည်နိုင်သည့် စကားများသာ ပြောနေသဖြင့် အလွန်ပျင်းစရာ ကောင်းလှသည်ဟု သူမ တွေးနေခဲ့သည်။

"ဒါနဲ့ ဟွမ်းအာ၊ တစ်ခုခု လိုအပ်တာရှိလို့လား"

ရှောင်းယန်ချီက သူ့ကိစ္စ ပြီးသွားမှသာ ကျန်းရိဟွမ်း၏ တောင်းဆိုချက်ကို သတိရသွားပြီး စမေးလိုက်သည်။

ကျန်းရိဟွမ်း၏ မျက်ဝန်းများက ချက်ချင်း နီရဲလာတော့သည်။

"ဘာဖြစ်လို့လဲ ဟွမ်းအာ..."

ရှောင်းယန်ချီက သူမကို စိုးရိမ်တကြီး ကြည့်ရင်း ထပ်မေးလိုက်သည်။

"ဘယ်သူက မင်းကို အနိုင်ကျင့်လိုက်တာလဲ"

"ကျွန်မ မကြာခင် မြို့ထဲမှာ အလုပ်တစ်ခု ရှာတော့မလို့။ အလုပ်က တော်တော်လေး အလုပ်ရှုပ်မှာဆိုတော့ အစ်ကို အိမ်ပြန်သွားတဲ့အခါ ကျွန်မကို ရှာမတွေ့ ဖြစ်နေပြီး စိတ်ပူနေမှာစိုးလို့ အသိပေးဖို့ လာခဲ့တာပါ"

"ဘာအလုပ်လဲ။ မင်းရဲ့ ပန်းထိုးလက်ရာက အရမ်းကောင်းတာပဲလေ။ ပုံမှန်ဆိုရင် မင်း ပန်းထိုးပြီး ငွေရှာနေကျ မဟုတ်ဘူးလား"

ရှောင်းယန်ချီက မျက်မှောင်ကြုတ်ကြီးဖြင့် ထပ်မေးလိုက်ပြန်သည်။

"ပြောပြပါ၊ ကိုယ် ကူညီပေးမယ်"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မတို့သားအမိ ငွေချေးပြီး ရထားလုံတစ်စီး ဝယ်လိုက်တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ရထားလုံးက စူးမိသားစုရဲ့ နွားလှည်းနဲ့ တိုက်မိသွားတယ်။ ရထားလုံးက ပျက်စီးသွားသလို မြင်းကလည်း ထွက်ပြေးသွားတော့ ကျွန်မတို့မှာ လျန်ဆယ်ဂဏန်းလောက် အကြွေးတွေပဲ ကျန်ခဲ့တော့တယ်။ အဲ့ဒီအကြွေးတွေကို အမြန်ဆုံး ဆပ်ဖို့ နည်းလမ်းမရှာရင် အကြွေးရှင်တွေက အိမ်အထိ လိုက်ထာတော့မှာ။ ကျွန်မတို့သားအမိကို ကျွန်အဖြစ် ရောင်းစားခံရလိမ့်မယ်။ ဟင့်... အကုန်လုံးက ကျွန်မအမှားတွေပါ။ ရထားလုံး မဝယ်ဖို့ အမေ့ကို တားခဲ့သင့်တာ"

"ဘာလို့ ရထားလုံး ဝယ်ရတာလဲ။ ရထားလုံးဆိုတာက ဈေးကြီးသလောက် လက်တွေ့ကျတဲ့ အရာ မဟုတ်ဘူး"

"အစ်ကိုလည်း သိတဲ့အတိုင်း ကျွန်မတို့အိမ်နဲ့ စူးမိသားစုမှာ အငြိုးအတေးတွေ ရှိတယ်လေ။ စူးမိသားစုက နွားလှည်းဝယ်တော့ ကျွန်မအမေက ဒေါသထွက်ပြီး ရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ညဘက်တွေတောင် အိပ်မပျော်ဖြစ်ခဲ့ရတာ။ နောက်တော့ စူးမိသားစုကို ဖိအားပေးဖို့ ရထားလုံးတစ်စီး ဝယ်ရမယ်ဆိုပြီး ဝယ်လိုက်တာပဲ"

"ဘယ်လိုလုပ်ပြီး တိုက်မိရတာလဲ။ စူးမိသားစု တမင်တကာ တိုက်တာမလား"

ရှောင်းယန်ချီက ဒေါသတကြီး မှတ်ချက်ချလိုက်သည်။

"အဲ့ဒီ မိသားစုက တကယ်ကို စက်ဆုပ်ရွံရှာဖွယ်ဖို့ ကောင်းတယ်။ တခြားသူကို နောက်ကွယ်ကနေပဲ ခြေထိုးတတ်ကြတာ၊ တကယ်ကို အရှက်မဲ့တာပဲ"

"မြို့ထဲက ပန်းထိုးဆိုင်တစ်ဆိုင်မှာ အလုပ်ခေါ်နေတယ်လို့ ကျွန်မ ကြားတယ်။ ကျွန်မသာ အဲ့ဒီမှာ နေပြီး ပန်းထိုးမယ်ဆိုရင် တစ်လကို သုံးလျန် ရမယ်။ အလုပ်ရှင်က ရက်ရောရင် အပိုဆုကြေးတောင် ရနိုင်သေးတယ်။ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ဆိုရင် အကြွေးတွေ အကုန်ဆပ်နိုင်မှာပါ"

ရှောင်းယန်ချီက သူ့အိတ်ကပ်ထဲမှ ငွေစက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ရင်း ရှင်းပြလိုက်သည်။

"ဒါက သူကြွယ်ကြီးလျိုရဲ့ နံရံဆေးရေးပန်းချီတွေ ရေးပေးပြီး ရထားတဲ့ ငွေပါ။ ဆယ်လျန် ရှိတယ်။ အရင်ဆုံး အကြွေးတွေထဲက နည်းနည်းကို ဆပ်ဖို့အတွက် ဒါကို ယူသွားလိုက်နော်။ ကိုယ် နောက်ထပ် ငွေပို ရှာပြီး ထပ်ပို့ပေးမယ်"

"ကျွန်မ ဒါကို ဘယ်လိုလုပ် ယူနိုင်မှာလဲ။ အစ်ကို့ရဲ့ ပိုက်ဆံကို ကျွန်မ မယူနိုင်ဘူး"

ကျန်းရိဟွမ်း၏ မျက်ဝန်းများက တောက်ပသွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြင့် စွန်းထင်းလာခဲ့သည်။

"ကိုယ့်မှာရှိတဲ့ ဘယ်အရာမဆို မင်း လိုချင်ရင် ပေးနိုင်တယ်လို့ ကိုယ် ပြောထားပြီးသားလေ။ မင်းသာ မရှိရင် ကိုယ် ဒီလောက်ထိတောင် အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဟွမ်းအာ... မင်း အမေက ရက်စက်တဲ့သူ ဖြစ်နေရင်တောင် ကိုယ် သူ့ကို ကျေးဇူးတင်နေတုန်းပဲ။ သူသာ ကိုယ့်ကို မဝယ်ခဲ့ရင် မင်းလိုမျိုး ကြင်နာတတ်တဲ့ မိန်းခလေးနဲ့ တွေ့ခွင့်ရခဲ့မှာ မဟုတ်ဘူး"

All Chapters