အခန်း ၈၉
Vol. 9 Ch. 89
အခန်း ၈၉ ချိုမြိန်မှု
ကျန်းရိဟွမ်းက ရှောင်းယန်ချီ၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
ခဏတာ ငိုပြီးနောက် တစ်စုံတစ်ယောက် ချဉ်းကပ်လာနေသည့် ခြေသံများ လိုက်ရသဖြင့် သူမ ရှောင်းယန်ချီ၏ ရင်ခွင်ထဲမှ ချက်ချင်း ပြန်ခွာလိုက်သည်။ ထို့နောက် သူမက ရှောင်းယန်ချီကို ရှက်ရွံ့ဟန်လေးဖြင့် ခိုးကြည့်လိုက်သည်။
ရှောင်းယန်ချီက သူ့ရင်ခွင်ထဲမှ ပျံ့လွင့်လာသော သင်းရနံ့လေးကို ရှူရှိုက်လိုက်သည်။ ၎င်းက ခဏတာလေးသာ ဖြစ်သော်လည်း အလွန်မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့သည်။
‘ဒီတံခါးစောင့်အဖိုးကြီးကတော့ တကယ်ကို အချိန်အခါ မသိဘဲ နှောင့်ယှက်နေတာပဲ’
"အစ်ကိုရှောင်း... အများကြီး ကျေးဇူးတင်ပါတယ်ရှင်။ အစ်ကိုသာ မရှိရင် ကျွန်မ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး"
ကျန်းရိဟွမ်းက အချိုသာဆုံးအသံဖြင့် ကျေးဇူးတင်လိုက်ပြီးမှ ထပ်ပြောလိုက်သေးသည်။
"ဒီငွေစက္ကူကို ချေးငွေအနေနဲ့ပဲ သဘောထားပေးပါ။ ကျွန်မ ပြန်ဆပ်ပါ့မယ်"
"ကိုယ့်ပိုက်ဆံက မင်းပိုက်ဆံပါပဲ၊ ဘာလို့ ဒီလောက်ယဉ်ကျေး နေရတာလဲ"
"အစ်ကိုပေးတဲ့ ငွေနဲ့ဆိုရင် ကျွန်မ ပန်းထိုးဆိုင်မှာ အလုပ်လုပ်ဖို့ မလိုတော့ဘူး။ တကယ်တော့ အဲ့ဒီဆိုင်တာဝန်ခံက မိန်းမငယ်လေးတွေကို အမြဲအနိုင်ကျင့်တတ်တယ်လို့ ကြားထားလို့ ကျွန်မ ကြောက်နေမိတာ။ တခြား နည်းလမ်းမရှိလို့သာ ဒီအလုပ်ကို လုပ်ဖို့ စဉ်းစားခဲ့တာပါ။ ဒီငွေဆယ်လျန်က အကြွေးဆပ်ဖို့ မလုံလောက်ပေမဲ့ အကြွေးရှင်ကို အရင်ပေးလိုက်ရင် အချိန်နည်းနည်း ထပ်ရနိုင်ပါတယ်။ နောက်ပိုင်း ကျွန်မတို့သားအမိ ပန်းထိုးပြီး ငွေရှာဖို့ ကြိုးစားရမှာပေါ့"
"ငွေကိစ္စကို ကိုယ့်ဆီ အပ်ထားလိုက်ပါ။ ကိုယ် ကြည့်စီစဉ်ပေးပါ့မယ်။ အန္တရာယ်ရှိတဲ့ အလုပ်ကို မလုပ်နဲ့။ မင်းက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလောက်လှပနေတော့ မကောင်းတဲ့စိတ်ရှိတဲ့သူတွေနဲ့ တွေ့ရင် ဘာမှ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး"
တံခါးစောင့်အဖိုးအိုက ကျောင်းထဲသို့ ပြန်ဝင်ဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း ရှောင်းယန်ချီအား သတိပေးလိုက်သည်။ ရှောင်းယန်ချီက ကျန်းရိဟွမ်းအား မှာစရာရှိသည်များ မှာကြားရင်း အကြိမ်ကြိမ် နောက်လှည့်ကြည့်ကာ စာသင်ကျောင်းထဲသို့ တွန့်ဆုတ်တွန့်ဆုတ် ပြန်ဝင်သွားခဲ့သည်။
ကျန်းရိဟွမ်းက ရှောင်းယန်ချီ ကျောင်းထဲဝင်သွားသည်ကို ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်ရှိ မခွဲခွာလိုမှုူနှင့် သံယောဇဉ်အရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့သည်။ သူမက တံခါးစောင့်အဖိုးအိုကို ဦးညွတ်လိုက်ပြီး စကပ်ရှည်ကို မကာ ကျော့ရှင်းစွာဖြင့် ပြန်ထွက်ခွာသွားခဲ့သည်။
‘ငွေဆယ်လျန်ပဲ ရခဲ့တယ်…
ငွေဆယ်လျန်က ဆိုင်ခန်းတစ်ခန်း ငှားဖို့လောက်ပဲ ရနိုင်မယ်။ နောက်ထပ် ကုန်ကျစရိတ်တွေက အများကြီး ရှိနေမှာ သေချာတယ်။ ဒီလောက်နဲ့ မလုံလောက်ဘူး။ နောက်ထပ် ယောက်ျားတွေကို ပစ်မှတ်ထားဖို့ လိုဦးမှာပေါ့လေ။’
စူးမိသားစု မြို့ထဲ၌ ဆိုင်ဖွင့်မည့်ကိစ္စကို တွေးနေရင်း ကျန်းရိဟွမ်းတစ်ယောက် ဘာကြောင့် စူးယောင်ကွမ်းထက် နောက်မကျချင်ရသည်ကို သူမကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေရသည်။ ယခင်က သူမ၏မိခင်နှင့် ကျန်းကျောက်တိတို့ စကားများကြစဉ်က သူမ သိပ်ဂရုမစိုက်ခဲ့ပေ။ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား၊ သားသမီး၊ ငွေရှာနိုင်စွမ်း... မည်သည့်အရာတွင်မဆို ကျန်းကျောက်တိက သူမ၏မိခင်ကို မယှဉ်နိုင်ခဲ့ချေ။ သူမ၏ မိခင်အနေဖြင့် ထိုမိန်းမမျိုးကို ပြိုင်ဘက်အဖြစ် သတ်မှတ်စရာပင် မလိုခဲ့ချေ။
သို့သော် စူးမိသားစုက နေ့စဉ်နှင့်အမျှ တိုးတက်အောင်မြင်လာခဲ့ပြီး အချိန်တိုအတွင်း မြို့ထဲတွင် ဆိုင်ခန်းတစ်ခန်း ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုအချက်က ကျန်းရိဟွမ်း၏ ပုန်းကွယ်နေသော အနိုင်ယူလိုစိတ်ကို ပိုမိုတောက်လောင်လာစေခဲ့သည်။ ရွာသူရွာသားများက ယခင်က သူမတို့သားအမိကို ချီးကျွမ်းခဲ့သော်လည်း ယခုအခါ စူးယောင်ကွမ်းကို ချီးကျွမ်းနေကြသည်။ ငယ်စဉ်ကတည်းက လူတိုင်း၏ ချီးကျွမ်းမှုကိုသာ ခံယူခဲ့ရသည့် ကျန်းရိဟွမ်းအတွက်တော့ ထိုအရာက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
တစ်ဖက်မှ စူးယောင်ကွမ်းကတော့ ဆိုင်ခန်း၏ အပြင်အဆင်ကို ကြည့်ရှုနေပြီး လက်သမားဆရာကို ချီးကျူးနေခဲ့သည်။
"ဆရာကြီးလျို... ဆရာကြီးရဲ့ လက်ရာက တကယ့်ကို ပြောင်မြောက်တာပဲ။ ဒီပြင်ဆင်မှုတွေက ကျွန်မ လိုချင်တဲ့ ပုံစံအတိုင်း တထပ်တည်းပဲ"
"မင်း နှစ်သက်တယ်ဆိုရင် ငါလည်း ဝမ်းသာပါတယ်။ ကဲ... ပစ္စည်းတွေလည်း အရောက်ပို့ပြီးပြီဆိုတော့ ငါတို့ကို ပြန်ခွင့်ပြုဦး။ နောက်ထပ် လိုအပ်တာ ရှိရင်လည်း လာရှာဖို့ သတိရနော်"
"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ်ရှင့်"
ကျန်းကျောက်တိက လက်သမားဆရာလျိုကို အပြင်ဘက်အထိ လိုက်ပို့ပေးလိုက်သည်။
ချွမ်းအော်ကလည်း ဆိုင်ထဲသို့ ရောက်လာပြီး ပြင်ဆင်ထားသည့် ဆိုင်ခန်းအသစ်ကို အံ့အားသင့်စွာဖြင့် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
"ဒီဆိုင်က အရင်က ကျယ်တယ်ဆိုပေမဲ့ အခုလို ပြင်ဆင်လိုက်တော့ ပိုပြီးတော့တောင် ထည်ဝါသွားသလိုပဲ"
"အပေါ်ထပ်ကတော့ အမျိုးသမီးတွေအတွက် အနားယူဖို့ နေရာလေး လုပ်ထားတယ်။ သူတို့ အဲ့ဒီမှာ အသစ်အဆန်းတွေကို စမ်းသပ်ကြည့်နိုင်တာပေါ့။ အောက်ထပ်ကတော့ ကုန်ပစ္စည်း ရောင်းချမယ့်နေရာလေ။ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ၊ ဆံပင်ထိန်းသိမ်းတဲ့ ပစ္စည်းတွေနဲ့ အမွှေးဆီ၊ အလှဆီ အမျိုးမျိုးကို အမျိုးအစားအလိုက် ခွဲခြားထားတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ရနံ့ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တာပေါ့"
စူးယောင်ကွမ်းက ရှင်းပြနေသည်။
"ဝန်ထမ်းတွေကိုလည်း နေရာတစ်ခုစီမှာ တစ်ယောက်စီ တာဝန်ခွဲပေးထားမှာ"
"ဘယ်တော့လောက် ဖွင့်ဖို့ စိတ်ကူးထားလဲ"
ချွမ်းအော်က ပြန်မေးလိုက်သည်။
"ငါလည်း လက်ဆောင်အကြီးကြီး ပေးဖို့ ယူလာရဦးမှာပေါ့၊ ပြီးရင် ဖွင့်ပွဲမှာလည်း တိုးဝင်စားသောက်ရဦးမယ်"
"နောက်သုံးရက်နေရင် ဖွင့်ဖြစ်မယ်။ အခုတော့ ပြင်ဆင်စရာလေးတွေ နည်းနည်းကျန်သေးတယ်၊ ပန်းသည်တွေနဲ့လည်း ချိတ်ဆက်နေတုန်းပဲ။ နောက်ထပ် လိုအပ်မယ့် ကုန်ကြမ်းတွေအတွက် သေချာသွားပြီဆိုရင်တော့ ချက်ချင်း စဖွင့်မယ်လေ"
"အဲ့ဒီ အခန်းငယ်လေးက ဘာအတွက်လဲ"
"အဲ့ဒါက ကျင့်အာအတွက် ပြင်ဆင်ထားတဲ့ ဆေးခန်းလေးပါ။ ကျင့်အာကို လာတွေ့ချင်တဲ့သူရှိရင် အဲ့ဒီထဲမှာ တွေ့လို့ ရအောင်ပါ။ ဆေးကုသချင်တဲ့သူတွေ ဘယ်သူ့ဆီကမှ အနှောင့်အယှက် မဖြစ်သလို သူတို့ကလည်း တခြားသူတွေကို အနှောင့်အယှက် မဖြစ်စေတော့ဘူးလေ"
"ပြီးတော့ အဲ့ဒါက လက်ဖက်ရည်သောက်ဖို့ နေရာလေး။ လက်ဖက်ရည်ကျွမ်းကျင်တဲ့ အဖျော်ဆရာတွေကို ငှားဖို့ စီစဥ်ထားတယ်။ အပေါ်ထပ်ကို လာမယ့် အမျိုးသမီးတွေက ဂုဏ်သရေရှိ ဧည့်သည်တော်တွေဆိုတော့ ကောင်းမွန်တဲ့ လက်ဖက်ရည်နဲ့ မုန့်မပါဘဲ ဧည့်ခံလို့ ဘယ်ဖြစ်မလဲ။ အောက်ထပ်က သာမန်ဝယ်သူတွေကတော့ ဝယ်ပြီးတာနဲ့ ပြန်သွားကြမှာပါ။ လူ အဝင်အထွက် များနေမှာဆိုတော့ အားလုံးကိုတော့ အကုန်လိုက်ဧည့်ခံဖို့ မဖြစ်နိုင်ဘူး"
"ကျွန်မတို့ နေထိုင်ဖို့နေရာကတော့ နောက်ဖေးမှာ။ အနောက်ဘက်ခြံဝင်းကလည်း အတော်လေး ကျယ်တော့ နှစ်ပိုင်းခွဲလိုက်တယ်။ တစ်ပိုင်းက ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့ပေါ့။ အဲ့ဒါဆိုရင် ဟင်းဖိုး ကုန်ကျစရိတ် သက်သာသွားမယ်။ နောက်တစ်ပိုင်းကတော့ ပန်းတွေ စိုက်မယ်။ ဒီနေရာလေးကို ပန်းဥယျာဉ်လေး ဖြစ်သွားအောင် လုပ်လိုက်မယ်လေ။ အဲ့ဒါဆိုရင် လိုအပ်တဲ့ ပန်းပွင့်ကုန်ကြမ်းတချို့ကို ရနိုင်သလို ဆိုင်ကိုလည်း ပိုလှသွားစေတာပေါ့။ နံရံပေါ်က အလှဆင်ထားတာလေးတွေ မြင်လား... အဲ့ဒါတွေအားလုံးက ပန်းတွေစိုက်ဖို့အတွက်ပါ။ ဆိုင်တစ်ခုလုံး ပန်းတွေနဲ့ ပြည့်နှက်နေမှာ"
"ဒီနေရာလေးက တကယ့်ကို သာယာတာပဲ၊ တစ်သက်လုံး ဒီမှာပဲ နေသွားချင်တော့တယ်"
ချွမ်းအော်က စားပွဲခုံလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေ့တော့ ငါ နင့်ဆီကို ကိစ္စလေးတစ်ခု တိုင်ပင်စရာ ရှိလို့ လာခဲ့တာ။ နင် ငါ့ဝမ်းကွဲကို မှတ်မိသေးလား"
စူးယောင်ကွမ်းက ခေါင်းညိတ်လိုက်သည်။
"မှတ်မိတာပေါ့... ဟိုတစ်ခါ အိမ်ထောင်ပြုတော့မလို ဖြစ်ပြီးမှ နောက်ဆုံးအချိန်မှာ ပြောင်းလဲသွားတဲ့ အစ်မ မလား"
"ဟုတ်တယ်၊ အဲ့ဒီတစ်ယောက်ပဲ။ အဲ့ဒီလူက ငါ့ဝမ်းကွဲရဲ့ မျက်နှာမှာ ဝက်ခြံတွေ ပေါက်နေတာကို အကြောင်းပြပြီး လက်ထပ်ဖို့ ငြင်းပယ်သွားခဲ့တာလေ။ တစ်ရွာလုံးကလည်း သူ့ကို ဝိုင်းရယ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ နင် ပေးလိုက်တဲ့ အမာရွတ်ပျောက်ဆေးဗူးကို သုံးပြီးကတည်းက သူ့အသားအရေက တို့ဖူးလို ချောမွေ့သွားတာ။ အခုဆိုရင် လက်ထပ်ခွင့် တောင်းဖို့အတွက် အိမ်ရှေ့မှာ လူတွေ စည်ကားနေပြီ"
ချွမ်းအော်က သူမ ယူလာသော အထုပ်လေးကို စူးယောင်ကွမ်းဆီသို့ ကမ်းပေးရင်း ဆက်ပြောလိုက်သည်။
"ဒါက ငါ့အဒေါ်က နင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးခိုင်းလိုက်တာ။ စိတ်မပူပါနဲ့... ဒါက ငွေကြေး မဟုတ်ပါဘူး၊ ငါတို့မိသားစုဘက်က ပေးတဲ့ လက်ဆောင်မွန်လေးပါ။ နင် ငွေမလိုဘူးဆိုတာ ငါ သိတာပေါ့၊ ပြီးတော့ ပိုက်ဆံပေးနေရင် ငါတို့ကြားမှာ အကွာအဝေးတွေ ဖြစ်သွားမှာကိုလည်း ငါ စိုးရမ်းတယ်"
စူးယောင်ကွမ်းက ထိုအထုပ်ကို ဖြေကြည့်လိုက်ရာ အတွင်းထဲတွင် အလွန်လက်ရာမြောက်သော ပန်းထိုးဖိနပ်တစ်ရံ ရှိနေသည်။
"လှလိုက်တာ"
ကျန်းကျောက်တိက ဘေးနားမှ ကြည့်နေရင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဒီပန်းထိုးလက်ရာနဲ့ ဒီပုံစံဆိုရင် ဆိုင်မှာ ဝယ်ရင်တောင် ငွေဆယ်လျန်လောက်တော့ အနည်းဆုံး ပေးရမှာပဲ"
"ငွေဆယ်လျန်တောင်လား"
ကျန်းဖန့်တိကလည်း တအံ့တဩ ထအော်လိုက်သည်။
"ဒီဖိနပ်ပေါ်က ပန်းထိုးလက်ရာတွေက တကယ့်ကို အသက်ဝင်လွန်းတယ်၊ ဒါကြောင့်လည်း ဈေးကြီးတာ။ ပြီးတော့ ဒီမှာ ကြည့်လိုက်ဦး... ပုလဲလုံးလေးတွေ... ဖိနပ်တစ်ဖက်စီမှာ ဆယ်ရှစ်လုံးစီ၊ နှစ်ဖက်လုံးဆိုရင် သုံးဆယ့်ခြောက်လုံးတောင် ပါတာ။ ဈေးမကြီးဘဲ ဘယ်နေမလဲ"
သူမ၏လက်ဆောင်ကို လူတိုင်းက အံ့ဩတကြီး ကြည့်နေကြသည်ကို မြင်ရသောကြောင့် ချွမ်းအော်တစ်ယောက် ဂုဏ်ယူဝံ့ကြွားနေလေသည်။ သူမကိုယ်တိုင်လည်း အဒေါ်ပေးလိုက်သည့် လက်ဆောင်က ဘာမှန်း မသိခဲ့သော်လည်း အဒေါ်တို့မိသားစုက ချမ်းသာသောကြောင့် အပေါစားပစ္စည်း မဟုတ်လောက်ဘူးဟု တွေးကာ သူမ စိတ်ချလက်ချ ယူလာခဲ့ခြင်း ဖြစ်သည်။
"ဒီပုလဲလုံးတွေက အရွယ်အစား သိပ်မကြီးပါဘူး၊ အရွယ်အစား ငယ်သေးတဲ့ ပုလဲလေးတွေပါ၊ ဈေးလည်း သိပ်မကြီးပါဘူး"
ချွမ်းအော်က ဝင်ရှင်းပြလိုက်သည်။
"ဒါပေမဲ့ မိန်းမပျိုလေးတွေ ဝတ်ဖို့တော့ သင့်တော်တယ်လေ။ ပုလဲလုံးက ကြီးလွန်းရင်လည်း သူခိုးတွေ မျက်စိကျမှာကို စိုးရိမ်ရသေးတယ်"
"ဒီဖိနပ်က တကယ့်ကို လှတာပဲ"
စူးယောင်ကွမ်းက ဖိနပ်ကို သဘောကျစွာ ကြည့်ရင်း ပြန်ပြောလိုက်သည်။
"အဒေါ်ကို ကျွန်မကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။ သူ တကယ့်ကိုပဲ အားစိုက်ပေးထားတာပါ။ ဟိုဝမ်းကွဲအစ်မရဲ့ မျက်နှာလိမ်းအလှဆီက ထိရောက်တယ်ဆိုရင် နောက်ထပ် တစ်ဗူးလောက် ထပ်ယူသွားပေးလိုက်ပါလားဟင်၊ ကျွန်မ အဒေါ်ကိုလည်း စမ်းသုံးကြည့်စေချင်လို့ပါ"
ချွမ်းအော်က ဝမ်းသာအားရ လက်ခံလိုက်သည်။
"ငါ့အဒေါ်ရဲ့ မိသားစုက ကြွေထည်လုပ်ငန်း လုပ်ကိုင်တာလေ။ နင့်ဆိုင်အတွက်လည်း ကြွေအိုးတွေ အများကြီး လိုအပ်တယ်မလား။ နင် စိတ်ဝင်စားရင် ငါ မိတ်ဆက်ပေးမယ်၊ ဈေးနှုန်းလည်း ပိုချိုသာအောင် ပြောပေးနိုင်တယ်"
"ဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ် အစ်မချွမ်းအော်"