← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀ ဆိုင်ဖွင့်ပွဲ

‘ထောင်ယောင်ဖန့်’ စတင်ဖွင့်လှစ်သည့်နေ့တွင် ဆိုင်ရှေ့၌ ခြင်္သေ့အကအဖွဲ့က ကြာရှည်စွာ ကပြဖျော်ဖြေနေသဖြင့် လူအများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။

စူးယောင်ကွမ်းနှင့် သူမ၏မိသားစုဝင်များကလည်း လှပစွာ ဝတ်ဆင်ထားကြပြီး ခန္ဓာကိုယ်များတွင်လည်း မွှေးရနံ့များ သင်းပျံ့နေသည်။ သူမတို့တစ်ယောက်စီတိုင်းက ခြင်းတောင်းလေးများ ကိုယ်စီကိုင်ထားကြသည်။

ထိုခြင်းတောင်းများထဲတွင် နမူနာအရွယ်အစား မျက်နှာလိမ်းအလှဆီများ သို့မဟုတ် အမွှေးဆီများ ပါဝင်ပြီး တွေ့သမျှ အမျိုးသမီးတိုင်းကို ဝေငှပေးနေသည်။ သူမတို့က ဘာမျှ အပိုစကားမပြောဘဲ ချိုသာသောအသံလေးများဖြင့် ကုန်ပစ္စည်းအကြောင်းသာ ပြောနေကြသည်။

"ဒါက ကျွန်မတို့ ဆိုင်အသစ်ရဲ့ ထုတ်ကုန်အသစ်လေးတွေပါ၊ အိမ်မှာ ပြန်စမ်းသုံးကြည့်လို့ ရပါတယ်"

ကြည့်ရှုနေသူများက အစပိုင်းတွင် ပိုက်ဆံတောင်းမည်ကို စိုးရိမ်နေခဲ့ကြသော်လည်း အခမဲ့ဝေငှပေးပြီး ဘာမှ အနှောင့်အယှက်မပေးဘဲ ပြန်သွားကြသည်ကို မြင်သောအခါ စိတ်အေးသွားကြသည်။

"လေးစားရတဲ့ အိမ်နီးချင်းတွေနဲ့ လမ်းသွားလမ်းလာများရှင့်... ဒီနေ့က ကျွန်မတို့ရဲ့ 'ထောင်ယောင်ဖန့်' ဆိုင်လေး စတင်ဖွင့်လှစ်တဲ့နေ့ပါ၊ စိတ်ဝင်စားရင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်၊ ဒီနေ့ ဝယ်ယူတဲ့ ပစ္စည်းတိုင်းကို သုံးဆယ်ရာခိုင်နှုန်းလျှော့ဈေး ပေးထားပါတယ်ရှင်"

စူးယောင်ကွမ်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"မနက်ဖြန်ကစပြီး ဈေးနှုန်းတွေက ပုံမှန်အတိုင်း ပြန်ဖြစ်မှာမို့လို့ ဒီနေ့တစ်ရက်ပဲ ရနိုင်မယ့် အခွင့်အရေးပါ၊ လက်လွတ်မခံကြပါနဲ့နော်"

"ဆိုင်ရှင်လေး... ရှင် သုံးထားတဲ့ အမွှေးရနံ့က ဘာရနံ့လေးလဲဟင်၊ ပြောပြပေးလို့ ရမလား။ ကျွန်မ ဝယ်ချင်လို့ပါ"

လှပစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက လူအုပ်ကြားထဲမှ ထွက်လာပြီး မေးလိုက်သည်။

"အစ်မကြီးက အမြင်ရှိလိုက်တာ၊ အမွှေးရနံ့က ထုတ်ယူဖို့ အရမ်းခက်ခဲတဲ့ အမွေးဆီပါ၊ တစ်ပုလင်းရဖို့ တစ်လလောက် အချိန်ယူရတာမို့လို့ လက်ကျန်ပစ္စည်းက အရမ်းနည်းတယ်။ အခု ကုန်သွားရင် နောက်ထပ်ရဖို့ တစ်လလောက် ထပ်စောင့်ရဦးမှာပါ"

"ဒီလောက်တောင် မွှေးနေတာ အံ့ဩစရာ မဟုတ်‌တော့ဘူး၊ အဲ့လောက် ရှားပါးတာကို၊ ဒါဆိုရင်တော့ ကျွန်မ အခုပဲ ပုလင်းအနည်းငယ်လောက် ဝယ်ထားမှ ဖြစ်တော့မယ်၊ မဟုတ်ရင် ကုန်သွားလိမ့်မယ်"

ယနေ့ သုံးဆယ်ရာခိုင်နှုန်း လျှော့ဈေးပေးမည်ဟု ကြားလိုက်ရချိန်တွင် အခြားသူများကလည်း ပစ္စည်းဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ဆိုင်ထဲသို့ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ 'ထောင်ယောင်ဖန့်' ဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် အလွန်လက်ရာမြောက်သည့် ဆိုင်အလှဆင်ပုံကို ချက်ချင်း သတိပြုမိသွားကြသည်။ ဆိုင်က ကျယ်ဝန်းပြီး အရောင်အသွေးမျိုးစုံ၊ ပုံစံမျိုးစုံရှိသည့် ပုလင်းများကို ပြည့်နှက်နေအောင် ခင်းကျင်းထားကာ ဆိုင်တစ်ခုလုံးတွင်လည်း ဆွဲဆောင်မှုရှိသော ရနံ့များ သင်းပျံ့နေသည်။

"ကျွန်မတို့ရဲ့ ပုံမှန်ဖောက်သည်တွေဆိုရင် ကျွန်မ လမ်းဘေးမှာ မျက်နှာချေပြင်ပေးနေတာကို မြင်ဖူးကြမှာပါ။ အခုတော့ ကျွန်မမှာ ဆိုင်လေးရှိသွားပြီဆိုတော့ ဒီနေရာလေးက ကျွန်မရဲ့ သီးသန့်မျက်နှာချေပြင်ပေးတဲ့ နေရာလေးဖြစ်သွားပါပြီ။ အရေးကြီးတဲ့ ပွဲလမ်းသဘင်တွေအတွက် မျက်နှာချေနဲ့ ဆံပင်ပြင်ချင်တယ်ဆိုရင် ကျွန်မဆီကို လာလို့ရပါတယ်။ မျက်နှာချေပဲ ပြင်မယ်ဆိုရင်တော့ အရင်ကအတိုင်းပဲ ကြေးပြားငါးပြား ပေးရပါမယ်။ မျက်နှာချေရော၊ ဆံပင်ရော၊ အဝတ်အစားပါ စီစဉ်ပေးရမယ်ဆိုရင်တော့ လိုအပ်ချက်ပေါ်မူတည်ပြီး ဈေးနှုန်းက ကွာခြားသွားပါမယ်ရှင်"

"ဆိုင်ရှင်လေး... အပေါ်ထပ်မှာက ဘာတွေရှိတာလဲဟင်၊ ကျွန်မတို့ အပေါ်ထပ်ကို တက်ကြည့်လို့ ရမလား"

"တောင်းပန်ပါတယ် အစ်မကြီး၊ အပေါ်ထပ်က လောလောဆယ် လူတိုင်းအတွက် ဖွင့်မထားသေးပါဘူးရှင့်။ ကျွန်မတို့ ဆိုင်ရဲ့ အထူးအဖွဲ့ဝင်တွေမှသာ အပေါ်ထပ်ကို တက်ပြီး သူတို့ကြိုက်နှစ်သက်တဲ့ ထုတ်ကုန်အသစ်တွေကို ရွေးချယ်နိုင်မှာပါ"

"ဒါဆိုရင် အထူးအဖွဲ့ဝင်ဖြစ်ဖို့ ဘယ်လိုလုပ်ရမလဲဟင်"

"ဒါကတော့ ပစ္စည်းတွေဝယ်ယူရင်းနဲ့ ဖြစ်လာတာမျိုးပါရှင့်။ ဝယ်သူတစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေကို မှတ်သားထားပြီး ဘာတွေဝယ်သွားသလဲဆိုတာကိုလည်း စာရင်းသွင်းပေးသွားမှာပါ။ စုစုပေါင်း လျန်ငါးဆယ်ဖိုးလောက် ဝယ်ယူပြီးပြီဆိုရင်တော့ ကျွန်မတို့ဆိုင်ရဲ့ အထူးအဖွဲ့ဝင် ဖြစ်လာမှာပါ။ အထူးအဖွဲ့ဝင် ဖြစ်သွားပြီဆိုရင်တော့ ထုတ်ကုန်အသစ်တိုင်းရဲ့ စမ်းသပ်နမူနာလေးတွေကို အိမ်တိုင်ရာရောက် ပို့ပေးမှာပါ။ ထုတ်ကုန်အသစ်ထွက်တိုင်းလည်း အထူးအဖွဲ့ဝင်တွေကို အရင်ဦးစားပေး ရွေးချယ်ခွင့် ပေးသွားမှာပါ။ အရှင်းဆုံးပြောရရင် အထူးအဖွဲ့ဝင်ဖြစ်နေတဲ့ ဝယ်သူတွေက ကျွန်မတို့ရဲ့ အထူးဝန်ဆောင်မှုတွေကို ရရှိမှာပါ။ ဥပမာပေါ့နော်... သူတို့ရဲ့ အသားအရေအခြေအနေကို အခမဲ့ စစ်ဆေးပေးတာမျိုး၊ အသားအရေနဲ့ ကိုက်ညီတဲ့ အာဟာရဖြည့် အလှကုန်ပစ္စည်းလေးတွေကို အထူးစီစဉ်ပေးတာမျိုးတွေ လုပ်ပေးမှာပါရှင့်"

"လျန်ငါးဆယ်... ဒါက နည်းတဲ့ပမာဏ မဟုတ်ဘူးနော်"

"ဆိုင်ရှင်ရေ၊ ကျွန်မ ဒီသေတ္တာလေးတွေကို ယူမယ်"

"ဟုတ်ကဲ့ရှင်၊ ဒါလေးတွေကို ထုပ်ပိုးပေးလိုက်ပါ့မယ်"

ကျန်းကျောက်တိက အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

ဝမ်ဟွမ်ကျစ်ကတော့ ယနေ့အတွက် စာရင်းကိုင်တာဝန်ကို ယူထားခဲ့သည်။ သူက ကောင်တာတွင် ထိုင်နေပြီး စူးယောင်ကွမ်းတို့ ခေါ်လာသည့် ဝယ်သူများကို လက်ခံကာ ငွေရှင်းရန် တွက်ချက်ပေးရမည် ဖြစ်သည်။ ပြီးလျှင် နောက်ပိုင်းအတွက် အချက်အလက်များ သိမ်းဆည်းရန် ဝယ်သူ၏ အချက်အလက်များကို မှတ်တမ်းတင်ပေးရမည် ဖြစ်သည်။

ကျန်းဖန့်တိနှင့် သူ့သမီး၊ ထို့အပြင် ကျန်းယင်းတိတို့ကလည်း ဝယ်သူများကို ဧည့်ခံရင်း အလုပ်ရှုပ်နေကြသည်။ ကျန်းဖန့်တိက မျက်နှာချေပြင်ဆင်ထားပြီး လှပစွာ ဝတ်ဆင်ထားသောကြောင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက် ဖြစ်သွားခဲ့သည်။ ကျားချွန်းနီကတော့ ငယ်သေးသည့်အတွက် မျက်နှာချေကို အများကြီး အရောင်ခြယ်မထားဘဲ စူးယောင်ကွမ်းက သူမကို အိမ်နီးချင်းကောင်မလေးတစ်ယောက်ကဲ့သို့ ချစ်စရာကောင်းအောင် ပြင်ဆင်ပေးထားခဲ့သည်။ ကျန်းယင်းတိကတော့ ညီအစ်မသုံးယောက်ထဲတွင် အငယ်ဆုံး ဖြစ်သလို အလှဆုံးလည်း ဖြစ်သည်။ ယခု မျက်နှာချေအနည်းငယ် ထိတွေ့လိုက်ရသည့်အတွက် သူမလည်း ဆယ်ကျော်သက်နှောင်းပိုင်းအရွယ် မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ လန်းဆန်းနေလေသည်။

ဝမ်ဟွမ်ကျစ်၏ အကြည့်များကလည်း ကျန်းယင်းတိဆီမှ မခွာနိုင် ဖြစ်နေလေသည်။ ဆိုင်ထဲသို့ အမျိုးသားဝယ်သူများ ဝင်လာတိုင်း သူ ပိုပြီး စိတ်လှုပ်ရှားနေတတ်သည်။ ဝမ်ဟွမ်ကျစ် တစ်ခုခုကြောင့် အာရုံလွင့်နေသည်ကို သတိထားမိသွားသည့် စူးယောင်ကွမ်းက ကျန်းယင်းတိကို သူ့ဘေးတွင် ထိုင်ခိုင်းလိုက်ပြီး အမျိုးသမီးဝယ်သူများကို ဝန်ဆောင်မှုပေးကာ မျက်နှာချေပစ္စည်းများ စမ်းသပ်ပေးရန် စီစဥ်ပေးလိုက်သည်။

တောက်ပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တွင် ပန်းများ ပန်ဆင်ကာ လှလှပပ လိမ်းခြယ်ထားသော ကျန်းကျောက်တိကလည်း လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။ သူမ ပြုံးလိုက်သည့်အခါတွင်လည်း သူမ၏ မျက်ဝန်းများက ယခင်လို မှေးမှိန်မနေတော့သောကြောင့် ပိုငယ်ရွယ်နုပျိုသွားပုံရသည်။

"ယောင်ကွမ်း... အချိန်ရရင် ဒီမျက်နှာချေကို ဘယ်လိုပြင်ရမလဲဆိုတာ အမေ့ကို သင်ပေးဦးနော်။ အမေ ပြင်တတ်သွားရင် သမီးကို အမြဲတမ်း အကူအညီတောင်းစရာ မလိုတော့ဘူးပေါ့။ ကျုံးလန်ဟွာဆိုတဲ့ တစ်ယောက်က အမြဲတမ်း မျက်နှာချေတွေ ပြင်ထားတာ၊ ယောက်ျားတွေကလည်း သူ့နောက်ကို ပျားပန်းခတ်အောင် လိုက်နေကြတာပဲ။ သူက အရမ်းလှတယ်လို့ ငါ ထင်ခဲ့ဖူးတယ်၊ အဲ့တုန်းက ငါက အရင်တုန်းက ဘယ်လိုပြင်ရမှန်း မသိလို့ပေါ့၊ အခုတော့ သူနဲ့ အတူတူပဲ။ မဟုတ်ဘူး... ငါက သူ့ထက်တောင် ပိုလှသေးတယ်"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ... အမေက အလှဆုံးပါ။ ဟိုဘက်က အစ်မကြီးတွေကို ကြည့်လိုက်ပါဦး၊ သူတို့က အမေ့မျက်နှာချေပြင်ထားတဲ့ပုံစံကို အရမ်းကြိုက်နေကြတာ၊ သူတို့ကို အဲ့လိုမျိုး ပြင်ပေးဖို့တောင် သမီးကို ပြောနေကြသေးတယ်။ အမေ သင်ချင်တယ်ဆိုရင်တော့ အခုတောင် ကြည့်နေလို့ ရတယ်"

"ဒီနေ့တော့ မဟုတ်သေးပါဘူး၊ အခု လူတွေ အရမ်းများနေတယ်။ နောက်ရက်ကျမှ ပြောကြတာပေါ့။ အိုက်ယား... မဟုတ်သေးဘူး၊ ဒီနေ့မှ လူများတာ မဟုတ်ဘူး၊ နေ့တိုင်း လူများမှာ သေချာတယ်။ အားတဲ့အချိန်ကျမှပဲ သင်တော့မယ်"

ယနေ့က ဆိုင်ဖွင့်ပွဲနေ့ဖြစ်ပြီး သုံးဆယ်ရာခိုင်နှုန်း လျှော့ဈေးလည်း ရှိနေသောကြောင့် ဖောက်သည်များ အမှန်တကယ် စည်ကားနေလေသည်။

ကျန်းကျောက်တိနှင့် ခဏတာ စကားပြောဆိုပြီးနောက် စူးယောင်ကွမ်းက သူမ၏ အလုပ်ကို ပြန်လုပ်နေလိုက်သည်။

ဆိုင်အတွင်းရှိ နေရာတိုင်းတွင် ဈေးနှုန်းများ ကပ်ထားပေးပြီး တူညီသော ဈေးနှုန်းရှိသည့် ပုလင်းများကို တစ်တန်းစီ စနစ်တကျ ခင်းကျင်းထားသောကြောင့် ဝယ်သူများအနေဖြင့် အလွယ်တကူ ရွေးချယ်နိုင်ကြသည်။ အနည်းငယ် ပိုဈေးကြီးသော ပစ္စည်းများကိုတော့ အလွန်အကျွံ ထုတ်မပြထားပေ။ ၎င်းတို့ ရောင်းကုန်သွားခါနီးမှသာ စင်ပေါ်သို့ ပြန်ဖြည့်တင်းပေးလေ့ရှိသည်။

"ဆိုင်ရှင် ဘယ်မှာလဲ။ ဆိုင်ရှင် ဘယ်မှာလဲဟေ့"

ဆိုင်ပေါက်ဝမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရသဖြင့် စူးယောင်ကွမ်းလည်း အပြင်သို့ ထွက်လာခဲ့သည်။ ကျန်းညီအစ်မများက သူမနောက်သို့ လိုက်ရန် ပြင်နေကြသော်လည်း စူးယောင်ကွမ်းက သူမတို့ကို တားဆီးလိုက်သည်။ ဆိုင်ထဲတွင် ဖောက်သည်များစွာ ရှိနေသောကြောင့် တစ်စုံတစ်ယောက်က အခွင့်ကောင်းယူသွားမည်ကို သတိထားကြရန် သူမက မှာကြားလိုက်သေးသည်။

"ကျွန်မက ဆိုင်ရှင်ပါပဲ။ ဘာကိစ္စရှိလို့လဲရှင့်"

စူးယောင်ကွမ်းက အပြင်သို့ ထွက်လာပြီး အရပ်ရှည်ရှည်နှင့် ကိုယ်ခန္ဓာတောင့်တင်းသော အမျိုးသားကို လှမ်းမေးလိုက်သည်။

ထိုအမျိုးသား၏ ဘေးတွင်တွင် မျက်နှာဖုံးပုဝါ တပ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ရပ်နေသည်။ စူးယောင်ကွမ်း မေးလိုက်သည့်အခိုက်အတန့်တွင်ပင် ထိုအမျိုးသားက အမျိုးသမီး၏ မျက်နှာဖုံးပုဝါကို ဆွဲခွာလိုက်ရာ အနီစက်များ ဖုံးလွှမ်းနေသည့် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။

"မင်းတို့ဆိုင်က မျက်နှာချေကို သုံးမိပြီး တစ်ညတည်းနဲ့ ဒီလိုဖြစ်သွားတာ။ မင်းတို့က ဘယ်လိုလုပ်ပြီး ဆိုင်ဖွင့်ရဲတာလဲ။ ဒီမျက်နှာချေက လူတွေကို လှပအောင် မလုပ်ပေးတဲ့အပြင် မျက်နှာကိုပါ ဖျက်ဆီးပစ်တာပဲ"

"ဘာ... ဒီမျက်နှာချေက မျက်နှာပျက်စေတာတဲ့လား၊ ငါလည်း အများကြီး ဝယ်ထားမိပြီ။ ပြန်ပေး.... ပိုက်ဆံ အခုချက်ချင်း ပြန်ပေး"

ဘေးနားမှ အမျိုးသမီးတစ်ယောက်ကလည်း ဝင်အော်ဟစ်လိုက်သည်။

"အစ်မကြီး... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး။ ဘာတွေဖြစ်ကုန်တာလဲဆိုတာ အရင် စစ်ဆေးကြည့်ရအောင်"

စူးယောင်ကွမ်းက သူမကို ပြောလိုက်ပြီးနောက် ထိုအမျိုးသားကို ကြည့်ကာ ထပ်မေးလိုက်သည်။

"ရှင်က ကျွန်မတို့ဆိုင်က မျက်နှာချေကို သုံးမိတယ်လို့ ပြောတာပေါ့။ အဲဒီပုလင်းကို ပြလို့ရမလား"

ထိုအမျိုးသားက သူ့အိတ်ထဲမှ ထောင်ယောင်ဖန့်ဟု ရေးသားထားသော ပုလင်းတစ်လုံးကို ထုတ်ပြလိုက်သည်။

"ရှင်တို့ ဒီမျက်နှာချေကို ဘယ်အချိန်က ဝယ်တာလဲ၊ ဘယ်သူ့နာမည်နဲ့ မှတ်ပုံတင်ထားတာလဲဆိုတာ ကျွန်မတို့ မသိရသေးဘူး၊ ပြောပြပါဦး"

စူးယောင်ကွမ်းက အေးအေးဆေးဆေး မေးခွန်းထုတ်လိုက်သည်။

"အရင်တုန်းက ကျွန်မတို့ ဆိုင်မဖွင့်ရသေးတော့ အထည်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ အစ်မချွန်းအော်ဆီမှာ အပ်ပြီး ရောင်းခိုင်းခဲ့ဖူးတယ်။ သူက အရမ်းရိုးသားတဲ့သူပဲ၊ ရောင်းရသမျှ စာရင်းကို အမြဲမှတ်ထားသလို ဝယ်သူတွေရဲ့ နာမည်တွေကိုလည်း မှတ်တမ်းတင်ထားပေးတယ်။ အခု ရှင်တို့က ကျွန်မတို့ဆိုင်မှာ ဝယ်တယ်လို့ ပြောမှတာ့ ဒီပစ္စည်းကို ဘယ်အချန်က ဝယ်ခဲ့တာလဲ၊ အတုလား အစစ်လားဆိုတာ ကျွန်မတို့ အတည်ပြုဖို့ လိုတာပေါ့”

All Chapters