အခန်း ၁၉၁
Vol. 20 Ch. 191
Chapter 191
~
အခန်း ၁၉၁ : အိမ်ရာစည်းမျဥ်း...အိမ်ပိုင်ရှင် မဟုတ်သူများ ဝင်ရောက်ခွင့်မပြု...
~
နှစ်ရက်အကြာ ညအချိန်....
"အန်ယောင် ဘယ်ထွက် သွားတာလဲ..."
လုံယွဲ့ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး မျက်နှာအမူအရာက စိတ်ပူနေဟန်ဖြင့် မျက်ခုံးနှစ်ခုက ထိလုနီးပါး တွန့်ကွေးနေသည် ။
အန်ယောင် အိမ်ကထွက်သွားသည်မှာ နှစ်ရက်တိုင်တိုင် ရှိလေပြီ ။ ပြန်မလာခဲ့သလို မည်သည့်သတင်းစကားမှလည်း ပို့မလာခဲ့ချေ။
ထို့ကြောင့် လုံယွဲ့ အလွန်စိုးရိမ်လာပြီး သူမကိုယ်သူမ အပြစ်တင် နေမိ၏ ။ သူမကဲ့သို့ပင် အန်ယောင်သည်လည်း ဝိညာဉ်ချီစွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်အားလုံး ဆုံးရှုံးထားသဖြင့် ယခုအချိန်တွင် အကာအကွယ်မဲ့နေသည်။ အကယ်၍ အပြင်တွင် အန္တရာယ်တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရပါက အန်ယောင် မည်သို့ ကာကွယ်နိုင်ပါမည်နည်း ။
"စိတ်မပူပါနဲ့... သူ ဒီရက်အနည်းငယ်အတွင်း ပြန်လာပါလိမ့်မယ်.."
လင်းဖန်က လုံယွဲ့၏ ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး သူကိုင်ထားသည့် ညစာခေါက်ဆွဲပန်းကန်ကို သူမထံ ကမ်းပေးလိုက်သည်။ အန်ယောင်၏ ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေမှုကြောင့် သူမ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အစားသိပ်မစားပေ။
"ဒီဧကရီက ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ.."
လုံယွဲ့က လင်းဖန်ကို မျက်စောင်းထိုးကြည့်ကာ သူ့လက်ထဲမှ ခေါက်ဆွဲပန်းကန်ကို ယူလိုက်သော်လည်း လင်ဖန်း ကမ်းပေးသည့် တူကိုမူ မကိုင်သေးချေ။ အန်ယောင်ထွက်သွားသည်မှာ နှစ်ရက်ခန့် ကြာပြီဖြစ်ပြီး ရက်အနည်းငယ်အတွင်း အပြင်၌ အစာငတ်၍ သေဆုံးသွားနိုင်၏ ။သူမ မည်သို့ အေးအေးဆေးဆေး နေနိုင်ပါမည်နည်း ။
"မဖြစ်ဘူး.. ဒီဧကရီ ကိုယ်တိုင် သွားရှာရမယ်..."
လုံယွဲ့က ခေါက်ဆွဲပန်းကန်ကို ပြန်ချပြီး မတ်တပ်ရပ်ကာ အပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အိမ်အပြင်ဘက်မှ အလွန်သာယာသော ပလွေသံတစ်ခုရုတ်တရက် ပဲ့တင်ထပ်လာသည်။ အင်မော်တယ်ဆန်သော တေးသွားများ လေထဲတွင် ကခုန်နေပြီး သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာကာ စိတ်ဝိညာဉ်ကို သန့်စင်ပေးသကဲ့သို့ ရှိသည်။
ဤရင်းနှီးလှသော ပုလွေသံကို ကြားလိုက်ရသည့်ခဏတွင် လုံယွဲ့ ရုတ်တရက် ထိတ်လန့်သွားပြီး ခေါင်းလေးလံလာကာ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးသွားသလို ခံစားလိုက်ရ၏။
'ဒါ.. အင်မော်တယ်ဂီတဂိုဏ်းရဲ့ အိပ်မက်ယက်လုပ်သူ အင်မော်တယ်ပလွေသံပဲ... ဒီပလွေသံကို ကြားတဲ့သူတိုင်း စိတ်ဝိညာဉ်ကို ဝိညာဉ်ချီစွမ်းအားနဲ့ မကာကွယ်နိုင်ရင် မေ့မြောပြီး အိပ်ပျော်သွားလိမ့်မယ်...'
အိပ်မက်ယက်လုပ်သူ ပလွေသံ၏ စွမ်းအားကို ကို ချိုးဖျက်နိုင်ခြင်းမရှိပါက လူတစ်ယောက်ကို သေဆုံးသည်အထိ ထာဝရအိပ်ပျော်နေစေနိုင်သည်။
'ဒါပေမယ့် အင်မော်တယ်ဂီတဂိုဏ်းက အိပ်မက်ယက်လုပ်သူရဲ့ ဂီတသံက ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ...'
သူမတွင် အများကြီးစဉ်းစားရန် အချိန်မရှိ ။ သူမ၏ အသိစိတ်က ပိုမိုမှုန်ဝါးလာနေ၏ ။ သူမ၏ ဝိညာဉ်ချီစွမ်းအားနှင့် ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားခြင်းကြောင့် ဤပလွေသံ၏ ကျူးကျော်မှုကို ခုခံနိုင်စွမ်း မရှိချေ။
သူမ အိပ်ပျော်တော့မည့်အချိန်တွင် လင်ဖန်းက သူမ၏ကျောပေါ်သို့ လက်တစ်ဖက်ကို ညင်သာစွာ တင်လိုက်သည်။ ထိုအခါ သူမ၏စိတ်ထဲ၌ စွဲထင်နေသော ပုလွေသံသည် ချက်ချင်းပျောက်ကွယ်သွားပြီး မူးဝေနေသော အသိစိတ် ပြန်လည်ကြည်လင်လာခဲ့သည်။
"သူတို့ရောက်ပြီ... လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံပဲ..."
လင်ဖန်းက သူ့လက်မောင်းဖြင့် လုံယွဲ့ကို ပွေ့ဖက်ထားပြီး အကြည့်ကို တံခါးဝဆီသို့ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ သို့သော် သူ၏အမြင်အာရုံသည် တံခါးပေါ်တွင် ရှိမနေဘဲ တံခါးနှင့် အဆောက်အအုံများကို ဖြတ်သန်း၍ ရပ်ကွက်၏ အဓိကဝင်ပေါက်ဆီသို့ တည့်တည့် ကြည့်နေ၏။
ဤအချိန်တွင် သာယာနာပျော်ဖွယ်ကောင်းသော ပုလွေသံသည် နတ်ဆိုးမြို့တော်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့ပြီ ဖြစ်သည်။ လမ်းများပေါ်ရှိ လမ်းသွားလမ်းလာများသည် မြေပြင်ပေါ်တွင် လဲလျောင်းကာ အားလုံး အိပ်ပျော်နေကြသည်။ ကားအားလုံး လမ်းမများပေါ်တွင် ရပ်တန့်နေပြီး ယာဉ်မောင်းများသည်လည်း သူတို့၏ထိုင်ခုံများတွင် မလှုပ်မယှက် လဲလျောင်းနေကြ၏။ ရုံးအဆောက်အအုံများရှိ ရုံးဝန်ထမ်းများသည် စားပွဲများတွင် မှောက်ခုံလဲနေကြပြီး ဈေးဝယ်စင်တာများနှင့် စူပါမားကတ်များရှိ လူအားလုံးသည် ကြမ်းပြင်ပေါ်တွင် လဲကျနေသည်။ ခဏအကြာတွင် နတ်ဆိုးမြို့တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်းနီးပါး ငြိမ်းချမ်းစွာ အိပ်မောကျနေကြတော့သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
တိတ်ဆိတ်နေသော လမ်းမထက်ဝယ် ပြင်းထန်သော ခြေသံများ ဆက်တိုက် ပဲ့တင်ထပ်လာပြီး တစ်ချက်ချင်းစီတွင် မြေပြင် အနည်းငယ် တုန်ခါသွား၏။
တစ်ကျန်းထက်မြင့်သော အရပ်အမောင်းရှိပြီး ကြွက်သားများ ထွားကြိုင်းကာ လေးလံသောတင့်ကားကဲ့သို့ ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ဦးသည် ကျင်းရှုးရပ်ကွက်၏ ဝင်ပေါက်ဆီသို့ လေးလံသောခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။ ထိုလူ၏မျက်လုံးများကို အနက်ရောင်အဝတ်စဖြင့် ဖုံးအုပ်ထားပြီး သူ့ကျောတွင် ချွန်ထက်သော သံမှိုများကို ထိုးသွင်းထားသည်။ သူ့ပခုံးပေါ်တွင် ကြောင်နားရွက်နှင့် အမြီးပါသော သေးငယ်သော သားရဲတပိုင်းမလေးတစ်ကောင် ထိုင်နေ၏။
ရပ်ကွက်ဂိတ်ဝအနီးသို့ ရောက်သောအခါ လီကွေက ရပ်လိုက်ပြီး အနက်ရောင်အဝတ်စဖြင့် ဖုံးအုပ်ထားသော မျက်လုံးများဖြင့် ရပ်ကွက်ဂိတ်ရှိ လုံခြုံရေးတဲကို စိုက်ကြည့်လိုက်သည်။ လုံခြုံရေးဂိတ်တံခါး ပွင့်သွားပြီး လုံယဲ့ အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာကာ ရပ်ကွက်ဝင်ပေါက်တွင် တစ်ယောက်တည်း ရပ်နေသည်။
"တောင်းပန်ပါတယ်... ဒီည ကျွန်တော် တာဝန်ကျပါတယ်... ရပ်ရွာစည်းမျဉ်းတွေအရ ပိုင်ရှင်မဟုတ်သူတွေ ဝင်ခွင့်မပြုပါဘူး..."
"မင်းတို့ဘာသာ ထွက်သွားမှာလား... ဒါမှမဟုတ် ဒီဘုရင်ကပဲ လိုက်ပို့ပေးရမလား.."
ထိုသို့ ပြောရင်း လုံယဲ့က ခေါင်းမော့ကာ လီကွေနှင့် မော်ယိုယိုတို့ကို ပြုံးပြလိုက်၏။
မော်ယိုယိုသည် လုံယဲ့ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ သူ့ကို လျှော့တွက်ရန် မဝံ့ချေ။ အကြောင်းကမူ သူမ ရှေ့ကလူသည် နတ်ဆိုးနယ်မြေ၏ ပထမနတ်ဆိုးနဂါးတပ်ကို ဦးဆောင်သည့် နတ်ဆိုးစစ်သူကြီးလေးယောက်ထဲက တစ်ယောက်ဖြစ်ပြီး နတ်ဆိုးနဂါးဟု လူသိများသည့် လုံယဲ့ ဖြစ်နေသောကြောင့်ပင်။
"ကွေကွေ..."
မော်ယိုယိုက လီကွေ၏ အောက်မေးစေ့ကို ပုတ်လိုက်သည်။
ညွှန်ကြားချက်ကို လက်ခံရရှိပြီးနောက် လီကွေ စကားတစ်ခွန်းမှ မပြောဘဲ လမ်းဘေးတွင် ရပ်ထားသည့် ကားတစ်စီးကို အသာအယာ ဆွဲမကာ လုံယဲ့ဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။
လုံယဲ့က မလှုပ်မယှက်ရပ်နေပြီး ဘောလုံးကို ဖမ်းသကဲ့သို့ လက်တစ်ဖက်တည်းဖြင့် ဝင်လာသောကားကို တည်ငြိမ်စွာ ဖမ်းလိုက်၏။ ထိုအချိန်တွင် လီကွေက နောက်သို့တစ်လှမ်းဆုတ်၍ ခွန်အားစုဆောင်းရန် ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းပြီး ပြေးလွှားသည့်ပုံစံယူကာ တစ်ချက်တည်းဖြင့် အမြောက်ဆန်ကဲ့သို့ ပစ်ထွက်လာခဲ့သည်။
သူ ထိုခြေလှမ်းကို လှမ်းလိုက်သည်နှင့် ခြေထောက်အောက်က မြေကြီးတွင် ချက်ချင်းပင် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားသည်။ သူခြေလှမ်း လှမ်းလိုက်တိုင်း မြေကြီးများ အက်ကွဲကုန်၏။
ကားက လုံယဲ့၏ မြင်ကွင်းကို ပိတ်ဆို့ထားသည်ကို အခွင့်ကောင်းယူကာ လီကွေက ကားကို ဖြတ်ကျော်ပြီး သူ့ထံသို့ ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။
"ဘုန်း..."
ကျယ်လောင်သော အသံနှင့်အတူ လက်သီးချက်က ကားပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့သည်။ ပြင်းထန်သော လေလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ အပင်များနှင့် နံရံများအားလုံး ပြိုကျသွား၏။
လုံယဲ့၏ လက်ဖဝါးသည် ဆုပ်ကိုင်ထားသော အနေအထားတွင် ရှိနေပြီး သူ့လက်မောင်းပေါ်တွင် နဂါးအကြေးခွံများ ပေါ်လာကာ လီကွေ၏ လက်သီးကို လက်တစ်ဖက်တည်းဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
လုံယဲ့က သူ၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်သည်ကို မြင်သောအခါ လီကွေ၏ မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာပြီး သူ့ဘယ်ဘက်လက်ကို တင်းတင်းဆုပ်၍ လုံယဲ့၏ မျက်နှာကို ထိုးလိုက်ပြန်သည်။
လုံယဲ့ကလည်း ဘယ်ဘက်လက်သီးကို ဆုပ်ပြီး လက်သီးချင်း ထိပ်တိုက် တုံ့ပြန်လိုက်သည်။
"ဘုန်း..."
သူတို့၏ လက်သီးနှစ်လုံး ထိတွေ့သွားပြီး ပြင်းထန်သော လေလှိုင်းများကြောင့် ရပ်ကွက်ဂိတ်နှင့် လုံခြုံရေးတဲ နှစ်ခုလုံး ချက်ချင်းပင် လွင့်ထွက်သွား၏။
"အားးး..."
ကျယ်လောင်ဟိန်းသံနှင့်အတူ လီကွေသည် ခြေထောက်များဖြင့် မြေကြီးကို အားယူတွန်းကန်ကာ လုံ့ယဲ့၏ လက်သီးကို ဖိ၍ ဆက်တိုက် နောက်သို့ တွန်းထုတ်လိုက်သည်။
သူ့ကို ရပ်ကွက်တံခါးအတွင်းသို့ တွန်းပို့တော့မည့်အချိန်တွင် လုံယဲ့၏ အကြည့်သည် ထက်ရှလာသည်။ သူ့ခြေထောက်ကို မြေကြီးထဲသို့ ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး ရပ်ကွက်တံခါး၏ နယ်နိမိတ်တွင် ခိုင်မြဲစွာ ရပ်တန့်လိုက်သည်။ လီကွေ မည်သို့ပင် ကြိုးစားစေကာမူ လုံယဲ့ကို နောက်ဆုတ်အောင် မလုပ်နိုင်တော့ချေ ။
"ဝှစ်..."
လီကွေနှင့် လုံယဲ့တို့ ထိပ်တိုက် ရင်ဆိုင်နေကြစဉ် အရိပ်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားပြီး ထက်မြက်သော ဓားချက်များစွာက လုံယဲ့၏ လည်ပင်းဆီသို့ တိုးဝင်လာသည်။
နဂါးအကြေးခွံများ လုံယဲ့၏ လည်ပင်းတွင် လျင်မြန်စွာ ဖုံးအုပ်သွား၏ ။ဓားသွားများက အကြေးခွံများပေါ်တွင် ခြစ်ရာများသာ ထင်ကျန်ခဲ့နိုင်ပြီးမီးပွားများ တဖြတ်ဖြတ်ထွက်ပေါ်လာသည် ။
ထိုသည်ကိုမြင်လျှင် မော်ယိုယို၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
' သူ့ရဲ့ တုံ့ပြန်မှုက မြန်လိုက်တာ.. နဂါးအကြေးခွံတွေကလည်း ဘာလို့ဒီလောက်မာနေတာလဲ...'
"ဘုန်း..."
မော်ယိုယို ထိတ်လန့်နေတုန်းမှာပင် အားပြင်းသော နဂါးအမြီးတစ်ခုက သူမကို ရိုက်လိုက်၏။ မော်ယိုယို ချက်ချင်းပင် ဥက္ကာပျံကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး သူမ၏ ချွန်ထက်သော ခြေသည်းများဖြင့် မြေပြင်ကို အားကုန် ကုပ်တွယ်ထားလိုက်ရသည်။ သူမ မီတာထောင်ပေါင်းများစွာ နောက်သို့ လွင့်စင်သွားပြီးမှသာ ရပ်တန့်လိုက်နိုင်ပြီး လမ်းတစ်လျှောက် မြေပြင်ပေါ်တွင် ချွန်ထက်သော ခြေသည်းရာများ ကျန်ရစ်ခဲ့သည်။
မော်ယိုယို လွင့်ထွက်သွားသည်ကို မြင်သောအခါ လီကွေ ဒေါသထွက်သွားသည်။ သူ၏ သန်မာသော ခန္ဓာကိုယ်ပေါ်တွင် ရှေးဟောင်းရွန်းစာလုံးများ ပေါ်လာပြီး ခွန်အားများ သိသိသာသာ မြင့်တက်လာကာ သူ့ရှေ့က လုံယဲ့ကို တိုက်ခိုက်ရန် ခွန်အားများ ပြန်လည်စုစည်းလိုက်သည်။
"အချိန်ကိုက်ပဲ..."
လုံယဲ့က စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး နောက်မဆုတ်ဘဲ ထိပ်တိုက် လက်သီးတစ်ချက် ပြန်ထိုးလိုက်၏။
"ဘုန်း..."
ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ လုံယဲ့နှင့် လီကွေ ကြားရှိ မြေပြင်သည် ရုတ်တရက် ပြိုကျသွားပြီး အချင်း ၁၀၀ မီတာနီးပါးရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ နှစ်ယောက်စလုံးသည် တိုက်မိမှုကြောင့် တစ်ပြိုင်နက်တည်း နောက်သို့ တွန်းပို့ခံရပြီး တွင်း၏ ဆန့်ကျင်ဘက် အစွန်းများဆီသို့ မျက်နှာချင်းဆိုင် ဆုတ်ခွာသွားကြသည်။
"ဟားဟား... သောက်ရမ်းမိုက်တယ်.. ..."
လုံယဲ့သည် သူ့လက်ကောက်ဝတ်ကို အကြောလျော့လိုက်ပြီး သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အတိုင်းသား ပေါ်လွင်နေ၏ ။ ဤအချိန်အတောအတွင်း နတ်ဆိုးအရှင်က သူ့ကို လွတ်လပ်စွာ တိုက်ခိုက်ခွင့် မပေးခဲ့သလို လေ့ကျင့်ရေးပစ္စည်းများကလည်း ပေါ့ပါးလွန်းပြီး ကျေနပ်စရာမရှိသဖြင့် ပိတ်လှောင်ထားသလို ခံစားနေခဲ့ရ၏ ။ ယနေ့တွင်မူ သူ့စိတ်တိုင်းကျ တိုက်ခိုက်နိုင်လေပြီ ။
"ရှေးခေတ် ဟာကျူလီတစ်ယောက်နဲ့ တံစဉ်ကြောင်တစ်ကောင်... စိတ်ဝင်စားစရာပဲ... ဒီဘုရင်ကို ဧည့်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
လုံယဲ့က သူ့လက်မောင်းကို မြှောက်လိုက်သည့်အခါ နဂါးအကြေးခွံများ သူ့လက်ဖဝါးကို လျင်မြန်စွာ ဖုံးအုပ်သွားပြီး သူ့လက်ချောင်းများသည် နဂါးခြေသည်းများအဖြစ် ပြောင်းလဲသွား၏။ သူ့မျက်လုံးများသည်လည်း ရွှေရောင်ဒေါင်လိုက် မျက်ဝန်းများအဖြစ် ပြောင်းလဲသွားပြီး ဧရာမနတ်ဆိုးစွမ်းအားများနှင့် နတ်ဆိုးအော်ရာများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
နောက်ထပ် အဆင့်တွင်မူ သူ အနည်းငယ် ပိုမိုအလေးအနက်ထား တိုက်ခိုက်တော့မည့် ပုံရပေသည်။