← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

Chapter 193

~

အခန်း ၁၉၃ : တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရမယ်..

~

​ဝန်ဆောင်မှု ဆိုင်အတွင်း...

​သာယာသော ပလွေသံတစ်ခု ဆိုင်ထဲသို့ ပျံ့လွင့်လာပြီးနောက် ဆိုင်အတွင်းရှိ လူတိုင်း ချက်ချင်းပင် အိပ်မောကျသွားကြသည်။

​မေ့ကျီက သူ၏ ပခုံးပေါ်သို့ မှီကျလာသော အမျိုးသမီးဖောက်သည်ကို ဆိုဖာပေါ်သို့ ညင်သာစွာ လှဲချပေးလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဆိုင်ရှိလူများကဲ့သို့ အိပ်မပျော်ဘဲ ထောင့်တစ်နေရာတွင် ထိုင်နေသည့် အမျိုးသားတစ်ဦးကို လှမ်းကြည့်လိုက်၏။

​ထိုလူသည် အနက်ရောင်နှင့် အဖြူရောင်စပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းကာ ဂုဏ်သိက္ခာရှိသော ပညာရှင်တစ်ဦး၏ အမူအရာ ရှိသည်။ သူသည် စစ်တုရင်ခုံတစ်ခု ခင်းကျင်းထားသော စားပွဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်ပုံရ၏။

​မေ့ကျီသည် သူရှိရာသို့ တည့်တည့် လျှောက်သွားပြီး မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။

​"ဧည့်သည်လည်း ဒီမှာ လာစားတာလား..."

​"ဟုတ်တယ်... ဒါပေမဲ့ ကျုပ်က တိုက်ခိုက်ရတာတွေ...သတ်ဖြတ်ရတာတွေကို မကြိုက်ဘူး... ကျုပ်နဲ့အတူ စစ်တုရင်တစ်ပွဲလောက် ကစားဖို့ စိတ်ဝင်စားလား..."

​ချီဟန်က သူ၏ လက်ချောင်းကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ စစ်တုရင်ရုပ်များ ပြည့်နေသော စစ်တုရင်ဘူးသည် မေ့ကျီ၏ ရှေ့သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာသည်။

​မေ့ကျီက စစ်တုရင်ခုံကို ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာ၏။

​"ဒီနေရာက ဝန်ဆောင်မှုပေးတဲ့ဆိုင် ဖြစ်သလို ကျုပ် အလုပ်လုပ်တဲ့ နေရာလည်း ဖြစ်တယ်... ဆိုင်ထဲဝင်လာတဲ့သူတိုင်းဟာ ကျုပ်တို့ရဲ့ ဧည့်သည်ပါပဲ... ကျားမ မခွဲခြားဘဲ သူတို့ကို နှလုံးသားနဲ့ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ဝန်ဆောင်မှုပေးရမယ်လို့ ဆိုင်ရှင်က ပြောထားတယ်... ဒီကိုလာတဲ့ ဧည့်သည်အားလုံး စိတ်ကျေနပ်မှု ရရှိစေဖို့ပေါ့..."

​"ဧည့်သည်အနေနဲ့ လာတာဆိုတော့ ကျုပ် ငြင်းစရာ အကြောင်းမရှိပါဘူး... ဒါပေမဲ့..."

​စကားတစ်ဝက်တွင် မေ့ကျီ ခဏရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးထဲ၌ စူးရှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

​"ဒီဆိုင်မှာ ငါက ဆွဲဆောင်မှုအရှိဆုံးပဲ... ငါ့ရဲ့ ပွဲတက်ကြေးကို မိနစ်နဲ့ တွက်ချက်တာဆိုတော့ အရမ်းဈေးကြီးတယ်နော်... ငါ မင်းနဲ့ ကစားပေးလို့ရတယ်... ဒါပေမဲ့ မင်းဘက်ကတော့ ​တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်..."

​"ကိစ္စမရှိပါဘူး... ကျုပ် ဘယ်စျေးနဲ့ မဆို ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်.."

​ချီဟန်က ယုံကြည်မှုရှိရှိ ပြုံးလိုက်ပြီး ယဉ်ကျေးစွာ လက်ကို ဆန့်ထုတ်လိုက်သည်။

​"ကျေးဇူးပြုပြီး..."

​ထိုသို့ ပြောပြီးနောက် မေ့ကျီသည် နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ သူ၏ လက်ချောင်းလေးကို ညင်သာစွာလှုပ်ရှားလိုက်ရာ စစ်တုရင်ဘူးထဲမှ အနက်ရောင် စစ်တုရင်ရုပ်တစ်ခု ခုံပေါ်သို့ ဖြည်းဖြည်းချင်း ကျရောက်သွားသည်။

( စစ်တုရင်က တရုတ်စစ်တုရင်နော်..)

​ချီဟန်ကလည်း လုံးဝတွန့်ဆုတ်မနေဘဲ သူ၏ လက်ချောင်းဖြင့် ဖွဖွလေး တို့လိုက်ရာ အဖြူရောင် စစ်တုရင်ရုပ်တစ်ခု လိုက်ပါကျဆင်းသွားသည်။

​သူတို့ နှစ်ဦးစလုံးသည် စဉ်းစားနေခြင်း မရှိကြဘဲ တစ်ဖက်လူ၏ စစ်တုရင်ရုပ် ကျလာသည်နှင့် အလှည့်ကို ချက်ချင်း ချလိုက်ကြသည်။

​"ကလောက်... ကလောက်... ကလောက်..."

​စစ်တုရင်ရုပ်များ ရိုက်ခတ်မိသော ကြည်လင်ပြတ်သားသည့် အသံများ ဆိုင်ထဲတွင် ပဲ့တင်ထပ်နေပြီး တစ်ခုစီ ချလိုက်တိုင်း မမြင်ရသော စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ထိုစိတ်ဝိညာဉ် စွမ်းအင်လှိုင်းများသည် ပြင်ပရှိ မည်သည့်အရာဝတ္ထုကိုမျှ ထိခိုက်ပျက်စီးစေခြင်း မရှိဘဲ ပစ္စည်းများနှင့် လူသားအားလုံးကို တိုက်ရိုက် ဖြတ်သန်းသွားကာ နတ်ဆိုးမြို့တစ်မြို့လုံးသို့ လှိုင်းထသွားစေသည်။

​တစ်ချိန်တည်းမှာပင် မေ့ကျီနှင့် ချီဟန်တို့သည် ပတ်ဝန်းကျင်ကို သတိမပြုမိတော့ဘဲ စစ်တုရင်ခုံကမ္ဘာအတွင်းသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားကြလေပြီ။

​ယခုအချိန်တွင် သူတို့၏ မြင်ကွင်းထဲ၌မူ သူတို့နှစ်ဦးသည် ကောင်းကင်နှင့် မြေပြင်၏ နတ်ဘုရားပုံသဏ္ဌာန် ကြီးများအဖြစ် ပြောင်းလဲကာ အဆုံးမရှိ ကျယ်သော စစ်တုရင်ခုံကြီးပေါ်တွင် ရပ်နေကြခြင်း ဖြစ်သည်။

​သူတို့ လက်မြှောက်၍ စစ်တုရင်ရုပ်တစ်ခု ချလိုက်တိုင်း သူတို့၏ နောက်ကွယ်ရှိ ဧရာမ နတ်ဘုရားပုံသဏ္ဌာန်ကြီးများက စစ်တုရင်ဘူးထဲမှ အရုပ်တစ်ခုကို ယူ၍ စစ်တုရင်ခုံပေါ်သို့ လှမ်းချကြသည်။

​စစ်တုရင်ရုပ် မြေပြင်ပေါ်သို့ ကျရောက်သွားတိုင်း စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ တုန်ခါသွားပြီး လက်တွေ့ကမ္ဘာတွင် ထိခိုက်မှုမရှိသော်လည်း စိတ်ဝိညာဉ်ကမ္ဘာရှိ နတ်ဘုရားပုံသဏ္ဌာန် မှာမူ ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားရသည်။

​အရုပ်တစ်ခု ချလိုက်တိုင်း စိတ်ဝိညာဉ်စွမ်းအင်ကို ကုန်ဆုံးစေပြီး တစ်ဖက်လူ ချလိုက်သည့် စစ်တုရင်ရုပ်မှ ထွက်ပေါ်လာသော လှိုင်းများကလည်း ပြိုင်ဘက်၏ စိတ်ဝိညာဉ်စွမ်းအင်ကို လျော့ပါးသွားစေသည်။ စိတ်ဝိညာဉ်စွမ်းအင် ကုန်ခမ်းလာသည်နှင့်အမျှ နောက်ကွယ်ရှိ နတ်ဘုရားပုံသဏ္ဌာန်ကြီးသည်လည်း ကျုံ့ဝင်ပြီး မှေးမှိန်လာ၏။

​"နတ်ဆိုးနယ်မြေက ဆပ်ကျူးဘတ်စ် မျိုးနွယ်စုတွေဟာ မွေးရာပါ စိတ်ဝိညာဉ်စွမ်းအင် အရမ်းအားကောင်းကြတယ်လို့ ကြားဖူးတာ ကြာပြီ... ဒီနေ့ ကိုယ်တိုင် မြင်တွေ့ရတော့မှပဲ ကျော်ကြားမှုနဲ့ လိုက်ဖက်တာကို သိလိုက်ရတယ်..."

​ချီဟန်က သူ့ရှေ့ရှိ စစ်တုရင်ကစားပွဲကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်။

​ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအင် အဆင့်အတန်းကို တိုင်းတာရန်မှာ ရိုးရှင်းလှသည်။ စိတ်ဝိညာဉ်ပင်လယ်ရှိ နတ်ဘုရားပုံသဏ္ဌာန် မည်မျှကြီးမားသည်ကို ကြည့်ရုံရုံမျှသာ ဖြစ်သည်။ နတ်ဘုရားပုံသဏ္ဌာန်က ကြီးမားပြီး ပို၍ ထင်ရှားလေလေ ထိုသူ၏ စိတ်ဝိညာဉ်စွမ်းအင်က ပိုမို အားကောင်းလေလေ ဖြစ်သည်။

​မေ့ကျီ၏ နတ်ဘုရားပုံသဏ္ဌာန်မှာမူ အရွယ်အစားရော အစွမ်းသတ္တိပါ သူ့ထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိ။

​ထိုမျှသာမက ဤသူ၏ စစ်တုရင်စွမ်းရည်မှာလည်း အလွန်မြင့်မားလှသည်။

​အင်မော်တယ် စစ်တုရင်ဂိုဏ်း ၏ ဘိုးဘေးများမှစ၍ အခြေခံတပည့်များအထိ ခြွင်းချက်မရှိ အားလုံးမှာ စစ်တုရင် ရူးသွပ်သူများ ဖြစ်ကြပြီး သူတို့၏ တစ်သက်တာလုံးကို စစ်တုရင်လမ်းစဉ်အား လေ့လာလိုက်စားရင်း စစ်တုရင်ဖြင့် ဉာဏ်အလင်းပွင့်ကာ နတ်ဘုရားပုံသဏ္ဌာန်ကို ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

​သူသည် အင်မော်တယ် စစ်တုရင်ဂိုဏ်း၏ ဂိုဏ်းသား ဖြစ်သည်နှင့်အညီ ငယ်စဉ်ကတည်းက စစ်တုရင်ကို လေ့လာကစားခဲ့ပြီး စစ်တုရင်ကစားရင်းနှင့်ပင် မသိလိုက်မသိဘာသာဖြင့် အင်မော်တယ် ဧကရာဇ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သဖြင့် အင်မော်တယ်နယ်မြေ၏ စစ်တုရင်ပါရမီရှင်အဖြစ် ကျော်ကြားခဲ့သည်။

​အင်မော်တယ် စစ်တုရင်ဂိုဏ်းအတွင်း၌ပင် သူ့ကို ယှဉ်ကစားနိုင်သူ လက်ချိုးရေတွက်၍ ရပြီး အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်လည်း သူ့အတွက် ပြိုင်ဘက်ဟူ၍ ရှားပါးလှသည်။

​သို့ပေသိ ယခုအခါတွင်မူ သူသည် နတ်ဆိုးတစ်ဦးနှင့် လက်ရည်တူ ကစားရသဖြင့် ပျောက်ဆုံးနေသည်ကြာပြီဖြစ်သော ကစားရခြင်း၏ အရသာကို ပြန်လည် ခံစားနေရသည်။

​သူ၏ မနားတမ်း တိုက်စစ်ဆင်မှုအောက်တွင် ခုခံခြင်းကို မရွေးချယ်ဘဲ သူ့ကို သက်သောင့်သက်သာဖြင့်ပင် ပြန်လည် တိုက်စစ်ဆင်နေလေသည်။

​"ဧည့်သည်က မြှောက်ပင့်လွန်းနေပါပြီ... ဒါပေမဲ့ ငါ ကြားဖူးတာကတော့ အင်မော်တယ် စစ်တုရင်ဂိုဏ်းက စစ်တုရင်ပညာမှာ အလွန်ကျွမ်းကျင်ပြီး ဂိုဏ်းသားတိုင်းက ကမ္ဘာပေါ်မှာ စစ်တုရင်ပါရမီရှင်အဖြစ် တင်စားခံရတယ်လို့ သိထားတယ်... ဒီနေ့ မြင်ရတာတော့ ကောလာဟလတွေက နည်းနည်း ပုံကြီးချဲ့ထားသလိုပဲ..."

​မေ့ကျီက စစ်တုရင်ရုပ်တစ်ခု ချလိုက်ရင်း တည်ငြိမ်ပြီး ယုံကြည်မှုရှိသော အမူအရာဖြင့် ပြောလိုက်သည်။

​ချီဟန် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်သွား၏။

​'ဟမ့်... နတ်ဆိုးတွေကတော့ တကယ့်ကို မာနကြီးပြီး အခြေခံ နှိမ့်ချမှု ဆိုတဲ့ သီလတောင် မရှိကြဘူးပဲ...'

​"မင်းက ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ ငါလည်း လက်တွန့်နေမှာ မဟုတ်ဘူး.."

​ထိုသို့ပြောပြီးနောက် ချီဟန်က လက်ကိုမြှောက်ကာ အဖြူရောင်စစ်တုရင်ရုပ်တစ်ခုကို ခုံပေါ်သို့ ရိုက်ချလိုက်သည်။ စစ်တုရင်ခုံပေါ်ရှိ အဖြူရောင်အရုပ်အားလုံးသည် ချက်ချင်းပင် အဖြူရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်တော်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

​အဖြူရောင်ချပ်ဝတ်စစ်သည်များသည် လှံရှည်များကို ဝှေ့ယမ်းကာ ဝိုင်းရံခြင်းခံထားရသော အနက်ရောင်စစ်တုရင်ရုပ်အားလုံးကို ရိုက်ခွဲပစ်လိုက်ပြီးနောက် လှည့်၍ သူတို့၏ လှံရှည်များကို အားပြင်းစွာ ပစ်လွှတ်လိုက်ကြသည်။ မရေမတွက်နိုင်သော ငွေရောင်လှံရှည်များသည် ကောင်းကင်ယံကို ဖြတ်သန်းကာ မေ့ကျီ၏ နောက်ကွယ်ရှိ နတ်ဘုရားပုံသဏ္ဌာန်ကြီးဆီသို့ ထိုးစိုက်သွားကြသည်။

​"ဘယ်လိုလဲ..."

​ချီဟန်က အောင်နိုင်သူအလား ပြုံးလိုက်သည်။

​မေ့ကျီကမူ ဂရုမစိုက်ဟန်ဖြင့် အထင်သေးသလို ကြည့်လိုက်ပြီး မျက်နှာအမူအရာ အပြောင်းအလဲမရှိဘဲ စစ်တုရင်ခုံကို ကြည့်ကာ ဝိညာဉ်ချီစွမ်းအင်များ သိပ်သည်းနေသော အနက်ရောင်စစ်တုရင်ရုပ်တစ်ခုကို ချလိုက်သည်။

​"ဒိုင်း..."

​အနက်ရောင်စစ်တုရင်ရုပ် ကျသွားသည်နှင့် ခုံပေါ်ရှိ အနက်ရောင်ရုပ်အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ထောင်ထျဲ နတ်ဆိုးသားရဲကြီးများအဖြစ် ပြောင်းလဲသွားသည်။

​ထိုနတ်ဆိုးသားရဲကြီးများသည် ဝိုင်းရံထားသော အဖြူရောင်ချပ်ဝတ်စစ်သည်အားလုံးကို ကိုက်ဖြတ်ပစ်လိုက်ပြီးနောက် ထောင်ထျဲ သားရဲတစ်ကောင်ချင်းစီက နောက်ထပ် ကိုယ်ပွားတစ်ခုစီ ထပ်မံခွဲထွက်ကာ ချီဟန်၏ နောက်ကွယ်ရှိ နတ်ဘုရားပုံသဏ္ဌာန်ကြီးပေါ်သို့ ခုန်အုပ်၍ မနားတမ်း ကိုက်ခဲဝါးမြိုကြတော့သည်။

​"ဧည့်သည်... စစ်တုရင်ပွဲက မပြီးသေးဘူး.. ဘယ်သူနိုင်မလဲဆိုတာ မသိနိုင်သေးတာမို့ ပြိုင်ဘက်ကို လျှော့မတွက်သင့်ဘူးဆိုတာ မင်းရဲ့ လူကြီးမိဘတွေ မသင်ပေးခဲ့ဘူးလား..."

မေ့ကျီက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

​ချီဟန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏ အကြည့်များသည် တဖြည်းဖြည်း ထက်ရှလာကာ တည်ကြည်လေးနက်လာ၏။

​"မင်းပြောတာ မှန်တယ်... ဘယ်သူက နောက်ဆုံးမှ ရယ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."

​ထိုသို့ပြောပြီးနောက် သူက လက်ဟန်တစ်ခု ပြုလုပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

​"ချေမှုန်းစေ..."

​သူ့အမိန့်အရ နောက်ကွယ်ရှိ နတ်ဘုရားပုံသဏ္ဌာန်ကြီးသည်လည်း တူညီသော လက်ဟန်ကို ပြုလုပ်လိုက်ရာ ခန္ဓာကိုယ်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ထောင်ထျဲ နတ်ဆိုးသားရဲအားလုံးကို သုတ်သင်ပစ်လိုက်သည်။

​"ဘုန်း..."

​ချီဟန်က လက်ကို ထပ်မံမြှောက်၍ စစ်တုရင်ရုပ်တစ်ခုကို ချလိုက်ရာ ဧရာမ စစ်တုရင်ရုပ်ကြီးသည် စစ်တုရင်ခုံကို ပြင်းထန်စွာ ရိုက်ခတ်မိပြီး ကြီးမားသော ခေါင်းလောင်းကြီးတစ်ခု လှုပ်ခါလိုက်သကဲ့သို့ ပဲ့တင်သံများ ထွက်ပေါ်လာသည်။

​ယခုတစ်ကြိမ်တွင်မူ စစ်တုရင်ရုပ်သည် အဖြူရောင်ချပ်ဝတ်စစ်သည်များအဖြစ် ပြောင်းလဲမသွားဘဲ သားမွေးဝတ်ရုံ ဝတ်ဆင်ထားသော အရပ်မြင့်မြင့်နှင့် သန်မာထွားကျိုင်းလှသည့် စစ်သူကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

​ထိုအခိုက်အတန့်တွင် အဆုံးမရှိကျယ်သော စစ်တုရင်ခုံကြီးသည် ကျိုးပဲ့နေသော လက်နက်များနှင့် ကျဆုံးနေသော စစ်သည်များ ပြည့်နှက်နေသည့် လွင်တီးခေါင်ပြင် စစ်မြေပြင်ကြီးတစ်ခုအဖြစ် ဖြည်းည်းချင်း ပြောင်းလဲသွားတော့သည်။

​သားမွေးဝတ်ရုံဝတ် စစ်သူကြီးက ရှေ့ဆုံးတွင် ရပ်နေပြီး သူ၏ နောက်ကွယ်၌မူ မရေမတွက်နိုင်သော အဖြူရောင်ချပ်ဝတ်စစ်သည်များက အမိန့်ကို စောင့်ဆိုင်းရင်း တန်းစီနေကြသည်။

​သူ စစ်တုရင်ရုပ်တစ်ခု ချလိုက်တိုင်း မတူညီသော လက်နက်များ ကိုင်ဆောင်ထားသည့် အဖြူရောင်ချပ်ဝတ်စစ်သည်မျိုးစုံနှင့် အင်မော်တယ် နဂါးများ၊ ဖီးနစ်ငှက်များကို စီးနင်းထားသည့် မြင်းစီးစစ်သည်တော်များပင် စစ်မြေပြင်တွင် ပေါ်ထွက်လာကြသည်။

​ထို့အတူပင် အခြားတစ်ဖက်တွင်လည်း မေ့ကျီက အနက်ရောင်စစ်တုရင်ရုပ်တစ်ခုကို ခုံပေါ်သို့ ချလိုက်ရာ လွင်တီးခေါင်ပြင် စစ်မြေပြင်တွင် ဖုန်မှုန့်လှိုင်းကြီးများ ချက်ချင်း ထသွားသည်။

​မရေမတွက်နိုင်သော ထောင်ထျဲ နတ်ဆိုးသားရဲကြီးများသည် သဲကန္တာရ မြေပြင်အောက်မှ တိုးထွက်လာကြပြီး တောင်ကုန်းပမာ ကြီးမားလှသော နတ်ဆိုးသားရဲမျိုးစုံသည်လည်း နက်ရှိုင်းသော မြေကွဲကြောင်းများနှင့် လျှိုမြောင်များထဲမှ မြေပြင်ကို ခွဲကာ ထွက်ပေါ်လာကြသည်။

​သူတို့၏ စစ်တုရင်ကစားပွဲသည် စစ်တုရင်ခုံကို စစ်မြေပြင်အဖြစ် သတ်မှတ်ပြီး လက်ထဲမှ ရုပ်များကို စစ်သည်တော်များအဖြစ် အသုံးပြုကာ စစ်ဗျူဟာချနိုင်စွမ်းနှင့် စိတ်ဝိညာဉ်စွမ်းအား အဆင့်အတန်းတို့ကို အဓိက ယှဉ်ပြိုင်နေကြခြင်း ဖြစ်၏။

All Chapters