← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

Chapter 194

~

အခန်း ၁၉၄ : နတ်ဆိုးအရှင်က ဘေးအိမ်မှာ.. နင်တို့ အိမ်မှားနေကြပြီ...

~

​"အဖွဲ့လိုက်တက်... အဖွဲ့လိုက်တက်.."

​အိမ်ရာဝင်းဂိတ်တံခါးအပြင်ဘက်တွင် ပြင်းထန်လှသော တိုက်ပွဲကြီးကြောင့် ငလျင်လှုပ်နေသော်လည်း ရှန့် သည် သူမ၏ ကွန်ပျူတာရှေ့တွင် နားကြပ်တပ်ကာ တည်ငြိမ်စွာ ထိုင်နေ၏ ။ သူမ ပြင်ပမှ အရာအားလုံးကို သတိမထားမိတော့ဘဲ ကစားနေသည့် ဂိမ်းအတွင်းသို့သာ အပြည့်အဝ နစ်မြုပ်နေသည်။

​ထိုအချိန်တွင် ဓားသွားကဲ့သို့ ထက်မြက်သော ပိုးဖဲကြိုးများက အခန်းတံခါးကို ဖောက်ထွင်းဝင်ရောက်လာပြီး အကသမားဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦးသည် ပလွေတစ်ချောင်းကို ကိုင်ဆောင်ထားသည့် အခြားလူတစ်ဦးနှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာကြသည်။

​"တောင်းပန်ပါတယ်..."

​ယွဲ့ယီနှင့် ဝူကျိတို့သည် ရှန့် ကို ကြည့်ပြီး ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

​ရှန့် က သူတို့နှစ်ဦးကို လှည့်ကြည့်လိုက်ပြီးနောက် ကွန်ပျူတာဖန်သားပြင်ဆီသို့ ချက်ချင်း ပြန်လည်အာရုံစိုက်လိုက်ကာ သူမ၏ နောက်ကွယ်ရှိ နံရံကိုသာ လက်ညှိုးထိုးပြလိုက်သည်။

​"နတ်ဆိုးအရှင်က ဘေးအိမ်မှာရှိတာ... နင်တို့ အိမ်မှားလာကြပြီ..."

​ထို့နောက် သူမသည် ဂိမ်းထဲသို့ အာရုံအပြည့် စိုက်ထားလိုက်၏။

​ယွဲ့ယီ .. ဝူကျိ ...."..."

​သူတို့နှစ်ဦးစလုံး လျစ်လျူရှူခြင်း ခံလိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားကြသည် ။ သူတို့သာ ရှန့် ၏ မျက်နှာကို သေချာမမှတ်မိခဲ့ကြလျှင် သူတို့ကိုယ်တိုင်ပင် တကယ်လမ်းမှားလာမိပြီဟု ထင်မှတ်သွားကြပေလိမ့်မည်။

​"နတ်ဆိုးအရှင်က ဘေးအိမ်မှာရှိတယ်ဆိုတာ ကျုပ်တို့ သိပြီးသားပါ... ဒါကြောင့်လည်း ကျုပ်တို့က စီနီယာ့ဆီကို သီးသန့်လာခဲ့ကြတာပေါ့..."

​"ငါ့ဆီ...."

​ရှန့် က မျက်တောင်ခတ်လိုက်ပြီး သူမ၏ မျက်နှာငယ်လေးတွင် အပြစ်ကင်းစင်မှုများ ပြည့်နှက်နေပြီး....

"နတ်ဆိုးအရှင်ကို မရှာဘဲ ငါ့ကို ဘာလို့ လာရှာကြတာလဲ..."

​"တကယ်တော့ နတ်ဆိုးနယ်မြေက ဟဲဖာ မျိုးနွယ်စုဝင်တိုင်းဟာ အင်မော်တယ်ကျင့်စဥ်တွေမှာ မွေးရာပါ ပါရမီရှင်တွေ ဖြစ်ကြတယ်လို့ ကောလာဟလတွေ ထွက်နေတယ်... သူတို့ထဲမှာမှ ရှေးခေတ်ကတည်းက ကျော်ကြားခဲ့တဲ့ ဟဲဖာမျိုးနွယ်စုရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်... ကမ္ဘာပေါ်မှာ အထင်ရှားဆုံး အင်မော်တယ်ကျင့်ကြံသူအဖြစ် ချီးကျူးခံရတဲ့သူလည်း ပါတာပေါ့..."

​"ကျုပ်တို့ ဂျူနီယာတွေအနေနဲ့ စီနီယာဆီကနေ လမ်းညွှန်မှု ရယူခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်..."

​သူတို့ စကားပြောနေစဉ်မှာပင် ယွဲ့ယီနှင့် ဝူကျီတို့၏ မျက်နှာအမူအရာများက တည်ကြည်လေးနက်လာပြီး ပြင်းထန်လှသော အင်မော်တယ်အရှိန်အဝါ များ သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။

​"ဟူး.. တော်တော် အနှောင့်အယှက် ပေးတဲ့ဟာတွေ..."

​ရှန့် ၏ မျက်နှာငယ်လေး ညှိုးကျသွားပြီး လက်ကို ပျင်းရိစွာ ဝှေ့ယမ်းလိုက်သည်။

​"ဒီပွဲက ငါ အဆင့်တက်မယ့် ပွဲမို့လို့... ဒီဂိမ်းလေးကို အရင်ပြီးအောင် ဆော့ပါရစေဦး..."

​ထိုသို့ပြောပြီးနောက် သူမ ထိုနှစ်ယောက်လုံးကို လျစ်လျူရှုကာ ဂိမ်းကိုသာ အလေးအနက်ထား၍ ဆက်လက်ကစားနေလိုက်သည်။

​ထိုသည်ကို မြင်သောအခါ ဝူကျိ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အင်္ကျီလက်အောက်မှ ပိုးဖဲကြိုးတစ်ချောင်း ပြေးထွက်လာသည်။ ဓားတစ်စင်းကဲ့သို့ ထက်သော ပျော့ပျောင်းသည့် ဖဲကြိုးသည် ကွန်ပျူတာနှင့် စားပွဲတစ်ခုလုံးကို ချက်ချင်းပင် အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။

​"ကဲ စီနီယာ... ကျုပ်တို့ လက်ရည်စမ်းလို့ ရပြီလား... "

​ရှန့် ... "..."

​ရှန့် သည် လက်ထဲတွင် ကျန်ရစ်ခဲ့သော တစ်ခုတည်းသောအရာဖြစ်သည့် မောက်စ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူမရှေ့ရှိ ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်း ကွဲအက်နေသည့် ကွန်ပျူတာကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။

​ဤသည်က သူမ နတ်ဆိုးအရှင် ထံမှ ရရှိရန် အတော်လေး ကြိုးစားအားထုတ်ပြီး တောင်းပန်ခဲ့ရသည့် ထိပ်တန်း ကွန်ပျူတာအကောင်းစားကြီး ဖြစ်သည်။ စားပွဲပေါ်တွင်လည်း သူမ ဤရက်ပိုင်းအတွင်း ကြိုးစားပမ်းစား အလုပ်လုပ်၍ ငွေရှာပြီး ကိုယ်တိုင် ဝယ်ယူထားခဲ့သည့် အခြားသော ဈေးကြီးသည့် အီလက်ထရွန်းနစ် ပစ္စည်းများလည်း ရှိနေသည်။

​'သူ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ...ငါ...ငါ..'

​" သောက်ကျိုးနည်း ဂျူနီယာလေး... နင် ဖျက်ဆီးလိုက်တဲ့ အရာတွေက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ နင်သိရဲ့လား... ဒါတွေကို ရဖို့ ငါ ဘယ်နှစ်ခါတောင် ဆော့ပေးထားရတယ် မှတ်လည်း .."

​ရှန့် က ခေါင်းလှည့်ကာ ယွဲ့ယီနှင့် ဝူကျိတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည် ။

​ယွဲ့ယီနှင့် ဝူကျိတို့ ထိတ်လန့်သွားကြသည်။ သူမထံမှ ထွက်ပေါ်လာသော နတ်ဆိုးအရှိန်အဝါဖြင့်ပင် သူတို့၏ စိတ်ဝိညာဉ်များ တုန်ခါသွားကြ၏။

​အန်ယောင်က နတ်ဆိုးအရှင်နှင့် နတ်ဆိုးစစ်သူကြီး လေးယောက်တို့တွင် သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများ အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ပြောခဲ့သည်မဟုတ်ပါလော။ သို့သော် ဤနတ်ဆိုးအရှိန်အဝါက သူတို့ထက် နိမ့်ကျနေပုံ မပေါ် ။

​"အင်မော်တယ်နယ်မြေက ဂျူနီယာတွေ ... နင်တို့က သင်ခန်းစာတစ်ခုကို ဒီလောက်တောင် လိုချင်နေကြမှတော့ ငါလည်း နင်တို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."

​"သတိထားကြနော်... ငါ အလျော့ပေးမှာ မဟုတ်ဘူး.. "

​ရှန့် က အေးစက်စွာ ပြုံးလိုက်ပြီး လက်ကိုမြှောက်ကာ လက်ဖဝါးတစ်ဖက်ကို ပေါ့ပေါ့ပါးပါးပင် ရှေ့သို့ တွန်းထုတ်လိုက်သည်။ ချက်ချင်းပင် ပြင်းထန်လှသော ဖိအားများကို သယ်ဆောင်ထားသည့် ဧရာမ လက်ဝါးကြီးတစ်ခုက သူတို့ထံသို့ ရောက်ရှိလာ၏။

​ဝူကျီ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ့ကို ပတ်ဝန်းကျင်မှ ရစ်ပတ်ထားသော ပိုးဖဲကြိုးများသည် သူ့ရှေ့တွင် လျင်မြန်စွာ ယှက်နွှယ်သွားကြပြီး ကွေးညွတ်နေသော ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

​ယွဲ့ယီကလည်း လက်ထဲမှ ပလွေကို မြှောက်လိုက်ပြီး သီချင်းတစ်ပုဒ်ကို မြန်မြန်ဆန်ဆန်ပင် မှုတ်လိုက်သည်။ သာယာနာသော ပုလွေသံစဉ် သင်္ကေတများက သူတို့ရှေ့တွင် လှည့်ပတ်သွားပြီး ကွေးညွတ်နေသော ဒိုင်းပေါ်တွင် စုပုံကာ ဖောက်ထွင်းမြင်ရသော အသံအတားအဆီး ဒိုင်းတစ်ခု ထပ်မံ ဖြစ်ပေါ်စေသည်။

​"ဘုန်း..."

​လက်ဝါးကြီးသည် ကွေးညွတ်နေသော အတားအဆီးဒိုင်းကို ပြင်းထန်စွာ ရိုက်ခတ်မိပြီး ဒိုင်းကြီး ပြိုကွဲသွားကာ ယွဲ့ယီနှင့် ဝူကျီတို့ ချက်ချင်းပင် အဆောက်အအုံ အပြင်သို့ လွင့်ထွက်သွားကြသည်။ တိုက်ခန်း၏ နံရံပေါ်တွင်မူ ကြီးမားလှသော လက်ဝါးရာကြီးတစ်ခုသာ ထင်ကျန်ရစ်ခဲ့၏။

​"အင်း... မျှော်လင့်ထားတဲ့အတိုင်းပဲ နတ်ဆိုးအရှင်နဲ့ ယှဉ်ရင် ငါ့ရဲ့ သာလွန်မှော်ပညာက နည်းနည်း အားနည်းနေသေးသလိုပဲ..."

​ရှန့် ၏ ခြေထောက်များ မြေပြင်မှ ကြွတက်သွားပြီး အခန်းထဲမှ ဖြည်းည်းချင်း လွင့်မျောထွက်လာကာ လေထဲတွင် ရပ်တန့်နေလိုက်သည်။

​ယွဲ့ယီနှင့် ဝူကျိတို့ ဒဏ်ရာအနည်းငယ်သာ ရရှိထားသည်ကို မြင်သောအခါ သူမ၏ မျက်နှာငယ်လေးတွင် စိတ်ပျက်သွားသည့် အမူအရာ ပေါ်လာသည်။ နတ်ဆိုးအရှင်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ထိုလက်ဖဝါးတစ်ချက်တည်းနှင့်ပင် သူတို့နှစ်ဦးလုံးကို အမှုန့်ချေ ပစ်နိုင်သည်။ သူမ၏ လက်ကလေးများက သေးငယ်နေသောကြောင့် သာလွန်မှော်ပညာ၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်နိုင်ခြင်း မရှိသည်လော။

​ရှန့် က သူမ၏ နူးညံ့ပြီး သေးငယ်လှသော လက်ကလေးများကို ကြည့်ရင်း တွေးနေမိသည်။

​သူမ၏ ပေါ့ပေါ့ပါးပါး အပြုအမူနှင့် ယှဉ်လျှင် ယွဲ့ယီနှင့် ဝူကျိတို့၏ နှလုံးသားများမှာမူ ပြင်းထန်စွာတုန်လှုပ်နေကြလေပြီ။

​ဟဲဖာမျိုးနွယ်စု၏ ရှေးခေတ်ကတည်းက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်သော ရှန့် သည် အင်မော်တယ်နတ်ဆိုးတိုက်ကြီးရှိအင်မော်တယ်ကျင့်စဥ်အားလုံးတွင် ကျွမ်းကျင်သည်ကို သူတို့ သိထားကြသော်လည်း သူမက သာလွန်မှော်ပညာကိုပါ တတ်မြောက်ထားလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြပေ။ ကံကောင်းထောက်မစွာဖြင့် သူမသည် ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်ချေ။ မဟုတ်လျှင် သူတို့နှစ်ဦး ပူးပေါင်းခဲ့လျှင်ပင် ထိုလက်ဖဝါးရိုက်ချက်ကို တောင့်ခံနိုင်ကြမည် မဟုတ်ပေ။

​ယွဲ့ယီနှင့် ဝူကျီတို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်ကြပြီး စွမ်းအားများကို ချန်လှပ်ထားရန် မဝံ့ရဲကြတော့။

​"ပိုးဖဲကြိုးတစ်ထောင်..."

​ဝူကျီ ခုန်တက်သွားပြီးနောက် သက်ရှိများကဲ့သို့ လှုပ်ရှားနေသော ပိုးဖဲကြိုးများသည် ရှန့် ထံသို့ အရပ်မျက်နှာ အနှံ့မှ တိုးဝင်လာသည်။

​ရှန့် က လေထဲတွင် တည်ငြိမ်စွာ ရပ်နေရင်း အသက်ရှူကာ ညင်သာစွာ မှုတ်ထုတ်လိုက်သည်။

​"လေဓားတစ်ထောင်..."

​သူမ၏ စကားသံ ထွက်ပေါ်လာသည်နှင့် သူမ မှုတ်ထုတ်လိုက်သော လေသည် လေထဲတွင် မရေမတွက်နိုင်သော လေဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ပိုးဖဲကြိုးများကို လှီးဖြတ်ပစ်လိုက်သည်။ ခဏအတွင်းမှာပင် မရေမတွက်နိုင်သော ဖဲကြိုးအပိုင်းအစများ နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။

​သို့သော်လည်း နောက်တစ်စက္ကန့်တွင် ပြတ်တောက်သွားသော ပိုးဖဲကြိုးများ လျင်မြန်စွာ ပြန်လည် ဆန့်ထွက်လာကာ အသစ်ကဲ့သို့ ရှင်သန်လာပြီး အကန့်အသတ်မရှိ ဆက်လက် တိုးပွားလာကြသည်။

​"အိုး... စိတ်ဝင်စားစရာပဲ.."

​ရှန့် ၏ မျက်လုံးများ တောက်ပလာပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။

​မရေမတွက်နိုင်သော ပိုးဖဲကြိုးများက သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် သူမ၏ ပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။

​"အရိပ်လှည့်စားမှု ကျင့်စဥ်..."

​ဝူဂျီ မျက်ခုံးများ တွန့်သွားပြီး သတိရှိရှိဖြင့် ပတ်ဝန်းကျင်ကို လျင်မြန်စွာ ကြည့်လိုက်ရာ သူ့နောက်ကွယ် နေရာတစ်ခုတွင် ပေါ်လာသည့် ရှန့် ကို တွေ့လိုက်ရသည်။

​ရှန့် က မှော်ပညာကို အသုံးပြုရန် လက်မြှောက်လိုက်စဥ်မှာပင် ဝူကျိ၏ နောက်ကွယ်တွင် လွင့်မျောနေသော ဖဲကြိုးများသည် တောင့်တင်းသွားပြီး မြန်ဆန်စွာ ပြေးထွက်သွားကာ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိုးဖောက်သွားပြန်သည်။

​ဝူကျိက အောင်ပွဲခံသလို ပြုံးလိုက်သော်လည်း သူ ကြာကြာ မပျော်လိုက်ရ။ ထိုအပြုံး အေးခဲသွား၏။

​ခန္ဓာကိုယ် ထိုးဖောက်ခံလိုက်ရသည့် ရှန့် ၏ ပုံရိပ်သည် တဖြည်းဖြည်း ပြန်လည် ကွယ်ပျောက်သွားပြန်သည်။

​"ဟီးဟီး... ငါ ဒီမှာရှိတယ်လေ..."

​ရှန့် ၏ စနောက်လိုသော ရယ်သံသည် ဟင်းလင်းပြင်၏ အခြားတစ်ဖက်ဆီမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။

​ဝူကျိက ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်ရာ ရှန့် ၏ ပုံရိပ်များသည် သူ့နောက်ကွယ်ရှိ နေရာတစ်ခုတည်းတင်မကဘဲ နေရာအနှံ့အပြားတွင် ထပ်မံ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။ ရှန့် ၏ ပုံရိပ်များသည် လေထဲတွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တိုင်းက ပျော်ရွှင်စွာ ပြုံး၍ သူ့ကို စိုက်ကြည့်နေကြသည်။

​"မဟာအရိပ်တစ်ထောင် ပုံရိပ်ယောင် ကျင့်စဥ်... "

​ယွဲ့ယီ မျက်မှောင်ကြုတ်ကာ ထိုအမည်ကို ရေရွတ်လိုက်မိသည်။

​မဟာအရိပ်တစ်ထောင် ပုံရိပ်ယောင်ကျင့်စဥ်သည် နားလည်သဘောပေါက်ရန်နှင့် ကျွမ်းကျင်ရန် အလွန်ခက်ခဲလှသော လှည့်စားမှု ကျင့်စဥ်တစ်ခုဖြစ်ပြီး သာလွန်မှော်ပညာ နှင့် အဆင့်တူပင် ။

​တစ်ကြိမ် ကျွမ်းကျင်သွားခဲ့လျှင် အရိပ်ခန္ဓာကိုယ် တစ်ထောင်အထိ ဖန်တီးနိုင်ပြီး ပုံရိပ်တစ်ခုချင်းစီက ပင်မခန္ဓာကိုယ်အစစ်နှင့် ထပ်တူညီနေသဖြင့် ခွဲခြားရန် လုံးဝ မဖြစ်နိုင်ချေ။ ထို့အပြင် လွယ်ကူစွာ ဖယ်ရှားပစ်နိုင်သည့် အခြားသော လှည့်စားမှု ပညာရပ်များနှင့်မတူဘဲ ဤမဟာအရိပ်တစ်ထောင် ပုံရိပ်ယောင်ကျင့်စဥ် မှ ဖန်တီးထားသော အရိပ်ခန္ဓာကိုယ်များသည် အမြင်အာရုံ လှည့်စားမှုများသာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုများ ဖြစ်ကြကာ ပင်မခန္ဓာကိုယ်အစစ်၏ အင်မော်တယ် မန္တန်များနှင့် နည်းစနစ် အချို့ကိုပါ အသုံးပြုနိုင်ကြသည်။

​"မဆိုးပါဘူး... နင်တို့မှာ ဗဟုသုတတော့ ရှိသားပဲ..."

​ရှန့် က ဆော့ကစားလိုဟန်ဖြင့် သူမ၏ လက်ချောင်းလေးများကို ချိုးလိုက်သည်။ ထိုအခါ အရိပ်ပုံရိပ်အားလုံးက အင်မော်တယ် လက်ဟန် အမျိုးမျိုးကို စတင် ဖွဲ့စည်းလိုက်ကြတော့သည်။

​ဆယ်ပေကျော်မျှ ရှည်လျားလှသော မီးမြွေကြီးများသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး အရိုးထိအောင် အေးစက်လှသော ရေခဲဖီးနစ်ငှက်ကြီးများသည်လည်း ၎င်းတို့၏ တောင်ပံများကို ကြည်လင်ပြတ်သားသော အော်သံများနှင့်အတူ ဖြန့်ကျက်လိုက်ကြသည်။ ပျံသန်းနေသော ကျောက်တုံးကြီးများ၊ ရေမြားများနှင့် အခြားသော အင်မော်တယ်စွမ်းရည်မျိုးစုံ ထွက်ပေါ်လာသည် ။

​တခဏအတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး မရေမတွက်နိုင်သော မှော်စွမ်းအင် များဖြင့် ပြည့်နှက်သွားတော့သည်။

All Chapters