← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

Chapter 196

~

အခန်း ၁၉၆ : ပြောလို့ပြီးပြီလား.. စလိုက်ကြရအောင်...

~

တစ်ချိန်တည်းမှာပင် ဧည့်ခန်းထဲရှိ လုံယွဲ့က လင်းဖန်အား စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"လင်းဖန်... အပြင်မှာ တစ်ခုခုဖြစ်သွားတာလား.. သူတို့ လှုပ်ရှားနေပြီလို့ ပြောတာက ဘယ်သူ့ကို ပြောတာလဲ..."

အိပ်မက်ယက်လုပ်သူ၏ ပုလွေသံ စတင်ထွက်ပေါ်လာကတည်းက ရပ်ကွက်ဂိတ်အပြင်ဘက်မှ မြေကြီးကိုပင် တုန်ခါသွားစေသော ဆူညံသံကြီးများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။ တစ်စုံတစ်ခု ပြိုကျသွားသကဲ့သို့ ဘေးအိမ်ဆီမှလည်း အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

ပြင်းထန်သော တုန်ခါမှုများနှင့်အတူ အိမ်အတွင်း၌ ရှိနေသည့်တိုင် အင်မော်တယ် ဝိညာဉ်ချီစွမ်းအင်များနှင့် နတ်ဆိုးချီစွမ်းအင်တို့၏ ပြင်းထန်လှသော ထိပ်တိုက်တွေ့ဆုံမှုကို သူမ ကောင်းကောင်း ခံစားနေရသည်။ အင်မော်တယ်များနှင့် နတ်ဆိုးများ တိုက်ခိုက်နေကြသည်နှင့်ပင် တူနေချေ၏။ သို့သော် မည်သူကများ ဤလှုပ်ရှားမှုကို လုပ်ဆောင်နေသနည်း။

"သူတို့ ရောက်နေကြပြီ..."

လင်းဖန်က သူမကို ပြန်မဖြေဘဲ တံခါးဝဆီသို့သာ စူးစိုက်ကြည့်နေလိုက်သည်။

လုံယွဲ့က သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်၏။ သူမ၏ ကျင့်ကြံမှု ဆုံးရှုံးနေသော်လည်း အခန်းအပြင်ဘက်တွင် တစ်စုံတစ်ယောက် ရှိနေသည်ကိုတော့ ခံစားသိရှိနိုင်ပေသေးသည်။

" ဘုန်း.."

နောက်တစ်စက္ကန့်တွင် ကျယ်လောင်သောအသံနှင့်အတူ တံခါးတစ်စစီ ဖြစ်သွားပြီး ရှောင်ယီသည် အန်ယောင်အပါအဝင် အခြားသူများကို ဦးဆောင်၍ အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။

'ဟူး... တံခါး ကျိုးသွားပြန်ပြီ...'

လင်းဖန် အကူအညီမဲ့စွာ ခံစားလိုက်ရ၏။ ဤတံခါးအသစ်ကို မကြာသေးမီကမှ တပ်ဆင်ထားခဲ့သော်လည်း ယခုတော့ ထပ်မံပျက်စီးသွားခဲ့ ပြန်လေပြီ ။

"ရှောင်ယီ... ရှင် ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ.."

ရှောင်ယီ သူမရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လုံယွဲ့ အလွန် အံ့အားသင့်သွားသည်။

"အင်မော်တယ်နယ်မြေရဲ့ ဧကရီ... ဒီလက်အောက်ခံ ရှောင်ယီက အကြီးအကဲကောင်စီရဲ့ အမိန့်အရ ဧကရီကို ပြန်ခေါ်သွားဖို့ ရောက်လာတာပါ.."

ရှောင်ယီက သူ၏ ညာဘက်လက်ကို ဘယ်ဘက်ရင်အုပ်ပေါ်တင်ကာ အနည်းငယ် ဦးညွှတ်အလေးပြုလိုက်၏။

'ဒီဧကရီကို ပြန်ခေါ်သွားဖို့...'

လုံယွဲ့ တွေးလိုက်ပြီးနောက် ရှောင်ယီ၏ဘေးတွင် ရပ်နေသော အန်ယောင်ဆီသို့ လှည့်ကြည့်လိုက်သည်။

"အန်ယောင်... နင် ဒီအကြောင်းတွေကို အစောကြီးကတည်းက သိနေခဲ့တာလား.. ဒီဧကရီကို ဘာလို့ ကြိုမပြောပြခဲ့တာလဲ.."

" ဧကရီ... ကျွန်မ..."

အန်ယောင် ချက်ချင်း မည်သို့ပြန်ဖြေရမည်ကို မသိတော့ချေ။

အင်မော်တယ်ဧကရီ၏ ကိုယ်ရေးအစေခံတစ်ယောက်အနေဖြင့် သူမသည် ဤကဲ့သို့ အရေးကြီးသောကိစ္စမျိုးကို ဧကရီထံ လျှို့ဝှက်မထားသင့်ပေ။

သို့သော် သူမက အားလုံးသိနေပါသော်လည်း မပြောပြရန် ရွေးချယ်ခဲ့သဖြင့် ဧကရီအပေါ် သစ္စာဖောက်ဖျက်မှုဟု သတ်မှတ်ခံရနိုင်သည်။ ဤသည်မှာ သူမအတွက် ဧကရီထံမှ ပထမဆုံးအကြိမ် လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သဖြင့် နောင်တရမှုနှင့် အပြစ်ရှိသလို ခံစားမှုတို့ ခံစားနေရသည်။

"ဧကရီ... သူ့ကို အပြစ်မတင်ပါနဲ့..ဒီစစ်ဆင်ရေးအကြောင်း ဧကရီ့ကို အသိမပေးဖို့ ကျုပ်ကိုယ်တိုင် တားမြစ်ထားတာ.."

ရှောင်ယီက အန်ယောင်ကို ကာကွယ်ရန် ရှေ့သို့တိုးလာပြီး သူ၏အကြည့်များက လုံယွဲ့ဘေးတွင် ရပ်နေသော လင်းဖန်ထံသို့ ပြောင်းလဲသွားလေ၏။

"ကျုပ် ကြားထားတဲ့ သတင်းတွေအရဆိုရင်... ဧကရီက အခု နတ်ဆိုးအရှင်နဲ့အတူ ရှိနေတယ်ဆိုတာ... အဲဒါ တကယ်ပဲလား..."

လုံယွဲ့သည် သူမဘေးရှိ လင်းဖန်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ခိုင်မာပြတ်သားသော လေသံဖြင့် ဝန်ခံလိုက်သည်။

"မှန်တယ်... ဒီဧကရီက လင်းဖန်နဲ့အတူနေဖို့ ရွေးချယ်ခဲ့တာပဲ..."

"ဟူး..."

လုံယွဲ့၏ အဖြေကို ကြားလိုက်ရသောအခါ ရှောင်ယီက အသက်ကို ပြင်းပြင်းရှူသွင်းပြီး ပြန်လည်မှုတ်ထုတ်လိုက်၏။ သူ၏ မျက်နှာပေါ်ရှိ စိတ်ပျက်သွားသော အမူအရာကိုမူ ဖုံးကွယ်မထားနိုင်တော့ချေ။

"ဧကရီ... ဧကရီက ကျုပ်တို့ အင်မော်တယ်နယ်မြေရဲ့ အမြင့်မြတ်ဆုံး အုပ်စိုးရှင်ပါ...ဧကရီရဲ့ စကားတိုင်း..လုပ်ရပ်တိုင်းက အင်မော်တယ်နယ်မြေရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေတယ်...ဒါပေမဲ့ အခုတော့ ဧကရီက နတ်ဆိုးမျိုးနွယ်တွေနဲ့ ပူးပေါင်းနေတာပဲ..."

"ဧကရီ့ကို ကျုပ် အရမ်းစိတ်ပျက်မိတယ်.. ဒီကိစ္စကို အင်မော်တယ်နယ်မြေက သန်းပေါင်းများစွာသော နိုင်ငံသားတွေကို ဧကရီ ဘယ်လို ရှင်းပြမှာလဲ..အင်မော်တယ်ဥပဒေတွေအရ နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းကြံစည်သူတိုင်းဟာ ကောင်းကင်မိုးကြိုးနဲ့ အပြစ်ပေးခံရမှာဖြစ်ပြီး သူတို့ရဲ့ ဝိညာဉ်တွေပါ လုံးဝ ဖျက်ဆီးခံရမယ်.."

"ဒါပေမဲ့ ဧကရီက အင်မော်တယ်နယ်မြေရဲ့ အုပ်စိုးရှင်ဖြစ်သလို ကျုပ်တို့ နယ်မြေအတွက်လည်း ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေ အများကြီး လုပ်ပေးခဲ့တယ်...ဒါကြောင့် ကျုပ်မှာ ဧကရီ့ကို ကွပ်မျက်ပိုင်ခွင့် မရှိဘူး... ကျေးဇူးပြုပြီး ကျုပ်တို့နဲ့အတူ ပြန်လိုက်ခဲ့ပါ... အကြီးအကဲကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ခံယူပါ..."

လုံယွဲ့၏ မျက်နှာအမူအရာမှာ တွေးတောနေဟန် ပေါ်လာ၏။ အပြင်ဘက်မှ ပြင်းထန်သော ဆူညံသံများကို နားထောင်ရင်း ဘေးနားရှိ လင်းဖန်ကို ထပ်မံကြည့်လိုက်မိသည်။ တွန့်ဆုတ်နေမိသော်လည်း သူမ ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ပင် ချလိုက်သည်။

"ဒီဧကရီက အကြီးအကဲကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ခံယူဖို့ ပြန်လိုက်ခဲ့နိုင်ပေမဲ့ စည်းကမ်းချက်တစ်ခုတော့ ရှိတယ်..အဲဒါက နတ်ဆိုးမျိုးနွယ်တွေအပေါ် တိုက်ခိုက်နေတာကို ချက်ချင်းရပ်တန့်ပြီး သူတို့အားလုံးကို အင်မော်တယ်နတ်ဆိုးတိုက်ကြီးဆီ ပြန်ဆုတ်ခွာခိုင်းရမယ်..."

အင်မော်တယ်ဧကရီတစ်ပါးအနေဖြင့် နတ်ဆိုးအရှင်နှင့် အတူရှိနေခြင်းမှာ အင်မော်တယ်ဥပဒေများကို ချိုးဖောက်ခြင်းပင် ဖြစ်ချေသည်။ ထို့ကြောင့် သူမ မည်သည့် မကျေနပ်ချက်မှမရှိဘဲ အကြီးအကဲကောင်စီ၏ ဆုံးဖြတ်ချက်ကို ခံယူရန် ဆန္ဒရှိ၏။ သို့သော် အနည်းဆုံးတော့ တရားရင်ဆိုင်ရန် အင်မော်တယ်နယ်မြေသို့ ပြန်မသွားမီ လင်းဖန်နှင့် တခြားသူများကိုပါ ပြန်လည်ခေါ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။

ရှောင်ယီနှင့် တခြားသူများသည် သူမကို ပြန်ခေါ်ရန် လာနိုင်သည်ဖြစ်ရာ လင်းဖန်နှင့် တခြားသူများကိုပါ ပြန်လည်ခေါ်ဆောင်သွားရန်မှာ ခက်ခဲသောကိစ္စ မဖြစ်သင့်ပေ။

သို့သော်လည်း သူမ၏ တောင်းဆိုချက်ကို ရှောင်ယီက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ငြင်းပယ်လိုက်သည်။

"တောင်းပန်ပါတယ် ဧကရီ... ကျုပ် ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး.."

"ဘာဖြစ်လို့လဲ.."

လုံယွဲ့က ချက်ချင်း မေးလိုက်၏။

"ဘာဖြစ်လို့လဲဆိုတော့ ဧကရီ့ကို ပြန်ခေါ်သွားဖို့အပြင် ကျုပ်မှာ နောက်ထပ် တာဝန်တစ်ခု ကျန်နေသေးလို့ပဲ.."

"နောက်ထပ် တာဝန်တစ်ခုလား.."

"မှန်ပါတယ်.."

ရှောင်ယီက ခေါင်းအသာညိတ်လိုက်ပြီး လင်းဖန်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ တောက်ပနေပြီး သွားကြားထဲမှအသံဖြင့် ...

"နတ်ဆိုးမျိုးနွယ်ရဲ့ အကြွင်းအကျန်အားလုံးကို ရှင်းလင်းဖယ်ရှားပစ်ဖို့ပဲ..."

"ရှင်..."

လုံယွဲ့ ဒေါသထွက်သွားကာ ရန်တွေ့ရန်ပြင်လိုက်သော်လည်း လင်းဖန်က လက်တစ်ဖက်ကို မြှောက်ကာ သူမကို တားလိုက်သည်။

"ယွဲ့အာ... မင်း လိုက်သွားဖို့ ဆန္ဒရှိနေရင်တောင် ဒီနတ်ဆိုးအရှင်က သူတို့ မင်းကို ခေါ်သွားမှာကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး... ကျန်တဲ့ကိစ္စတွေကို ငါ့ဆီသာ လွှဲထားလိုက်ပါ.."

လင်းဖန်က လုံယွဲ့ကို နူးညံ့စွာ ပြုံးပြလိုက်ပြီး ရှေ့သို့ တိုးကာ သူမ၏ရှေ့တွင် ကာကွယ်လိုက်၏။

ရှောင်ယီနှင့် အခြားသူများမှာ အလွန် သတိရှိနေကြပြီး ခါးရှိလက်နက်များကို အလိုအလျောက် လှမ်းကိုင်လိုက်ကြကာ တစ်ချိန်တည်းမှာပင် ခြေတစ်လှမ်း နောက်ဆုတ်သွားကြသည်။ ထိုသည်ကိုမြင်သောအခါ လင်းဖန်က ရှောင်ယီနှင့် တခြားသူများကို ထီမထင်ဟန်ဖြင့် ပေါ့ပါးစွာ ပြုံးပြလိုက်လေသည်။

"ဒီနတ်ဆိုးအရှင်ကို ဖယ်ရှားပစ်ချင်တယ်ပေါ့လေ... ရတယ်... ဒါပေမဲ့ မင်းတို့မှာ အဲဒီလောက် အရည်အချင်း ရှိမရှိ ဆိုတာအပေါ်တော့ မူတည်တာပေါ့.."

ထို့နောက် လင်းဖန်က လက်ညှိုးထိုးကာ တစ်ယောက်ပြီးတစ်ယောက် ရေတွက်လိုက်၏။

"တစ်... နှစ်... သုံး... စုစုပေါင်း ခြောက်ယောက်ပဲ.. မင်းတို့ခြောက်ယောက်ထဲက ဘယ်သူ အရင်လာမလဲ... ဒါမှမဟုတ် အချိန်ကုန်သက်သာအောင် အားလုံး တစ်ခါတည်း ဝင်လာကြမလား.."

"ဟမ့်... နတ်ဆိုးအရှင်က ကောလာဟလတွေထဲကလိုပဲ မာနကြီးလွန်းလှချေလား..."

ရှောင်ယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ခါးမှ နတ်ဘုရားသတ်ကြာပွတ် ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

ထိုကြာပွတ်ရှည်ကြီးသည် သွေးနီရောင်သန်းနေပြီး ကြာပွတ်တစ်ခုလုံးတွင် ခြောက်သွေ့နေသော သွေးကွက်များ စွန်းထင်းနေကာ အလွန်ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ထိုကြာပွတ်က ရှေးဟောင်းမှော်ရတနာတစ်ခုဖြစ်ကြောင်း အလွန်ပင် ထင်ရှားနေလေ၏။

"မင်းတို့ထဲက ဘယ်သူမှ ဝင်မပါနဲ့... ငါကိုယ်တိုင်ပဲ နတ်ဆိုးအရှင်ရဲ့ အစွမ်းကို မြည်းစမ်းကြည့်လိုက်မယ်.."

ထို့နောက် ရှောင်ယီ အသက်ပြင်းပြင်းရှူကာ အာရုံစူးစိုက်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကြာပွတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ စွမ်းအားများကို စုစည်းလိုက်သည်။

သူ လှုပ်ရှားတော့မည့်ဆဲဆဲတွင် လင်းဖန်က ရုတ်တရက် လက်မြှောက်ကာ သူ့ကို တားဆီးလိုက်၏။

"ခဏစောင့်ပါဦး.."

ရှောင်ယီနှင့် အခြားသူများမှာ မျက်မှောင်ကြုတ်သွားကြပြီး လင်းဖန်ကို နားမလည်နိုင်စွာ ကြည့်နေမိကြသည်။ ထိုအခါ လင်းဖန်က တည်ငြိမ်စွာပင် ရှင်းပြလိုက်လေသည်။

"ဒါက ငါ့အိမ်လေ... ပြီးသွားမှ နေရာတစ်ခုလုံး ရှုပ်ပွသွားတာမျိုး မဖြစ်ချင်ဘူး.. သန့်ရှင်းရေး ပြန်လုပ်ရတာ တော်တော် ဒုက္ခများတဲ့ကိစ္စပဲ.."

"ပစ္စည်းတစ်ခုခု ပျက်သွားရင်လည်း အသစ်ပြန်ဝယ်နေရဦးမယ်... ဒါကြောင့် အပြင်ထွက်ပြီး တိုက်ခိုက်ကြတာပေါ့.."

ထို့နောက် လင်းဖန်က ရှောင်ယီတို့ကို ဖြတ်ကာ တည်ငြိမ်စွာ လျှောက်သွားလိုက်၏။ သူ၏အိမ်သည် ကျယ်ဝန်းခြင်းမရှိချေ။ အကယ်၍ အခန်းထဲတွင် တိုက်ခိုက်ကြမည်ဆိုပါက သူ့အိမ်သာမက အဆောက်အအုံတစ်ခုလုံးပါ ပျက်စီးသွားနိုင်သည်။ ယခု တံခါးပျက်စီးသွားခဲ့ပြီဖြစ်ရာ အခန်းထဲမှ အခြားပစ္စည်းများကိုပါ ထပ်မံအပျက်အစီး မခံနိုင်တော့ပေ။ ထို့ကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေမည့် အကောင်းဆုံးနည်းလမ်းမှာ အပြင်ထွက်၍ တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

လင်းဖန် ဖြတ်လျှောက်လာသောအခါ အန်ယောင်နှင့် တခြားသူများက အလိုအလျောက်ပင် ဘေးတစ်ဖက်တစ်ချက်စီသို့ ဖယ်ပေးလိုက်ကြပြီး မည်သူမှ မတားဆီးရဲကြချေ။

"မင်းတို့အားလုံး ဒီမှာနေခဲ့ပြီး ဧကရီကို ကာကွယ်ထားကြ.."

ရှောင်ယီ အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် အန်ယောင်တို့ကို အမိန့်ပေးကာ လင်းဖန်၏ နောက်မှ လိုက်ထွက်သွားပြီး အောက်ထပ်ရှိ ကျယ်ဝန်းသည့် နေရာသို့ ရောက်ရှိလာသည်။

"ငါက အင်မော်တယ်နယ်မြေရဲ့ ကွက်မျက်သူ ရှောင်ယီပဲ..နတ်ဆိုးအရှင်ရဲ့ အံ့မခန်းစွမ်းအားတွေအကြောင်း ကြားဖူးနေတာ ကြာပြီဖြစ်လို့ ဒီနေ့တော့ ကိုယ်တိုင် တွေ့ကြုံခံစားဖို့ အခွင့်အရေးရပြီ.."

ရှောင်ယီသည် သူ၏ကြာပွတ် ဆုပ်ကိုင်ထားမှုကို အနည်းငယ်လျှော့ချလိုက်သောအခါ အင်မော်တယ်စွမ်းအင်များသည် ရှည်လျားသော ကြာပွတ်ပေါ်တွင် စုစည်းလာပြီး တဖြည်းဖြည်းနှင့် ပြင်းထန်သော အနီရောင်ရင့်ရင့် ဝိညာဉ်ချီစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ နတ်ဘုရားသတ် ကြာပွတ်သည် မူလက သာမန် ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်ခဲ့သော်လည်း ကွပ်မျက်ခြင်းနှင့် ရိုက်နှက်ခြင်းတို့အတွက် ရေရှည်အသုံးပြုလာခဲ့ရာ တဖြည်းဖြည်းနှင့် အင်မော်တယ် ဧကရာဇ်များ၏ သွေးများ၊ နတ်ဆိုးများနှင့် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများ၏ မရေမတွက်နိုင်အောင် များပြားလှသည့် သွေးများနှင့် စွန်းထင်းလာခဲ့သည်။ ထိုသွေးများသည် ကြာပွတ်ရှည်ကြီးအတွင်းသို့ စိမ့်ဝင်သွားပြီး နှစ်ကာလများကြာလာသည်နှင့်အမျှ ကြာပွတ်၏ သွေးဆာမှုကို နိုးကြားလာစေကာ ပြင်းထန်သော သွေးဆာဝိညာဉ်တစ်ခုအဖြစ် အသက်ဝင်လာခဲ့ပေသည်။

ယခု သူ၏လက်ထဲရှိ ကြာပွတ်သည် အင်မော်တယ် ဧကရာဇ်များ၏ ခန္ဓာကိုယ်နှင့် အသားအရေကို တစ်ချက်တည်းဖြင့် ဆုတ်ဖြဲပစ်နိုင်စွမ်းရှိပြီး ဝိညာဉ် ဆုတ်ဖြဲခံရသည့် နာကျင်မှုကိုပါ ခံစားရစေနိုင်စွမ်း ရှိသည်။

"စကားပြောလို့ ပြီးပြီလား... ပြီးရင်လည်း စလိုက်ကြရအောင်.."

လင်းဖန်က ပျင်းရိပျင်းတွဲ တုံ့ပြန်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်ကာ ရှေ့သို့ လက်ဝါးရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်၏။

"ဘုန်း.."

ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး မမြင်ရသော ဧရာမ လက်ဝါးကြီးတစ်ခုက ရှောင်ယီ၏ ခေါင်းပေါ်သို့ တည့်တည့် ကျရောက်လာသည်။

ရှောင်ယီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။ သူ မည်သို့မှ တုံ့ပြန်နိုင်ခြင်း မရှိ ။ ပုံသဏ္ဍာန်မဲ့ ဧရာမလက်ဝါးကြီး၏ ဖိချမှုကို ချက်ချင်း ခံလိုက်ရသည်။

"အဟွတ်.. ငါအားသုံးတာ နည်းနည်း များသွားပြီ..."

သူ့ရှေ့ရှိ ရပ်ကွက်အဆောက်အအုံပေါ်တွင် ထင်ကျန်ရစ်ခဲ့သော ဧရာမ လက်ဝါးရာကြီးကို ကြည့်ပြီး လင်းဖန်က သူ၏ခေါင်းကို ကြောင်တောင်တောင်ဖြင့် ကုတ်လိုက်မိ၏။

ထိုလူ၏ ယုံကြည်မှုအပြည့်ရှိနေပုံကြောင့် အတော်လေး အစွမ်းထက်လိမ့်မည်ဟု ထင်ကာ သူ အနည်းငယ် အားထည့်လိုက်မိခြင်း ဖြစ်ပေသည်။ သို့သော်လည်း ထိုလူသည် သူ၏ သာမန်လက်ဝါးရိုက်ချက် တစ်ချက်ကိုပင် မခံနိုင်ဘဲ အမှုန့်ဖြစ်သွား၏ ။

All Chapters