← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

Chapter 197

~

အခန်း ၁၉၇ : နင်..နင်တို့က

~

ဧည့်ခန်းအတွင်း၌ လင်းဖန်နှင့် ရှောင်ယီတို့ ထွက်ခွာသွားပြီးနောက် လုံယွဲ့၊ အန်ယောင်နှင့် ကျန်သူများသာ ကျန်ရစ်ခဲ့လေသည်။

ထိုအခါမှသာ လုံယွဲ့သည် အန်ယောင်၏နောက်တွင် ပါလာသော လူလေးယောက်ကို သတိပြုမိပြီး သေချာစွာ အကဲခတ်ကြည့်လိုက်မိ၏။

ထိုလေးယောက်အနက်မှ တစ်ယောက်သည် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် ညို့ငင်နိုင်သော မျက်နှာထားရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျန်သုံးယောက်မှာမူ ဝတ်ရုံနက်ကြီးများကို ချုံထားကာ သူတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားကို လုံးဝ ဖုံးကွယ်ထားကြသည်။

သို့ပေသော်ငြား ထိုသုံးယောက်ထံမှ ထွက်ပေါ်နေသော မှိန်ဖျော့သည့် အရှိန်အဝါများက သူမအား အလိုလို မသက်မသာ ဖြစ်စေသည့်အပြင် တစ်နေရာရာတွင် ကြုံဖူးဆုံဖူးသကဲ့သို့ ရင်းနှီးသော ခံစားချက်ကိုလည်း ပေးစွမ်းနေချေ၏။

လုံယွဲ့၏ စူးစိုက်ကြည့်မှုကို သတိပြုမိသွားသော လျိုယန်က ညို့ငင်သည့် အပြုံး ပြုံးလိုက်ပြီး သူမ၏ ခါးနွဲ့နွဲ့ကို လှုပ်ခါကာ ရှေ့သို့ ထွက်လာခဲ့သည်။

"ဧကရီ... မတွေ့ရတာ တော်တော်ကြာပြီနော်... ကျွန်မကို မှတ်မိသေးရဲ့လားဟင်.."

"နင်က... ဘယ်သူလဲ..."

လုံယွဲ့၏ နူးညံ့သော မျက်ခုံးက တွန့်ကွေးသွားပြီး လျိုယန်ကို စူးစိုက်ကြည့်သည်။ သူမ၏ ပုံသဏ္ဌာန်နှင့် အသံမှာ အလွန်ပင် ရင်းနှီးနေသော်လည်း ချက်ချင်း ခေါင်းထဲသို့ မပေါ်လာသေးပေ။ အင်မော်တယ်နယ်မြေတွင် ဤမျှအထိ ရိုင်းစိုင်းပြီး မြူဆွယ်တတ်သော အမျိုးသမီးမျိုးကို သူမ ဆုံဖူးသည်ဟု မမှတ်မိချေ။

"ဟင်းဟင်း.. ဧကရီက တကယ်ပဲ မေ့တတ်တာပဲနော်.. ကျွန်မကို တကယ်ကြီး မမှတ်မိတော့ဘူးပေါ့လေ..."

လုံယွဲ့က သူမကို မမှတ်မိကြောင်း တွေ့လိုက်ရသောအခါ လျိုယန်က ပစ်ပယ်ခံထားရသည့် မိန်းမပျိုလေးတစ်ဦးကဲ့သို့ ဝမ်းနည်းပက်လက် ညည်းတွားလိုက်သည်။

လုံယွဲ့က မျက်လုံးများကို မှေးစင်းကာ လျိုယန်ကို အသေးစိတ် ထပ်မံစစ်ဆေးလိုက်၏။ ထိုအခါ သူမ၏စိတ်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ချိပ်ပိတ်ထားခဲ့သည့် ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာပြီး မျက်နှာအမူအရာ ပျက်သွားသည်။

"နင်... နင်ပဲ.. ရွှင်​ပျော်ပျော်ဂိုဏ်းက နတ်ဆိုးမ လျိုယန်.."

လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီက နတ်ဆိုးဂိုဏ်းများအကြားတွင် ရွှင်ပျော်ပျော်ဂိုဏ်း ဟုခေါ်သော ဂိုဏ်းသစ်တစ်ခု ပေါ်ထွက်လာခဲ့ဖူးသည်။ ထိုဂိုဏ်းသည် အမျိုးသမီးများကိုသာ တပည့်အဖြစ် လက်ခံပြီး ယန်စွမ်းအင်ကို စုပ်ယူ၍ ယင်စွမ်းအင်ကို ဖြည့်တင်းခြင်း ဟူသော ကျင့်စဉ်ကို အဓိက ထား၍ အမျိုးသားများ၏ အသက်ဓာတ်နှင့် မူလဝိညာဉ်များကို အဓမ္မ စုပ်ယူလေ့ရှိကြ၏။ ဂိုဏ်းအတွင်းရှိ အမျိုးသမီးအားလုံးမှာလည်း အထိန်းအကွပ်မရှိ ကာမဂုဏ်ကို လိုက်စားကြပြီး လောကီလူသား အမျိုးသားများကို မြူဆွယ်ညှဉ်းပန်းကြသည် ။

ဤအကြောင်းကို လုံယွဲ့ သိသွားသောအခါ သူမ၏ ချင်လွမ် ဖီးနစ်ဓား ကို ဆွဲကိုင်၍ ရွှင်ပျော်ပျော်ဂိုဏ်းသို့ တစ်ကိုယ်တော် သွားကာ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့သည်။ ထို့နောက် အဓိကတရားခံဖြစ်သူ ဂိုဏ်းချုပ် လျိုယန်ကို ဖမ်းဆီးကာ တရားစီရင်ရန်အတွက် ကောင်းကင်ဘုံ တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့၏။

ထိုစဉ်က လျိုယန်သည် သူမနှင့် တိုက်ခိုက်သည့် အချိန် မျက်နှာဖုံး စွပ်ထားသည့်အပြင် ဖမ်းဆီးပြီးနောက်တွင်လည်း သူမ၏ စစ်မှန်သော မျက်နှာကို လှန်မကြည့်ခဲ့ပေ။ ယခု နှစ်ပေါင်းရာနှင့်ချီ၍ ကြာသွားခဲ့ပြီဖြစ်ရာ မည်သို့ မှတ်မိပါမည်နည်း။ သူမ၏ လွန်ကဲစွာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို မြင်မှသာ လုံယွဲ့ သတိရသွားခြင်း ဖြစ်၏။

"ဟိဟိ... ဧကရီက နောက်ဆုံးတော့ သတိရလာပြီပေါ့လေ.."

"အဲဒီတုန်းက နင်တစ်ယောက်တည်း ဓားတစ်လက်နဲ့ ငါ့ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပြီး ငါ့ကို ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ တားမြစ်နယ်မြေထဲ ပစ်ထည့်ခဲ့တယ်.. အဲဒီနေရာမှာ ငါ နှစ်ပေါင်းရာနဲ့ချီပြီး ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရတာ... နင် ငါ့ကို အရမ်း နှိပ်စက်ခဲ့တာပဲနော်..."

လျိုယန်၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေပြီး စကားလုံးများက မိန်းကလေးငယ်တစ်ဦး၏ စိတ်ကောက်သံကဲ့သို့ ရှိနေသော်လည်း သူမ၏ အေးစက်စက် မျက်လုံးများကမူ လုံယွဲ့ကို ဓားသွားများကဲ့သို့ စူးစိုက်ကြည့်နေသည်။

"နင် ဘာလို့ မသေသေးတာလဲ... မဟုတ်ဘူး... နင် ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ.."

လုံယွဲ့၏ မျက်ခုံးများက ပိုမိုတွန့်ကွေးသွားပြီး ထပ်ဆင့် မေးခွန်းထုတ်လိုက်မိ၏။

လွန်ခဲ့သော နှစ်ပေါင်းရာချီက လျိုယန်သည် သူမကိုယ်တိုင် ဖမ်းဆီးပြီး ကောင်းကင်ဘုံအကျဉ်းထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ သူမ ကျူးလွန်ခဲ့သော ပြစ်မှုများအရ တရားစီရင်ပြီးနောက် သေဒဏ်ချမှတ်ခံရပြီး ဝိညာဉ်ပါ အမှုန့်ခြေခြင်း ခံရသင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ယခုအချိန်၌ မည်သည့် ထိခိုက်ဒဏ်ရာမှမရှိဘဲ သူမရှေ့၌ ပေါ်လာနိုင်ရသနည်း။

"ဧကရီက ငါ ဘာလို့ အသက်ရှင်နေသေးလဲဆိုတာကို တော်တော်လေး အံ့သြနေပုံပဲနော်..."

လုံယွဲ့၏ တုန်လှုပ်ချောက်ချားပြီး ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်ရသောအခါ လျိုယန် စိတ်ကျေနပ်သွားပုံရပြီး တမင်သက်သက် လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ကာ စနောက်လိုက်သည်။

"ဧကရီ တကယ် သိချင်တာလား... တောင်းပန်စကားလေး ပြောမယ်ရင်တော့ ငါက စေတနာရှေ့ထားပြီး ပြောပြနိုင်ပါတယ်နော်.."

"ဟမ့်... နင်ပြောပြော မပြောပြော ဒီဧကရီအတွက် ဘာအရေးကြီးလို့လဲ.."

လုံယွဲ့က လျိုယန်၏ မြူဆွယ်မှုကို လုံးဝ ဂရုမစိုက်ဘဲ မေးခွန်းထုတ်ခြင်းကို ချက်ချင်းရပ်တန့်ကာ တိတ်ဆိတ်စွာပင် သူမကို လျစ်လျူရှုထားလိုက်တော့သည်။

လျိုယန်က ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်လိုက်မိ၏။ ဤမုန်းတီးဖွယ်ကောင်းသော အင်မော်တယ်ဧကရီသည် သူမ မည်သို့ အသက်ရှင်နေသနည်းဟူသည်ကိုပင် စိတ်မဝင်စားချေ။

"ဧကရီ... လျိုယန်နဲ့ တခြားသူတွေက အကြီးအကဲကောင်စီရဲ့ အမိန့်အရ ဒီကို ရောက်နေကြတာပါ.."

လုံယွဲ့နှင့် လျိုယန်တို့၏ အခြေအတင် စကားပြောဆိုမှုကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီးနောက် အန်ယောင် ရှေ့သို့တိုးကာ ရှင်းပြလိုက်သည်။

"အကြီးအကဲကောင်စီရဲ့ အမိန့် ဟုတ်လား..."

ထိုစကားကြောင့် လုံယွဲ့၏ မျက်ခုံးများ ပိုမို တွန့်ကွေးသွားသည်။

"မှန်ပါတယ်..."

အန်ယောင်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး...

"အကြီးအကဲကောင်စီက နတ်ဆိုးအရှင်နဲ့ တခြားသူတွေကို ရင်ဆိုင်တဲ့အခါ လူအင်အား မလုံလောက်မှာကို စိုးရိမ်တာကြောင့် အရှင်ရှောင်ကို ကူညီဖို့အတွက် ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ တားမြစ်နယ်မြေထဲက သေဒဏ်ကျ အကျဉ်းသားတချို့ကို အထူးလွှတ်ပေးလိုက်တာပါ.."

"ဒါဆို ဒါကြောင့်ကိုး..."

လုံယွဲ့ ရုတ်တရက် သဘောပေါက်သွားသော်လည်း ဤကိစ္စမှာ ထူးဆန်းလွန်းသည်ဟု ခံစားနေရဆဲပင်။ ပထမဦးစွာ လျိုယန်သည် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက သေဒဏ်ပေးခံရပြီးသား ဖြစ်သင့်သည် ။ သူမ မည်သို့ အသက်ရှင်နေရသနည်း။ သေဒဏ်ကျအကျဉ်းသားများကို စစ်ကူအဖြစ် သုံးမည်ဆိုလျှင်ပင် သူမကဲ့သို့သောသူမှာ စာရင်းထဲတွင် လုံးဝ မပါဝင်သင့်ချေ။

ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အကြောင်းပြချက်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံ တရားစီရင်ရေးဌာန၏ အမိန့်ကို အလွဲသုံးစားလုပ်ကာ သူမ၏ အမိန့်ကို ဆန့်ကျင်ပြီး လျိုယန်ကို ကောင်းကင်ဘုံအကျဉ်းထောင်တွင် လျှို့ဝှက်စွာ ချုပ်နှောင်ထားခဲ့သည်။ သို့သော် မည်သို့ကြောင့် ဤသို့ ပြုလုပ်ခဲ့ကြသနည်း။

ထို့အပြင် ကောင်းကင်ဘုံအကျဉ်းထောင်၏ တားမြစ်နယ်မြေအတွင်းရှိ လူအားလုံးမှာ သွေးဆာနေသော ရူးသွပ်သူများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်များသာ ဖြစ်ကြ၏။ ကောင်းကင်ဘုံအကျဉ်းထောင်မှ သေဒဏ်ကျအကျဉ်းသားများကို စစ်ကူအဖြစ် အသုံးပြုခွင့်ပေးသည့် ထုံးစံမျိုး အင်မော်တယ်နယ်မြေ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးချေ။ ကျယ်ပြောလှသော အင်မော်တယ်နယ်မြေကြီးတွင် လျိုယန်တို့အစား အသုံးပြုစရာ လူတစ်ယောက်မှ မရှိတော့ဟုဆိုသည်ကို သူမ မည်သို့ ယုံကြည်ရမည်နည်း။

"ဟားဟားဟားး..."

လုံယွဲ့ ဇဝေဇဝါဖြင့် စဉ်းစားနေစဉ်မှာပင် လျိုယန်က ခန္ဓာကိုယ် တုန်ခါလာသည်အထိ ရယ်လိုက်ပြီး ...

"ဧကရီ... နင့်ရဲ့ အစေခံမလေး ပြောတာက မှန်ပါတယ်.. ငါတို့က နတ်ဆိုးအရှင်ကို ကိုင်တွယ်ဖို့ ရှောင်သခင်ကို ကူညီဖို့ လာခဲ့တာ... ဒါပေမဲ့ ငါ့မှာ နောက်ထပ် လျှို့ဝှက်တာဝန်တစ်ခုလည်း ရှိသေးတယ်..."

"ဘာတာဝန်လဲ.."

လုံယွဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

လျိုယန်က ချက်ချင်း ပြန်မဖြေဘဲ နှုတ်ခမ်းများကို တွန့်ကွေးကာ အေးစက်သော အပြုံးတစ်ခု​ဖြင့်...

"အဲဒါက...နင့်ကို သတ်ဖို့ပဲ..."

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျိုယန်၏ အင်္ကျီလက်အတွင်းမှ ပျော့ပျောင်းသော ဓားမြှောင်တစ်လက် ရုတ်ချည်း ထွက်ပေါ်လာပြီး လုံယွဲ့၏ လည်ပင်းဆီသို့ လျှပ်စီးပမာ ထိုးစိုက်လိုက်သည်။

ယခုအချိန်တွင် လုံယွဲ့၌ မည်သည့် ကျင့်ကြံမှုစွမ်းအားမှ ရှိမနေချေ။ သူမသည် လျိုယန်၏ မျက်လုံးများနှင့် အသံထဲမှ သတ်ဖြတ်လိုသော အာဃာတကို ကြိုတင်ခံစားမိသော်လည်း ရှောင်တိမ်းရန် ခန္ဓာကိုယ်ကို လှုပ်ရှား၍ မရနိုင်တော့ပေ။

ပျော့ပျောင်းသော ဓားမြှောင်က သူမ၏ လည်ပင်းဆီသို့ ရောက်ရှိလာတော့မည့် အရေးကြီးသော အချိန်တွင် အန်ယောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူမ၏ ချင်လွမ် ဖီးနစ်ဓား ကို အလျင်အမြန် ဆွဲထုတ်ကာ လျိုယန်၏ တိုက်ကွက်ကို ကြားဖြတ်၍ ကာကွယ်လိုက်သည်။

"နင်... နင် ဘာလုပ်တာလဲ.. အရှင်ရှောင်ရဲ့ အမိန့်က ဧကရီ့ကို ကာကွယ်ဖို့ပဲလေ..နင်က ဧကရီ့ကို လုပ်ကြံရဲတယ် လား.."

အန်ယောင်က ဓားကို ဆုပ်ကိုင်ကာ လုံယွဲ့၏ ရှေ့တွင် ကာကွယ်ရင်း လျိုယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"နင်က အရှင်ရှောင် မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အတိတ်က ကိစ္စတွေအတွက် လက်စားချေဖို့ ကြိုးစားနေတာလား.."

အန်ယောင်၏ စကားကို ကြားသောအခါ လျိုယန်က အပြစ်ကင်းစင်လှသော အစေခံမလေးကို ကြည့်ကာ သရော်သံဖြင့် ရယ်လိုက်သည်။

"ဟင်းဟင်း... သနားစရာကောင်းတဲ့ အစေခံမလေး... ငါ တရားဝင် လက်ခံရရှိထားတဲ့ အမိန့်က ဧကရီ့ကို ကာကွယ်ဖို့ မဟုတ်ဘူး... ဧကရီ့ကို သုတ်သင်ရှင်းလင်းပစ်ဖို့ပဲလေ..."

"နင် လျှောက်ပြောမနေနဲ့..ဘယ်သူက နင့်ကို အဲ့လို အမိန့်ပေးမှာလဲ.."

အန်ယောင်က မျက်မှောင်ကြုတ်​၍ သူမ၏ ချင်လွမ် ဖီးနစ်ဓား ကို အသင့်ပြင်ကာ မေးခွန်းထုတ်လိုက်၏။

လျိုယန်က ဂရုမစိုက်ဟန်ဖြင့် သူမ၏ လက်သည်းများကို ကြည့်ကာ တည်ငြိမ်စွာ ...

"ဘယ်သူလဲဆိုတာကိုတော့... ငါ ပြောပြလို့ မရဘူးလေ... နင့်ဘာနင် ခန့်မှန်းကြည့်ပါလား... တကယ်လို့ မှန်သွားခဲ့ရင်တော့ ငါ အမှန်အတိုင်း ပြောပြပေးနိုင်ပါတယ်နော်..."

"ဟမ့်... ကောက်ကျစ်စဉ်းလဲတဲ့ စကားတွေပဲ.. နင့်ရဲ့ စကားတစ်ခွန်းကိုမှ ငါမယုံဘူး.."

ထို့နောက် အန်ယောင်က တံခါးဝတွင် တိတ်ဆိတ်စွာ ရပ်နေသော ဝတ်ရုံနက်ဝတ် လူသုံးယောက်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။

"နင်တို့သုံးယောက် ဘာရပ်ကြည့်နေတာလဲ.. လျိုယန်ကို သတ်ဖို့ ငါနဲ့ ပူးပေါင်းကြစမ်း.."

အန်ယောင်၏ အမိန့်ပေးသံကို ကြားရသောအခါ ဝတ်ရုံနက်ဝတ် လူသုံးယောက်က ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့ကြသည်။ သို့သော်လည်း သူတို့သည် လျိုယန်ကို တိုက်ခိုက်ခြင်း မပြုဘဲ သူမ၏ နောက်ကွယ်တွင်သာ ညီညာစွာ ရပ်တန့်လိုက်ကြ၏။

"နင်... နင်တို့က..."

အန်ယောင်၏ မျက်နှာအမူအရာမှာ တစ်ခဏအတွင်း သွေးဆုတ်ဖြူလျော်သွားပြီး နှလုံးသားထဲတွင် မကြုံစဖူး ကြီးမားလှသော အန္တရာယ်ကြီးကို ခံစားလိုက်ရတော့သည်။ ဤဝတ်ရုံနက် သုံးယောက်မှာလည်း လျိုယန်နှင့် တစ်ဖွဲ့တည်း ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိ။

"ဟဲဟဲ... ဧကရီ... ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့ကြပြီးကတည်းက တော်တော်လေး ကြာသွားခဲ့ပြီနော်..."

အေးစက်ပြီး ခြောက်ခြားဖွယ်ကောင်းသော အသံကြီးများက ဝတ်ရုံနက်ကြီးများအောက်မှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ထိုသုံးယောက်က သူတို့ ဝတ်ဆင်ထားသော ဝတ်ရုံနက်ကြီးများကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ရာ သူတို့၏ စစ်မှန်သော မျက်နှာများ ပေါ်လာ၏။

သူတို့၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ လုံယွဲ့ ချက်ချင်းပင် ဆွံ့အသွားပြီး လျိုယန်ကို မြင်ခဲ့ရစဉ်ကထက်ပင် ပို၍ ထိတ်လန့်တုန်လှုပ်သွားသည်။

"နင်... နင်တို့အားလုံးက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

All Chapters