← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

Chapter 198

~

အခန်း ၁၉၈ : အဟမ်း.. ငါလည်း ဝင်ပါလို့ ရမလား...

~

"တစ္ဆေအလောင်းဂိုဏ်းက ရှီ ညီအစ်ကိုသုံးယောက်..."

လုံယွဲ့၏ မျက်နှာက အေးစက်လေးနက်သွားပြီး သူတို့၏ အမည်များကို တင်းမာစွာ ရေရွတ်လိုက်သည်။

တစ္ဆေအလောင်းဂိုဏ်းသည် အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး ထိုခေတ်အခါက လောကတွင် အဆိုးရွားဆုံးနှင့် အကြီးမားဆုံးသော မိစ္ဆာဂိုဏ်းကြီးဟု ဆိုနိုင်ပေသည်။

ရွှင်ပျော်ပျော်ဂိုဏ်းမှ နတ်ဆိုးမများက ကာမဂုဏ်လိုက်စားခြင်း၊ လူသားများ၏ အသက်ဓာတ်ကို စုပ်ယူညှဉ်းပန်းခြင်းများကိုသာ ပြုလုပ်ကြသော်လည်း တစ္ဆေအလောင်းဂိုဏ်းကမူ လူသားများ၊ သားရဲများနှင့် အင်းဆက်ပိုးမွှားများ အားလုံးကို ရက်စက်စွာ သတ်ဖြတ်ပြီး သူတို့အတွက် အလောင်းကောင်များအဖြစ် ပြုပြင်သန့်စင်ကြသည့် အလွန်ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

ရှီ ညီအစ်ကိုသုံးယောက်သည် တစ္ဆေအလောင်းဂိုဏ်း၏ အကြီးအကဲသုံးဦးဖြစ်ပြီး သူတို့အထဲတွင် ပို၍ထူးခြားဆိုးသွမ်းကာ အလောင်းကောင်များကို သန့်စင်ရသည်ကို အလွန်နှစ်သက်ကြသည်။ သူတို့ကို သားရဲအလောင်းသခင်၊ အင်းဆက်အလောင်းသခင်နှင့် အရိုးအလောင်းသခင်ဟု လူသိများကြပြီး တစ္ဆေအလောင်းသခင် သုံးပါး ဟု ခေါ်ဝေါ်ကြပေသည်။

တစ်ခါက သူတို့သည် လူထောင်ပေါင်းများစွာရှိသော ဂိုဏ်းတစ်ခုလုံးကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ပြီး အားလုံးကို တစ္ဆေအလောင်းများအဖြစ် သန့်စင်ကာ လောကကြီးအား ပြသခဲ့ဖူး၏။ ထိုမြင်ကွင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး သူမ ယခုတိုင် မေ့ဖျောက်၍ မရနိုင်သေးချေ။

ထိုအချိန်က သူမသည် တစ္ဆေအလောင်းဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်ခဲ့သည်။ တစ္ဆေအလောင်းဂိုဏ်း၏ လျှို့ဝှက်ဂူပေါက်ကို ရှာတွေ့ပြီးနောက်တွင် သူမသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဓားကိုဆွဲထုတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ဂိုဏ်းသားတစ်ယောက်မှ မကျန်စေဘဲ ဓားတစ်လက်ဖြင့် အားလုံးကို သုတ်သင်ခဲ့သည် မဟုတ်ပါလော။

သူမကိုယ်တိုင်ပင် ရှီညီအစ်ကိုသုံးယောက်ကို သတ်ဖြတ်ခဲ့ပြီး တစ္ဆေအလောင်းဂိုဏ်းချုပ်ဖြစ်သူ တစ္ဆေအလောင်း အင်မော်တယ် ကိုပါ အောင်မြင်စွာ သတ်ဖြတ်ကာ ဂိုဏ်းတစ်ခုလုံးကို လုံးဝ ဖျက်ဆီးခဲ့သည်။ ထိုကိစ္စကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ သို့ဆိုလျှင် ဤသုံးယောက်မှာ အဘယ်ကြောင့် အသက်ရှင်နေကြသေးသနည်း။

"ဧကရီက ကျုပ်တို့ကို မှတ်မိနေသေးတာ တကယ်ကို ဂုဏ်ယူစရာပဲ..."

ရှီညီအစ်ကိုသုံးယောက်က သူတို့၏ အရှိန်အဝါကို ထပ်မံဖုံးကွယ်မထားတော့ပေ ။ ရက်စက်ကြမ်းကြုတ်သော အပြုံးများဖြင့် သူတို့၏ ခန္ဓာကိုယ်များမှ ဝိညာဉ်စွမ်းအင်များနှင့်အတူ ပုပ်သိုးနေသော အလောင်းကောင်အနံ့ဆိုးကြီး ထွက်ပေါ်လာခဲ့သည်။

"အဲဒီတုန်းက ကျုပ်တို့ ဧကရီရဲ့ စောင့်ရှောက်မှုကို ကောင်းကောင်းကြီး ခံခဲ့ရတာလေ... အခုတော့ ကျုပ်တို့ရဲ့ အကြွေးဟောင်းတွေကို ပြန်တောင်းရမယ့် အချိန်ရောက်ပြီပေါ့.."

ထိုသို့ပြောရင်း ရှီညီအစ်ကိုသုံးယောက်က သူတို့၏ လက်ကောက်ဝတ်များကို လှုပ်ခါလိုက်သောအခါ လူ၊ အင်းဆက်နှင့် သားရဲအရိုးစု မြောက်များစွာက သူတို့၏ လက်ကောက်ဝတ်များထဲမှ အလုံးအရင်းဖြင့် ထွက်ပေါ်လာခဲ့သည်။

အရိုးစုများနှင့် ပြတ်တောက်နေသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အသက်ဝင်နေသကဲ့သို့ ရှိပြီး သူတို့၏ မေးရိုးများကို ဟကာ ချွန်ထက်သော ခြေသည်းများကို ဆန့်ထုတ်၍ ကျောချမ်းဖွယ် အော်ဟစ်နေကြပေသည်။

"ဧကရီ... သတိထားပါ..."

အန်ယောင်သည် သူမ၏ လက်ထဲရှိ ချင်လွမ် ဖီးနစ်ဓားကို အသက်သွင်းလိုက်ပြီး ချင်လွမ်ဓားစွမ်းအင် သုံးခုကို ပစ်လွှတ်လိုက်သည်။ ချင်လွမ်မှ ထွက်ပေါ်လာသော ဓားစွမ်းအင်များသည် သူတို့ဆီသို့ ပြေးဝင်လာသော အရိုးစုများစွာကို ဖျက်ဆီးလိုက်သည်နှင့် လေချွန်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့၏။

"ဧကရီ... ဒါက အန်ယောင်ဆီမှာ ကျန်နေသေးတဲ့ နောက်ဆုံး ဝိညာဉ်ချီအဆီအနှစ်ပဲ..မြန်မြန် ယူလိုက်ပါ.."

တိုက်ပွဲကြားမှ အသက်ရှူရန် အချိန်တိုလေးကို အခွင့်ကောင်းယူကာ အန်ယောင်က လှည့်ပြီး သူမထံရှိ နောက်ဆုံး အင်မော်တယ်ဝိညာဉ်ချီ အဆီအနှစ်ပုလင်းကို လုံယွဲ့ထံသို့ လှမ်းပစ်ပေးလိုက်သည်။

ပြီးခဲ့သည့် နှစ်ရက်လုံးလုံး သူမသည် ကျင့်ကြံမှုကို ပြန်လည်ထိန်းသိမ်းရန် ဝိညာဉ်ချီ အဆီအနှစ်များကို သုံးစွဲနေခဲ့သော်လည်း မမျှော်လင့်ထားသော အန္တရာယ်များ ကြုံလာပါက ဧကရီ့အတွက် လိုအပ်မည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် သူမ ဤပုလင်းလေးကို တိတ်တဆိတ် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ချေသည်။

အန်ယောင်ထံတွင် ဝိညာဉ်ချီအဆီအနှစ်များ ကျန်ရှိနေသေးသည်ကို မြင်သောအခါ ရှီညီအစ်ကိုသုံးယောက် စိုးရိမ်သွားပြီး လျိုယန်ကို ချက်ချင်း လှမ်းအော်လိုက်၏။

"ရွှင်ပျော်ပျော်ဂိုဏ်းချုပ်... အဲဒီ ဝိညာဉ်ချီအဆီအနှစ်ပုလင်းကို မြန်မြန် ပြန်လုလိုက်...ဧကရီ့လက်ထဲ လုံးဝ အရောက်ခံလို့ မဖြစ်ဘူး.."

လျိုယန် အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် သူမ၏ လက်ထဲမှ ပျော့ပျောင်းသော ဓားမြှောင်ကို ဆန့်ထုတ်လိုက်သည်။

"အိပ်မက်မက်နေလိုက်.."

ထိုသည်ကိုမြင်သောအခါ အန်ယောင်က ဓားကို မြန်မြန်ဝှေ့ယမ်းပြီး ပိတ်ဆို့လိုက်သည်။

သို့သော်လည်း သူမ၏ ဓားသည် ပျော့ပျောင်းသော ဓားမြှောင်ကို ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် ထိုဓားမြှောင်သည် ရေကူးနေသော မြွေတစ်ကောင်အလား ကွေးညွတ်သွားပြီး ထောင့်တစ်ခုမှနေ၍ သူမကို လှည့်ပတ်ကျော်လွန်သွားသည်။

"ဒုက္ခပဲ.."

အန်ယောင် အလွန် အံ့အားသင့်သွား၏။ သူမ နောက်ပြန်လှည့်ပြီး ပိတ်ဆို့ရန် ကြိုးစားလိုက်ချိန်တွင်တော့ အချိန်နှောင်းသွားခဲ့လေပြီ ။ ပျော့ပျောင်းသော ဓားမြှောင်သည် ဝိညာဉ်ချီအဆီအနှစ်ပုလင်းကို ထိမှန်သွားပြီး ကြည်လင်သော ဝိညာဥ်ချီအဆီအနှစ်များ လေထဲသို့ ပြန့်ကျဲသွားသည်။

"ဟားဟား... အခုတော့ ပြီးသွားပြီပေါ့.."

ရှီ ညီအစ်ကိုသုံးယောက်က အားရစွာ ရယ်လိုက်ကြ၏ ။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် သူတို့မျက်နှာပေါ်ရှိ အပြုံးများ ရုတ်တရက် အေးခဲသွားသည်။ လုံယွဲ့က လက်လှမ်းကာ လေထဲတွင် အငွေ့မပျံသေးသော ဝိညာဉ်ချီအဆီအနှစ်တစ်စက်ကို ဖမ်းယူပြီး မျိုချလိုက်သည်ကို မြင်လိုက်ရသောကြောင့်ပင်။

"ချီး... ကျိန်စာသင့်မယ့်ဟာ... ဧကရီက အဲဒါကို ရသွားသေးတယ်.."

ရှီညီအကို၏ တတိယမြောက် ရှီဒီက ဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"အကုန်လုံး အဲဒီနတ်ဆိုးမရဲ့ အမှားပဲ..အစကတည်းက ချက်ချင်း မတိုက်ဘဲ လျှာရှည်နေတာ..."

ရှီညီအကို၏ ဒုတိယမြောက် ရှီရန်က လျိုယန်ကို သံသယဖြစ်ဖွယ် အကြည့်များဖြင့် စူးစိုက်ကြည့်ကာ အမှားအယွင်းအားလုံးကို သူမအပေါ် ပုံချလိုက်သည်။

သူတို့၏ မူလအစီအစဉ်မှာ ရှောင်ယီနှင့် နတ်ဆိုးအရှင် မရှိခိုက် အချိန်ကို အခွင့်ကောင်းယူကာ အန်ယောင်နှင့် ဧကရီကို တစ်ပြိုင်နက်တည်း အလစ်အငိုက် ဝင်ရောက်လုပ်ကြံရန် ဖြစ်ပေသည်။ ဧကရီသည် ကျင့်ကြံမှုများကို ပြန်လည်မရရှိသေးဘဲ အန်ယောင်တစ်ယောက်တည်းဖြင့် သူတို့လေးယောက်လုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ သို့သော် လျိုယန်က သူမကိုယ်သူမ မည်သူမည်ဝါဖြစ်ကြောင်း ဧကရီအား တမင်တကာ ဖော်ထုတ်ခဲ့သဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မည့် အကောင်းဆုံး အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

"ဘာလဲ... အခု ငါ့ကို လာအပြစ်တင်နေတာလား.."

"ဧကရီအပေါ် ထားတဲ့ ငါ့ရဲ့ မုန်းတီးမှုက နင်တို့ထက် မနည်းပါဘူး.. ငါက နင်တို့ အမိန့်ပေးတာကို မကြိုက်လို့ ခဏ တွန့်ဆုတ်သွားတာ.."

လျိုယန်က အပြောမခံ ။ မျက်နှာအမူအရာ မပြောင်းလဲဘဲ ရှီရန်ကို တစ်ခွန်းချင်းစီ ပြန်လည် တုံ့ပြန်လိုက်သည်။

"နင်..."

ရှီရန် ဒေါသထွက်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်၏။

"တော်ကြစမ်း..."

ရှီညီအကို၏ အကြီးဆုံး ရှီထျန်းက အော်ဟစ်တားမြစ်လိုက်ပြီး လျိုယန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ကာ အန်ယောင်နှင့် လုံယွဲ့တို့ထံသို့ အာရုံပြန်စိုက်လိုက်လေသည်။

"ငါတို့အားလုံး ဒီကို ရောက်နေတာ တာဝန်တစ်ခုကြောင့်ပဲ..တာဝန်သာ မအောင်မြင်ရင် ပြန်သွားရင်လည်း ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး.. အခုအချိန်က အချင်းချင်း ငြင်းခုံပြီး ပြဿနာ ရှာနေရမယ့် အချိန်မဟုတ်ဘူး.."

"ဧကရီက ဝိညာဉ်ချီအဆီအနှစ်တစ်စက်လောက် သောက်လိုက်ရုံနဲ့ ဘာဖြစ်သွားမှာလဲ.. သူရဲ့ ကျင့်ကြံမှုတွေ အများကြီး ပြန်ရလာမှာမှ မဟုတ်တာ..."

သူ၏ စကားမဆုံးလိုက် ။ လုံယွဲ့သည် ဘယ်နေရာကမှန်းမသိသော ဝိညာဉ်ချီအဆီအနှစ် ပုလင်းများကို တစ်လုံးပြီးတစ်လုံး ဆွဲထုတ်ကာ လူတိုင်းကို လျစ်လျူရှု၍ ရေသောက်သကဲ့သို့ အငမ်းမရ မော့သောက်နေသည်ကို မြင်လိုက်ရ၏။

ဝိညာဉ်ချီ အဆီအနှစ်ပုလင်းငယ်လေး တစ်လုံးက သူမ၏ ကျင့်ကြံမှုကို အများကြီး ပြန်လည်ကောင်းမွန်စေနိုင်မည် မဟုတ်ပေ။ သို့သော် သူမ၏ သိုလှောင်လက်စွပ်ကို ဖွင့်နိုင်ရန် လုံလောက်သော ဝိညာဉ်စွမ်းအားကို ပေးစွမ်းနိုင်ခဲ့သည် ။

ဝိညာဉ်ချီ အဆီအနှစ်များသည် သူမ၏ သွေးကြောတစ်လျှောက် အဆက်မပြတ် စီးဆင်းပျံ့နှံ့သွားပြီးနောက် နောက်ဆုံးတွင် ဝမ်းဗိုက်အတွင်းရှိ ဒန်တျန် ထဲတွင် စုစည်းသွားသည်။ ခမ်းခြောက်နေသော သူမ၏ ဒန်တျန်ထဲရှိ ချီပင်လယ်က ချက်ချင်းပင် လှိုင်းတံပိုးထန်နေသော ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွား၏ ။

လုံယွဲ့၏ ခန္ဓာကိုယ်မှ အကန့်အသတ်မရှိသော ဖြူဖွေးသည့် ဝိညာဉ်ချီစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူမ၏ မင်ရည်ကဲ့သို့ နက်မှောင်နေသော ဆံပင်များသည် တဖြည်းဖြည်း တောက်ပသော ငွေရောင်ဆံကေသာများအဖြစ် ပြောင်းလဲသွားပြီး မျက်လုံးများ ပြန်ပွင့်လာချိန်တွင်မူ ဖျော့တော့တော့ အင်မော်တယ် သူငယ်အိမ်များအဖြစ် ပြောင်းလဲသွားချေပြီ။

"ဟမ့်... ငါ့ရဲ့ ကျင့်ကြံမှု ဆယ်ပုံသုံးပုံ လေးပုံလောက်ပဲ ပြန်ရလာသေးတယ်ဆိုပေမဲ့ နင်တို့လို လူအနည်းငယ်ကို ကိုင်တွယ်ဖို့ကတော့ လုံလောက်ပါတယ်..."

လုံယွဲ့သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အင်မော်တယ် ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထိုဓားမှာ ငွေရောင်တောက်ပနေပြီး ပါးလွှာကာ ဓားကိုယ်ထည်ပေါ်တွင် အင်မော်တယ် နဂါးတစ်ကောင် ရစ်ပတ်နေ၏။ သူမ၏ မျက်လုံးများက လျိုယန်နှင့် အခြားသူများကို အထင်သေးဟန်ဖြင့် အေးစက်စွာ စိုက်ကြည့်နေသည်။

ဝိညာဉ်ချီစွမ်းအား နှင့်အတူ သူမ၏ မာနနှင့် ယုံကြည်မှုများလည်း ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤအချိန်တွင်မူ သူမသည် အကူအညီမဲ့နေသော အမျိုးသမီးငယ်တစ်ဦး မဟုတ်တော့ဘဲ မိုးပြာရောင်နဂါး အင်မော်တယ်ဓား ကို ကိုင်ဆောင်ကာ လောကတစ်ခုလုံးကို ငုံ့ကြည့်နိုင်စွမ်းရှိသည့် အမြင့်မြတ်ဆုံး ဧကရီအရှင်မ ဖြစ်နေလေပြီ။

လုံယွဲ့ထံမှ ရင်းနှီးသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားရသောအခါ ရှီရန်မှာ အလွန်စိုးရိမ်သွားပြီး ဘေးရှိ ရှီထျန်းဘက်သို့ လှည့်ကြည့်လိုက်၏။

"အစ်ကိုကြီး... ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ..."

အရာအားလုံးက သူတို့၏ မူလမျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့ချေပြီ။ ရှီထျန်းက မျက်မှောင်ကြုတ်ကာ သူ့ကို ပြန်လည် နှစ်သိမ့်လိုက်သည်။

"စိတ်ပူစရာ မလိုပါဘူး.. ဧကရီက အရင်လို သန်မာတာမှ မဟုတ်တာ... ငါတို့လေးယောက် ပူးပေါင်းလိုက်ရင် နိုင်ပါသေးတယ်.."

ထို့သို့ပြောပြီးနောက် သူက လျိုယန်ဘက်သို့ လှည့်လိုက်၏။

"ရွှင်ပျော်ပျော်ဂိုဏ်းချုပ်... အစေခံ မလေးက နင့်ရဲ့ တာဝန်ပဲ..ဧကရီကိုတော့ ငါတို့ ညီအစ်ကိုသုံးယောက် တာဝန်ယူ လိုက်မယ်.."

"အင်း... ကောင်းပြီလေ..."

လျိုယန်က ပျင်းရိပျင်းတွဲဖြင့် ပြန်ဖြေလိုက်သည်။ ကျင့်ကြံမှု ပြန်ရလာသော ဧကရီနှင့် ရင်ဆိုင်ရသည်ထက် အစေခံမလေးနှင့် ရင်ဆိုင်ရသည်က ပို၍ သက်သာလွယ်ကူသည် မဟုတ်ပါလော။

ပြင်းထန်လှသော တိုက်ပွဲကြီး ပေါက်ကွဲတော့မည့် ဆဲဆဲတွင် အခန်းအပြင်ဘက်မှ စပ်ဖြီးဖြီး အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အဟမ်း... ဒီ ငါလည်း ဝင်ပါလို့ ရမလား..."

လျိုယန်နှင့် အခြားသူများ ရုတ်တရက် ခေါင်းလှည့်ကာ တံခါးအပြင်ဘက်တွင် ရပ်နေသော လင်းဖန်ကို ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။ သူတို့အားလုံး၏ နှလုံးသားထဲတွင် တူညီသော မေးခွန်းတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။

'နတ်ဆိုးအရှင်က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ... ရှောင်ယီကရော ဘယ်ရောက်သွားလို့လဲ...'

All Chapters