အခန်း ၁၉၉
Vol. 20 Ch. 199
Chapter 199
~
အခန်း ၁၉၉ : ငါ့ပစ္စည်းတွေ... နင်တို့အားလုံး သေရမယ်..
~
"နတ်ဆိုးအရှင်..."
ရှီထျန်းသည် ရောက်လာသော လင်းဖန်ကို လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
လင်းဖန် ဤသို့ ရုတ်တရက် ပေါ်လာခြင်းမှာ သူတို့၏ မျှော်လင့်ထားမှုများကို လုံးဝ ကျော်လွန်သွားသော အခြေအနေတစ်ရပ် ဖြစ်ပေသည်။
မူလအစီအစဉ်အရ ရှောင်ယီက နတ်ဆိုးအရှင်ကို ခဏတာ ထိန်းချုပ်ထားပြီး သူတို့က ဧကရီကို လုပ်ကြံမည် ဖြစ်၏။ ရှောင်ယီ ဤမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူထင်မည်နည်း။ အထူးသဖြင့် ယခုအချိန်တွင် နတ်ဆိုးအရှင်သည် သူ၏ မူလစွမ်းအား ဆယ်ပုံတစ်ပုံခန့်သာ ရှိနေသေးသည်ကို သတိပြုရမည်။
"ဘာလဲ... ငါရောက်လာပြီလေ.. မင်းတို့က ဘာမှ မလှုပ်ရှားကြတော့ဘူးလား.."
လင်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ထားကာ ရှီထျန်းနှင့် အခြားသူများကို ပြုံးယောင်သန်းနေသော အကြည့်ဖြင့် ရန်စလိုက်သည်။
ရှီထျန်းနှင့် အခြားသူများတိတ်တဆိတ် တံတွေးမျိုချလိုက်မိကြပြီး သူတို့မည်သို့ လုပ်ရမည်ကို လေးလေးနက်နက် စဉ်းစားနေကြ၏။ ယခု နတ်ဆိုးအရှင် ပြန်ရောက်လာပြီဖြစ်ရာ သူတို့ ဆက်လက်တိုက်ခိုက်မည်ဆိုပါက နတ်ဆိုးအရှင်နှင့် ဧကရီ နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရတော့မည်။
ရှီထျန်းက သူ့ဘေးရှိ ရှီရန်နှင့် ရှီဒီတို့ကို မသိမသာ လှမ်းကြည့်ကာ အကဲခတ်လိုက်သည်။ ရှီရန်နှင့် ရှီဒီတို့ကလည်း ချက်ချင်း သဘောပေါက်သွားကြပြီး သူတို့၏ အကြည့်များမှာ ခိုင်မာပြတ်သားသွားကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
အချင်းချင်း အချက်ပြပြီးနောက် ရှီထျန်းသည် နောက်သို့ လှည့်မကြည့်ဘဲ လျိုယန်ကို လှမ်းပြောသည်။
"ရွှင်ပျော်ပျော်ဂိုဏ်းချုပ်... စိတ်မပူပါနဲ့.. နတ်ဆိုးအရှင်က သူ့ရဲ့ စွမ်းအားကို အပြည့်အဝ မသုံးနိုင်သေးဘူး..ရှောင်ယီကို ဒီလောက်မြန်မြန် အနိုင်ယူလိုက်ရတာကြောင့် သူ့ရဲ့ ဝိညာဉ်ချီစွမ်းအင်တွေ အများကြီး ကုန်သွားလောက်ပြီ..ကျုပ်တို့လေးယောက် ပူးပေါင်းလိုက်ရင် သူတို့သုံးယောက်ကို ကောင်းကောင်း ယှဉ်နိုင်ပါတယ်..အသာစီးရနေတာက ကျုပ်တို့ဘက်ကပဲ.."
လျိုယန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်နေပြီး နောက်နေတာလားဟု မေးနေသကဲ့သို့ ရှိချေသည်။
နတ်ဆိုးအရှင်က ရှောင်ယီကို မျက်စိတစ်မှိတ်အတွင်း ဖြေရှင်းခဲ့ပြီးပြီ မဟုတ်ပါလော။ ရှောင်ယီ၏ စွမ်းအားက မည်မျှရှိသနည်း။ သူသည် အင်မော်တယ်ဧကရာဇ်များထဲတွင် ထိပ်တန်းဖြစ်ပြီး အင်မော်တယ်နယ်မြေ၏ နံပါတ်တစ် ကွက်မျက်သူ ဖြစ်သည်။ သူမကိုယ်တိုင်ပင် ရှောင်ယီကို ယှဥ်နိုင်မည် မထင်။ ထို့ကြောင့် သူတို့လေးယောက်လုံး ပေါင်းမည်ဆိုလျှင်ပင် နတ်ဆိုးအရှင်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ပြောခြင်းမှာ အကြောက်လွန်ခြင်း မဟုတ်ချေ။ ဧကရီနှင့် အစေခံမလေးကို ထည့်မတွက်လျှင်ပင် သူတို့ မည်သို့ အနိုင်ရနိုင်မည်နည်း။
လျိုယန် တွန့်ဆုတ်သွားပြီးနောက် တည်ငြိမ်နေသော လင်းဖန်ကို လှမ်းကြည့်လိုက်၏။ လင်းဖန်က သူတို့ကို အလေးအနက်ထားဟန် မပေါ်။ နတ်ဆိုးအရှင် အားနည်းနေပြီး ဝိညာဉ်ချီစွမ်းအင်များ ကုန်ခမ်းနေသည့် အရိပ်အယောင်မျိုး သူမ မမြင်ရချေ။
"ရွှင်ပျော်ပျော်ဂိုဏ်းချုပ်... ကျုပ်အချက်ပြတာကို စောင့်ပြီး အတူတူ တိုက်ခိုက်ကြမယ်.."
လျိုယန်ကို စဉ်းစားရန် အချိန်များများမပေးဘဲ ရှီထျန်းက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ဒူးတစ်ဖက် ထောက်ချကာ လက်သင်္ကေတများ အလျင်အမြန် ပြုလုပ်၍ မြေပြင်ပေါ်သို့ လက်ဝါးဖြင့် အားပြင်းစွာ ရိုက်ချလိုက်သည်။
"ကောင်းကင်ဝါးမြို တစ္ဆေအလောင်းသားရဲ.."
သူ၏ အော်ဟစ်သံ ထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်တွင် ဧရာမ အနက်ရောင် မှော်အစီအရင်တစ်ခု ပေါ်လာပြီး ထိုအထဲမှ မရေမတွက်နိုင်သော သားရဲအရိုးစုများဖြင့် ဖွဲ့စည်းထားသည့် တစ္ဆေအလောင်းသားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။
ထိုတစ္ဆေသားရဲကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ခေါင်းကြီးနှစ်လုံး ပါရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် နတ်ဆိုး၊ အင်မော်တယ်နှင့် သားရဲများ၏ ခေါင်းများ၊ မျက်လုံးများဖြင့် ဖုံးအုပ်ထား၏။ သားရဲကြီး၏ ဧရာမ ပါးစပ်ကြီးများထဲတွင် ချွန်ထက်သော အစွယ်များ ပြည့်နေပြီး ဝါးမြိုခံရသည့် မည်သည့်အရာမဆို ချက်ချင်း အပိုင်းပိုင်း ဆုတ်ဖြဲခံရမည်မှာ အသေအချာပင်။
"ဂါး..."
တစ္ဆေအလောင်းသားရဲကြီးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး ခေါင်းနှစ်လုံးစလုံး၏ ကျယ်လောင်သော ပါးစပ်ကြီးများကို ဖွင့်ကာ လင်းဖန်နှင့် လုံယွဲ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကြောင့် အခန်းတစ်ခုလုံး ချက်ချင်း ပြိုကျသွား၏ ။
ရှီထျန်း စတင်လှုပ်ရှားလိုက်သည်နှင့် လျိုယန် အံကြိတ်ကာ သူမလက်ထဲရှိ ပျော့ပျောင်းသော ဓားမြှောင်ဖြင့် ဝင်ရောက်တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
"ဟမ့်.. အရင်ကလိုပဲ ရွံရှာကောင်းပြီး အောက်တန်းကျတဲ့ ကျင့်စဥ်တွေ.."
လုံယွဲ့က သူမ၏ မိုးပြာရောင်နဂါး အင်မော်တယ်ဓားကို ရှေ့သို့ထုတ်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူမ၏ မျက်လုံးများသည် ဝိညာဉ်အလင်းရောင်များဖြင့် တောက်ပနေပြီး နောက်ကျောဘက်တွင် တောက်ပသော လမင်းကြီးကဲ့သို့ အင်မော်တယ် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ နဂါးဟိန်းသံတစ်ခုနှင့်အတူ လမင်းကြီးထဲမှ ငွေရောင်နဂါးကြီးတစ်ကောင် ထိုးထွက်လာခဲ့သည်။
"အင်မော်တယ်ကျင့်စဥ်... လရောင်အောက်က ငွေရောင်နဂါး..."
ငွေရောင်နဂါးကြီးက ပါးစပ်ဟကာ ဧရာမ တစ္ဆေအလောင်းသားရဲကြီး၏ ခေါင်းတစ်လုံးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည် ။
ဘေးတွင်ရပ်နေသော လင်းဖန်က လက်ကိုမြှောက်ကာ တစ်ချက် ဆုပ်ကိုင်လိုက်ရုံဖြင့် ဟိန်းဟောက်နေသော တစ္ဆေအလောင်းသားရဲကြီးသည် မမြင်ရသော ဧရာမ လက်ဝါးကြီး၏ ဖိချေမှုကြောင့် ချက်ချင်းပင် အမှုန့်အဖြစ် ပြောင်းလဲသွားသည်။ လင်းဖန်အတွက်မူ ထိပ်တန်းကျင့်စဥ်များဆိုသည်က သာမန် မီးလုံးလေးတစ်လုံး ဖန်တီးသကဲ့သို့ပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်စွမ်း ရှိပေသည်။
လင်းဖန်နှင့် လုံယွဲ့တို့က တစ္ဆေအလောင်းသားရဲကြီးကို မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ ချေမှုန်းပစ်လိုက်သည်ကို မြင်သောအခါ အန်ယောင်နှင့် တိုက်ခိုက်နေသော လျိုယန်သည် အခြေအနေမကောင်းတော့ကြောင်း ချက်ချင်း သိလိုက်၏။
"ဟေး... အခု ဘယ်လိုဆက်လုပ်ကြမလဲ.."
ထိုသို့လှမ်းအော်ပြီး လျိုယန် ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှီညီအစ်ကိုသုံးယောက်မှာ သူမ၏ နောက်ကွယ်၌ ရှိမနေတော့ ။ သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှီညီအစ်ကိုသုံးယောက်သည် အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲသွားပြီး ညကောင်းကင်ထက်တွင် မတူညီသော အရပ်သုံးမျက်နှာဆီသို့ ထွက်ပြေးပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရ၏။
"ဘာ..."
လျိုယန် ဆွံ့အသွားပြီး ထွက်ပြေးသွားသော ရှီညီအစ်ကို သုံးယောက်ကို အကြောင်သား ငေးကြည့်နေမိသည်။ သူတို့က အသာစီးရနေသည်ဟု ပြောခဲ့ပြီး အတူတူ တိုက်ခိုက်ကြမည် မဟုတ်ပါလော။ အခုတော့ သူမကို အသုံးချပြီး သူတို့ဘာသာ ထွက်ပြေးသွားကြလေပြီ။
"ချီးပဲ ခွေး သုံးကောင်..ငါ့ကို ချန်ထားပြီး ထွက်ပြေးသွားကြတယ်ပေါ့.. ဒီလို အောက်တန်းကျတဲ့ မိစ္ဆာတွေက ဘယ်တော့မှ ယုံလို့မရဘူး.. နင်တို့ကောင်တွေနဲ့ နောက်တစ်ခါ ထပ်မဆုံစေနဲ့.."
လျိုယန်သည် သူမ သစ္စာဖောက်ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားသောအခါ ဒေါသတကြီး ကျိန်ဆဲလိုက်ပြီးနောက် တွန့်ဆုတ်မနေဘဲ အခြားလမ်းကြောင်းတစ်ခုဆီသို့ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
ဤရုတ်တရက် ဖြစ်ရပ်များကြောင့် လင်းဖန်ပင် အံ့အားသင့်သွား၏။ ရှီထျန်းတို့အဖွဲ့က အသေအကြေတိုက်ပွဲဝင်ရန် ပြင်ဆင်နေကြသည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတွင်မူ အာရုံလွှဲကာ ထွက်ပြေးသွားကြခြင်းသာ ဖြစ်ချေသည်။
ပျက်စီးရှုပ်ပွနေသော အခန်းကြီးကို ကြည့်ရင်း လုံယွဲ့သည် သူမ၏ နဂါးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိပြီး ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ ပျက်စီးသွားသော ပစ္စည်းတိုင်းက ပိုက်ဆံများသာ ဖြစ်သည်။ ထိုအထဲတွင် သူမ၏ ယွမ်လေးသောင်းကျော် တန်ကြေးရှိသော လိုက်လွှင့်သည့် အဆင့်မြင့်ကွန်ပျူတာကြီးပင် ပါနေ၏။
"သေချင်းဆိုး တစ္ဆေအလောင်းဂိုဏ်းကောင်တွေ... အိမ်မှာရှိတဲ့ ပစ္စည်းတိုင်းက ပိုက်ဆံပေးဝယ်ထားရတာဆိုတာ နင်တို့ သိကြရဲ့လား.. ငါ့ကွန်ပျူတာက ဘယ်လောက်တောင် ဈေးကြီးသလဲ သိလား.. ပိုက်ဆံရှာရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာရော နင်တို့ နားလည်ရဲ့လား.."
"ပျက်စီးသွားတဲ့ ပစ္စည်းတွေအတွက် နင်တို့အသက်နဲ့ ပြန်ပေးဆပ်ရမယ်..."
လုံယွဲ့၏ လှပသော မျက်နှာသည် ဒေါသများကြောင့် အေးစက်ခက်ထန်နေပြီး ရှီထျန်းတို့ ထွက်ပြေးသွားရာ လမ်းကြောင်းဆီသို့ ကြည့်လိုက်သည်။ ထို့နောက် အင်မော်တယ်ဓားကို ကိုင်ကာ ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး လိုက်လံဖမ်းဆီးလေတော့၏။
အန်ယောင် ဆွံ့အစွာ အကြောင်သား ရပ်နေမိသည်။ ဧကရီ ဤမျှအထိ ဒေါသပေါက်ကွဲနေသည်ကို သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
လင်းဖန်သည်လည်း ဒေါသထွက်နေ၏။ ဤအိမ်လေးသည် သူ ကျောင်းပြီးကတည်းက မနားမနေ ကြိုးစားပြီး စုဆောင်းဝယ်ယူထားခဲ့ရသော အိမ်လေး ဖြစ်သည်။ အခန်းတွင်း ပြင်ဆင်မှုများကိုလည်း သူကိုယ်တိုင် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီး သူ့အတွက် လှပသော အမှတ်တရများစွာ ကိန်းအောင်းနေသည့် နေရာလေး ဖြစ်သည်။ ဤအိမ်လေး ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ရှောင်ယီကို အပြင်သို့ခေါ်ထုတ်ပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ ဤလူယုတ်မာများကြောင့် စိစိညက်ညက် ကြေမွသွားခဲ့ရချေပြီ။
"ငါ့အိမ်ကို ဖျက်ဆီးပြီးတာနဲ့ လွယ်လွယ်လေး ထွက်သွားလို့ ရမယ်ထင်နေတာလား.. လောကကြီးမှာ အဲဒီလောက် ဈေးပေါတဲ့အရာ မရှိဘူးကွ.."
လင်းဖန်ထံမှ အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး သူရပ်နေသည့် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ အခြားလမ်းကြောင်းတစ်ခုဆီသို့ လိုက်လံဖမ်းဆီးတော့သည်။
လင်းဖန် ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို ကြည့်ရင်း အန်ယောင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော အေးစက်မှုကို ခံစားလိုက်ရ၏။ သူမ နတ်ဆိုးအရှင်၏ လက်ရှိစွမ်းအားကို လျှော့တွက်ထားခဲ့မိပုံပေါ်သည်။
သို့သော် သူမ နားမလည်နိုင်သည့်အရာမှာ ဖျက်ဆီးခံလိုက်ရသည့် သာမန် အခန်းငယ်လေးတစ်ခုအတွက် ဧကရီနှင့် နတ်ဆိုးအရှင်တို့ ဤမျှအထိ ဒေါသထွက်ရန် လိုအပ်ပါ၏လော ။
ယခု အားလုံး ရုတ်တရက် ထွက်သွားကြသဖြင့် သူမ ဘာဆက်လုပ်ရမည်နည်း။ အန်ယောင်သည် အပျက်အစီးများကြားတွင် စိတ်ရှုပ်ထွေးနေပြီး သူမ၏ ချင်လွမ် ဖီးနစ်ဓား ကို ကိုင်၍ ကျိုးပဲ့နေသော ငှက်လှောင်အိမ်တစ်ဝက်အတွင်း၌ ပုန်းအောင်းနေသည့် ရွှမ်ဖုန်းကြက်တူရွေးလေးနှင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာဆက်လုပ်ရမှန်း မသိတော့ ။
မူလက သူမသည် ဧကရီကို ကယ်တင်ရန်နှင့် နတ်ဆိုးအရှင်ကို နှိမ်နင်းရန် လူခေါ်လာခဲ့ခြင်း ဖြစ်ချေသည်။ သို့သော် အခြေအနေများ၏ ပြောင်းလဲမှုကို သူမ လိုက်မမီ နိုင်တော့ပေ။