← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

Chapter 200

~

အခန်း ၂၀၀ : ကမ္ဘာပေါ်မှာ အင်မော်တယ်ဆိုတာ မရှိဘူး.. သိပ္ပံပညာကို ယုံကြည်ပါ..

~

​ညကောင်းကင်ယံတွင် လေယာဉ်တစ်စင်းသည် တိမ်လွှာများအထက်၌ တည်ငြိမ်စွာ ပျံသန်းနေသည်။ ပြတင်းပေါက်ဘေးတွင် ထိုင်နေသည့် ခရီးသည်တစ်ဦးသည် အိပ်မပျော်သဖြင့် ပြတင်းပေါက်အကာကို ဆွဲဖွင့်လိုက်ရာ တိတ်ဆိတ်ငြိမ်သက်နေသော ညကောင်းကင်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ကြယ်ကြွေသကဲ့သို့ သက်တံရောင်စဉ် နှစ်ခုသည် လေယာဉ်အောက်ရှိ မိုးတိမ်များထဲမှ တစ်ခုပြီးတစ်ခု တောက်ပစွာ ပေါ်ထွက်လာသည်။

​"ဟမ်... ကြယ် ကြွေနေတာလား.."

​ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုသူသည် လက်နှစ်ဖက်ကို မြန်မြန်ဆုပ်ကိုင်ကာ မျက်လုံးများကိုမှိတ်၍ ဆုတောင်းလိုက်သည်။ သို့သော် ဆုတောင်းပြီးသည့်နောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သဘောပေါက်သွား၏။

​"ဟ မဟုတ်သေးပါဘူး... ကြယ်ကြွေတာက ကောင်းကင်ပေါ်မှာ မြင်ရမှာလေ.. ဘယ်လိုလုပ်ပြီး လေယာဉ်အောက်မှာ ပေါ်လာရတာလဲ.."

​ထိုသူ ရှုပ်ထွေး သွားသည်။ သူ၏ မျက်လုံးများကို ပွတ်သပ်ပြီးနောက် ကြယ်နှစ်ပွင့်ကို ရှာဖွေရန် ပြတင်းပေါက်ကို မျက်နှာဖြင့် ကပ်ကြည့်သော်လည်း မိုးတိမ်များအောက်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုကြယ်များ၏ အရိပ်အယောင်ကို ရှာမတွေ့တော့ပေ။

​"ငါ ညဉ့်နက်အောင်နေမိလို့ အမြင်မှားနေတာ ဖြစ်နိုင်တယ်..."

​ထိုသူက ခေါင်းကို ကုတ်လိုက်ပြီး တွေးနေသည်။

​တစ်ချိန်တည်းမှာပင် တစ်ဖက်၌လည်း ရှီးထျန်းသည် ကောင်းကင်ကို ဖြတ်၍ ပျံသန်းနေပြီး သူ့နောက်တွင် လုံယွဲ့က လိုက်ဖမ်းနေသည်။ တခဏအတွင်းမှာပင် သူတို့နှစ်ဦးသည် မှော်မြို့တော်မှ ပျံသန်းထွက်ခွာလာပြီး တောင်တန်းတစ်ခု၏ အပေါ်သို့ ရောက်ရှိလာကြသည်။

​ရှီးထျန်းက တခြားမြို့တစ်မြို့သို့ ဦးတည်နေသည်ကို မြင်သောအခါ လုံယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့နှစ်ဦးသာ တခြားမြို့တစ်မြို့အပေါ်၌ တိုက်ခိုက်မိပါက ကမ္ဘာပေါ်ရှိ လူသားများ သေချာပေါက် သိသွားမည်ဖြစ်ပြီး နောက်တစ်ရက်တွင် ကမ္ဘာလုံးဆိုင်ရာ သတင်းခေါင်းကြီးပိုင်းများ၌ "အံ့ဩစရာသတင်း..အင်မော်တယ် ကျင့်ကြံသူ ပေါ်လာပြီ.." ဟူ၍ ဖြစ်လာပေလိမ့်မည်။

​ထိုသတင်း ပျံ့နှံ့သွားပါက တစ်ကမ္ဘာလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်မည်။ ထို့အပြင် ရှီးထျန်းသည် တစ္ဆေအလောင်းဂိုဏ်း၏ သားရဲအလောင်း သခင်ဖြစ်ပြီး မရေမတွက်နိုင်သော ရွာများနှင့် ဂိုဏ်းများကို ရက်စက်စွာ သန့်စင်ခဲ့သည့် မကောင်းဆိုးဝါး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသာ လွတ်မြောက်ပြီး လူသားများကြားတွင် ပုန်းအောင်းနေပါက တစ်ကမ္ဘာလုံး ရှုပ်ထွေးမှုများထဲသို့ ကျရောက်သွားနိုင်သည်ဖြစ်ရာ သူမ၏ အိမ်ကို ဖျက်ဆီးခံရသည့် ဒေါသအတွက်သော်လည်းကောင်း၊ ကမ္ဘာ၏ ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း သူမ သတ်နိုင်မှ ရပေမည်။

​"အင်မော်တယ်ကျင့်စဥ် .. မိုးပြာရောင်နဂါး ဟိန်းသံ.."

​လုံယွဲ့သည် သူမ၏ အပြာရောင်နဂါးဓားကို ကောင်းကင်သို့ မြှောက်တင်လိုက်သည်။ ဓားကိုယ်ထည် အနည်းငယ် တုန်ခါသွားပြီး ဓားသံသဲ့သဲ့နှင့်အတူ ဧရာမ နဂါးဦးခေါင်းပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ဧရာမ နဂါးဟိန်းသံကြီးတစ်ခု ကောင်းကင်သို့ ပဲ့တင်ထပ်သွားသည်။

​"ဝုန်း..ဝုန်း...."

​နဂါးဟိန်းသံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး အောက်ဘက်ရှိ တောင်များ အဆက်မပြတ် ပြိုကျကာ သစ်ပင်များ ဖုန်မှုန့်များအဖြစ် ကွဲကြေကုန်သည်။ တောင်များရှိ ငှက်များနှင့် သားရဲများအားလုံး ကြောက်ရွံ့ထိတ်လန့်ကာ မြေပြင်ပေါ်တွင် ဝပ်နေကြ၏။ ဤနဂါးဟိန်းသံတွင် သားရဲများ၊ ငှက်များနှင့် မကောင်းဆိုးဝါး သတ္တဝါများအားလုံးကို ဖိနှိပ်နိုင်သည့် အစွမ်းထက်သော နဂါးစွမ်းအားများ ပါဝင်နေသည်။

​နဂါးဟိန်းသံကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် ရှီးထျန်း၏ နှလုံးသား ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် အေးခဲသွားသည်။ ထိုခဏလေးအတွင်းမှာပင် လုံယွဲ့သည် သူမ၏ဓားဖြင့် သူ့ရှေ့တွင် ပေါ်လာပြီး သူ့ခေါင်းကို ထိုးဖောက်လိုက်သည်။

​ခမ်းနားထည်ဝါသော ဓားကိုယ်ထည်တွင် မှိန်ဖျော့ဖျော့ တောက်ပနေသော ငွေရောင်နဂါးတစ်ကောင် ရစ်ပတ်နေသည်။ ငွေရောင်ဓားအလင်းရောင်သည် လေကို ထိုးခွင်းလာပြီး ထက်မြက်သော ဓားစွမ်းအင်သည် မကောင်းမှုအားလုံးကို ဖယ်ရှားရန် ကြိုးပမ်းနေသော နဂါးစွမ်းအားကို ဖော်ထုတ်ပြသနေ၏။ ရှီးထျန်း အလွန်ထိတ်လန့်သွားသည်။ သူ့လက်မောင်းက လျင်မြန်စွာ ဖောင်းကားလာကာ သူ့ရှေ့တွင် ပိတ်ဆို့ရန် လိပ်ခွံအဖြစ်သို့ ပြောင်းလဲသွားသည်။

​"ရွှပ်..."

​ငွေရောင်အလင်းတန်းက လိပ်ခွံပေါ်သို့ ကျရောက်သွားပြီး တို့ဟူးကို လှီးဖြတ်သကဲ့သို့ သူ့လက်မောင်းတစ်ဝက်ကို ဖြတ်ပစ်လိုက်သည်။ ရှီးထျန်း ရှောင်တိမ်းရန် နောက်သို့ ကိုင်းလိုက်သောအခါ အစွမ်းထက်သော အင်မော်တယ်စွမ်းအင်နှင့် နဂါးစွမ်းအားများ ထုတ်လွှတ်နေသော မိုးပြာရောင် နဂါးဓားက သူ့ပါးကို ပွတ်ကပ်ကာ သူ့နှာခေါင်းထိပ်ကို လှီးဖြတ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် သူ့ခန္ဓာကိုယ်မှာ နဂါးစွမ်းအား၏ ဖိနှိပ်မှုမှ ပြန်လည်ကောင်းမွန်လာပြီး အကွာအဝေး ဖန်တီးရန် လျင်မြန်စွာ ထွက်ပြေးလေတော့သည်။

​"ယီးပဲ.."

​ရှီးထျန်းက သူ၏ ပြတ်နေသော လက်မောင်းကို ကြည့်လိုက်ပြီးနောက် ပြားချပ်နေသော နှာခေါင်းကို ထိလိုက်ကာ လုံယွဲ့ကို မုန်းတီးမှု အပြည့်ဖြင့် စိုက်ကြည့်နေသည်။ သို့သော် ထိုထက်ပို၍ သူ့နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ လွှမ်းမိုးနေသည်။

​လုံယွဲ့သည် မကောင်းမှုနှင့် နတ်ဆိုးစွမ်းအင်များကို နှိမ်နင်းနိုင်သည့် ငွေလရောင်နဂါး အင်မော်တယ်ကျင့်စဥ်ကို ကျင့်ကြံထားသူ ဖြစ်သည်။ သူမ၏ ငွေလရောင်နဂါးဓားကို ရှေးဟောင်း ငွေလရောင်နဂါး၏ အသား၊ အကြော၊ အရိုးနှင့် နဂါးအကြေးခွံတို့ဖြင့် ပုံသွင်း သန့်စင်ထား၏။ ဓားသည် မပျက်စီးနိုင်ရုံသာမက နဂါးဝိညာဉ်ကိုလည်း ဓားဝိညာဉ် အဖြစ် တာဝန်ထမ်းဆောင်စေပြီး အသက်ရှင်နေသည့်အရာတစ်ခုကဲ့သို့ တွဲဖက်ထားသည်။

​ဧကရီတစ်ပါး၏ ခမ်းနားထည်ဝါပြီး မာနကြီးသော အမူအရာဖြင့် မိုးပြာရောင်နဂါးဓားကို ကိုင်ဆောင်ထားကာ သူမတစ်ယောက်တည်း ဓားတစ်လက်ကို ကိုင်စွဲ၍ သူတို့၏ တစ္ဆေအလောင်းဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို သူ မမေ့နိုင်ခဲ့ပေ။ ထိုအချိန်က သူမသည် အင်မော်တယ်ဧကရာဇ်အဆင့်၏ အထွတ်အထိပ် တွင် ရှိနေခဲ့ပြီး တစ္ဆေအလောင်းဂိုဏ်း၏ တပည့်ထောင်ပေါင်းများစွာကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့သည်။ ယခုအခါတွင်မူ သူမ၏ ကျင့်ကြံမှုက လေးဆယ်ရာခိုင်နှုန်းအောက်သာ ပြန်လည်ရရှိထားသော်လည်း ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားဆဲပင်။

​"နင် ငါ့အိမ်ကို ဖျက်ဆီးခဲ့တယ်.. ငါ့ကွန်ပျူတာကိုလည်း ဖျက်ဆီးခဲ့တယ်..သေဖို့ ပြင်ထားလိုက်.."

​လုံယွဲ့သည် မိုးပြာရောင်နဂါးဓားကို ကိုင်ဆောင်ကာ ရှီးထျန်းကို လွှဲခုတ်လိုက်သည်။ လွှဲချက်တိုင်းတွင် ငွေရောင်ဓားစွမ်းအင်သည် ဟိန်းဟောက်သံများ ထွက်ပေါ်လာသော ငွေရောင်နဂါးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ရှီးထျန်း အရူးအမူး ရှောင်တိမ်းလိုက်သည်။ သူ၏ ပြတ်နေသော လက်မောင်းမှ အစွယ်များ အတိုင်းသား ပေါ်လွင်နေသည့် ရက်စက်ကြမ်းကြုတ်သော ကျားခေါင်းတစ်လုံး ပေါက်လာသည်။ ကျားခေါင်းက ပါးစပ်ကို ဟကာ ပြင်းထန်သော အဆိပ်မီးလျှံများကို မှုတ်ထုတ်လိုက်သည်။

​ထိုသည်ကိုမြင်လျှင် လုံယွဲ့က ကာကွယ်ရန် ငွေရောင်နဂါးများကို သူမပတ်ပတ်လည်တွင် ရစ်ပတ်လိုက်ပြီး မီးလျှံများကို ချက်ချင်းပင် သန့်စင် လိုက်သည်။ သို့သော်လည်း အဆိပ်မြူများ ကင်းစင်သွားသည်နှင့် ရှီးထျန်း၏ ကျောပေါ်တွင် အတောင်တစ်စုံ ပေါက်လာပြီး မြို့ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ သူ၏အမြန်နှုန်းမှာ ယခင်ကထက် အဆပေါင်းများစွာ မြန်နေလေ၏။

​လုံယွဲ့လည်း သူ၏ရည်ရွယ်ချက်ကို မြင်ပြီး တစ်ချက်ခုန်လိုက်ရုံဖြင့် ငွေရောင်ဥက္ကာပျံအဖြစ်သို့ ပြောင်းလဲသွားသည်။ ဧကရီ လျင်မြန်စွာ လိုက်လာသည်ကို မြင်လျှင် ရှီးထျန်း အကြီးအကျယ် ထိတ်လန့်သွားသည်။ သူ၏ကျောမှ သန့်စင်ထားသော တစ္ဆေအလောင်း သားရဲများ အဆက်မပြတ် ပေါ်ထွက်လာပြီး လုံယွဲ့ကို ပိတ်ဆို့ရန် ကြိုးပမ်း၏။

​"စိတ်အနှောင့်အယှက်ဖြစ်စရာပဲ.."

​လုံယွဲ့က ညင်သာစွာ အော်ဟစ်လိုက်သည်။ အပြာရောင်နဂါးဓားပေါ်တွင် ထွင်းထားသော ငွေရောင်နဂါးသည် ဓားတစ်လျှောက် လိမ်ကောက်ကာ ပျံသန်းသွားပြီး တစ္ဆေအလောင်း သားရဲအားလုံးကို ပါးစပ်ဖြင့် တစ်ကောင်ချင်းစီ ကိုက်ဖြတ်ပစ်လိုက်သည်။

​"ဧကရီ... ဒီနေရာက လူသားတွေအတွက် စုဝေးရာနေရာ ဖြစ်နေပြီ.. ငါ့ကို တိုက်ခိုက်ဖို့ အတင်းလုပ်နေရင် ဒီမှာရှိတဲ့ လူသားတွေလည်း ထိခိုက်လိမ့်မယ်.."

တစ္ဆေအလောင်း သားရဲများစွာ စတေးပြီးနောက် ရှီးထျန်း မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်ပြီး တံတားတစ်စင်းပေါ်သို့ ဆင်းသက်လိုက်သည်။ ဤအရာက ဧကရီကို တားဆီးနိုင်လိမ့်မည်ဟု သူ ထင်ခဲ့ပြီး လူသားများကို ထည့်သွင်းစဉ်းစားကာ ပေါ့ပေါ့ဆဆ မလုပ်ရဲအောင် လုပ်နိုင်လိမ့်မည်ဟုလည်း ထင်မှတ်ခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ကောင်းကင်ကို ထိုးဖောက်နိုင်သည့် ဓားစွမ်းအင်တစ်ခုက တံတားကို နှစ်ခြမ်း ခွဲပစ်လိုက်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။

​"စိတ်မပူပါနဲ့.. ဒီမှာရှိတဲ့ လူတွေ မသိလိုက်ခင်မှာ ငါ နင့်ကို အရင်သတ်ပစ်မယ်.."

​လုံယွဲ့က မိုးပြာရောင်နဂါးဓားကို ကိုင်ဆောင်ထားပြီး လေထဲတွင် ရပ်နေကာ ရှီးထျန်းကို သတ်ဖြတ်လိုသော ရည်ရွယ်ချက်အပြည့်ဖြင့် အေးစက်စွာ စိုက်ကြည့်နေသည်။ ရှီးထျန်းသည် ချွေးစေးများ ပြန်နေပြီး အလွန် စိတ်ရှုပ်ထွေးနေ၏။ သူသိသလောက် ဧကရီသည် အပြစ်မဲ့သူများ ထိခိုက်နစ်နာမှု မရှိအောင် အလွန် ဂရုစိုက်တတ်သူ ဖြစ်သည်။ ဤတစ်ခါတွင် လူသားများ များပြားလှသည့် မြို့တွင် မည်သို့ကြောင့် ဤမျှ ပြတ်သားစွာ လုပ်ဆောင်ရသနည်း။

​သူ့ရှေ့သို့ ငွေရောင်အလင်းတန်းတစ်ခု ထပ်ကျလာသည်။ ရှီးထျန်း စဉ်းစားဖို့ အချိန်မရှိသဖြင့် ရှောင်တိမ်းရန် မြို့အဆောက်အအုံများဆီသို့ ပျံသန်းသွားခဲ့သည်။ လုံယွဲ့လည်း အနီးကပ် လိုက်ပါလာ၏။ လမ်းတစ်ဝက်တွင် လူနေအဆောက်အအုံတစ်ခုကို ဖြတ်၍ ပျံသန်းလာစဉ် လသာဆောင် လက်ရန်းပေါ်တွင် မှီနေသော ကောင်လေးတစ်ယောက်က သူမကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။

​ကောင်လေးက လုံယွဲ့၏ အသွင်အပြင်ကို မယုံနိုင်စွာ စိုက်ကြည့်နေပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။

​"အင်... အင်မော်တယ် နတ်သမီးလား.."

​"ဟမ်..."

​လုံယွဲ့က ကောင်လေး၏ အကြည့်ကို သတိထားမိပြီး ပြုံးပြကာ တိတ်တိတ်လေး နေရန် အမူအရာ လုပ်ပြလိုက်သည်။

​"သူငယ်ချင်းလေး... ကမ္ဘာပေါ်မှာ အင်မော်တယ်ဆိုတာ မရှိဘူး.. မင်း သိပ္ပံပညာကိုပဲ ယုံကြည်ရမယ်.."

​ထို့နောက် သူမသည် ငွေရောင်နတ်ဘုရား သက်တံအဖြစ် တစ်ဖန် ပြောင်းလဲသွားပြီး ရှီးထျန်းနောက်သို့ လိုက်ကာ ညကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသည်။ ရှုပ်ထွေးကာ အံ့အားသင့်နေသော ကောင်လေးက ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့၏။

All Chapters