← Chapters

အခန်း ၁၀၁

Vol. 6 Ch. 101

အခန်း ၁၀၁

Vol. 6 Ch. 101

အပိုင်း(၁၀၁) ခေါင်းနှစ်လုံး လူ့ဘီလူးကြီး

မနေ့ညက ဖြစ်ပျက်ခဲ့သော ကိစ္စကို စခန်းတစ်ခုလုံး နီးပါး သိရှိသွားကြသည်။

ရွှီနန်က ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်လိမ့်မည်ဟု မည်သူကမျှ တွေးမထားခဲ့သလို၊ ရွှီနန်၌ ဤမျှကြီးမားသော သတ္တိမျိုး ရှိနေလိမ့်မည်ဟုလည်း မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

အပြင်ဘက်သို့ လန်ထွက်နေသော အသားစများကို ကြည့်ရုံဖြင့်ပင် လူကို ရုပ်ပိုင်းဆိုင်ရာအရ မသက်မသာ ဖြစ်သွားစေသည်။

ယခင်က ရွှီနန် ဖြတ်သန်းသွားသော နေရာတိုင်းတွင် စခန်းထဲရှိ အသက်ရှင်ကျန်ရစ်သူများက သူ၏ မျက်နှာပေါ်သို့ မသိမသာ အကြည့်ရောက်သွားတတ်ကြသည်။

သို့သော် ယခုအခါတွင်မူ...

ရွှီနန်က ထိုလူများနှင့် အကြည့်ချင်း ပြန်ဆုံသောအခါ၊ ထိုသူများမှာ အကြည့်များကို အသီးသီး လွှဲဖယ်သွားကြသည်။

မနေ့ညက ကိစ္စသည် သူ့အပေါ် ဤမျှကြီးမားသော သက်ရောက်မှု ရှိသွားလိမ့်မည်ဟု ချန်းရီကလည်း ထင်မှတ်မထားခဲ့ပေ။

မိုဟိုင်ရမ် သေဆုံးသွားခဲ့သော ထိုအချိန်ကတည်းက ရွှီနန်သည်လည်း အတူတကွ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချန်းရီက တစ်ချက်သာ ကြည့်လိုက်ပြီး ထပ်မံ ကြည့်ရှုခြင်း မပြုတော့ပေ။

ဤကောင်လေး၏ လုပ်ရပ်အပေါ် ချန်းရီ အံ့သြမိရုံသာဖြစ်ပြီး ဤကောင်လေး၏ ဘဝထဲသို့ ဝင်ရောက်စွက်ဖက်ရန် ဆန္ဒ မရှိခဲ့ပေ။

ယနေ့နံနက်စာသည်လည်း ယခင်ကအတိုင်း အလွန် များပြားကြွယ်ဝလှသည်။

ကြီးမားလှသော ကုလားအုတ်သားကင် တစ်ပွဲကို တည်ခင်းလာသည်။

ပျစ်နှစ်နေသော ဆန်ပြုတ်တစ်ပွဲလည်း ပါဝင်ပြီး ၎င်းအပေါ်တွင် ရှားပါးလှသော အစိမ်းရောင် အရွက်ဖတ် အနည်းငယ်က ပေါလောပေါ်နေ၏။

ဤအစိမ်းရောင်များမှာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ မဟုတ်ဘဲ ရေခမ်းခြောက်ခံထားသော ဟင်းသီးဟင်းရွက်များသာ ဖြစ်သည်။

၎င်းမှာ ယခင်က ကုလားအုတ်ယာဉ်တန်းထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ယခင်က ထိုရေခမ်းခြောက် ဟင်းရွက်များကို မည်သူကမျှ မစားကြပေ။

ယခုအခါတွင်မူ ထိုရေခမ်းခြောက် ဟင်းရွက်များသည် ချန်းရီတို့ကဲ့သို့ အစွမ်းပိုင်ရှင်များသာ စားသုံးနိုင်သော အရာများ ဖြစ်နေချေပြီ။

ဟင်းသီးဟင်းရွက် မစားရသည်မှာ ကြာမြင့်နေပြီဖြစ်၍ ယာဉ်တန်းထဲရှိ လူအများအပြား၏ နှုတ်ခမ်းများပေါ်တွင် အသားပတ်ကာ အရေခွံများ လန်နေကြသည်။

မနက်စောစောစီးစီး အသားစားရသည်မှာ အနည်းငယ် အီလည်လည် ဖြစ်စေသော်လည်း။

ယခုလိုအချိန်တွင် စားစရာ ရှိနေခြင်းကပင် မဆိုးလှသောကြောင့် လုံးဝ ဂျီးများနေ၍ မရနိုင်ပေ။

ယာဉ်တန်းက ဤကုလားအုတ်များကို ဆက်လက် မွေးမြူထားရန် အစီအစဉ် မရှိတော့ပေ။

သို့ဖြစ်ရာ ဤကုလားအုတ်များသည် အစောကြီးဖြစ်စေ၊ နောက်ကျမှဖြစ်စေ အားလုံး စားစရာအဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်သည်။

ဦးလေးအားပေါင်က အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကိုစုစည်းပြီး ကုလားအုတ်များအား ညတွင်းချင်း သတ်ဖြတ်ရန် စီစဉ်ခဲ့သောကြောင့် မနေ့က တစ်ညလုံး စခန်းထဲတွင် သွေးညှီနံ့များ လွင့်ပျံ့နေခဲ့သည်။

ဤကဲ့သို့သော အလုပ်ကို လုပ်ဆောင်ရသည့် အသက်ရှင်ကျန်ရစ်သူ အယောက်နှစ်ဆယ်ကျော် ရှိသည်။

လူတိုင်းက ဦးလေးအားပေါင်ထံမှ လုပ်အားခအဖြစ် ကုလားအုတ်သား အများအပြားကို ရရှိနိုင်ကြသည်။

သတ်ဖြတ်ပြီးသော ကုလားအုတ်သားများကို ရိုးရှင်းစွာ ဆားနယ်ထားရန် လိုအပ်သည်။

ရိက္ခာပစ္စည်းများ အလွန်တရာ ရှားပါးနေချိန်တွင် ကုလားအုတ်သားကို ဆားနယ်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။

ဤဆားနယ်သည့် အလုပ်ကို တာဝန်ယူရသူများမှာလည်း အယောက်နှစ်ဆယ်ကျော် ရှိသည်။

လူတိုင်းက မနည်းလှသော လုပ်အားခ တစ်ခုကို ရရှိနိုင်ကြသည်။

၎င်းမှာ ယာဉ်တန်း၏ စည်းမျဉ်းပင် ဖြစ်သည်။

ယာဉ်တန်းသို့ စတင် ဝင်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများသည် ခေါင်းဆောင်ချူချယ်ထံမှ ရိက္ခာအထောက်အပံ့ အချို့ကို ရရှိမည် ဖြစ်သည်။

ကျန်ရှိနေသော လူများမှာမူ လုပ်အားခ ရရှိရန်အတွက် အလုပ်လုပ်ကြရမည် ဖြစ်သည်။

ဤသို့ဆိုလျှင် အလွန် တရားမျှတပေသည်။

ထို့ကြောင့် နံနက်အချိန်တွင် စခန်းတစ်ခုလုံး၌ ကုလားအုတ်သားကင် အနံ့များ လွင့်ပျံ့နေသည်။

လူအများအပြား၏ မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးနေသော အပြုံးများ ပေါ်လွင်နေ၏။

"ဝါး"

"ချန်းရီ... နိုးပြီလား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သမ်းဝေရင်း နံနက်စာ လာစားသည်။

ဤကောင်မလေးမှာ မနေ့ညက အလွန် အိပ်မောကျနေခဲ့သဖြင့် ရွှီနန် ပြဿနာတက်ချိန်တွင် လုံးဝကို နိုးမလာခဲ့ပေ။

"အင်း... နိုးပြီ"

ချန်းရီက ခေါင်းငုံ့၍ အသားစားနေရင်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို ပြန်လည် တုံ့ပြန်လိုက်သည်။

ထိုအချိန်မှာပင် ခေါင်းဆောင်ချူချယ်ကလည်း သမ်းဝေရင်း တဲထဲမှ ထွက်လာကာ သူ့ပုံစံကို ကြည့်ရသည်မှာ အိပ်ရေးမဝသေးသည်က သိသာလှသည်။

"အဒေါ်ကြီးချွီ... မနက်အစောကြီး တခြားစားစရာ မရှိတော့ဘူးလား"

ခေါင်းဆောင်ချူက ကုလားအုတ်သားကင် ဖြစ်နေပြန်သည်ကို မြင်သောအခါ မနေနိုင်ဘဲ တစ်ခွန်း မေးလိုက်မိသည်။

အဒေါ်ကြီးချွီက မျက်နှာတွင် အားနာနေသော အမူအရာဖြင့် ပြန်ဖြေသည်။ "ခေါင်းဆောင်ချူ... ကျွန်မ ခေါက်ဆွဲ တစ်ပန်းကန်လောက် ပြုတ်ပေးရမလားရှင်"

ချန်းရီတို့ကို ထမင်းဟင်း ချက်ပြုတ်ပေးရသောကြောင့် ဤအဒေါ်ကြီးချွီသည် ယခုအခါ စခန်းထဲတွင် အရေးပါသော လူတစ်ယောက်စာရင်းဝင်နေပြီး အနည်းဆုံးတော့ အခြားလူအများအပြားထက် နေထိုင်ရပိုကောင်းနေသည်။

"ခေါင်းဆောင်ချူ... မင်းကတော့ နေသာထိုင်သာ ရှိနေပြီနဲ့ တူတယ်... အသားကိုတောင် ဂျီးများနေပြီကိုး"

ချန်းရီက အသားကို ကိုက်ဝါးနေရင်း ချူချယ်ကို တစ်ချက်ကြည့်ကာ နောက်ပြောင်လိုက်သည်။

ချူချယ်က လက်ကာပြလိုက်ပြီး "ထားလိုက်ပါတော့... ဒီအတိုင်းပဲ စားလိုက်ပါ့မယ်... ဒုက္ခမခံနဲ့တော့... စားပြီးရင် ခရီးဆက်ရဦးမှာ"

ချန်းရီက သွားများကို ပွတ်သပ်လိုက်ပြီး ဤစကားကို ကြားရသည်မှာ တစ်မျိုးကြီး ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

"ခေါင်းဆောင်ချူ... ဒီနေ့ ရေအရင်းအမြစ်ကို ဘယ်လို ရှာဖို့ စီစဉ်ထားလဲ"

ချူချယ်က မျက်မှောင်ကြုတ်လျက် "ရှာရခက်တယ်... အရင်က သဲမုန်တိုင်း တိုက်ထားတော့ မြေပြင်အနေအထားတွေ အများကြီး ပြောင်းလဲကုန်ပြီ... မိုအဘိုးအိုရဲ့ မြေပုံကလည်း အရမ်း ဝေဝါးနေတော့ စမ်းရှာကြည့်ဖို့ပဲ ရှိတော့တယ်"

ယခု အားလုံး၏ အနေအထားက မဆိုးလှဟု ထင်ရသော်လည်း ရေအရင်းအမြစ်ကိုသာ ရှာမတွေ့ပါက မကြာမီ အချိန်အတွင်းမှာပင် အားလုံး သေကုန်ကြပေလိမ့်မည်။

သဲမုန်တိုင်း ပြီးဆုံးသွားပြီးနောက် ယာဉ်တန်းတွင် လူသုံးဆယ်ပင် မပြည့်တော့ပေ။

ကုလားအုတ်ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများ ပူးပေါင်းလာပြီးနောက်တွင်မူ...

ယာဉ်တန်း၏ လူအင်အားမှာ လူတစ်ရာ နီးပါးအထိ ချက်ချင်း တိုးလာခဲ့သည်။

ဤသည်က ယာဉ်တန်း၏ ရိက္ခာထောက်ပံ့မှုအပေါ် အလွန်ကြီးမားသော ဖိအားများ ကျရောက်လာစေသည်။

အခြားအရာများကို ထားလိုက်ပါဦး။

ကုလားအုတ် အကောင်ဆယ်ဂဏန်းသည် အားလုံးအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ စားသုံးရန် လုံလောက်ပေသည်။

အဓိက ပြဿနာမှာ သောက်သုံးရေပင် ဖြစ်သည်။

ကုလားအုတ်ယာဉ်တန်းထံမှ သောက်သုံးရေ အများအပြား ရရှိခဲ့သော်လည်း လုံလောက်မှု မရှိသေးပေ။

သာမန် အသက်ရှင်ကျန်ရစ်သူများ၏ သောက်သုံးရေ ခွဲတမ်းမှာ အလွန်တရာကို လျှော့ချခံထားရပြီး ဖြစ်သည်။

တကယ်တမ်းတွင် သောက်သုံးရေ ကုန်ဆုံးမှုကို လျှော့ချနိုင်ရန်အတွက် လူတစ်ချို့ကို စွန့်ပစ်ရန် ယာဉ်တန်းက ဆုံးဖြတ်ပြီးကြောင်း အားလုံးက စိတ်ထဲတွင် ရှင်းလင်းစွာ သိနေကြသည်။

ရွှီနန်သည်လည်း စွန့်ပစ်ခံရမည့် အစီအစဉ်ထဲတွင် ပါဝင်နေသည်။

ကိုယ့်ကားပေါ်မှ လူများ မဟုတ်ပါက အားလုံးသည် စွန့်ပစ်ခံရနိုင်သူများသာ ဖြစ်ကြသည်။

အကယ်၍ လူအားလုံးကို မဖြစ်မနေ ခေါ်ဆောင်သွားမည် ဆိုပါက နောက်ဆုံးရလဒ်မှာ အားလုံး အတူတကွ သေဆုံးကြရမည်သာ ဖြစ်သည်။

ချက်ချင်း ရေအရင်းအမြစ်ကို ရှာတွေ့မည်ဆိုလျှင်တော့ တစ်မျိုးပေါ့။

"ဟဲဟဲ... အားလုံးပဲ... မတွေ့ရတာ ကြာပြီနော်"

ချန်းရီနှင့် ချူချယ်တို့ ရေအရင်းအမြစ် ရှာဖွေရေး ကိစ္စကို ပြောဆိုနေကြစဉ်မှာပင်။

အနည်းငယ် ရင်းနှီးနေသော အသံတစ်သံက သူတို့၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

ချန်းရီ လှည့်မကြည့်ရသေးခင်မှာပင် စူးစူးဝါးဝါး အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသည်။

အဒေါ်ကြီးချွီက ချူချယ်အား ပေးရန် အဆင်သင့် ပြင်ထားသော ကုလားအုတ်သားကင်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။

သူမ၏ ပါးစပ်မှလည်း ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ "သရဲ... သရဲကြီး"

ချန်းရီသည် အမြန် လှည့်ကြည့်လိုက်သည်။

တွေ့လိုက်ရသည်မှာ အရပ်ရှည်ရှည်နှင့် တောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ်ကြီး တစ်ခုပင် ဖြစ်သည်။

ထိုခန္ဓာကိုယ်ကြီးသည် နံရံကြီးတစ်ခုအလား နံနက်ခင်း၏ နေရောင်ခြည်ကို တိုက်ရိုက် ကွယ်ထားလေသည်။

အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးပေါ်တွင် ခေါင်းနှစ်လုံး ရှိနေ၏။

ခေါင်းတစ်လုံးက မျက်လုံးမှိတ်ကာ အိပ်မောကျနေသည်။

အခြား ခေါင်းတစ်လုံး၏ မျက်နှာပေါ်တွင်မူ ရိုးအေးသော အပြုံးတစ်ခု ပေါ်လွင်နေပြီး အလွန် ရင်းနှီးကာ နွေးထွေးလှသည်။

"သောက်ကျိုးနည်း... ထယ်ရှီး... မင်း... မင်းက"

ချန်းရီသည်လည်း အကြီးအကျယ် တုန်လှုပ်သွားရသည်။

တိုက်တန် လမ်းစဉ်၏ အခွဲများထဲမှ တစ်ခုမှာ ခေါင်းနှစ်လုံး လူ့ဘီလူးကြီး ဖြစ်ကြောင်း ချူချယ် ပြောခဲ့ဖူးသည်ကို ယခင်က ကြားခဲ့ရသော်လည်း ယခု အပြင်တွင် အမှန်တကယ် မြင်တွေ့လိုက်ရသောအခါ အလွန်တရာ အံ့အားသင့် တုန်လှုပ်ရဆဲပင်။

ဘေးနားရှိ ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ အစပိုင်းတွင် လန့်သွားပြီး ဓားဆွဲထုတ်ရန် ပြင်လိုက်သော်လည်း ယခုအခါတွင်မူ ပါးစပ်အဟောင်းသားဖြင့် ငေးကြောင် ကြည့်နေလေသည်။

အတန်ကြာမှသာ ပြေးဝင်လာပြီး ထယ်ရှီး၏ လက်မောင်းကို လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်ကာ ငိုသံပါကြီးဖြင့် ပြောလိုက်သည်။ "လူအကြီး... ရှင် ပြန်လာပြီပဲ"

ထယ်ရှီး ပေါ်လာခြင်းက စခန်းထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်မှာ သဘာဝပင်။

ဤအုတ်အော်သောင်းနင်း ဖြစ်မှုသည် ယနေ့နံနက်က အသက်ရှင်ကျန်ရစ်သူများ ရွှီနန်ကို မြင်တွေ့ခဲ့ရချိန်ထက်ပင် ပို၍ အံ့အားသင့်စရာ ကောင်းနေသည်။

အသက်ရှင်ကျန်ရစ်သူ အားလုံးက ထယ်ရှီး၏ ခေါင်းနှစ်လုံး ပုံစံကို မြင်တွေ့လိုက်ရသောအခါ ပထမဆုံး ခံစားလိုက်ရသည်မှာ ထိတ်လန့်ကြောက်ရွံ့မှုပင် ဖြစ်သည်။

ထို့နောက်တွင်မူ စူးစမ်းချင်စိတ်များ၊ အထိတ်တလန့်ဖြစ်မှုများနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြသည်။

၎င်းမှာ တိုက်တန် လမ်းစဉ် (၂) အတွက် ပေးဆပ်ရမည့် တန်ဖိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

သို့သော် ချန်းရီတို့အတွက်မူ ရင်းနှီးကျွမ်းဝင်မှုကသာ ပို၍ များပြားနေသည်။

အဒေါ်ကြီးချွီက ထယ်ရှီးအား နံနက်စာ လာချပေးချိန်တွင် သူမ၏ လက်နှစ်ဖက်လုံး တုန်ယင်နေခဲ့သည်။

"ခွေးကောင်... အဲဒီနေ့က မင်း သေပြီလို့တောင် ငါ ထင်နေတာ"

"နောက်မှ ချူချယ်က မင်း မသေသေးဘူး... ခေါင်းနှစ်လုံး လူ့ဘီလူးကြီး အစွမ်း နိုးထလာဖို့ ဖြစ်နိုင်တယ်လို့ ပြောလို့... မဟုတ်ရင် မင်းတော့ အရှင်လတ်လတ် မြေမြှုပ်ခံရပြီပဲ"

"ဟဲဟဲ... ငါ သိပါတယ်... ခွန်ရှီးက ငါ့ကို အကုန် ပြောပြပြီးပါပြီ"

ထယ်ရှီး၏ အဆိုအရ မူလက သူ၏ ခေါင်းထွက်လာရန် ရက်အတော်ကြာ လိုအပ်သေးသည်ဟု ဆိုသည်။

သို့သော် မနေ့ညက ကုလားအုတ်သား အများအပြား စားလိုက်ရသောကြောင့် ၎င်းသည် တိုက်တန် လမ်းစဉ်၏ ပြန်လည် နာလန်ထူနိုင်စွမ်းအပေါ် အများကြီး အထောက်အကူ ဖြစ်သွားခဲ့သည်။

ထို့ကြောင့်ပင် ခေါင်းကြိုထွက်လာပြီး နိုးထလာခဲ့ခြင်း ဖြစ်သည်။

လူအများစုမှာ တိုက်တန် လမ်းစဉ်၏ ပြန်လည် နာလန်ထူနိုင်စွမ်းကို ထပ်မံ၍ အံ့အားသင့်သွားကြပြန်သည်။

လူအများက ဘာမေးမေး၊ ထယ်ရှီးက အကုန် ပြန်ဖြေပေးသည်။

တိုက်တန် လမ်းစဉ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်လေးများမှာ သူကိုယ်တိုင် အပြည့်အဝ နားမလည်သေးသည့် အရာများမှလွဲ၍ ကျန်ရှိသည်များကို အားလုံး သိသွားကြပြီ ဖြစ်သည်။

အလွန် ရိုးရှင်းသော နံနက်စာလေး တစ်နပ်ဖြစ်သော်လည်း အားလုံး စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် စားသောက်နိုင်ခဲ့ကြသည်။

ထမင်းတစ်နပ် စားချိန်မှာ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

လက်သွက်ခြေသွက် ရှိသူ အချို့က အသုံးပြုပြီးသား ပန်းကန်များကို လာရောက် သိမ်းဆည်းကြသည်။

ဤလူများသည် ကမ္ဘာပျက်ကပ် မတိုင်မီက အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဦး၏ ဇနီးသည်များ ဖြစ်နိုင်သလို၊ ကုမ္ပဏီအချို့မှ အထက်တန်း အရာရှိများ သို့မဟုတ် အိမ်ရှင်မများလည်း ဖြစ်နိုင်ပေသည်။

သို့သော် ကမ္ဘာပျက်ကပ်တွင်မူ ဤသူများသည် အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်း တစ်ခု ရရှိရန် ကြိုးစားနေကြရသည်။

ဤနေရာတွင် သူတို့၌ တစ်ခုတည်းသော အဆင့်အတန်းသာ ရှိသည်၊ ၎င်းမှာ အသက်ရှင်ကျန်ရစ်သူ ပင်တည်း။

သဲကန္တာရထဲတွင် ပန်းကန်ဆေးရသည်မှာ ပုံမှန် ပန်းကန်ဆေးရသကဲ့သို့ မလွယ်ကူပေ။

ပန်းကန်များကို သဲပုံထဲသို့ ပစ်ထည့်လိုက်ပါက သဲများက ပန်းကန်ပေါ်ရှိ ဆီဂျီးများကို ဖယ်ရှားပေးသွားမည် ဖြစ်ပြီး သန့်ရှင်းသွားစေမည် ဖြစ်သည်။

သဲဖြင့် ဆေးကြောထားသော ပန်းကန်များသည် ရေဖြင့်ဆေးထားသော ပန်းကန်များနှင့် သိပ်မကွာလှဘဲ ဆီဂျီးများ လုံးဝ ပြောင်စင်သွားသည်အထိပင် ဖြစ်နိုင်သေးသည်။

သေချာသည်မှာ နောက်ဆုံး အဆင့်အနေဖြင့် ရေဆွတ်ထားသော တဘက်ဖြင့် ပန်းကန်များကို သေချာစွာ ထပ်မံ သုတ်သင်ရခြင်း ဖြစ်သည်။

သန့်ရှင်းရေး ကူညီလုပ်ပေးသော ဤအမျိုးသမီးများသည်လည်း ဦးလေးအားပေါင်ထံမှ လုပ်အားခ အချို့ကို ရရှိနိုင်ကြသည်။

နံနက်စာ စားပြီးနောက် ချန်းရီက ဆေးလိပ်ကို ကိုက်လျက် ကားဆီသို့ ပြန်ကာ ခရီးဆက်ရန် ပြင်ဆင်သည်။

သို့သော် အလွန်တရာ ညစ်ပတ်ပေရေနေသော သူ၏ ပစ်ကပ်ကားကြီးကို တစ်စုံတစ်ယောက်က "ဆေးကြော" ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။

မနေ့က ပြန်ရောက်လာချိန်တွင် ဖုန်တက်နေခဲ့သည်မှာ အထင်အရှားပင်။

ယခုမူ ဖုန်တစ်စက်မျှ မရှိအောင် ပြောင်စင်နေလေပြီ။ ဖုန်တစ်စက်မျှ မရှိဘူး ဆိုသည်ကတော့ နည်းနည်း လွန်သွားနိုင်သော်လည်း အနည်းဆုံးတော့ အများကြီး သန့်ရှင်းသွားခဲ့သည်။

ရုပ်ဆိုးဆိုး အမျိုးသား ရွှီနန်သည် ကားဘေးတွင် ရပ်နေပြီး သူ၏ လက်ထဲတွင် အလွန် ညစ်ပတ်နေကာ မူလအရောင်ကိုပင် မခွဲခြားနိုင်တော့သည့် အဝတ်စတစ်ခုကို ကိုင်ဆောင်ထားကာ သူ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ဖုန်များ တက်နေပြီး အရောင်ကို မသဲကွဲတော့ပေ။

ရွှီနန်က ချန်းရီကို ရိုရိုသေသေဖြင့် ကြည့်နေပြီး သူ လုပ်ထားသည်များ မကောင်းမည်ကို စိုးရိမ်နေပုံရသည်။

ဤအမျိုးသား၏ မျက်နှာပေါ်ရှိ ဒဏ်ရာများမှာ အချို့နေရာများတွင် သွေးထွက်နေဆဲ ဖြစ်သည်ကို ချန်းရီ မြင်တွေ့လိုက်ရသည်။

သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ကားပေါ်မှ ရေသန့်တစ်ဘူးကို ဆွဲထုတ်ကာ ပစ်ပေးလိုက်သည်။

ချန်းရီက သူ့အား ရေသန့်တစ်ဘူး အပြည့် ပေးလိမ့်မည်ဟု ရွှီနန် ထင်မထားခဲ့သဖြင့် ချက်ချင်းပင် မျက်ရည်များ ဝဲလာခဲ့သည်။

၎င်းမှာ ရေသန့်တစ်ဘူး အပြည့် ဖြစ်ပြီး သဲကန္တာရထဲတွင် ရေ၏ အရေးပါမှုကို အထူးတလည် ပြောနေရန်ပင် မလိုအပ်ပေ။

သူ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ချန်းရီက လက်ဟန်ပြလိုက်သည်။

ရွှီနန်က ချန်းရီကို ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။

ချန်းရီကလည်း သူ၏ ကားပေါ်သို့သာ ပြန်တက်သွားသည်။

ရေသန့်တစ်ဘူး ပေးနိုင်ခြင်းကပင် ချန်းရီအတွက် အကြီးမားဆုံးသော ကရုဏာ ဖြစ်နေပြီ ဖြစ်သည်။

အကယ်၍ သူ့ထံမှ ပို၍ ရယူချင်သေးသည် ဆိုပါက လုံးဝ မဖြစ်နိုင်တော့ပေ။

ထိုကောင်လေး အသက်ရှင်နိုင်၊ မရှင်နိုင် ဆိုသည်ကတော့ သူ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်တော့သည်။

ဆက်ရန်...

All Chapters