အခန်း ၁၀၃
Vol. 6 Ch. 103
အပိုင်း(၁၀၃) ပျံသန်းနေသော ဝေလငါးကြီးများ
နောက်ထပ် နှစ်ရက်တိုင်တိုင် ယာဉ်တန်းသည် သဲကန္တာရထဲတွင် လှည့်လည်သွားလာနေခဲ့သည်။
ခေါင်းဆောင်ချူက ကားပေါ်မှ မကြာခဏ ဆင်းလာပြီး အရပ်မျက်နှာ တစ်ခုခုဆီသို့ မျက်နှာမူကာ တစ်စုံတစ်ရာကို တတွတ်တွတ် ရေရွတ်နေတတ်၏။
ဤသို့ဖြစ်လာတိုင်း လူများစွာက ခေါင်းဆောင်ချူအပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့ကြသည်။
သို့သော်လည်း အချိန်တိုင်းတွင် သူတို့၏ မျှော်လင့်ချက်များက စိတ်ပျက်အားငယ်မှုအဖြစ်သာ အဆုံးသတ်သွားရစမြဲ ဖြစ်သည်။
လူတိုင်း သိထားသည်က ခေါင်းဆောင်ချူသည် ရေအရင်းအမြစ်ကို ရှာဖွေနေခြင်း ဖြစ်သည်။
ယာဉ်တန်းထဲတွင် ကမ္ဘာပျက်ကပ်မတိုင်မီက ဘူမိဗေဒလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသော အသက်ရှင်ကျန်ရစ်သူ အချို့လည်း ပါဝင်သည်။
သို့သော် ရေရှာဖွေရေး ကိစ္စနှင့်ပတ်သက်လာလျှင် သူတို့က မည်သည့် အကူအညီမှ ပေးနိုင်ပုံ မပေါ်ပေ။
အရာအားလုံးသည် ခေါင်းဆောင်ချူ တစ်ယောက်တည်းအပေါ်တွင်သာ မူတည်နေတော့သည်။
၎င်းနှင့်အတူ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသည်က သောက်သုံးရေများ အလျင်အမြန် ကုန်ဆုံးလာခြင်းပင် ဖြစ်သည်။
လူတိုင်းက အလွန် ချွေတာသုံးစွဲနေကြသော်လည်း ရေကုန်ဆုံးမှု နှုန်းထားသည် မျှော်လင့်ထားသည်ထက် များစွာ ပိုမို မြန်ဆန်နေခဲ့သည်။
နေ့ခင်းဘက်၏ အပူရှိန်ကြောင့် ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေလျှင်ပင် ချွေးများက ရပ်တန့်မသွားဘဲ စီးကျနေဆဲ ဖြစ်သည်။
ချန်းရီကိုယ်တိုင်ပင် သူ၏ ခန္ဓာကိုယ်မှ ချဉ်စော်နံနေပြီဖြစ်ကြောင်း ခံစားမိနေပြီး လက်ဖြင့် အနည်းငယ် ပွတ်တိုက်ကြည့်လိုက်ရုံမျှဖြင့် အမည်းရောင် ဂျီးချောင်းများ ထွက်လာသည်အထိ ဖြစ်နေသည်။
ဤကဲ့သို့သော အခြေအနေအောက်တွင် ချန်းရီကို အီစီကလီလုပ်ရန် ကြံရွယ်ထားသော ရှုလီနာသည်လည်း စိတ်မပါနိုင်တော့ဘဲ နေ့စဉ် ကားထဲတွင်နေခြင်း သို့မဟုတ် အနားယူရန် နေရာရှာခြင်းကိုသာ ပြုလုပ်နေတော့သည်။
ဤအမျိုးသမီးသည် မည်မျှပင် ဂရုတစိုက် ပြင်ဆင်နေပါစေ၊ သူမ၏ ဆံပင်များက ဖွာလန်ကြဲကာ စေးကပ်နေပြီ ဖြစ်သည်။
ကျန်သော သူများမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ကြ၏။
သို့သော် ပန်းရောင်ဆံပင်နှင့် ကောင်မလေးကမူ အမြဲတမ်း တက်ကြွလန်းဆန်းနေပုံ ပေါ်သည်။
ညတိုင်း သူမသည် အပြင်ဘက်မှ ပင်ပန်းနွမ်းနယ်စွာ ပြန်လာသည်ကို တွေ့မြင်ရတတ်သည်။
အနီးကပ် မသွားဖူးသော်လည်း ထိုကောင်မလေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေမည့် အနံ့အသက်က လုံးဝ ကြွေဆင်းသွားလောက်စရာ ဖြစ်နေမည်ကို ချန်းရီ ခန့်မှန်းမိသည်။
သို့သော် အရာအားလုံးက ဆိုးရွားနေသည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်ရန် အချိန်ရေတွက်မှုက နာရီ (၃၀) တောင် မကျန်တော့ချေ။
ထိုနေ့က ရွှီနန်သည် သူ၏ မျက်နှာကို ကိုယ်တိုင် ဓားဖြင့် လှီးဖြတ်ခဲ့ပြီးနောက် မည်သည့် ဆေးဝါးကုသမှုမှ မရှိဘဲ လေဟာပြင်ထဲတွင် ထိုအတိုင်း ပစ်ထားခဲ့သည်။
တစ်ရက်မျှသာ အချိန်ကြာသောအခါ ထိုမျက်နှာသည် လုံးဝ မှတ်မိစရာ မရှိတော့အောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ယခင်က ယောက်ျား မိန်းမ မရွေး ကြွေဆင်းသွားရလောက်အောင် ချောမောလှပလွန်းသော ထိုမျက်နှာလေးသည် ယခုအခါ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ချေပြီ။
အကယ်၍ ယခင်က သူ့ကို သိကျွမ်းခဲ့ဖူးသူများ ပြန်မြင်တွေ့လျှင်ပင် သူသည် ယခင်က ပရိသတ် သန်းချီရှိခဲ့သော နာမည်ကြီး အင်တာနက်စတားတစ်ဦး ဖြစ်ခဲ့သည်ကို လုံးဝ မှတ်မိကြတော့မည် မဟုတ်ပေ။
ကံကောင်းသည်က ဤကောင်လေး၏ အသက်ပြင်းခြင်းပင် ဖြစ်သည်။
မည်သည့် ဆေးဝါးမှ မရှိသည့် အခြေအနေတွင်ပင် သူ၏ စိတ်ဓာတ်ခွန်အားက မဆိုးလှသေးချေ။
နေ့စဉ် အနားယူချိန်တိုင်းတွင် သူက ချန်းရီ၏ ကားကို ကူညီ သုတ်သင်ပေးတတ်သည်။
သေချာသည်မှာ ကားကို ရေဖြင့် သုတ်သင်ခြင်းတော့ မဟုတ်ပေ။
သူ၏ ကိုယ်ပေါ်ရှိ စုတ်ပြတ်နေသော တီရှပ်အင်္ကျီဖြင့် သုတ်သင်နေခြင်း ဖြစ်သည်။
ကားသုတ်ပြီးတိုင်း ဤကောင်လေးက တီရှပ်ပေါ်မှ ဖုန်မှုန့်များကို သေချာစွာ ခါထုတ်လေ့ရှိသည်။
သို့သော် ချန်းရီက သူ့ကို သောက်ရေ ထပ်မပေးတော့ချေ။
မည်သို့ပင်ဆိုစေ ချန်းရီသည်လည်း သနားကြင်နာတတ်လွန်းသူ တစ်ယောက် မဟုတ်ချေ။
သို့သော် တစ်ခါတစ်ရံတွင်မူ ကုလားအုတ်သား အနည်းငယ်ကိုတော့ ပေးတတ်သည်။
အသက်ရှင်လျက် ကျန်ရှိနေသေးသော ကုလားအုတ် အရေအတွက်မှာလည်း များများစားစား မရှိတော့ပေ။
အသက်ရှင်ကျန်ရစ်သူများက အသားခြောက် ပြုလုပ်သည့် နည်းလမ်းသစ်တစ်ခုကို တီထွင်ခဲ့ကြသည်။
သူတို့သည် စခန်းချရပ်နားချိန်၌ ယခုလေးတင် သတ်ဖြတ်ထားသော ကုလားအုတ်သားများကို သဲထဲတွင် မြှုပ်နှံထားတတ်ကြသည်။
တစ်နေကုန် အပူရှိန် ပြင်းပြင်းဖြင့် နေရောင်ခြည် ကျရောက်ထားသဖြင့် သွေးရောင်လမင်းကြီး ထွက်မလာသေးချိန်တွင် သဲများမှာ အလွန်ပူလောင်နေပြီး လက်ဖြင့်ပင် အချိန်ကြာကြာ မကိုင်တွယ်ရဲလောက်အောင် ဖြစ်နေသည်။
သဲထဲတွင် မြှုပ်နှံထားသော ကုလားအုတ်သားမှ ရေဓာတ်များ အလျင်အမြန် ခန်းခြောက်သွားပြီး အသားမှာ ခြောက်သွေ့သွားလေသည်။
နောက်တစ်နေ့နံနက် ထွက်ခွာချိန်ရောက်မှ ယမန်နေ့ညက မြှုပ်နှံထားသော အသားခြောက်များကို ပြန်လည် တူးဖော်ယူကြသည်။
နေ့ခင်းဘက်တွင်လည်း ကား၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ကုလားအုတ်သားများကို ချိတ်ဆွဲထားကြပြီး တစ်ရက်မျှ အချိန်ပေးလိုက်ရုံဖြင့် မူလက လတ်ဆတ်နေသော ကုလားအုတ်သားများမှ ရေဓာတ်အများစု အငွေ့ပျံသွားမည် ဖြစ်သည်။
ဤနည်းဖြင့် ပြုလုပ်ထားသော အသားခြောက်များ၏ အရသာမှာ မကောင်းမွန်လှသော်လည်း အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်ခြင်းက အားသာချက်ပင် ဖြစ်သည်။
၎င်းသည် ရွေးချယ်စရာ မရှိသည့်အဆုံး ရွေးချယ်လိုက်ရသော နည်းလမ်းလည်း ဖြစ်သည်။
မိမိကိုယ်ကို အစားအသောက် ကျွမ်းကျင်သူများဟု သတ်မှတ်ထားသော အချို့သော အသက်ရှင်ကျန်ရစ်သူများကမူ ဤကဲ့သို့ ကြမ်းတမ်းသော ပြုလုပ်နည်းကို အလွန် ရှုတ်ချကြသည်။
သို့သော်လည်း သူတို့ကိုယ်တိုင် ပိုမိုကောင်းမွန်သော အကြံဉာဏ်များကိုလည်း မပေးနိုင်ကြပေ။
ညစဉ်ညတိုင်း ချန်းရီသည် သွေးရောင်လမင်း အသက်ရှူကျင့်စဉ်ကို လေ့ကျင့်လေ့ရှိပြီး နေ့တိုင်းလိုလို သူ၏ သဘာဝလွန်စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်ကို ခံစားနေရသည်။
ချန်းရီ စမ်းသပ်ကြည့်ခဲ့ဖူးသည်။ သူ၏ လက်ရှိ အခြေအနေအရ မီးခိုးတစ်ကြိမ် မှုတ်ထုတ်ရုံဖြင့် ပေရာပေါင်းများစွာ ကျယ်ဝန်းသော မီးခိုးမြူနှင်းများကို ဖန်တီးနိုင်စွမ်း မရှိသေးချေ။
သို့သော် အနည်းဆုံးတော့ အကျယ်အဝန်း (၂၀) ပေမှ (၂၅) ပေခန့်ရှိသော မီးခိုးမြူများကိုမူ ဖန်တီးနိုင်နေပြီ ဖြစ်ရာ ယခင်ကထက် များစွာ ပိုမို အားကောင်းလာပြီ ဖြစ်သည်။
အကယ်၍ မကောင်းဆိုးဝါး လမ်းစဉ်မှ ကောင်လေးနှင့် ထပ်မံ ဆုံတွေ့ခဲ့လျှင် မီးခိုး နှစ်ကြိမ်သုံးကြိမ် မှုတ်ထုတ်လိုက်ရုံဖြင့် ထိုကောင်လေး၏ အာရုံခံနိုင်စွမ်းကို ဖြတ်တောက်ကာ အသာစီးရယူနိုင်မည် ဖြစ်သည်။
မီးခိုးမြူနှင်းများ၏ အခြားသော အသုံးဝင်မှုများစွာကို ဆက်လက် ဖော်ထုတ်ရန် ကျန်ရှိနေသေးသည်။
ဤကဲ့သို့ ဆက်လက် အားကောင်းလာမည် ဆိုပါက မီးခိုးမြူနှင်း စွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
၂၀၃၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့။
ကမ္ဘာပျက်ကပ် မတိုင်မီက ထုံးစံအရဆိုလျှင် ယနေ့သည် နှစ်သစ်ကူးနေ့ ဖြစ်သင့်သည်။
ချန်းရီက အချိန်ရေတွက်မှုကို တစ်ချက် ကြည့်လိုက်သည်။ နောက်ထပ် ဆယ်နာရီသာ ကျန်ရှိတော့ပြီး ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အဆင့်မြှင့်တင်မှု ပြီးဆုံးတော့မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် စက်ဘီးမှစတင်ကာ အဆင့်မြှင့်တင်လာခဲ့သော ဤပစ်ကပ်ကားသည် သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် မည်ကဲ့သို့သော သဘာဝလွန်ပစ္စည်း ဖြစ်လာမည်ကို ချန်းရီက အလွန်တရာ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေခဲ့သည်။
ထိုစဉ် ခေါင်းဆောင်ချူက သဲသောင်ပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေပြီး မျက်နှာချင်းဆိုင်မှ တိုက်ခတ်လာသော လေပြင်းများကြောင့် သူ၏ အင်္ကျီများမှာ တဖျပ်ဖျပ် လွင့်လူးနေသည်။
ခေါင်းဆောင်ချူက သူ၏ လက်ထဲရှိ ရိုးရှင်းသော မြေပုံကြမ်းကို ကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းသော သံသယများထဲသို့ ကျရောက်သွားခဲ့သည်။
ချန်းရီက နှာခေါင်းပေါ်ရှိ နေကာမျက်မှန်ကို အနည်းငယ် ပင့်တင်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ အဆုံးအစမရှိသော သဲဝါများမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မတွေ့ရချေ။
"ခေါင်းဆောင်ချူ... မင်း တကယ် လုပ်နိုင်ပါ့မလား"
ခေါင်းဆောင်ချူက ချန်းရီကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောချင်တော့ပေ။
သဲသောင်ပြင်အောက်တွင်တော့ ခေါင်းနှစ်လုံး ထယ်ရှီးက ဘာလုပ်ရမှန်းမသိဘဲ သဲပြင်ပေါ်တွင် ထိုင်ကာ ဟိုဟိုဒီဒီ ကြည့်နေပြီး အလွန် အ တ တ နိုင်လှသည်။
ဤကောင်က အသားအရေ ထူပိန်းမာကျောလှသဖြင့် ဤမျှလောက် အပူရှိန်ရှိသော သဲများက သူ့အတွက် ပြဿနာ မဟုတ်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ကားခေါင်မိုးစွန်းတွင် ထိုင်နေပြီး လေပြေလေးများကြောင့် သူမ၏ ပန်းရောင် ဆံပင်ရှည်များ လွင့်ဝဲနေသည်။ သူမ၏ မျက်နှာလေးမှာ ပေကျံနေသော်လည်း တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေဆဲပင်။
အသစ်ဝင်ရောက်လာသော တင်းတုံက တဲမိုးစတစ်ခုအောက်တွင် တင်ပျဉ်ခွေကာ တရားမှတ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသော သူမ၏ ပုံစံမှာ ပတ်ဝန်းကျင်နှင့် လုံးဝ ဖီလာဆန့်ကျင် ဖြစ်နေသည်။
ယနေ့ စခန်းချသည့် အချိန်က အလွန် စောနေသည်။ မွန်းလွဲ (၃) နာရီ ကျော်ရုံသာ ရှိသေးသော်လည်း ခေါင်းဆောင်ချူက စခန်းချရန် ကြေညာခဲ့သည်။
အချို့သော အသက်ရှင်ကျန်ရစ်သူများက ကုလားအုတ်သားများ ဆားနယ်ရန် အလုပ်များနေကြသည်။
အချို့ကလည်း ညစာ ချက်ပြုတ်ရန် အလုပ်များနေကြ၏။
ရုတ်တရက်... ချန်းရီက သူ့ရှေ့ရှိ အလင်းရောင်များ မှေးမှိန်သွားသလို ခံစားလိုက်ရပြီး တိမ်တိုက်တစ်ခု ခေါင်းပေါ်သို့ ရောက်ရှိလာသကဲ့သို့ ဖြစ်သွားသည်။
ဒါက... မိုးရွာတော့မလို့လား။
ချန်းရီက သံသယဝင်သွားသော်လည်း လေထုထဲတွင် စိုစွတ်မှုကိုမူ မခံစားရပေ။
အပေါ်သို့ မော့ကြည့်လိုက်သောအခါ... သူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှ အငွေ့အသက်များ ရုတ်ခြည်း ပြောင်းလဲသွားပြီး အန္တရာယ်ကို သတိထားမိကာ နိုးကြားသွားသည်။
သူ၏ လက်က ခါးရှိ ထင်းခုတ်ဓားမကို ဆုပ်ကိုင်လိုက်ပြီး မိုးမခကိုင်းက သူ၏ လက်မောင်းကို ရစ်ပတ်သွားလေသည်။
"ဒါ... မြတ်စွာဘုရား... "
ချန်းရီ တစ်ယောက် အံ့သြမှင်သက်သွားပြီး သူ၏ ရင်ထဲမှ တုန်လှုပ်မှုကို မည်သို့ စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။
ဘေးနားရှိ ခေါင်းဆောင်ချူသည်လည်း ကြောင်အမ်းအမ်း အမူအရာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေသည်။
ခေါင်းနှစ်လုံး ထယ်ရှီး၏ ဒုတိယမြောက် ခေါင်းသည်လည်း တစ်စုံတစ်ခုကြောင့် လန့်နိုးသွားသကဲ့သို့ အခြားခေါင်းတစ်ခုနည်းတူ ကောင်းကင်သို့ မော့ကြည့်နေသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်လည်း ပါးစပ်လေး ဟကာ မယုံနိုင်သော အမူအရာဖြင့် ရှိနေသည်။
တရားမှတ်နေသော တင်းတုံဆိုလျှင်လည်း မျက်လုံးများ ပွင့်လာကာ ကောင်းကင်သို့ မော့ကြည့်နေပြီး သူမ၏ မျက်နှာပေါ်ရှိ အံ့သြနေသည့် အမူအရာက အခြားသူများထက် လျော့နည်းမနေပေ။
သာမန် အသက်ရှင်ကျန်ရစ်သူများဆိုလျှင် ပို၍ပင် ဆိုးရွားလှပြီး လူအများအပြားမှာ ကြောက်လန့်တကြား ခြေထောက်များ တုန်ယင်နေကြသည်။
အချို့ကမူ ကောင်းကင်သို့ ကြည့်ကာ အဆက်မပြတ် ဦးချ ကန်တော့နေကြပြီး လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကို ဖူးမျှော်နေကြသကဲ့သို့ ဖြစ်နေသည်။
ရှုလီနာဆိုလျှင် လန့်သွားသဖြင့် လက်ထဲမှ ဘီးပင် လွတ်ကျသွားရှာသည်။
ဤကာလအတွင်း ကျိုးရှောင်ရှောင်မှာ တော်တော်လေး ပိန်ကျသွားပြီး မူလက ဘဲဥပုံ မျက်နှာလေးမှာ ဖရဲစေ့ပုံစံ ဖြစ်သွားကာ မူလကတည်းက ကြီးမားသော မျက်လုံးများက ပို၍ ကြီးလာပြီး သူမ၏ ကိုယ်ပေါ်တွင် အေးစက်စက် အငွေ့အသက်များ ပိုမို လွှမ်းခြုံလာသည်။
ယခုအချိန်တွင် ထိုကောင်မလေးက ကောင်းကင်သို့ မော့ကြည့်နေသည်။
အံ့သြတုန်လှုပ်နေသော အမူအရာကြောင့် သူမ၏ မျက်လုံးများက အထူးပင် ကြီးမားနေသကဲ့သို့ ထင်ရသည်။
"ဒါက... ဘာကြီးလဲ"
လူတစ်ယောက်က လည်ချောင်းထဲမှ စကားလုံး အနည်းငယ်ကို ခဲယဉ်းစွာ ညှစ်ထုတ်လိုက်သည်။
"ဝေလငါးကြီး... ကောင်းကင်မှာ... ပျံနေတာလား"
ဤစကားကို ပြောလိုက်သူ ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော စကားကို သူပြောလိုက်မိသည်ဟု မယုံကြည်နိုင်ဖြစ်နေပုံ ရသည်။
ဆက်ရန်...