အခန်း ၁၀၅
Vol. 6 Ch. 105
အပိုင်း(၁၀၅) နံပါတ်စဉ် ၂၈၉၉
ကောင်းကင်ဝေလငါးကို ဖြတ်သန်းကြုံတွေ့ခဲ့ရပြီးနောက် စခန်းအတွင်း၌ တစ်ခဏတာမျှ ကောင်းကင်ဝေလငါးအကြောင်း ဆွေးနွေးမှုများ ရေပန်းစားလာခဲ့၏။
သာမန် အသက်ရှင်ကျန်ရစ်သူများအဖို့မူ သူတို့က ဘာကိုမှ သိနားလည်ထားခြင်း မရှိကြပေ။ ယနေ့တွင် ယုံကြည်နိုင်ဖွယ်ရာ မရှိသည့် အံ့မခန်း မြင်ကွင်းကြီးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်ဟူ၍သာ သိထားကြသည်။
ကောင်းကင်ထက်၌ ပျံသန်းနေသော ထိုဝေလငါးကြီးကို မည်သို့ခေါ်ဆိုရမည်ကိုပင် မသိကြချေ။
မည်သည့် အစွမ်းပိုင်ရှင်ကမှလည်း သူတို့ကို ရှင်းပြချင်စိတ် မရှိကြပေ။
ဤသည်က သေးငယ်လှသော ယာဉ်တန်းလေးတစ်ခုသာ ဖြစ်သော်ငြား အစွမ်းပိုင်ရှင်များနှင့် သာမန်လူများကြားတွင် အလွှာနှစ်ခုကဲ့သို့ သိသိသာသာ ကွဲပြားခြားနားမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ချန်းရီက ဤအခြေအနေကို အေးစက်စက်သာ စောင့်ကြည့်နေခဲ့ပြီးနောက် သူ၏ အချိန်ရေတွက်မှုကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။
[၀၅:၁၂:၄၃]
အဆင့်မြှင့်တင်မှု ပြီးဆုံးရန် ငါးနာရီသာ လိုတော့၏။
ယခင် အဆင့်မြှင့်တင်မှုများနှင့် နှိုင်းယှဉ်လျှင်...
ချန်းရီသည် ဤအကြိမ် အဆင့်မြှင့်တင်မှုကို ပို၍ မျှော်လင့်နေမိသည်က သိသာလှသည်။
စက်ဘီးတစ်စီးအဖြစ်မှစ၍ ကမ္ဘာပျက်ကပ် ပစ်ကပ်ကား တစ်စီးအဖြစ်သို့ ထိုမှတစ်ဆင့် ယခု သဘာဝလွန်ပစ္စည်း အဖြစ်သို့ ရောက်ရှိလာသော ဤကားလေး။
ချန်းရီကိုယ်တိုင်မှလွဲ၍ ဤကားလေးအပေါ် သူ မည်မျှလောက် အားထုတ် ကြိုးပမ်းခဲ့ရသည်ကို မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။
ဤခရီးတစ်လျှောက်တွင် ချန်းရီသည် ကားလဲရန် မစဉ်းစားခဲ့ဖူးသည်တော့ မဟုတ်ချေ။
သို့သော် ခရီးတစ်လျှောက် ဖြတ်သန်းလာရသော နေရာအများစုမှာ လူသူအရိပ်အယောင် ကင်းမဲ့သည့် နေရာများသာ ဖြစ်နေခဲ့သည်။ ကားတစ်စီးကို မဆိုထားနှင့် သရဲတစ်ကောင်ကိုပင် ရှာမတွေ့နိုင်ခဲ့ပေ။
ထူးဆန်းသောအရာများ၏ သတိထားမိခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ခေါင်းဆောင်ချူက လူအုပ်ကြီးကို ဦးဆောင်ကာ လူသူအရောက်အပေါက်နည်းသော နေရာများကိုသာ ရွေးချယ် သွားလာခဲ့သည်။
ထို့ကြောင့် ဤကားလေးမှာ ချန်းရီ တစ်စတစ်စ စုဆောင်း တည်ဆောက်ထားခဲ့ရခြင်းပင် ဖြစ်သည်။
"ဆရာချန်း... ဒီည ညစာစားပွဲက အခုပဲ စတော့မှာ... ကျွန်တော် ကားကို ဖုန်သုတ်ပေးရဦးမလား"
ရွှီနန်က ချန်းရီကို အလွန် ရိုသေလေးစားစွာဖြင့် အနည်းငယ် ဦးညွှတ်ကာ မေးလိုက်သည်။
ယနေ့သည် နှနှစ်သစ်ကူးနေ့ ဖြစ်ပြီး ၂၀၃၀ ခုနှစ်မှ ၂၀၃၁ ခုနှစ်သို့ ကူးပြောင်းမည့်အချိန် ဖြစ်သည်။
ဦးလေးအားပေါင်က ယာဉ်တန်းအတွင်း နှစ်သစ်ကူးညစာစားပွဲ တစ်ခု ကျင်းပရန် ယနေ့တွင် ဆုံးဖြတ်ချက်ချခဲ့၏။
(ဒီနှစ်ကူးက တရုတ်နှစ်ကူးမဟုတ်ပါဘူး ကမ္ဘာ့နှစ်သစ်ကူးပါ)
ဤညစာစားပွဲတွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးစီတိုင်းအတွက် ကုလားအုတ်သား ပမာဏတစ်ခုစီကို ထောက်ပံ့ပေးမည် ဖြစ်သည်။
ဤသတင်းကို သိရှိချိန်မှစ၍ အသက်ရှင်ကျန်ရစ်သူတိုင်းက ညအချိန် ရောက်လာမည့်ကို မျှော်လင့်စောင့်စားနေခဲ့ကြသည်။
ဤရက်ပိုင်းများအတွင်း ယာဉ်တန်း၌ အပေါများဆုံးမှာ ထိုကုလားအုတ်သားများပင် ဖြစ်သည်။
ဦးလေးအားပေါင်က လူများကို ခိုင်းစေကာ ကုလားအုတ်အကောင်ရေ အတော်များများကို ထပ်မံ သတ်ဖြတ်ခိုင်းခဲ့သော်လည်း ယာဉ်တန်းထဲတွင် ကုလားအုတ်များ အများအပြား ကျန်ရှိနေဆဲပင်။
ကုလားအုတ်များကို စတင် ရရှိချိန်မှစ၍ ယာဉ်တန်းက ၎င်းတို့အတွက် သောက်ရေနှင့် အစားအစာများကို ထောက်ပံ့ပေးခဲ့ခြင်း မရှိချေ။
ယခုအချိန်တွင် ယာဉ်တန်း၏ သောက်သုံးရေသည်ပင် မိမိတို့အတွက် မလုံလောက်ဖြစ်နေရာ ကုလားအုတ်များကို တိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
သို့တိုင်အောင်ပင် အစားအစာနှင့် ရေ ပြတ်လပ်မှုကြောင့် သေဆုံးသွားသော ကုလားအုတ်များကို ချန်းရီ မတွေ့ခဲ့ရဘဲ အလွန်ဆုံးမှသာ စိတ်ဓာတ်ကျဆင်း နွမ်းနယ်နေသည်ကို တွေ့ရသည်။
တင်းတုံ၏ ရှင်းပြမှုအရမှသာ ကုလားအုတ်များသည် ရေနှင့် အစားအစာမရှိသော အလွန်အမင်း ကြမ်းတမ်းသည့် ပတ်ဝန်းကျင်တွင် ဆယ့်ငါးရက်မှ ရက်သုံးဆယ်အထိ အသက်ရှင်သန်နိုင်ကြောင်းကို ချန်းရီ သိရှိနားလည်ခဲ့ရသည်။
အချို့သော ထူးခြားသည့် အကောင်များဆိုလျှင် နှစ်လနီးပါးအထိပင် အသက်ရှင်သန်နိုင်ကြသေးသည်။
သာမန်ကုလားအုတ်များနှင့် သိသိသာသာ ကွဲပြားခြားနားနေသော ဤထူးခြားသည့် မျိုးစိတ်များက သေချာပေါက် ပို၍ ကြာရှည်စွာ အသက်ရှင်နိုင်ပေလိမ့်မည်။
ဤအကြောင်းကို ကြားပြီးနောက် ချန်းရီမှာ အံ့သြမှင်သက်သွားခဲ့ရ၏။
တကယ်တမ်းတွင် လူသားများသည်သာ ဤကမ္ဘာဂြိုဟ်ပေါ်တွင် အလွယ်တကူ ထိခိုက်လွယ်ဆုံးသော သက်ရှိများ ဖြစ်နေခြင်းပင်တည်း။
ညဘက်တွင် ကျင်းပသော ညစာစားပွဲမှာ သဘာဝကျကျပင် စည်ကားသိုက်မြိုက်နေသည်။
လူတိုင်း ရရှိသော အစားအစာ ပမာဏမှာ ကန့်သတ်ချက် ရှိနေသော်လည်း အသက်ရှင်ကျန်ရစ်သူများ၏ စိတ်အားထက်သန်မှုကို အကြီးအကျယ် နိုးဆွပေးနိုင်ခဲ့သည်။
ညဘက်၏ အေးစက်သော အပူချိန်ကြောင့် လူတိုင်း၏ ပါးစပ်နှင့် နှာခေါင်းများမှ အခိုးအငွေ့များ ထွက်ပေါ်နေခဲ့သော်ငြား လူအများ၏ စိတ်လှုပ်ရှား တက်ကြွမှုများကိုမူ ဖျက်ဆီးပစ်နိုင်ခြင်း မရှိခဲ့ပေ။
ချန်းရီကို အံ့သြစေခဲ့သည်မှာ ယာဉ်တန်းထဲရှိ လူအတော်များများတွင် ကိုယ်ပိုင် အရည်အချင်းလေးများ အသီးသီး ရှိနေကြခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့် ရှုလီနာသည် ဆွဲဆောင်မှု အပြည့်ရှိပြီး လှပနွဲ့နှောင်းလှသော အကတစ်ပုဒ်ကို ကပြနိုင်ခဲ့သည်။
နောက်ခံတေးဂီတ မရှိသည့်တိုင်အောင် ထိုမိန်းမက လွန်စွာ ဆွဲဆောင်မှု ရှိနေဆဲပင် ဖြစ်၏။
ရှုလီနာသည် ယနေ့ညစာစားပွဲအတွက် သေချာစွာ ပြင်ဆင်ထားခဲ့ပြီး သူမ ဝတ်ဆင်ထားသော အဝတ်အစားများက သေချာစွာ စီစဉ်ဝတ်ဆင်ထားကြောင်း သိသာထင်ရှားနေသည်။
ဤမိန်းမက ချန်းရီ၏ အာရုံစိုက်မှုကို ရရှိစေရန်အတွက် သူမ၏ အလှပဆုံးသော ကောက်ကြောင်းများကို ချန်းရီ၏ ရှေ့မှောက်တွင် တမင်တကာ ထုတ်ဖော် ပြသနေပုံရသည်။
ဤသို့ဖြင့် ပတ်ဝန်းကျင်ရှိ အမျိုးသား အသက်ရှင်ကျန်ရစ်သူများမှာ တံတွေးများ အကြိမ်ကြိမ် မျိုချနေရပြီး သူတို့၏ မျက်လုံးများက ရှုလီနာ၏ ခန္ဓာကိုယ်ပေါ်တွင်သာ ကပ်ငြိနေချင်တော့သည်။
သို့သော် ရှုလီနာက ထိုလူများကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ချန်းရီကိုသာ စိုက်ကြည့်နေခဲ့သည်။
ချန်းရီကမူ မည်သည့် အတွေးမှ မရှိခဲ့ပေ။
ရှုလီနာက သူ့ထံ အဘယ်ကြောင့် ချဉ်းကပ်လာသနည်းဆိုသည်ကို သူ ကောင်းကောင်းကြီး သိထားသည်။
ဤကဲ့သို့သော အခြေအနေမျိုးသည် ကမ္ဘာပျက်ကပ်မတိုင်မီကဖြစ်စေ ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်တွင်ဖြစ်စေ လက်ထဲတွင် အရင်းအနှီး ရိက္ခာများ ပိုင်ဆိုင်ထားသူတိုင်း အတိုင်းအတာတစ်ခုအထိ အာရုံစိုက်မှုကို ရရှိတတ်စမြဲပင်။
မိန်းမ ယောက်ျား မရွေးပင်။
သာမန်ရုပ်ရည်သာ ရှိသော တင်းတုံဆိုသည့် ကောင်မလေးပင်လျှင် ဤရက်ပိုင်းအတွင်း သတ္တိကောင်းသော အမျိုးသား အသက်ရှင်ကျန်ရစ်သူ အချို့၏ အဆက်မပြတ် မျက်နှာချိုသွေးခြင်းကို ခံနေရသည်။
တင်းတုံက သည်းမခံနိုင်တော့ဘဲ အချောင်ခိုချင်သော လူရွယ်တစ်ယောက်ကို အပြင်းအထန် ရိုက်နှက်လိုက်မှသာ ဤပြဇာတ်က ရပ်တန့်သွားခဲ့တော့သည်။
သေချာသည်ကတော့ ရှုလီနာကို မည်သူကမျှ အကြံအစည် မရှိရဲကြပေ။
ယာဉ်တန်းထဲတွင် ရှုလီနာသည် ချန်းရီ၏ မိန်းမဖြစ်သည်ဟူသော ကောလာဟလတစ်ခု ပျံ့နှံ့နေသည်။ ဤစကားတစ်ခွန်းတည်းကပင် မကောင်းသော အကြံအစည်ရှိသည့် အမျိုးသားများစွာကို လက်လျှော့သွားစေခဲ့သည်။
ချန်းရီ၏ မိန်းမက ထိုပစ်ကပ်ကားပေါ်တွင် မရှိဘဲ ကျောင်းကားပေါ်တွင် ဘာကြောင့် ရောက်နေရသနည်း ဆိုသည်နှင့် ပတ်သက်၍မူ...
လူအများက သံသယဖြစ်ကြပြီး အမျိုးမျိုး ခန့်မှန်းတွေးတောနေကြသည်။
သို့သော် မည်သူမျှ မမေးရဲကြပေ။
ချန်းရီသည်လည်း ထိုမိန်းမ၏ အကကြောင့် အမှန်တကယ်ပင် အံ့သြမှင်သက်သွားခဲ့ရသည်။
ချန်းရီ မသိခဲ့သည့်အချက်မှာ ရှုလီနာ၏ မိသားစုနောက်ခံက သူမကို အကလေ့ကျင့်ခွင့် ပေးရန် လုံးဝ မဖြစ်နိုင်ခဲ့ခြင်းပင်။
ဤသည်မှာ သူမ အရွယ်ရောက်ပြီးနောက်ပိုင်း ကိုယ်တိုင် ငွေရှာနိုင်လာမှသာ ကျွမ်းကျင်သော ဆရာများကို တကူးတက ရှာဖွေ သင်ယူခဲ့ခြင်း ဖြစ်သည်။
ဤအတွက် ရှုလီနာသည် ဒုက္ခများစွာကို ကြိတ်မှိတ် ခံစားခဲ့ရသည်။
ထိုစဉ်က အကဆရာမက ရှုလီနာသာ ဆန္ဒရှိပါက ကျွမ်းကျင်သော အကမယ်တစ်ဦးပင် ဖြစ်လာနိုင်ကြောင်း ပြောခဲ့ဖူးသည်။
ထိုအချိန်က ရှုလီနာသည် အရွယ်ရောက်နေပြီ ဖြစ်ကာ ခန္ဓာကိုယ် အရိုးအဆစ်များက ပုံသေဖြစ်နေပြီ ဖြစ်ရာ ဤကဲ့သို့ မှတ်ချက်မျိုး ရရှိရန်မှာ အလွန်တရာ ခဲယဉ်းလှကြောင်း သိထားသင့်သည်။
ယခုအခါ ချန်းရီ၏ အကြည့်များကို မြင်လိုက်ရသောအခါ ရှုလီနာသည် ထိုစဉ်က အကသင်ယူရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် မိမိကိုယ်ကိုယ် အလွန် ကျေးဇူးတင်နေမိသည်။
ရှုလီနာသည် မိမိကိုယ်ကိုယ် သားကောင်အဖြစ် ဟန်ဆောင်ကာ ချန်းရီ၏ ရှေ့မှောက်တွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် တကယ်တမ်းတွင်မူ ချန်းရီကသာ ရှုလီနာ၏ သားကောင် ဖြစ်ပြီး ရှုလီနာသည်သာလျှင် အမဲလိုက်သေနတ်ကို ကိုင်ဆောင်ထားသော မုဆိုးမ ဖြစ်နေခဲ့သည်။
ကျိုးရှောင်ရှောင်၏ သီချင်းသံကလည်း ထိုနေရာရှိ အသက်ရှင်ကျန်ရစ်သူများကို တစ်ပြိုင်နက်တည်း တုန်လှုပ်သွားစေခဲ့သည်။
အသစ်ရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူများက သူမသည် နာမည်ကြီး မင်းသမီး ကျိုးလန်၏ ညီမဖြစ်ကြောင်း သိလိုက်ရသောအခါ သူမကို ကြည့်သည့် အကြည့်များက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
သို့သော် ဤကျိုးရှောင်ရှောင်က ချန်းရီကို အပြစ်လုပ်ထားကြောင်း သိလိုက်ရချိန်တွင်မူ...
လူအတော်များများ၏ ရင်ထဲတွင် ယခုလေးတင် လောင်ကျွမ်းလာသော မီးတောက်ငယ်လေးများမှာ ချက်ချင်းပင် ငြိမ်းသတ်ခံလိုက်ရသည်။
အသက်ရှင်ကျန်ရစ်သူများက ယာဉ်တန်းထဲရှိ အလှပဆုံးသော ကောင်မလေးများ အားလုံးက ချန်းရီနှင့် အဘယ်ကြောင့် ပတ်သက်နေရသနည်းဟု တိတ်တဆိတ် ညည်းတွားနေကြသည်။
သေချာသည်ကတော့ ထိုအတွေးမျိုးသည် တွေးရုံမျှသာ ဖြစ်သည်။
နောက်ဆက်တွဲ ဖျော်ဖြေမှုများတွင်လည်း ကောင်းမွန်သည့် အရာများ ပါဝင်သော်လည်း အများစုမှာ ဆူညံပျော်ရွှင်အောင် လုပ်ခြင်းသာ ဖြစ်သည်။
ချန်းရီက ဤဖျော်ဖြေမှုများအပေါ် စိတ်ဝင်စားမှု မရှိဘဲ အချိန်ရေတွက်မှုကိုသာ အာရုံစိုက်နေခဲ့သည်။
နှစ်နာရီသာ လိုတော့သည်။
ညစာစားပွဲ ပြီးဆုံးသွား၏။
ချန်းရီသည် တဲထဲသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။
ပစ်ကပ်ကားကို ရွှီနန်က သန့်ရှင်းစွာ တိုက်ချွတ်ထားပြီး ဖြစ်သည်။
ကားအပြင်ဘက်ရှိ ဖုန်မှုန့်များနှင့် ကားမောင်းခန်းထဲရှိ ဖုန်များကို ဤကောင်လေးက တစ်စမကျန် သန့်ရှင်းပေးထားခဲ့သည်။
တဲကိုပင် ရွှီနန်က ကူညီဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။
ချန်းရီက ကုလားအုတ် အသားခြောက် တစ်တုံးကို ပစ်ပေးလိုက်ရာ ရွှီနန်မှာ မျက်ရည်ကျမတတ် ကျေးဇူးတင်စွာဖြင့် သိမ်းဆည်းပြီး ထွက်ခွာသွားခဲ့သည်။
အချိန်ရေတွက်မှုမှာ တစ်နာရီသာ ကျန်တော့သည်။
ချန်းရီသည် တဲ၏ တံခါးခန်းဆီးနေရာတွင် ထိုင်ကာ ခန်းဆီးကို လိပ်တင်လိုက်ပြီး သွေးရောင်လမင်း၏ အလင်းရောင်ကို ဝင်ရောက်လာစေသည်။ သူ မော့ကြည့်လိုက်သောအခါ ကောင်းကင်ထက်ရှိ သွေးရောင်လမင်းကြီးကို ကွက်တိ မြင်တွေ့နေရသည်။
ကမ္ဘာပျက်ကပ်၏ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ လူတိုင်းသည် ဤကမ္ဘာပျက်ကပ်၏ ညနှင့် အကျွမ်းတဝင် ဖြစ်နေကြပြီ ဖြစ်သည်။
ချန်းရီသည် သွေးရောင်လမင်း အသက်ရှူကျင့်စဉ် ကို စတင် ကျင့်ကြံလိုက်သည်။
သွေးရောင်လမင်း၏ အနီရောင် အလင်းတန်းများက ချန်းရီ၏ ခန္ဓာကိုယ် ပတ်လည်တွင် ဖြာကျနေပြီး သူ၏ အသက်ရှူနှုန်းနှင့်အတူ စည်းချက်ညီစွာ လှုပ်ခတ်နေသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိနိုင်ပေ။
ချန်းရီ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူ၏ မျက်ဝန်းများထဲတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဘေးနားရှိ ပစ်ကပ်ကားကို လှမ်းကြည့်လိုက်သည်။
ယခုအချိန်တွင် ပစ်ကပ်ကားသည် အပြင်ပန်းကြည့်လျှင် မည်သည့် ထူးခြားမှုမျှ မရှိပေ။
ဟောင်းနွမ်းစုတ်ပြတ်နေသော ပစ်ကပ်ကားလေး အတိုင်းသာ ဖြစ်သည်။
သို့သော် ကားနောက်ခန်းထဲရှိ အဖြူရောင် အရိုးစုကြီးမှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကားခေါင်းပိုင်းတွင်မူ ကားအောက်ခြေအထိ တိုက်ရိုက် ဆန့်ထွက်နေသော အနက်ရောင် ရှေ့ကာဘာတစ်ခု ရှိနေသည်။
ကားရှေ့မှ ရှေ့ကာဘာကို နွားခြံကာဘာ (Bull Bar) ဟုလည်း ခေါ်ဆိုကြပြီး တိုက်ခိုက်မှု အကာအကွယ်ကာဘာ ဟုလည်း ခေါ်ကြသည်။
ဤကဲ့သို့ အဆင့်မြှင့်တင် ပြောင်းလဲသွားမည်ကို ချန်းရီကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ပေ။
ယခင်က အဆင့်မြှင့်တင်မည့် နည်းလမ်းကို အတည်ပြုစဉ်က ချန်းရီမှာ အလွန် အိပ်ချင်နေခဲ့သဖြင့် အသေးစိတ် အစီအစဉ်များကို လျစ်လျူရှုထားခဲ့မိသည်။
ဤကဲ့သို့သော နွားခြံကာဘာမျိုးကို ပုံမှန်အားဖြင့် လမ်းကြမ်းမောင်းကားများတွင် တပ်ဆင်လေ့ ရှိကြသည်။
ကားအက်ဆီးဒင့် ဖြစ်ပွားသည့်အခါ ဤနွားခြံကာဘာ၏ အန္တရာယ်က အကြီးမားဆုံး ဖြစ်သောကြောင့် ကားချစ်သူများအသိုင်းအဝိုင်းတွင် လူကြိုက် အနည်းဆုံးသော အဆင့်မြှင့်တင်မှုဟုလည်း ခေါ်ဆိုကြသည်။
ယခုအချိန်သည် ကမ္ဘာပျက်ကပ် ဖြစ်နေရာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားတွင် ဤနွားခြံကာဘာ တပ်ဆင်ထားခြင်းက နောင်တွင် ကားမောင်းနှင်ရာ၌ လုံခြုံရေးအတွက် ကြီးမားသော တိုးတက်မှုကို ဖြစ်စေသည်။
နောင်တစ်ချိန် လမ်းပိတ်ဆို့နေသော ထူးဆန်းသည့်အရာများနှင့် ကြုံတွေ့ရပါက ချန်းရီအနေဖြင့် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ တိုက်ရိုက် ဝင်တိုက်ပစ်နိုင်ပေမည်။
စနစ်မှ ထုတ်ပေးသော သဘာဝလွန်ပစ္စည်းများက လုံးဝ စိတ်ပျက်စေမည် မဟုတ်သည်မှာ သေချာလှသည်။
ကားကိုယ်ထည် တစ်ခုလုံးမှာလည်း အတိုင်းအတာတစ်ခုအထိ မြင့်တက်လာပြီး ပို၍ ခန့်ညားထည်ဝါနေသည်။
ခေါင်းဆောင်ချူနှင့် ဆံပင်ပန်းရောင် ကောင်မလေးတို့၏ အဆင့်မြှင့်တင်ထားသော ပစ်ကပ်ကားထက်ပင် အနည်းငယ် ပိုမြင့်နေသေးသည်။
အပြင်ပန်းကြည့်လျှင် ဟောင်းနွမ်းစုတ်ပြတ်နေသော ကားလေးအတိုင်းသာ ဖြစ်သော်ငြား ဤကားလေး၏ အတွင်းပိုင်းမှာမူ အခြေခံကျသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ချန်းရီသည် စနစ်အတွင်း၌ အဆင့်မြှင့်တင်ပြီးနောက် ကား၏ သတင်းအချက်အလက်များကို အလျင်အမြန် စတင် စစ်ဆေးကြည့်လိုက်သည်။
[သဘာဝလွန်ပစ္စည်း အမည် - ကမ္ဘာပျက်ကပ် ပစ်ကပ်ကား နံပါတ်စဉ် - ၂၈၉၉]
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားဟူသော အမည်ကို မြင်လိုက်ရချိန်တွင် ချန်းရီသည် ဟာသအဖြစ် ခေါ်ဆိုခဲ့သော ဤအမည်က ကား၏ သဘာဝလွန်ပစ္စည်း အမည် ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် အဆင့်သုံးထောင်အတွင်း၌ပင် ရှိနေသေးသည်။
ခေါင်းဆောင်ချူ၏ ထိုခိုးနားထောင်တဲ့ ရေဒီယိုကို ထည့်မတွက်လျှင်...
ချန်းရီ၏ ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ယာဉ်တန်းထဲတွင် နံပါတ်တစ်ပင် ဖြစ်သည်။
ဤအဆင့်သတ်မှတ်ချက်သည် စွန်းချန်းချန်း၏ ဓားအဆင့်ထက်ပင် ပို၍ မြင့်မားနေပြီ ဖြစ်သည်။
နောက်တစ်ခုက ချန်းရီ အဂရုစိုက်ဆုံး ဖြစ်သည့် အထူးအစွမ်းများပင် ဖြစ်သည်။
[အစွမ်း (၁) - ယာဉ်၏ တစ်ခုလုံးဆိုင်ရာ ခိုင်ခံ့မှုကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးသည်။ ယာဉ်၏ တစ်ခုလုံးဆိုင်ရာ စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးသည်။ ယာဉ်၏ တိုက်ခိုက်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးသည်။ ယာဉ်၏ လောင်စာဆီ သက်သာမှုကို မြှင့်တင်ပေးသည်။ ယာဉ်၏ ... ကို မြှင့်တင်ပေးသည်]
ဤရှည်လျားလှသော "မြှင့်တင်ပေးသည်" ဟူသည့် စကားလုံးများကို ကြည့်ရင်း ချန်းရီ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ တွန့်ကွေးသွားသည်။
ပုံမှန် စက်မှုပညာ သဘောတရားများအရ ကားတစ်စီး၏ အောက်ခံထည်နှင့် ကိုယ်ထည်ဖရိမ်က အလွန် အရေးကြီးသည်မှာ ထင်ရှားသည်။
သို့သော် ယာဉ်၏ အောက်ခံထည်နှင့် ကိုယ်ထည်ဖရိမ်ကို အဆင့်မြှင့်တင်လိုက်ရုံဖြင့် လောင်စာဆီ သက်သာမှုနှင့် အခြားသော စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်သည်ဆိုပါက ဤသည်မှာ အနည်းငယ် လွန်ကဲနေပေသည်။
သို့သော် ယခုအချိန်တွင် ကမ္ဘာပျက်ကပ် ပစ်ကပ်ကားသည် သာမန် စက်ယန္တရားယာဉ် တစ်စီးအဖြစ် သတ်မှတ်၍ မရနိုင်တော့ပေ။
၎င်းက သဘာဝလွန်ပစ္စည်း တစ်ခု ဖြစ်နေခဲ့ပြီမဟုတ်ပါလော။
သဘာဝလွန်ပစ္စည်းများကို ပုံမှန် ရူပဗေဒနှင့် စက်မှုပညာရပ်များဖြင့် ရှင်းပြ၍ မရနိုင်ပေ။
[အစွမ်း (၂) တိုက်ခိုက်ခြင်း - ဤကားသည် ဝင်တိုက်ရမည်ကို လုံးဝ မကြောက်ရွံ့ပါ။ အကယ်၍ အန္တရာယ်နှင့် ကြုံတွေ့ရပါက လီဗာကို အဆုံးထိနင်းကာ တိုက်ရိုက်သာ ဝင်တိုက်လိုက်ပါ]
သူ တွေးထားသည့်အတိုင်းပင် ထိုနွားခြံကာဘာက အလကား တပ်ဆင်ထားခြင်း မဟုတ်ကြောင်း သိသာလှသည်။
[အစွမ်း (၃) အရိပ်ဆွဲယူခြင်း - ကားအောက်ခြေမှနေ၍ အရိပ်သံကြိုးတစ်ချောင်းကို ဆန့်ထုတ်နိုင်ပြီး ပစ်မှတ် သက်ရှိများကို ရစ်ပတ်ကာ ကားအောက်သို့ ဆွဲသွင်းပြီးနောက် ကြိတ်ချေ ဖျက်ဆီးကာ လောင်စာအဖြစ် ပြောင်းလဲနိုင်သည်]
ဤနောက်ဆုံးအစွမ်းက ချန်းရီကို အလွန် အံ့အားသင့် ဝမ်းသာသွားစေသည်။
ဤအစွမ်းက တိုက်ခိုက်နိုင်စွမ်းကို ထောက်ပံ့ပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် ယာဉ်၏ လောင်စာပြဿနာကိုလည်း ဖြေရှင်းပေးနိုင်သည်။ ယာဉ်၏ လောင်စာပြဿနာကို ဖြေရှင်းနိုင်ခြင်းက ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤပြဿနာက ချန်းရီကို အမြဲတစေ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရာ ဤတစ်ကြိမ်တွင် ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လုံးဝ အပြည့်အဝ ဖြေရှင်းနိုင်ခြင်း မရှိလျှင်တောင် လောင်စာဆီ လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ရုံဖြင့် ချန်းရီ၏ ရှင်သန်နိုင်စွမ်းနှင့် ရွှေ့ပြောင်းသွားလာနိုင်စွမ်းကို သိသိသာသာ တိုးတက်လာစေမည် ဖြစ်သည်။
ဤကားတွင် လျှပ်စစ်စွမ်းအင်စနစ်လည်း ပါရှိသေးကြောင်း သိထားရမည်။
ဤအစွမ်း ပါရှိလာခြင်းကြောင့် ဤသဘာဝလွန်ပစ္စည်း၏ တန်ဖိုးက ချက်ချင်းပင် ၎င်း၏ အဆင့်သတ်မှတ်ချက်နှင့် ထိုက်တန်သွားခဲ့သည်။
[ပေးဆပ်ရမည့်အရာ - (၁) လစဉ်လတိုင်း ကားထံသို့ သက်ရှိတစ်ခုကို ပူဇော်ရမည်။ လူသားဖြစ်လျှင် ပိုကောင်းသည်]
[တားမြစ်ချက် - (၁) ကားထဲတွင် ရေသောက်ခြင်း သို့မဟုတ် အစားအစာ စားသောက်ခြင်း မပြုလုပ်ရ။ အကယ်၍ ပြုလုပ်သည်ကို သိရှိသွားပါက ကား၏ မျိုချခံရမည့် အန္တရာယ် ရှိသည်]
[(၂) ကားထဲတွင် သွေးညှီနံ့ မရှိစေရ ဒဏ်ရာ မရစေရ။ ထိုသို့မဟုတ်ပါက ကား၏ မျိုချခံရမည့် အန္တရာယ် ရှိသည်]
[(၃) တိုက်ပွဲ အလွန်အမင်း ပြင်းထန်လာပါက ယာဉ်သည် ထွက်ပြေးတိမ်းရှောင်သွားနိုင်သည့် အန္တရာယ် ရှိသည်]
ဤပေးဆပ်ရမည့်အရာများနှင့် တားမြစ်ချက်များကို မြင်လိုက်ရသောအခါ ချန်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ဤကား၏ ပေးဆပ်ရမည့်အရာများက ဤမျှ ကြီးမားနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤကား၏ အဆင့်မြှင့်တင်မှု လမ်းကြောင်းက ဤမျှပင် ပုံမှန်မဟုတ် ဖြစ်နေခဲ့တာလား။
ကားထဲတွင် ရေမသောက်ရ အစာမစားရသည်ကို ထားလိုက်ပါတော့ ဒဏ်ရာရခြင်းကမူ ကမ္ဘာပျက်ကပ်အတွင်း ရှောင်လွှဲ၍ မရနိုင်သော အရာဖြစ်သည်။
တိုက်ပွဲတွင် ဒဏ်ရာရပြီးနောက် အလိုအပ်ဆုံးမှာ ထွက်ပြေးတိမ်းရှောင်ရန် ဖြစ်သော်လည်း ကားက ပို၍ အန္တရာယ်အများဆုံး အရာ ဖြစ်လာပေလိမ့်မည်။
ဤအကြိမ် အဆင့်မြှင့်တင်မှုက ပြောင်းပြန် အဆင့်မြှင့်တင်မှု ဖြစ်သွားခဲ့လေသလား။
သို့သော် ချန်းရီက မှတ်ချက်ကို မြင်လိုက်ရသည့် အချိန်အထိသာ ဖြစ်သည်။
[မှတ်ချက် - သင်သည် ချန်းရီ ဖြစ်ပါက ပေးဆပ်ရမည့်အရာများနှင့် တားမြစ်ချက်များ အားလုံးကို လျစ်လျူရှုနိုင်ပြီး ဤကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို စိတ်ကြိုက် မောင်းနှင်နိုင်သည်]
[ထို့အပြင် ဤကားကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်သည်]
ဆက်ရန်...